← Chapters

အခန်း (၄၈၂)

Vol. 49 Ch. 482

အခန်း (၄၈၂)

Vol. 49 Ch. 482

အမိန့်တော်ပြန်တမ်း အတွင်း၌ တာ့နင်အင်ပါယာ၏ ရက်စက်ကြမ်းကြုတ်ပုံများ ၊ လီမိသားစုဝင် လူမျိုးနွယ်စုတို့၏ မရှုမလှ ဆင်းရဲဒုက္ခရောက်ပုံများ ၊ လီရူဟိုင်အနေဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် မည်မျှ သောကမီးတောက်လောင်ရကြောင်း ၊ တိုင်းပြည်ကို ကယ်တင်ရန်အတွက် တာ့ယန်တိုင်းပြည်ကို မဖြစ်မနေ တည်ထောင်ရခြင်း ဖြစ်ကြောင်း ၊ အရာရှိများ၏ ဝိုင်းဝန်း အတင်းအကျပ် တောင်းဆိုမှုကြောင့် သာလျှင် မလွဲမရှောင်သာဘဲ ဘုရင်အဖြစ် နန်းတက်ရခြင်း ဖြစ်ကြောင်း စသဖြင့် ဖွဲ့နွဲ့ရေးသား ဖော်ပြထားလေသည်။ သူ ဘုရင်လုပ်ရခြင်းသည် ကိုယ်ကျိုးအာဏာအတွက် လုံးဝ မဟုတ်ဘဲ ၊ ကမ္ဘာလောကရှိ ဆင်းရဲသား ပြည်သူများအတွက်သာ ဖြစ်သည်ဟုလည်း ထည့်သွင်းဖော်ပြထားပေသည်။

ဤ တာ့ယန်တိုင်းပြည် တည်ထောင်ခြင်း အမိန့်တော်ပြန်တမ်းသည် အရေးအသားဟန် ၊ အရှိန်အဝါတို့ ကောင်းမွန်လှပြီး အလွန် ဆန်းကြယ်ပြောင်မြောက်စွာ ရေးသားထားသည်ဟု ဆိုရပေမည်။

သို့သော် လီရူဟိုင်သည် ထိုအမိန့်တော်ပြန်တမ်းကို လှမ်းယူလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်ရုံမျှ မခိုးမခန့် အကြည့်ဖြင့် တစ်ချက်မျှသာ ဝှေ့ကြည့်လိုက်ကာ ဘေးသို့ ပစ်လိုက်သည်။

ထို့နောက် လီရူဟိုင်သည် သူ၏ အတွင်းအားကို အသုံးပြုပြီး ကောင်းကင်ကြီးတစ်ခုလုံး တုန်ဟီးသွားစေလောက်သည့် ကျားဟိန်းသံ ၊ နဂါးဟိန်းသံကဲ့သို့ ကျယ်လောင်စွာ ကြေညာလိုက်၏။

“ငါကိုယ်တော် အမိန့်အာဏာ တည်စေ... ယနေ့မှစ၍ တာ့ယန်အင်ပါယာကို တရားဝင် တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း မိုးမြေသိစေ ကြေညာလိုက်သည်။”

အရာရှိများသည် တစ်ချက်မျှ ကြောင်အံ့သွားကြပြီးနောက် ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြားပြားဝပ် ဒူးထောက်ချလိုက်ကြကာ မိုးချုန်းသံပမာ ဟစ်အော်လိုက်ကြ၏။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ”

စစ်သည်သောင်းပေါင်းများစွာကလည်း ဟိန်းဟောက်ကြွေးကြော်လိုက်ကြသည်။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ”

သူတို့သည် ဤကဲ့သို့ အာဏာစက်ပြင်းထန်ပြီး မောက်မာသော စစ်ဘုရင်မျိုးကို မျှော်လင့်နေကြခြင်း ဖြစ်လေ၏။

နန်းတော်အပြင်ဘက်၌ အရပ်သား သိန်းပေါင်းများစွာသည်လည်း ညီညာစွာ ဒူးထောက်လိုက်ကြပြီး ကောင်းကင်ယံ တုန်ဟီးသွားမတတ် အော်ဟစ်လိုက်ကြလေ၏။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ”

“လီယန်... လီတောက်အန်း” လီရူဟိုင် ခေါ်လိုက်သည်။

လီယန်သည် လီရူဟိုင်၏ တတိယသားဖြစ်ပြီး ၊ တစ်ချိန်က ကွေ့မင်းသားနှင့် လက်ထပ်မည့် လီကျန်းမင်းသမီးကို လက်ထပ်ရန် ကြိုးပမ်းခဲ့ဖူးသူ ဖြစ်သည်။ ကွမ်ရှီးအရှေ့ဘက်ကွပ်ကဲရေးရုံး ၊ လီဝမ်ဟွေ့၏ညီအကို အကြီးအကဲ လီယွီထန်ကို လူအများရှေ့၌ ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ်သတ်ခဲ့သူမှာလည်း သူပင် ဖြစ်လေ၏။

သူ၏ ရုပ်ရည်သည် လီရူဟိုင်နှင့် အတော်လေး ဆင်တူသော်လည်း ၊ မျက်နှာက ပို၍ ကျဉ်းမြောင်းပြီး အထူးသဖြင့် အကြံပက်စက်မည့် ပုံပေါက်နေသည်။

“သားတော် ရှိပါတယ်ဘုရား”

“ကျွန်တော်မျိုး ရှိပါတယ်ဘုရား” ယခုအခါ တာ့ယန်တိုင်းပြည်၏ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဖြစ်လာသော လီတောက်အန်းကလည်း ထွက်လာလေသည်။

တာ့ယန်ဘုရင် လီရူဟိုင်က အသံကို နှိမ့်ချကာ အေးစက်စွာ ပြောလိုက်၏။ “အခု ကွမ်ရှီးပြည်နယ် လျူကျိုးစီရင်စုရဲ့ အနောက်ဘက်ဒေသတစ်ခုလုံး ငါတို့ တာ့ယန်တိုင်းပြည်ရဲ့ လက်ထဲ ရောက်နေပြီ။ ဘာလို့ ပိုင်ဆယ်မြို့က တာ့နင်အင်ပါယာရဲ့ ခွေးအိုကြီး လီဝမ်ဟွေ့ လက်ထဲမှာ ရှိနေသေးတာလဲ”

လီယန်က ချက်ချင်းပင် တုံ့ပြန် ပြောလိုက်၏။ “သားတော်က လီယွီထန်ရဲ့ ခွေးခေါင်းကို ဖြတ်နိုင်ခဲ့သလို... လီဝမ်ဟွေ့ရဲ့ ခေါင်းကိုလည်း ဖြတ်ဆက်သနိုင်ပါတယ်။ သားတော် စစ်တပ်ကို ဦးဆောင်ပြီး ပိုင်ဆယ်မြို့ကို သိမ်းပိုက်ပါရစေ။ လီဝမ်ဟွေ့ကို သတ်ပြီး မင်းသမီးယွီကျိန်းကို အရှင်ဖမ်းပြီး ဆက်သပါ့မယ်”

ထျန်တောက်အဖွဲ့ ခေါင်းဆောင်ဟောင်း လီတောက်အန်းကလည်း ဦးညွှတ်ပြီး လျှောက်တင်လိုက်သည်။ “ကျွန်တော်မျိုးက မင်းသားသုံးကို ကူညီပြီး ပိုင်ဆယ်မြို့ကို ပြန်လည်သိမ်းပိုက်ကာ လီဝမ်ဟွေ့ကို သတ်ဖြတ်ပေးပါ့မယ်”

တာ့ယန်ဘုရင် လီရူဟိုင်က ပြတ်သားစွာ အမိန့်ပေးလိုက်လေ၏။ “ငါကိုယ်တော်အတွက် ပိုင်ဆယ်မြို့ကို သွားသတ်ချေ။ ကြက်၊ ခွေး မကျန်စေနဲ့... မျိုးတုံးသတ်ဖြတ်ပစ်ခဲ့”

“အမိန့်တော်မြတ်အတိုင်းပါဘုရား”

“အမိန့်တော်မြတ်အတိုင်းပါဘုရား”

အမိန့်ခံယူပြီးသည်နှင့် သံချပ်ကာဝတ်ဆင်ထားသော လီယန်သည် ကျားတံဆိပ်တော်ကို ယူဆောင်ပြီး နန်းတော်ထဲမှ သုန်မှုန်စွာ ပြန်ထွက်ကာ စစ်သည်တစ်သောင်းကို ဦးဆောင်၍ ပိုင်ဆယ်မြို့ဆီသို့ ချီတက်သွားလေသည်။

ထိုအချိန်တွင် ပိုင်ဆယ်မြို့ကို ဝိုင်းရံထားသော စစ်သည် သုံးသောင်း ရှိနှင့်နေပြီဖြစ်ရာ ၊ စုစုပေါင်း စစ်သည် လေးသောင်းသည် လီဝမ်ဟွေ့၏ စစ်သည်ထောင်ဂဏန်းကို နင်းခြေချေမှုန်းရန် တိုက်ခိုက်တော့မည် ဖြစ်လေသည်။

“မူနယ်စားမင်း လီရူလုံ ဘယ်မှာလဲ” လီရူဟိုင် မေးလိုက်သည်။

လီရူလုံ ထွက်လာပြီး ပြောလိုက်၏။ “ကျွန်တော်မျိုး အမိန့်တော် နာခံရန် ရှိနေပါတယ်”

လီရူဟိုင်က အမိန့်ပေးလိုက်သည်။ “မင်းကို စစ်သည် သုံးသောင်း ပေးမယ်... အန်လုံစော်ဘွားအိမ်တော်ကို သွားတိုက်ပြီး ချူမိသားစုကို မျိုးဖြုတ်သတ်ပစ်ခဲ့”

လီရူလုံ ဦးညွှတ်လိုက်၏။ “ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါတယ်”

ထိုသို့ဖြင့် သူသည်လည်း ကျားတံဆိပ်တော်ကို ယူဆောင်ပြီး နန်းတော်မှ ထွက်ခွာသွားလေ၏။

“ကျားတစ်ကောင်လို သန်မာတဲ့ ချန်နယ်စားမင်း ၊ ထျန်နန်နယ်စားမင်း ရှားလုံရွှို”

လီရူဟုနှင့် ရှားလုံစော်ဘွားဟောင်း ရှားလုံရွှိုတို့ ထွက်လာကြပြီး ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်ကြ၏။ “ကျွန်တော်မျိုးတို့ ရှိပါတယ်”

လီရူဟိုင်က ပြောလိုက်သည်။ “မင်းတို့နှစ်ယောက် အဓိကတပ်မကြီး တစ်သိန်းကို ဦးဆောင်ပြီး အိမ်ရှေ့စံကို ကူညီဖို့ ယူနန်ပြည်နယ် မြောက်ဘက်ကို ချီတက်ကြ။ ကူမင်းစီရင်စုကို တစ်လအတွင်း သိမ်းပိုက်ရမယ် ၊ ယူနန်ပြည်နယ်တစ်ခုလုံးကိုတော့ နှစ်လအတွင်း အပြီးသိမ်းရမယ်”

“အမိန့်တော်မြတ်အတိုင်းပါဘုရား”

သူတို့နှစ်ဦးသည်လည်း အမိန့်တော်အတိုင်း ကျားတံဆိပ်တော်ကို ယူဆောင်ပြီး နန်းတော်မှ ထွက်ခွာသွားကြလေ၏။

ဆက်လက်ပြီး တာ့ယန်နန်းတော်တွင် ကြီးကျယ်ခမ်းနားသော ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပလေသည်။ လီရူဟိုင်သည် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့မှ စော်ဘွားတိုင်းကို ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်လိုက်သည်။

လီရူဟိုင်သည် သူ၏ သားတိုင်းကိုလည်း နယ်စားမင်းဘွဲ့များ ပေးသနားလိုက်၏။ လီတောက်အန်းကိုလည်း နယ်စားကြီးဘွဲ့ ပေးအပ်လိုက်သည်။ လီရူဟိုင်၏ ညီမ ၊ ဟုန်ဟယ်ကုန်သည်အဖွဲ့ ဥက္ကဋ္ဌ လီရူကျစ်ကိုလည်း ဘုရင့်နှမတော် အကြီးဆုံးမင်းသမီးဘွဲ့ ပေးအပ်လိုက်၏။

သူ၏သား လီကျန့်ကိုမူ အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်လေသည်။ လီတောက်အန်းနှင့် လီရူကျစ်တို့၏ သမီး လီလင်းယွီကိုလည်း မင်းသမီးဘွဲ့ ပေးသနားလိုက်၏။

တစ်ချိန်တည်းမှာပင် စစ်သည်တော်တို့၏ ကောင်းကင်ကိုပင် ဆွဲဖြဲပစ်တော့မတတ် ကျယ်လောင်သည့် စစ်ချီဟိန်းဟောက်သံများ ထွက်ပေါ်လာလေ၏။

လီယန်နှင့် လီတောက်အန်းတို့သည် စစ်သည်တစ်သောင်းကို ဦးဆောင်ပြီး ၊ ပိုင်ဆယ်မြို့ကို ဝိုင်းရံထားသော စစ်သည်သုံးသောင်းနှင့် သွားရောက်ပူးပေါင်းကာ ၊ လီဝမ်ဟွေ့ကို ချေမှုန်းရန် ထွက်ခွာသွားကြပြီဖြစ်လေ၏။

လီရူလုံသည်လည်း စစ်သည်သုံးသောင်းကို ဦးဆောင်ပြီး တာ့နင်အင်ပါယာအပေါ် အသစ္စာရှိဆုံး စော်ဘွားဖြစ်သည့် အန်လုံစော်ဘွားအိမ်တော်ကို တိုက်ခိုက်ရန် ထွက်ခွာသွားသည်။

လီရူဟုနှင့် ရှားလုံရွှိုတို့သည်လည်း စစ်သည်တစ်သိန်းကို ဦးဆောင်ပြီး ယူနန်ပြည်နယ်နယ်စပ်သို့ ချီတက်ကာ ၊ အိမ်ရှေ့စံမင်းသားနှင့် ပူးပေါင်းပြီး ယူနန်ပြည်နယ်ကို ဝင်ရောက်တိုက်ခိုက်ရန် ထွက်ခွာသွားကြလေသည်။

လီမိသားစု၏ တာ့ယန်တိုင်းပြည်သည် ယနေ့မှ စတင်တည်ထောင်လိုက်ခြင်း ဖြစ်သော်လည်း ၊ ချက်ချင်းဆိုသလိုပင် စစ်သည်အင်အား နှစ်သိန်းခန့်ကို စေလွှတ်ပြီး အာဏာပြကာ သောင်းကျန်းနေပြီ ဖြစ်၏။

ချက်ချင်းပင် ကမ္ဘာလောကကြီးက တုန်လှုပ်သွားလေပြီး တာ့နင်အင်ပါယာကြီးသည်လည်း အချိန်တိုအတွင်း အပိုင်းပိုင်း ဖြစ်သွားတော့လေမည်။

**--**--**--**--**--**--**--**

တစ်ချိန်တည်းတွင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် အတွင်း၌ လူတိုင်းလိုလိုက အလုပ်ရှုပ်နေကြပြီး ၊ အရပ်သားများသည် အဝတ်အစားများ ၊ သံချပ်ကာများနှင့် စားနပ်ရိက္ခာများကို ပြင်ဆင်နေကြလေ၏။ မနက်ဖြန်တွင် စစ်တပ်သည် ပိုင်ဆယ်မြို့သို့ ပြန်လည်ထွက်ခွာတော့မည် ဖြစ်သည်။

စစ်တပ်သည်လည်း သူတို့ လိုအပ်သော ပစ္စည်းကိရိယာများကို ပြင်ဆင်နေကြ၏။ အထူးသဖြင့် ပစ္စည်းနှစ်မျိုးကို အဓိကထား ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ပထမတစ်မျိုးမှာ တွင်းနက်တားမြစ်နယ်မြေရှိ ရေတွင်းမြတ်ထဲမှ ညစ်ညမ်းနေသော ရေများဖြစ်ပြီး ၊ သစ်သားစည်ပိုင်းများထဲတွင် ထည့်ကာ သယ်ဆောင်သွားကြခြင်း ဖြစ်သည်။

ထိုအရာကို တုပိုင်တစ်ယောက် ကိုယ်ပိုင်ဆန္ဒအရ လုပ်ချင်လို့ လုပ်နေခြင်းမဟုတ်လေဘဲ အိပ်မက်စနစ်က တုပိုင်အား လုပ်ခိုင်းခြင်း ဖြစ်သည်။ ရေတွင်းမြတ်ထဲက ရေတွေကို မည်သည့်အတွက် သုံးလို့ရသည်မှန်း တုပိုင် မသိသော်လည်း ၊ ယင်းတို့သည် ညစ်ညမ်းနေရုံသာဖြစ်ပြီး ရေဒီယိုသတ္တိကြွ အာနိသင်တော့ မရှိချေ။

အိပ်မက်စနစ် ပြောသည်မှာ ဤရေများသည် အဖိုးတန်ဆုံး အဂ္ဂိရတ်ပစ္စည်းများ ဖြစ်ပြီး ၊ နောင်တစ်ချိန်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာများကို ဖန်တီးရာ၌ အသုံးပြုနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် လူပုလေးပရောဖက် စစ်ခုန်းယဲ့သည် အလွန်အရေးပါသော ပုဂ္ဂိုလ် ဖြစ်လာလေ၏။ သူသည် ဗေဒင်ဆရာ ပရောဖက်တစ်ဦး မဟုတ်ဘဲ ၊ ပါရမီရှင် အဂ္ဂိရတ်ပညာရှင် တစ်ဦး ဖြစ်နေသောကြောင့် အလွန့် အလွန် အလွန်ကို အရေးကြီးနေခြင်းပင် ဖြစ်လေသည်။

ဒုတိယတစ်မျိုးမှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တံခါးဝရှိ မိစ္ဆာသရဲတွင်းထဲမှ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် အဆိပ်ရည်များ ဖြစ်သည်။ ထိုအဆိပ်ရည်များသည် အရာခပ်သိမ်းကို တိုက်စားဖျက်ဆီးနိုင်စွမ်း ရှိလေ၏။ သံမဏိများပင် ချက်ချင်းဆိုသလိုပင် အရည်ပျော်သွားပေလိမ့်မည်။

သို့သော် ဤအစိမ်းရောင် အဆိပ်ရည်များသည် နှစ်တစ်ထောင် ရေနဂါးပိုင်ဆိုင်သော အရာများ ဖြစ်သောကြောင့် ၊ တုပိုင်အနေဖြင့် အကုန်လုံးကို ယူဆောင်သွား၍ မရဘဲ တစ်ဝက်ခန့်သာ ယူဆောင်သွားနိုင်သည်။

တစ်ဝက်ဆိုသည်မှာလည်း အလွန်များပြားလှပြီး ပိဿာချိန် တစ်သောင်းကျော်ခန့် ရှိလေ၏။ ထို့အတွက်ကြောင့် စစ်ပွဲအတွက် လုံလောက်သည်ထက် ပိုမို များပြားနေဆဲ ဖြစ်လေသည်။

**--**--**--**--**--**--**--**

စုတ်ပြတ်နေသော အိမ်အိုလေးတစ်လုံးထဲတွင် ဆင်းရဲနွမ်းပါးကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အမျိုးသမီးတစ်ဦးသည် ဗိုင်းငင်နေလေသည်။ သူမ၏ ဘေးနားတွင် အသက် (၁၆) ၊ (၁၇) နှစ်အရွယ်ခန့်ရှိသော မိန်းမပျိုလေးတစ်ဦး ထိုင်နေ၏။

ဘဝက အလွန် ခက်ခဲကြမ်းတမ်းသော်လည်း ၊ သူမတွင် အလွန်သွက်လက်တက်ကြွသော စိတ်နေသဘောထား ရှိပုံရသည်။ သူမ၏ လက်ထဲမှ ပန်းထိုးအလုပ်မှာ တစ်နာရီကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ၊ ထောင့်တစ်နေရာလေးလောက်သာ ပြီးစီးသေး၏။ သူမ၏ မျက်လုံးများက ဟိုဟိုဒီဒီ ကစားနေပြီး မည်သည့်အရာများကို တွေးတောနေမှန်း မသိနိုင်ပေ။

ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး မျက်လုံးကန်းနေသော အမျိုးသမီးကြီးက ပြင်းထန်စွာ ချောင်းဆိုးလိုက်ရာ ၊ ကောင်မလေးသည် တုန်ခနဲ ဖြစ်သွားပြီး သူမ၏ မိခင်ကို နှစ်သိမ့်လိုသော သဘောဖြင့် မျက်နှာချိုသွေးကာ ပြောင်ပြလိုက်ပြီးနောက် ၊ ပန်းထိုးခြင်းကို လေးလေးနက်နက် ပြန်လုပ်လေတော့သည်။ သို့သော် ၁၅ မိနစ်ပင် မခံလိုက်ဘဲ စိတ်လေလွင့်ကာ ယောင်ဝါးပြန်ဖြစ်သွားပြန်သည်။

လူပုလေးပရောဖက် စစ်ခုန်းယဲ့သည် အမှောင်ထဲတွင် ပုန်းအောင်းရင်း ထိုသားအမိနှစ်ယောက်ကို လှမ်းကြည့်နေမိသည်။

ဟုတ်လေသည်။ ထိုကောင်မလေးက သူ၏ သွေးသားရင်းသမီးဖြစ်လေ၏။ သူ့ကဲ့သို့ လူပုခန္ဓာကိုယ်မဟုတ်လေဘဲ သာမန်ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားပြီး အရပ်ရှည်ရှည်ဖြင့် လှပချောမောသည့် သမီးလေးဖြစ်၏။ သူမ၏ မျက်လုံးနှင့် နှာခေါင်းတို့သည် သူနှင့် ခပ်ဆင်ဆင်ဖြစ်လေသောကြောင့် စစ်ခုန်းယဲ့သည် သူမက သူ၏ သွေးသားရင်းသမီးဖြစ်ကြောင်း ပိုပြီးတော့ သေချာလာမိသည်။

စစ်ခုန်းယဲ့တစ်ယောက် မျက်ရည်များ ထိန်းချုပ်မရအောင် စီးကျလာရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း စိတ်လှုပ်ရှားမှုကြောင့် တစ်ဆတ်တ်ဖြင့် တုန်ယင်နေလေသည်။

“ဘယ်သူလဲ” တစ်ဆယ့်ခုနစ်နှစ်အရွယ် ကောင်မလေးသည် အာရုံခံစားမှု အလွန်ကောင်းမွန်ပြီး ချက်ချင်းပင် အပြင်သို့ ပြေးထွက်လာသည်။

ချက်ချင်းပင် စစ်ခုန်းယဲ့သည် ထွက်ပြေးလေတော့၏။

ကောင်မလေးသည် အနောက်ဘက်တွင် သူ့ပုံရိပ်သေးသေးလေးကို မြင်လိုက်ရသဖြင့် ကလေးတစ်ယောက်ဟု ထင်မှတ်သွားပြီး နူးညံ့စွာ လှမ်းပြောလိုက်သည်။ “ဟေး... နေပါဦး... မပြေးပါနဲ့ဦး... အစ်မဆီမှာ သရေစာတွေ ရှိတယ်...”

သမီးဖြစ်သူ၏ အသံကို ကြားလိုက်ရသောအခါ စစ်ခုန်းယဲ့သည် သူ၏ ရုပ်သွင်အစစ်အမှန်ကို မြင်သွားမည် စိုးသဖြင့် အမြန်ဆုံး ပြေးထွက်လာခဲ့သော်လည်း ၊ သူ၏ နှလုံးသားတစ်ခုလုံးမှာမူ အရည်ပျော်ကျသွားမတတ် နူးညံ့စွာ ခံစားလိုက်ရရှာသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၈၂ ပြီး

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters