← Chapters

အခန်း (၄၈၃)

Vol. 49 Ch. 483

အခန်း (၄၈၃)

Vol. 49 Ch. 483

မနက်ဖြန် အာရုဏ်တက်ချိန်၌ တုပိုင်သည် စစ်သည်အင်အားများနှင့်အတူ ကွမ်ရှီးပြည်နယ်သို့ ပြန်လည် ထွက်ခွာတော့မည် ဖြစ်လေသည်။

ယနေ့ည၌မူ တုပိုင်သည် သူ၏ နို့ထိန်းအမေ ၊ အမ တုဖိန်အာတို့နှင့်အတူ ရှိနေခဲ့၏။

ထိုစဉ် တံခါးပေါက်ဝ၌ လူပုလေးပရောဖက် စစ်ခုန်းယဲ့ ရုတ်တရက် ပေါ်လာရာ ၊ ကျီပြောင်ပြောင်သည် ကျောဘက်ရှိ ဓားကို တစ်ဝက်ခန့် ဆွဲထုတ်လိုက်လေသည်။

“တုပိုင်... မင်း ငါ့သစ္စာခံမှုကို လိုချင်တာလား... လိုချင်ရင် ငါ့နောက်လိုက်ခဲ့” စစ်ခုန်းယဲ့က ပြောပြီးနောက် မြို့စားအိမ်တော် အတွင်းပိုင်းသို့ ဝင်သွားလေ၏။

တုပိုင်၏ မြို့စားအိမ်တော်သည် တစ်ချိန်က စစ်ခုန်းမျိုးနွယ်စု၏ မြို့စားအိမ်တော် ဖြစ်ခဲ့သဖြင့် ၊ စစ်ခုန်းယဲ့၏ အိမ်ဟုလည်း သတ်မှတ်နိုင်ပေသည်။

“သခင်လေး” ကျီပြောင်ပြောင်က စိုးရိမ်ဟန်ဖြင့် ခေါင်းခါပြလေသည်။

“ကိစ္စမရှိပါဘူး” တုပိုင်က ပြုံး၍ နောက်မှ လိုက်သွားလေသည်။

ကျီပြောင်ပြောင်သည်လည်း စစ်သည် ဒါဇင်ပေါင်းများစွာနှင့်အတူ နောက်မှ လိုက်ပါသွားကြ၏။

စစ်ခုန်းယဲ့က အေးစက်စွာ ရယ်မောကာ ဆိုလေ၏။ “မင်း ငါ့ကို မယုံရင် နောက်က မလိုက်နဲ့လေ။ အမြီးတွေ ဒါဇင်နဲ့ချီ ခေါ်လာတာက ဘာသဘောလဲ”

တုပိုင်က လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ “မင်းတို့ ပြန်သွားကြတော့... ငါတစ်ယောက်တည်းပဲ သူ့နောက် လိုက်သွားမယ်”

ကျီပြောင်ပြောင်က အသံကျယ်ဖြင့် လှမ်းတားလေ၏။ “သခင်လေး...”

တုပိုင်က ပြုံး၍ ပြန်ပြောသည်။ “ကျွန်တော်ဘာလုပ်နေလဲ ကျွန်တော်သိတယ်... အမ စိတ်မပူပါနဲ့”

ထို့နောက် သူသည် စစ်ခုန်းယဲ့နောက်သို့ လိုက်ပါလျက် အတွင်းဘက်သို့ ဝင်သွားလေတော့သည်။

ဤမြို့စားအိမ်တော်၏ တစ်ဝက်ခန့်မှာ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ စစ်ခုန်းယဲ့သည် တုပိုင်အား လူသူကင်းမဲ့နေသော ဥယျာဉ်တစ်ခုဆီသို့ ခေါ်ဆောင်သွား၏။

“တုပိုင်... မင်း ထွက်သွားရင် သားအမိနှစ်ယောက်ကိုပါ ခေါ်သွားမှာလား” စစ်ခုန်းယဲ့ မေးမြန်းလိုက်၏။

သူပြောသော သားအမိနှစ်ယောက်ဆိုသည်မှာ ဧကန်မုချ သူ၏ သမီးနှင့် ရုပ်ပျက်ဆင်းပျက် အမျိုးသမီးကြီးတို့ ဖြစ်ချေမည်။

တုပိုင်က ပြန်ဖြေလေသည်။ “မင်း သူတို့ကို ရှာတွေ့ပြီပဲ... ဘာလို့ သွားမတွေ့ဘဲနေတာလဲ။ ဘာလို့ အသိအမှတ် မပြုတာလဲ”

စစ်ခုန်းယဲ့က ခေါင်းကို အသည်းအသန် ခါယမ်းလေသည်။ စစ်ခုန်းယဲ့သည် အစွန်းရောက်သည်အထိ အားငယ်စိတ်များ ဝင်ရောက်နေပြီး ၊ ထိုသားအမိနှစ်ယောက်ကို သွားတွေ့ရန် သတ္တိလုံးဝ မရှိပေ။

သို့သော် ယခုအချိန်မှစ၍ သူ၏ နှလုံးသားနှင့် ဝိညာဉ်တွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီ ဖြစ်သည်။

သားအမိနှစ်ယောက်ကို ကာကွယ်စောင့်ရှောက်ပေးပြီး ပျော်ရွှင်သော ဘဝမျိုး ပိုင်ဆိုင်စေရန် ဖန်တီးပေးခြင်းသည် သူ၏ ဤဘဝတာဝန် ဖြစ်လာခဲ့သော်လည်း ၊ သူကိုယ်တိုင်ကတော့ ဘယ်တော့မှ ပေါ်လာမည် မဟုတ်ချေ။

သူ ဤမေးခွန်းကို မေးရခြင်းမှာ တုပိုင်အနေဖြင့် ထိုသားအမိနှစ်ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး သူ့ကို ထိန်းချုပ်မည်လား ဆိုသည်ကို သိချင်သောကြောင့် ဖြစ်သည်။

တုပိုင်က ပြောကြားလိုက်၏။ “ငါက သေချာပေါက် သူတို့ကို ခေါ်သွားမှာ မဟုတ်ဘူး... သူတို့ ဒီမှာပဲ နေခဲ့ရမှာ”

လူပုလေးပရောဖက် စစ်ခုန်းယဲ့က ထပ်မေးသည်။ “ဒါဆို ငါ သူတို့ကို ခေါ်သွားချင်တယ်ဆိုရင်ကော”

တုပိုင်က ခွင့်ပြုလိုက်၏။ “ရတာပေါ့”

လူပုလေးသည် စိတ်ထဲ၌ သိနေသော်လည်း မေးမြန်းလိုက်ပြန်သည်။ “မင်း မတားဘူးလား”

တုပိုင်က ဆိုလေ၏။ “မင်း အခုချက်ချင်း သူတို့ကို ခေါ်သွားလို့ရတယ်... ဒါပေမဲ့ မင်း သွားတွေ့ရဲလို့လား”

လူပုလေးပရောဖက်၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားလေသည်။ ဟုတ်သည်... သူ မရဲပေ။ သူ စစ်ခုန်းယဲ့သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံးရှိ လူတိုင်းကို သတ်ရဲသော်လည်း ၊ သူ၏ သမီးနှင့် သူ၏ အမျိုးသမီးကိုတော့ သွားတွေ့ရန် မစွမ်းသာချေ။

အထူးသဖြင့် သူ အကြောက်ဆုံးအရာမှာ တခြားလူများက သူ့သမီးကို လက်ညှိုးထိုးပြီး နင်က လူပုမိစ္ဆာကောင်ရဲ့ သမီးပဲဟု ပြောဆိုလာကြမည်ကိုပင်။ ထိုနောက် စစ်ခုန်းယဲ့သည် ဧရာမ သစ်ပင်ကြီးတစ်ပင် ရှေ့သို့သွားလိုက်၏။

ပြီးနောက် သစ်ပင်ပေါ်တွင် စက်ဝိုင်းအနည်းငယ် ရေးဆွဲလိုက်ပြီး ဆေးရည်တစ်မျိုးကို ထုတ်ကာ သစ်ခေါက်ပေါ်တွင် သုတ်လိမ်းလိုက်၏။ ရုတ်တရက် ထူထဲသော သစ်ခေါက်များ ပျောက်ကွယ်သွားပြီး ၊ ဧရာမ သစ်ပင်ကြီး၏ ပင်စည်ထဲတွင် တံခါးတစ်ချပ် ပေါ်လာသည်။

“သတ္တိရှိရင် ငါ့နောက်လိုက်ခဲ့” စစ်ခုန်းယဲ့ စိန်ခေါ်လိုက်၏။

တုပိုင်က တုန့်ဆိုင်းခြင်းမရှိဘဲ နောက်မှ ချက်ချင်း လိုက်ပါသွားသည်။ အတွင်းသို့ ရောက်သော် ဤနေရာသည် မြေအောက်လမ်းကြောင်း အဝင်ဝတစ်ခု ဖြစ်နေသည်ကို တုပိုင်တွေ့လိုက်ရသည်။ လူနှစ်ယောက်သည် လှေကားထစ်များအတိုင်း အောက်ဘက်သို့ တောက်လျှောက် ဆင်းသွားကြလေသည်။

နေရာအနှံ့တွင် အောက်ဆီဂျင် ထုတ်လွှတ်ပေးနိုင်သော ချစ်စရာ ရေညှိပင်လေးများ ဖုံးအုပ်လျက်ရှိသည်။ လူလာသည်ကို အာရုံခံမိပြီးနောက် ထိုအပင်ငယ်လေးများသည် အသက်ရှူပြီး အောက်ဆီဂျင်များကို အသည်းအသန် ထုတ်လွှတ်ပေးကြလေ၏။ ထို့အတွက်ကြောင့် လေရှူရှိုက်ရာတွင် အသက်ရှုကြပ်ခြင်းမရှိချေ။

သူတို့ နှစ်ယောက်သား မြေအောက်အနက် ကီလိုမီတာ အတော်များများ ရောက်သည့်အထိ ပြဿနာမရှိဘဲ ဆင်းသွားကြလေ၏။

အောက်ဆုံးသို့ရောက်သောအခါ လိုဏ်ဂူတစ်ခုကို တွေ့ရှိလိုက်ကြသည်။ ထူးခြားသော သတ္တုတွင်းထွက်ပစ္စည်းများ ရှိနေသောကြောင့် နေရာအနှံ့မှ ရောင်စုံမီးအလင်းများနှင့် အပြာရောင် မီးအလင်းများ ထွက်ပေါ်နေသည်။ ရေဒီယိုသတ္တိကြွ အာနိသင် မရှိလေဘဲ ယူရေနီယမ်ကဲ့သို့သော ရေဒီယိုသတ္တိကြွ သတ္တုသိုက်များ မဟုတ်ပေ။

တုပိုင်တို့ နက်နဲဆန်းကြယ်သော သတ္တုတွင်းထဲသို့ ဆက်လက် ဝင်ရောက်သွားလေ၏။ အတော်လေးနက်သည့် နေရာသို့ရောက်လာသောအခါ ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာလေသည်။ ဤနေရာရှိ ဆွဲငင်အားသည် တဖြည်းဖြည်း နည်းပါးလာပြီး ၊ နောက်ဆုံးတွင် တုပိုင်သည် လေထဲတွင် လွင့်မျောလုနီးပါး ဖြစ်လာသည်။

သတ္တုတွင်း၏ အဆုံးသို့ ရောက်သောအခါ ဆွဲငင်အား လုံးဝ မရှိသလောက် ဖြစ်သွားပြီး ၊ တုပိုင်သည် လေထဲတွင် မျောလွင့်သွားလေ၏။ ဤနေရာတွင် ထူးဆန်းသော သုညဆွဲငင်အား ဖြစ်ပေါ်နေလေသည်။ နက်နဲဆန်းကြယ်သော သတ္တုတွင်း၏ အဆုံးတွင်တော့ ကြီးမားသော အပြာရောင် သတ္တုရိုင်းတုံးကြီးတစ်ခုသာ ရှိပြီး ၊ အောက်ဘက်တွင်မူ အဆုံးအစမဲ့ တွင်းနက်ကြီး ရှိနေလေသည်။ ကြီးမားသော သတ္တုရိုင်းတုံးကြီး၏ အပေါ်တွင် အပြာရောင် ဓားတစ်ချောင်း ရှိနေ၏။

“ဖျစ်... ဖျစ်... ဖျစ်...”

အလွန် ကြောက်မက်ဖွယ်ကောင်းသော အပြာရောင် လျှပ်စီးများသည် ထိုအပြာရောင် သမ်းနေသော ဓားကို ရူးသွပ်စွာ ပစ်ခတ် ရိုက်နှက်နေကြသည်။ ဤသည်မှာ ကောင်းကင် မဟုတ် ၊ မြေအောက်ကမ္ဘာ ဖြစ်သော်လည်း ၊ ဤမျှ ကြောက်စရာကောင်းသော လျှပ်စီးများ ရှိနေ၏။

ထူးခြားသော သတ္တုသိုက်များ ရှိနေသဖြင့် ထူးခြားသော သံလိုက်စက်ကွင်းများ ဖြစ်ပေါ်ကာ ၊ အံ့မခန်း လျှပ်စီးများ ပေါက်ကွဲထွက်ပေါ်နေခြင်း ဖြစ်ပုံရသည်။ တုပိုင်သည် လျှပ်စီးများ၏ စွမ်းအင်ကို ခံစားမိရာ အမ်ပီယာသောင်းနှင့်ချီ ရှိပြီး ၊ ဗို့အားမှာလည်း အံ့မခန်း မြင့်မားနေသည်ကို တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ ဆင်မပြောနှင့် ဒိုင်နိုဆောကြီးများပင်လျှင် ဤလျှပ်စီးဖြင့် အပစ်ခံရပါက မီးကျွမ်းပြီး သေဆုံးသွားနိုင်ပေသည်။

“ဒီဓားနာမည်က နဂါးသတ်ဓားတဲ့... ဘိုးဘေးတွေ ပြောစကားအရ ဒီဓားက ဒီကမ္ဘာလောကပိုင် ပစ္စည်း မဟုတ်ဘူး။ သူ့မှာ အလွန်စွမ်းအားကြီးမားတဲ့ အစွမ်းတွေ ပါဝင်ပြီး ၊ သမိုင်းတစ်လျောက်အစွမ်းအထက်ဆုံး ဓားတစ်ချောင်းပဲ” စစ်ခုန်းယဲ့က ရှင်းပြလေ၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီဓားဟာ မျိုးဆက်တိုင်းရဲ့ မြို့စားမင်းဓား ဖြစ်ခဲ့တယ်။ နဂါးသတ်ဓား ပိုင်ဆိုင်တဲ့ မြို့စားမင်းကြီးက ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံးမှာ ပြိုင်ဘက်ကင်းပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်သုံးရာကစပြီး ဘယ်သူမှ ဒီဓားကို မနှုတ်နိုင်ကြတော့ဘူး။ ဓားကို နှုတ်ချင်တဲ့ ဘယ်သူမဆို လျှပ်စီးပစ်ခံရပြီး မီးကျွမ်းသေဆုံးကုန်ကြတယ်။ ကြာလာတော့ ဒီပြိုင်ဘက်ကင်း နဂါးသတ်ဓားကြီးကို ဒီနေရာမှာပဲ မေ့လျော့ထားလိုက်ကြတော့တာပဲ”

တုပိုင် စိတ်ထဲမှ မေးလိုက်၏။ “စနစ်ရေ... ဒီဓားက တကယ်ပဲ အဲဒီလောက် စွမ်းလား”

အိပ်မက်စနစ်က ပြန်ဖြေသည်။ “မင်း ထင်ထားတာထက် ပိုစွမ်းတယ်... မင်း လုံးဝ တုန်လှုပ်သွားလိမ့်မယ်”

တုပိုင်က ဆက်မေးသည်။ “ဒါဆို ဘာလို့ အရင်တုန်းက ငါ့ကို မယူခိုင်းခဲ့တာလဲ”

အိပ်မက်စနစ်က ပြောလိုက်သည်။ “မင်း လျှပ်စီးပစ်ခံရပြီး မီးကျွမ်းသွားမှာ စိုးလို့လေ”

တုပိုင်က ပြောလိုက်၏။ “ဒါဆို အခုကော... ငါ ဒီကြောက်စရာကောင်းတဲ့ လျှပ်စီးပစ်တာ ခံရပြီး မီးကျွမ်းသွားနိုင်လား။ ဒီနေရာက လေထုက လျှပ်ကူးပစ္စည်း ဖြစ်နေသလို ခံစားရတယ်”

အိပ်မက်စနစ်က တိတ်ဆိတ်စွာဖြင့် သတိပေးလေသည်။ “မင်းရဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုက ငါ စီစဉ်ထားတာနဲ့ မတူတော့ဘူး။ မင်း မီးကျွမ်းမသွားဘူးလို့တော့ ငါ အတိအကျ အာမ မခံနိုင်ဘူး”

တုပိုင်က မေးလိုက်၏။ “ဒီဓားက အရမ်းစွမ်းလား”

အိပ်မက်စနစ်က ပြောလိုက်သည်။ “အရမ်း အရမ်း စွမ်းတယ်။ ဒါပေမဲ့ မနက်ဖြန်ကျရင် မင်း စစ်သည် သောင်းနဲ့ချီ ဦးဆောင်ပြီး တိုက်ခိုက်ရတော့မယ်။ မင်းက ဘုရင်တစ်ပါး ပြန်လာခြင်းဆိုတဲ့ ဇာတ်ကွက်ကို ကပြရတော့မှာမို့ မစွန့်စားပါနဲ့”

လူပုလေးပရောဖက် စစ်ခုန်းယဲ့က ပြောလာပြန်၏။ “ငါက အရမ်း ရှေးရိုးစွဲတဲ့ လူတစ်ယောက်ပါ... ပြီးတော့ မင်း ငါ့ကို ရိုးသားမှုနဲ့ ဆက်ဆံမဆက်ဆံဆိုတာကိုလည်း စမ်းသပ်ချင်သေးတယ်”

သူ ဆက်ပြောလိုက်သည်။ “ငါ မင်းကို ဓားနှုတ်ခိုင်းတာက မင်းကို သတ်ချင်လို့များလား... မင်း ယုံမလား မယုံဘူးလား။ တကယ်လို့ မင်း ဒီနဂါးသတ်ဓားကို နှုတ်နိုင်ရင် ၊ မင်းဟာ ကောင်းကင်ဘုံက သတ်မှတ်ပေးထားတဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ မြို့စားမင်းကြီး အစစ်အမှန် ဖြစ်တယ်ဆိုတာ သက်သေပြလိုက်တာပဲ။ အဲဒီကျရင် ငါ မင်းရဲ့ အစေခံခွေး ၊ မင်းရဲ့ လက်ပါးစေအဖြစ် တစ်သက်လုံး သစ္စာရှိပါ့မယ်”

စိတ်မမှန်သော လူတစ်ယောက်သည် စိတ်မမှန်သောသူ ပီသပါပေသည်။ တောင်းဆိုသော အချက်များကလည်း အလွန်ထူးဆန်းနေ၏။

“ဒါပေါ့... တကယ်လို့ မင်း ဓားသွားနှုတ်ပြီး လျှပ်စီးပစ်ခံရလို့ မီးကျွမ်းသေဆုံးသွားရင်တော့ ငါ့ကို အပြစ်မတင်နဲ့။ မင်းဟာ မြို့စားမင်းကြီး အစစ်အမှန် ဖြစ်လာဖို့ ကံမပါခဲ့လို့သာလို့ မှတ်လိုက်ပါ” စစ်ခုန်းယဲ့က ပြောလိုက်သည်။

အိပ်မက်စနစ်က တားမြစ်လေ၏။ “စနစ်ရှင်... မနက်ဖြန်ကျရင် မင်း စစ်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်ရတော့မယ်။ ငါ အကြံပေးချင်တာကတော့ မစွန့်စားပါနဲ့”

တုပိုင်သည်တော့ အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးမှိတ်ကာ သူ၏ ခန္ဓာကိုယ်နှင့် သွေးများကို အာရုံခံစားလိုက်သည်။ ထို့နောက် သူသည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး နဂါးသတ်ဓားပေါ်သို့ လက်ကို ရိုက်တင်လိုက်လေသည်။

‘ငါ နှုတ်နိုင်မလား...’

ရုတ်တရက်ဆိုသလိုပင် စွမ်းအားပြင်းထန်သော လျှပ်စီးကြောင်းတစ်ခုသည် တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း စီးဝင်လာလေသည်။ ထို့နောက် ချက်ချင်းပင် အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများသည် တုပိုင်ကို ရူးသွပ်စွာ ပစ်ခတ် ရိုက်နှက်လေတော့သည်။

“ဖျစ်... ဖျစ်... ဖျစ်... ဖျစ်...”

မည်သူ့ကိုမဆို ပြာကျသွားစေနိုင်သော လျှပ်စီးများသည် တုပိုင်ကို ရူးသွပ်စွာ ရိုက်နှက်နေပြီး ၊ ပို၍ ပို၍ သိပ်သည်းလာလေ၏။ ခဏအတွင်းမှာပင် တုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး လင်းလက် တောက်ပလာပြီး ၊ ခန္ဓာကိုယ်တစ်ခုလုံး ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်လာသည်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့မတတ် အံ့မခန်း အလင်းရောင်များသည်လည်း အရှိန်အဟုန်ဖြင့် ဖြာထွက်လာလေသည်။ ထိုသို့ဖြင့် တုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို မရေမတွက်နိုင်သော လျှပ်စီးမီးပွားများက လုံးဝ မျိုချသွားလေ၏။

“ဝေါင်းးးးးးးးးးး”

ပျက်စီးခြင်း အလင်းရောင်များကြားမှ တုပိုင်သည် ပြိုင်ဘက်ကင်း နဂါးသတ်ဓားကို ပြင်းထန်စွာ ဆွဲနှုတ်လိုက်လေတော့၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၈၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters