အခန်း (၄၈၁)
Vol. 49 Ch. 481
တာ့နင်အင်ပါယာ ထျန်ယွင်နန်းစံ (၂၃) နှစ် ၊ ဧပြီလ (၁၉) ရက်။ ဝမ်ရှန်းမြို့ ၊ လီမိသားစု စော်ဘွားအိမ်တော် နန်းဆောင်အောက်ရှိ မြေအောက်ခန်း။
ယခင်နှစ်များဆီက ဤနန်းတော်ကို စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သော်လည်း ၊ ထိုစဉ်က အင်ပါယာ၏ စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်ရဲသဖြင့် အရန်အဆောက်အအုံများကိုသာ ဆောက်လုပ်ထားခဲ့ပြီး ၊ အဓိက နန်းဆောင်ကြီးသုံးခုကိုမူ ဆောက်လုပ်ခြင်း မပြုခဲ့ပေ။
သို့သော် မနှစ်က လီမိသားစုနှင့် တာ့နင်အင်ပါယာတို့ လုံးဝ ပြတ်စဲသွားပြီးနောက်တွင်မူ လီရူဟိုင်သည် စစ်သည်အင်အား သောင်းနှင့်ချီ အသုံးပြုလျက် အဓိကနန်းဆောင်ကြီးများကို အရှိန်အဟုန်ဖြင့် ပြန်လည်တည်ဆောက်ခဲ့ရာ ယခုအခါ လုံးဝ ပြီးပြည့်စုံစွာ တည်ဆောက်ပြီးစီးသွားပြီဖြစ်လေ၏။
ယနေ့ လီမိသားစု နန်းတော်ကွင်းပြင်သည် ဧက ၂,၀၀၀ ကျော် ကျယ်ဝန်းကာ ခမ်းနားထည်ဝါ လှပလျက် ရှိနေ၏။ အထူးသဖြင့် အဓိကနန်းဆောင်ကြီးသုံးခု၏ အမြင့်သည် တာ့နင်အင်ပါယာ၏ နန်းတော်အမြင့်နှင့် အတိအကျတူညီနေပြီး ၊ အနည်းငယ်မျှပင် ပို၍ မြင့်မားနေသေးသည်။
ထို့အပြင် လွန်ခဲ့သည့် ခြောက်လအတွင်း အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်နယ်မြေ တစ်ခုလုံး၌ မိန်းမစိုးအများအပြား မှိုလိုပေါက်အောင် ပေါ်ထွက်လာခဲ့သည်။
မိန်းမစိုးများကို မည်သူတို့ အလိုရှိကြသနည်း။ ဘုရင်နှင့် အထက်ပုဂ္ဂိုလ်များသာ လိုအပ်ပေသည်။ မိန်းမစိုး အများအပြားကို မည်သူက လိုအပ်သနည်း။ မုချဧကန်ပင် ဧကရာဇ် တစ်ပါးဖြစ်လေ၏။
**--**--**--**--**--**--**--**
ခမ်းနားထည်ဝါသော နန်းတော်ကြီး၏ အောက်ခြေရှိ မြေအောက်ခန်းမထဲတွင်မူကား ထူးဆန်းသော စွမ်းအင်များ သိပ်သည်းစွာ ပြည့်နှက်နေ၏။
မြေအောက်ခန်းထဲ၌ မီးနတ်ဘုရား တိုတမ်များ နေရာအနှံ့ ရှိနေပြီး ၊ မီးနတ်ဘုရား ရုပ်တုများလည်း ပြည့်နှက်နေလေသည်။ မီးနတ်ဘုရား ယဇ်ပုရောဟိတ် (၁၃) ဦးတို့သည် လျှို့ဝှက်အခန်းထဲ၌ တရားထိုင်နေကြပြီး ၊ အလယ်တွင်မူ လူနှစ်ယောက် တင်ပျဉ်ခွေ ထိုင်နေကြသည်။
တစ်ဦးမှာ လီမိသားစု၏ အရှင်သခင် လီရူဟိုင်ဖြစ်လေပြီး ကျန်တစ်ဦးမှာ မီးနတ်ဘုရားဘာသာ၏ အကြီးမားဆုံး သစ္စာဖောက် ၊ မီးနတ်ဘုရားအင်ပါယာ တစ်ခုလုံး၏ ရန်သူ သစ္စာဖောက်ပင် ဖြစ်သည်။ သူ တန်ခိုးအထွားဆုံး အချိန်က မီးနတ်ဘုရားဘာသာ၏ ဒုတိယခေါင်းဆောင်အဖြစ် အာဏာကို ချုပ်ကိုင်ထားနိုင်ခဲ့ပြီး ၊ အနောက်ဘက်ဒေသရှိ နိုင်ငံတစ်နိုင်ငံ၏ ဘုရင်ကိုပင် ဖြုတ်ချနိုင်ခဲ့သူ ဖြစ်သည်။
ထို့ပြင် သူ၌ အခြားသော ဂုဏ်ပုဒ်တစ်ခုလည်း ရှိသေး၏။ ယင်းမှာ အိပ်မက်စနစ်၏ ယခင် စနစ်ရှင်ဟောင်း ဖြစ်ပြီး ၊ အိပ်မက်စနစ်၏ သတ်မှတ်ချက်အရ သစ္စာဖောက်ဖြစ်ပြီး ယခင်က သုတ်သင်ခံရသူ ဖြစ်ခဲ့သည်။
ထိုစနစ်ရှင်ဟောင်း၏ သိုင်းပညာအဆင့်အတန်းက မည်မျှလောက် မြင့်မားသည်နည်းကို တုပိုင် မသိသလို ၊ အိပ်မက်စနစ်ကလည်း ထုတ်ဖော်ခြင်း မရှိခဲ့ပေ။ သို့သော် သူသည် မီးနတ်ဘုရားဘာသာ၏ ဒုတိယသခင် ဖြစ်ခဲ့ဖူးသည်ကား အမှန်ပင်ဖြစ်သည်။
အိပ်မက်စနစ်၏ သုတ်သင်ခြင်းကို ခံရပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ အသက်ရှင်နေသေးသော်လည်း ၊ ဝိညာဉ်မှာမူ လုံးဝ ပျက်စီးသွားပြီဖြစ်ရာ လမ်းလျှောက်နေသော အလောင်းကောင် ဘဝသို့ ရောက်သွားရ၏။
ယခုအချိန်တွင် အိပ်မက်စနစ်၏ စနစ်ရှင်ဟောင်း ခန္ဓာကိုယ်၌ သလင်းကျောက်ပြွန်ချောင်းပေါင်းများစွာကို တပ်ဆင်ထားပြီး ၊ ပြွန်အစွန်းများမှတစ်ဆင့် လီရူဟိုင်၏ သွေးကြောပေါက်များထဲသို့ ထိုးသွင်းဆက်စပ်ထားလေသည်။
ထိုစဉ် ယဇ်ပုရောဟိတ် (၁၃) ဦးက မိစ္ဆာနည်းလမ်းကို အသုံးပြုပြီး စနစ်ရှင်ဟောင်း၏ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်များကို လီရူဟိုင်၏ သွေးကြောများမှတစ်ဆင့် ဒန်တျန်ထဲသို့ လမ်းညွှန်ပို့ဆောင်ပေးနေကြခြင်းပင် ဖြစ်လေ၏။
“ဝေါ... ဝူးးးး.... ဝူးးးး....”
မြေအောက်ခန်းတစ်ခုလုံး၌ စွမ်းအင်အရှိန်အဝါများ ပြင်းထန်စွာ လည်ပတ်စီးဆင်းနေ၏။ လမ်းလျှောက်နေသော အလောင်းကောင် ဖြစ်သွားသည့် ဤစနစ်ရှင်ဟောင်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဗုံးတစ်လုံးကဲ့သို့ ဖြစ်သည်။
သူ၏ ဒန်တျန်နေရာမှလည်း စူးရှသော အလင်းတန်းများ ထွက်ပေါ်နေပြီး ထိုအလင်းတန်းများသည် သလင်းကျောက်ပြွန်များ မှတစ်ဆင့် လီရူဟိုင်၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော စီးဝင်သွားကြ၏။
ဤသည်မှာ လီရူဟိုင်တစ်ယောက် အချိန်တိုလေးအတွင်းမှာပင် လျင်မြန်စွာဖြင့် ပိုမိုသန်မာလာစေသည့် အကြောင်းအရင်းပင် ဖြစ်ပေသည်။
ကမ္ဘာ့အင်အားအကြီးဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် မီးနတ်ဘုရားဘာသာတွင် မိစ္ဆာနည်းလမ်းပေါင်းများစွာ တည်ရှိနေ၏။
သူတို့တွင် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်မရှိသော်လည်း ၊ ဤကဲ့သို့သော် မိစ္ဆာနည်းလမ်းကို အသုံးပြု၍ စနစ်ရှင်ဟောင်း၏ အတွင်းအားများကို လီရူဟိုင်၏ ခန္ဓာကိုယ်ထဲသို့ အတင်းအဓမ္မ လွှဲပြောင်းယူနေခြင်း ဖြစ်သည်။
စနစ်ရှင်ဟောင်း၏ ခန္ဓာကိုယ်ထဲမှ အတွင်းအားများသည် လီရူဟိုင်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းနေသည်။ ဤကဲ့သို့ အတွင်းအားလွှဲပြောင်းယူခြင်းမှာ ခြောက်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ စနစ်ရှင်ဟောင်းသည် ဒဏ္ဍာရီလာအဆင့် အတွင်းအားကို ကျင့်ကြံထားသူ ဖြစ်သည်။ အသိစိတ် မရှိတော့လျှင်ပင် သူကျင့်ကြံထားသော ဒဏ္ဍာရီလာအဆင့်အတွင်းအားပညာရပ်သည် နေ့စဉ်နေ့တိုင်း ရွှမ်းချီစွမ်းအင်များကို အလိုအလျောက် ဝါးမျိုစုပ်ယူနေလျက်ရှိပြီး ၊ သူ၏ စစ်မှန်သောချီစွမ်းအင်ကို ပြည့်နေအောင် ပြန်လည်ဖြည့်ဆည်းပေးလျက် ရှိလေသည်။
သို့သော် ခြောက်လကြာ စုပ်ယူခံရပြီးနောက်တွင် မူကား စနစ်ရှင်ဟောင်း၏ ဒန်တျန်မှာ ခမ်းခြောက်လုနီးပါး ဖြစ်သွားပြီး အများစုမှာ လီရူဟိုင်၏စွမ်းအင်များ ဖြစ်လာလေသည်။
ထို့အတွက်ကြောင့် ယခုအချိန်၌ လီရူဟိုင် မည်မျှ စွမ်းအားကြီးမားနေပြီနည်းဆိုသည်ကို လုံးဝ ခန့်မှန်း၍ မရနိုင်တော့ပေ။
“ဒေါင်... ဒေါင်... ဒေါင်...”
ထိုခဏ၌ အပြင်ဘက်မှ ကမ္ပည်းကြေညာသည့် ခေါင်းလောင်းသံ ထွက်ပေါ်လာ၏။ မင်္ဂလာအချိန်အခါ ကျရောက်လာပြီ ဖြစ်သည်။
လီရူဟိုင် မျက်လုံးဖွင့်လိုက်ရာ ဓားသွားကဲ့သို့ စူးရှသော အလင်းတန်းများ လက်ခနဲ ဖြာထွက်သွားသည်။
မနှစ်ကအချိန်နှင့် နှိုင်းယှဉ်လျှင် ယခု လီရူဟိုင်သည် လုံးဝ အစားထိုးခံလိုက်ရသူ တစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပြီးဖြစ်လေ၏။ သူသည် တောင်တန်းကြီးတစ်လုံးကဲ့သို့ ခမ်းနားထည်ဝါပြီး ၊ နဂါးတစ်ကောင်ကဲ့သို့ အာဏာစက် ပြင်းထန်ကာ ၊ သူရဲကောင်းအဆင့်မှ အရှင်သခင်အဆင့်သို့ ကူးပြောင်းခြင်း လုပ်ငန်းစဉ် အောင်မြင်စွာ ပြီးမြောက်သွားပြီ ဖြစ်လေသည်။
လီရူဟိုင် ရုတ်တရက် မတ်တတ်ရပ်လိုက်၏။
“ဘုန်းးး...”
ချက်ချင်းပင် လျှို့ဝှက်ခန်းတစ်ခုလုံးရှိ လေထုမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားသကဲ့သို့ တုန်ခါသွား၏။
သူ လက်သီးကို ဆုပ်လိုက်ရာ စွမ်းအားများ ပြည့်လျှံနေသည်ကို ခံစားလိုက်ရပြီး ၊ လက်ထဲတွင် ကြယ်တာရာများကို ချေမှုန်းဆုပ်ကိုင်ထားရသကဲ့သို့သော ခံစားမှုမျိုးကိုပင် လီရူဟိုင်ရရှိလိုက်သည်။
“နင်ဇောင်ဝူ... လီလျန်တင်း... ဆရာတော်ကျီချင်း...” လီရူဟိုင်က နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်ရုံမျှ မခိုးမခန့် ပြုံးလိုက်ပြီး... “မင်းတို့က... ငါ့ခြေအောက်က ခွေးကောင်တွေ သက်သက်ပါပဲကွာ...”
သူ့တွင် လုံးဝ ယုံကြည်မှု ရှိနေသည်။ ယခုလက်ရှိအချိန်၌ နင်ဇောင်ဝူ အစွမ်းကုန် ကြိုးစားပြီး သူ့ရှေ့ ရောက်လာလျှင်ပင် ၊ သူ့လက်ချက်ဖြင့် အသတ်ခံရမည့် ကံကြမ္မာတစ်ခုသာ ရှိပေလိမ့်မည်။
လီရူဟိုင်သည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး မီးနတ်ဘုရား ယဇ်ပုရောဟိတ်များ၏ ခေါင်းပေါ်မှ ပျံသန်းကျော်ဖြတ်ကာ ၊ ပေါ်ထွက်နေသော လှေကားထစ်များအတိုင်း တက်သွားပြီး အဓိကနန်းဆောင်ကြီးထဲသို့ ဝင်ရောက်သွားလေတော့၏။
နန်းတော်အပြင်ဘက် ခန်းမဆောင်ကြီးမှာ ခမ်းနားထည်ဝါပြီး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ နန်းဆောင်အောက်ရှိ လှေကားထစ်များပေါ်တွင် ယခင် အနောက်တောင်ပိုင်း စော်ဘွားဟောင်း ဒါဇင်ပေါင်းများစွာ ၊ ဗိုလ်ချုပ် ရာပေါင်းများစွာနှင့် အရာရှိ ရာပေါင်းများစွာတို့ ရပ်နေကြသည်။
အဓိကနန်းဆောင် အောက်ဘက်ရှိ ကွင်းပြင်ကျယ်ကြီးထဲတွင်မူ စစ်သည်သောင်းပေါင်းများစွာတို့သည် သွေးရောင်လွှမ်းသော သံချပ်ကာအင်္ကျီများကို ဝတ်ဆင်ထားပြီး ၊ မီးတောက်အလံများကို ကိုင်ဆောင်လျက် ညီညီညာညာ ရပ်တန်းစီနေကြသည်။
နန်းတော်အပြင်ဘက်တွင်လည်း အရပ်သား တစ်သိန်းကျော်ခန့်ဖြင့် ရင်ပြင်ကပြည့်နှက်နေ၏။ လီရူဟိုင်သည် အပေါ်ပိုင်းဗလာကျင်းလျက် နန်းတော်၏ အမြင့်ဆုံးလှေကားထစ်ပေါ်၌ ပေါ်လာသည်။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး အသက်ရာကျော် ရှည်ပါစေ ၊ အသက်ရာကျော် ရှည်ပါစေ ၊ အသက်ရာကျော် ရှည်ပါစေ”
စော်ဘွားဒါဇင်ပေါင်းများစွာ ၊ ဗိုလ်ချုပ် ရာပေါင်းများစွာနှင့် အရပ်ဘက်အရာရှိ ရာပေါင်းများစွာတို့သည် ညီညာစွာ ဒူးထောက်အရိုအသေ ပြုလိုက်ကြသည်။
ထို့နောက် စော်ဘွားများ ၊ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးသည် အစီအစဉ်တကျဖြင့် ဦးညွှတ်ဂါရဝပြုခြင်း အခမ်းအနားကို ခမ်းနားစွာ ပြီးမြောက်အောင် ဆောင်ရွက်လိုက်ကြလေသည်။
မိန်းမစိုးအချို့က လီရူဟိုင်ကို မီးနီရောင်နဂါးဝတ်ရုံတော် ကို လာရောက် ဝတ်ဆင်ပေးကြသည်။ ဝတ်ရုံပေါ်တွင် မီးနီရောင်နဂါး (၈) ကောင်ကို ပန်းထိုးထားရာ တာ့နင်အင်ပါယာ ဧကရာဇ်၏ နဂါးဝတ်ရုံနှင့် နဂါးတစ်ကောင်သာ ကွာခြားတော့သည်။
ထို့နောက် မီးနတ်ဘုရားဘာသာ၏ ယဇ်ပုရောဟိတ်အကြီးအကဲက သူ့အား မီးနီရောင် ပုတီးစေ့များဖြင့် ပြုလုပ်ထားသော ရွှေသရဖူကို ဆက်သလိုက်သည်။
လီရူဟိုင်သည် အရှင်သခင်အဆင့်မှ တိုင်းပြည်တစ်ပြည်၏ ဧကရာဇ်တစ်ပါးအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားပြီ ဖြစ်လေသည်။
သူသည် ဘယ်ဘက်လက်ဖြင့် ဓားကို ကိုင်ထား၏။ သူ၏ ဘေးနားရှိ မီးနတ်ဘုရား ယဇ်ပုရောဟိတ်တစ်ဦးက ဒူးတစ်ဖက်ထောက်ကာ မီးနီရောင် တံဆိပ်တုံးကြီးတစ်ခုကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။ ယင်းသည် တာ့ယန်တိုင်းပြည်၏ အမြင့်ဆုံးအာဏာကို ကိုယ်စားပြုသော ဧကရာဇ်တံဆိပ်တော်ပင် ဖြစ်၏။
လက်ရွေးစင်စစ်သည် သောင်းပေါင်းများစွာသည် ညီညာစွာ ဒူးထောက်လိုက်ကြပြီး မိုးခြိမ်းသံပမာ ကြွေးကြော်လိုက်ကြ၏။ “အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ ၊ သက်တော်ရာကျော်ရှည်ပါစေ ၊ သက်တော်ရာကျော်ရှည်ပါစေ”
နိုင်ငံအသီးသီးမှ သံတမန်များက နောက်မှ လိုက်ပါလာကြသည်။ နိုင်ငံပေါင်း ဒါဇင်နှင့်ချီသော သံတမန်များ ရှေ့သို့ တိုးလာပြီး ဒူးတစ်ဖက်ထောက်ကာ အရိုအသေ ပြုလိုက်ကြသည်။
“အန်နမ်ဘုရင် ငုယင်ထျန်ချန်း ကိုယ်စား အထူးသံအမတ်ကြီးက တာ့ယန်တိုင်းပြည် ဧကရာဇ်မင်းမြတ် နန်းတက်ပွဲအား ဂုဏ်ပြုသဝဏ်လွှာ ဆက်သလိုက်ကြောင်းပါ ဘုရား”
အန်နမ်နိုင်ငံ၏ တစ်ဝက်ကို သိမ်းပိုက်ထားသော သစ္စာဖောက်ဘုရင် ငုယင်ထျန်ချန်းသည် လီရူဟိုင်၏ တာ့ယန်တိုင်းပြည်နှင့် ချက်ချင်းပင် သံတမန်ဆက်ဆံရေး ထူထောင်လိုက်လေသည်။
“မြန်မာဘုရင် ကိုယ်စား နိုင်ငံခြားရေးရာ အမတ်ချုပ်က တာ့ယန်တိုင်းပြည် ဧကရာဇ်မင်းမြတ် နန်းတက်ပွဲအား ဂုဏ်ပြုသဝဏ်လွှာ ဆက်သလိုက်ကြောင်းပါ ဘုရား”
“ယိုးဒယားဘုရင် ကိုယ်စား နိုင်ငံခြားရေးရာ အမတ်ချုပ်က တာ့ယန်တိုင်းပြည် ဧကရာဇ်မင်းမြတ် နန်းတက်ပွဲအား ဂုဏ်ပြုသဝဏ်လွှာ ဆက်သလိုက်ကြောင်းပါ ဘုရား”
“ဂျာချင်ခန်းနိတ် ကိုယ်စား နိုင်ငံခြားရေးရာ အမတ်ချုပ်က တာ့ယန်တိုင်းပြည် ဧကရာဇ်မင်းမြတ် နန်းတက်ပွဲအား ဂုဏ်ပြုသဝဏ်လွှာ ဆက်သလိုက်ကြောင်းပါ ဘုရား”
“တာ့ယွဲ့တိုင်းပြည် ကိုယ်စား နိုင်ငံခြားရေးရာ အမတ်ချုပ်က တာ့ယန်တိုင်းပြည် ဧကရာဇ်မင်းမြတ် နန်းတက်ပွဲအား ဂုဏ်ပြုသဝဏ်လွှာ ဆက်သလိုက်ကြောင်းပါ ဘုရား”
“အရှေ့ယင်းအင်ပါယာ (ဂျပန်) ကိုယ်စား နိုင်ငံခြားရေးရာ အမတ်ချုပ်က တာ့ယန်တိုင်းပြည် ဧကရာဇ်မင်းမြတ် နန်းတက်ပွဲအား ဂုဏ်ပြုသဝဏ်လွှာ ဆက်သလိုက်ကြောင်းပါ ဘုရား”
ဤသည်မှာ မျောက်အုပ်စု မဟုတ်ပေ။
လီရူဟိုင် တိုင်းပြည်ထောင်ပြီး ဘုရင်အဖြစ် ကြေညာသည့် အခမ်းအနားသို့ သံတမန်စေလွှတ်သော နိုင်ငံများမှာ မစင်မစွန့်တတ်သော နိုင်ငံငယ်လေးများ မဟုတ်ကြပေ။ အများစုမှာ အင်အားကြီးနိုင်ငံများဖြစ်လေပြီး ၊ အထူးသဖြင့် အင်ပါယာအဆင့် နိုင်ငံများပင် ပါဝင်လေသည်။
စုစုပေါင်း (၃၉) နိုင်ငံ တိတိပင် ဖြစ်လေ၏။ အင်အားအကြီးဆုံးမှာ မြန်မာနိုင်ငံပင် ဖြစ်၏။
လက်ရှိ တာ့နင်အင်ပါယာသည်ပင် ဤမျှများပြားသော နိုင်ငံတကာ သံတမန်များကို ဖိတ်ခေါ်နိုင်စွမ်း မရှိတော့ချေ။ မိန်းမစိုးအကြီးအကဲ တစ်ဦးက အမိန့်တော်ပြန်တမ်းကို ဖတ်ကြားလိုက်သည်။
ဤသည်မှာ တာ့ယန်တိုင်းပြည်က ကမ္ဘာလောကသို့ ထုတ်ပြန်လိုက်သော အမိန့်တော်ဖြစ်ပြီး ၊ ဧကရာဇ် လီရူဟိုင်၏ ပထမဆုံးသော အမိန့်တော်လည်း ဖြစ်ပေသည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၈၁ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team