အခန်း (၄၈၄)
Vol. 49 Ch. 484
“ဖျစ်... ဖျစ်... ဖျစ်...”
တုပိုင်သည် နဂါးသတ်ဓားကို မြှောက်ကိုင်လိုက်ရာ ၊ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများသည် ဓားပေါ်သို့ ဆက်တိုက်ဆိုသလို ကျရောက်လာပြီး ၊ ထိုမှတစ်ဆင့် တုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဝင်သွားလေ၏။
မရေမတွက်နိုင်သော လျှပ်စီးမီးပွားများသည် နဂါးတစ်ကောင်ကဲ့သို့ ကွေ့ကောက် တွန့်လိမ်နေကြသည်။
ယခုအချိန်တွင် တုပိုင်၏ ပုံစံသည် အမှန်တကယ်ပင် ကြည့်သူအပေါင်း တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူပုလေးပရောဖက် စစ်ခုန်းယဲ့တစ်ယောက် လုံးဝ ကြောင်အံ့သွားရချေ၏။
သူသည် အလွန် ရှုပ်ထွေးသော စရိုက်ရှိသူ ဖြစ်သည်။ သူသည် တုပိုင်ကို မုန်းသည်။ အကြောင်းမှာ တုပိုင်သည် သူ့ဘဝကို ဖျက်ဆီးလိုက်သောကြောင့် ဖြစ်သည်။ တိတိကျကျ ပြောရလျှင် သူသည် တုပိုင်ကို လုံးဝ ရှုံးနိမ့်သွားသောကြောင့် ဖြစ်လေသည်။ တုပိုင်သာမရှိလျှင် သူအလွန်မုန်းတီးသည့် မျိုးနွယ်စုကြီး ၅ ခုကို သူမျိုးဖြုတ်နိုင်ပေလိမ့်မည်။
သို့သော် သူသည် တုပိုင်ကို ကျေးဇူးတင်မိပြန်၏။ အဘယ်ကြောင့်ဆိုသော် တုပိုင်ကြောင့် သူ့တွင် သမီးတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရှိနေသေးသည်ကို သိခွင့်ရခဲ့သောကြောင့် ဖြစ်ချေသည်။ ထိုအမျိုးသမီးသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည် ၊ မျက်လုံးတစ်ဖက်ကန်းပြီး လက်တစ်ဖက် ကျိုးနေသည် ၊ သူ့ကိုပင် အသိအမှတ် မပြုနိုင်သော်လည်း... စစ်ခုန်းယဲ့၏ နှလုံးသားထဲတွင်မူ ထိုအမျိုးသမီးသည် သူ့မိန်းမ ဖြစ်နေဆဲပင်။
စစ်ခုန်းယဲ့သည် တစ်ဘဝလုံးကို အထီးကျန်ဆန်စွာ ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။ သို့သော် ရုတ်တရက်ကြီး သမီးတစ်ယောက်နှင့် မိန်းမတစ်ယောက်ကို ပိုင်ဆိုင်လိုက်ရသဖြင့် ၊ သူ့ဘဝတွင် မျှော်လင့်ချက်ရောင်ခြည်များ ချက်ချင်း ထွန်းလင်းလာခဲ့သည်။
သို့သော် တုပိုင်ကို လွယ်လွယ်ကူကူ လက်နက်ချ အရှုံးပေးလိုက်ရန်အတွက် သူ့ကိုယ်သူ နားချ၍ မရနိုင်ခဲ့ပေ။ ထို့ကြောင့် တုပိုင်ကို နဂါးသတ်ဓား နှုတ်ခိုင်းပြီး အလွန်ခက်ခဲကြမ်းတမ်းသော အခြေအနေတစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်လေသည်။
တုပိုင်အနေဖြင့် လျှပ်စီးပစ်မခံရဘဲ ဓားကို နှုတ်နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့သော်လည်း ၊ စိတ်ထဲတွင်တော့ တုပိုင်ကို နှုတ်နိုင်စေချင်ခဲ့သည်။
လက်တွေ့တွင်မူ... တုပိုင်သည် အမှန်တကယ်ပင် ဓားကိုဆွဲနှုတ်လိုက်နိုင်သည်။ နှစ်ပေါင်း ရာနှင့်ချီ ကြာပြီးနောက်တွင် နဂါးသတ်ဓားကို ဆွဲနှုတ်နိုင်သူ တစ်ဦး ထပ်မံ ပေါ်ထွန်းလာခဲ့ပြီ ဖြစ်လေသည်။
ယခုအခါ စစ်ခုန်းယဲ့သည် မိမိကိုယ်ကို လက်ခံနိုင်သွားပြီ ဖြစ်သည်။ ဤနဂါးသတ်ဓားသည် လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက မြို့စားမင်းကြီး၏ ဓားဖြစ်ခဲ့သည်။
နဂါးသတ်ဓားကို ပိုင်ဆိုင်သူကသာ စစ်မှန်သော မြို့စားမင်းကြီး ဖြစ်ပြီး ၊ ပြိုင်ဘက်ကင်း မြို့စားမင်းကြီး အရာကို ဝင်လေသည်။
လူပုလေးပရောဖက် စစ်ခုန်းယဲ့သည် သူ့အတွက် လုံလောက်သော အကြောင်းပြချက်ကို ရှာတွေ့သွားပြီး ၊ ဒူးတစ်ဖက်ထောက်ကာ အရိုအသေ ပြုလေ၏။ “အဂ္ဂိရတ်ပညာရှင် စစ်ခုန်းယဲ့က မြို့စားမင်းကြီးကို ဂါရဝပြုပါတယ်”
သူသည် မူလကတည်းက ပုပြီးသား ဖြစ်ရာ ၊ ဒူးထောက်လိုက်သောအခါ ပို၍ပင် ပုသွားသကဲ့သို့ ဖြစ်နေသည်။ သို့သော် တုပိုင်သည် သူ့ကို လေးလေးနက်နက် ကြည့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် စစ်ခုန်းယဲ့ကဲ့သို့ လူမျိုးက သစ္စာခံရန် ဆုံးဖြတ်လိုက်ပြီဆိုလျှင် ၊ ဘယ်သောအခါမှ သစ္စာဖောက်တော့မည် မဟုတ်သောကြောင့် ဖြစ်သည်။ သူသည် အစွန်းရောက်သော ၊ သို့မဟုတ် စိတ်မမှန်သော လူတစ်ယောက် ဖြစ်လေ၏။
တုပိုင် နဂါးသတ်ဓားကို ချလိုက်သည်။ ထိုအခါတွင် ရုတ်တရက် ကြောက်မက်ဖွယ် လျှပ်စီးများ ပျောက်ကွယ်သွားလေ၏။ တုပိုင်သည် ရှေ့သို့ တိုးသွားပြီး လူပုလေးပရောဖက် စစ်ခုန်းယဲ့ကို တွဲထူလိုက်သည်။
ရုတ်တရက် လျှပ်စီးကြောင်းတစ်ခုသည် စစ်ခုန်းယဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်စီးသွားရာ ၊ သူ၏ ကိုယ်ပေါ်ရှိ အမွှေးအမျှင်များ ထောင်မတ်သွားသည်။
ထိုသည်က ပုံမှန် ရူပဗေဒသဘောတရားအရ ဓာတ်လိုက်သွားခြင်း ဖြစ်သော်လည်း ၊ လူပုလေးပရောဖက် စစ်ခုန်းယဲ့ကမူ ကံတရား၏ အလိုတော်ဟုသာ သတ်မှတ်လိုက်လေသည်။
‘ဒါက သမိုင်းမှာ နာမည်ကြီး ဧကရာဇ်နဲ့ အမတ်ကြီးတို့ ပထမဆုံးအကြိမ် တွေ့ဆုံတဲ့အခါ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်မျိုးပဲ။ နှစ်ယောက်ကြားမှာ စွမ်းအင်လှိုင်းတစ်ခု ဆက်သွယ်ပေးလိုက်သလိုမျိုးပေါ့’ စစ်ခုန်းယဲ့ စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။
စစ်ခုန်းယဲ့ကို တွဲထူပြီးနောက် တုပိုင်သည် သူ၏လက်ထဲရှိ နဂါးသတ်ဓားကို ကြည့်လိုက်သည်။ အပြာရောင် သမ်းနေသော ဓားသည် ရိုးရှင်းပြီး အလွန် ကြည့်ကောင်းလှပေသည်။ တုပိုင်သည် အတွင်းအားကို စုစည်းလိုက်ပြီး ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ၊ ဓားချီအရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။
ရွှမ်းချီစွမ်းအင် အသုံးပြုမှုမှာ အလွန် မြင့်မားသော်လည်း ၊ ဓားချီအရှိန်အဝါသည် လေးငါးမီတာလောက် ရောက်သည်နှင့် လုံးဝ ပျက်ပြယ်သွားပြီး ၊ သွေးကြောခြောက်သွယ် နတ်ဓားသိုင်းလောက်ပင် အားမကောင်းချေ။
တုပိုင်က မျက်မှောင်ကြုတ်လျက် ဆိုလေ၏။ “စနစ်ရေ... ဒီဓားရဲ့ စွမ်းအားက ဘယ်မှာလဲ။ ငါ မခံစားမိဘူး”
အိပ်မက်စနစ်က ပြန်ဖြေသည်။ “စနစ်ရှင် အခု မသိနိုင်သေးဘူး။ တိုက်ပွဲဝင်တဲ့အချိန်ကျရင် သိလာလိမ့်မယ်။ အဲဒီအချိန်ကျရင် စနစ်ရှင် လုံးဝ တုန်လှုပ်သွားလိမ့်မယ်။ စနစ်ရှင်ရဲ့ တိုက်ခိုက်ရေးခရီးတစ်ခုလုံးကိုတောင် ပြောင်းလဲပစ်လိုက်လိမ့်မယ်။ ဒီနဂါးသတ်ဓားက အနာဂတ်မှာ စနစ်ရှင် တစ်သက်လုံး ကိုင်စွဲမယ့် ဓားတစ်လက် ဖြစ်လာမယ်ဆိုတာ ငါ အာမခံရဲတယ်”
အိပ်မက်စနစ်သည် နဂါးသတ်ဓား၏ စွမ်းအားကို တမင် လျှို့ဝှက်ထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် နဂါးသတ်ဓားသည် စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် သာမန်ထက် ထူးကဲလွန်းနေသောကြောင့် ဖြစ်၏။ လက်တွေ့တိုက်ပွဲတွင် ယင်း၏ စွမ်းအားကို ထုတ်ပြလိုက်မှသာ ပို၍ တုန်လှုပ်ဖွယ် ကောင်းပေလိမ့်မည်။
**--**--**--**--**--**--**--**
နောက်တစ်နေ့ မိုးလင်းလုနီးပါး အချိန်တွင် တုဖိန်အာသည် တုပိုင်၏ ရင်ခွင်ထဲတွင် မှီတွယ်နေပြီး စကားမပြောဘဲ ငြိမ်နေ၏။ သူမသည် တုပိုင်နှင့်အတူ လိုက်ပါသွားရန်လည်း တောင်းဆိုခြင်း မပြုပေ။
နို့ထိန်းအမေသည် ပြုံးရွှင်စွာဖြင့် တုပိုင်၏ အိတ်များကို ထုပ်ပိုးပေးနေသည်။ သူမ၏ သမီးဖြစ်သူ ယောက္ခမအိမ်တွင် မည်သည့်အရာများကို ကြုံတွေ့ခဲ့ရသည်ကို သူမ မသိသော်လည်း ၊ ယခု ရလဒ်သည် အကောင်းဆုံး ဖြစ်နေပြီ မဟုတ်ပါလား။
တုပိုင်နှင့် တုဖိန်အာ ငယ်စဉ်ကတည်းက ဤကလေးနှစ်ယောက် ကြီးလာလျှင် အတူတူ ပေါင်းဖက်ကြရန် သူမ ဆုတောင်းခဲ့ဖူးသည်။
“သွားတော့မယ်နော်... အမေ”
တုပိုင်သည် နို့ထိန်းအမေကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီးနောက် လှည့်ထွက်လာလိုက်သည်။
**--**--**--**--**--**--**--**
မြို့စားအိမ်တော် အပြင်ဘက်သို့ ထွက်လာသောအခါ စစ်သည် သုံးသောင်းငါးထောင် တန်းစီ စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရ၏။ လက်ရွေးစင် ဝံပုလွေဖြူမြင်းစီးတပ်သား ၃၀၀ အပါအဝင် မြင်းစီးတပ်သား ၄,၀၀၀ နီးပါး ရှိသည်။
ခြေလျင်တပ်သား သုံးသောင်းမှာလည်း ခမ်းနားထည်ဝါသော သံချပ်ကာများကို ဝတ်ဆင်ထားကြပြီး ၊ အရပ်အမောင်း ၁.၈ မီတာထက် မနိမ့်ကြပေ။ သူတို့ တစ်ယောက်ချင်းစီသည် ခွန်အားကြီးမားပြီး ၊ လေးကြီးများ ၊ ဓားတိုများနှင့် စစ်ဓားရှည်များကို ကိုင်ဆောင်ထားကြရာ ၊ သွားကြားထဲအထိ လက်နက်တပ်ဆင်ထားသကဲ့သို့ ပြည့်စုံလွန်းလှသည်။
ထို့ပြင် ပစ္စည်းအမျိုးမျိုး တင်ဆောင်ထားသော လှည်းထောင်ပေါင်းများစွာလည်း ပါဝင်ပြီး ၊ အများစုမှာ စားနပ်ရိက္ခာများ ဖြစ်ကာ ကျန်သည့်အရာများမှာ လက်နက်နှင့် သံချပ်ကာများ ဖြစ်ကြသည်။
ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အလင်းရွှေဟု အမည်ရသော အလွန်ထူးခြားသည့် သတ္တုတစ်မျိုးကို ထုတ်လုပ်ပေးသည်။
ဤသတ္တုသည် သိပ်သည်းဆ နည်းသော်လည်း အံ့မခန်း ခိုင်ခံ့မှု ရှိသည်။ ဓားပြုလုပ်ရန် မသင့်တော်သော်လည်း ၊ အားကောင်းသော ဒူးလေးများ ပြုလုပ်ရန်အတွက် အလွန် သင့်တော်ပေသည်။
ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ ဒူးလေးများသည် တာ့နင်အင်ပါယာ၏ ဒူးလေးများထက် အရွယ်အစား သုံးပုံတစ်ပုံခန့်သာ ရှိသော်လည်း ၊ စွမ်းအားမှာမူ ပို၍ ပြင်းထန်လေသည်။ အထူးသဖြင့် ဧရာမ ဒူးလေးကြီးများ ဖြစ်သည်။ တစ်ခုလျှင် မြှားတိုဆယ်ချောင်းကို တစ်ပြိုင်နက် ပစ်ခတ်နိုင်ပြီး ၊ ပစ်ခတ်နိုင်သည့် အကွာအဝေးမှာလည်း မီတာ ၂၀၀ အထိ ရောက်ရှိလေသည်။
ဤဧရာမဒူးလေးများသည် အလွန် အားကောင်းလွန်းသဖြင့် ၊ သာမန် ကြိုးများဖြင့် အသုံးပြု၍ မရဘဲ ၊ သားရဲကောင်များ၏ အကြောများဖြင့် ပြုလုပ်ထားသော ကြိုးများကိုသာ အသုံးပြုရသည်။
ထို့ပြင် ဤ ဧရာမဒူးလေးများကို ဆွဲတင်ရန်အတွက်ပုံမှန်ဆိုလျှင် ကိရိယာများနှင့် လူများစွာ လိုအပ်သော်လည်း ၊ အလင်းရွှေ၏ သိပ်သည်းဆ နည်းပါးမှုကြောင့် ဒူးလေးတစ်ခုလျှင် ကီလိုဂရမ် ၁၀၀ ကျော်သာ လေးလံလေသည်။ မြေကြီးပေါ်တွင် စိုက်ထူထားပြီးလျှင် စစ်သည်တစ်ယောက်တည်းပင် ထိန်းချုပ် ပစ်ခတ်နိုင်ပေသည်။
ဤ ဧရာမဒူးလေးများသည် တုပိုင် စစ်တပ်၏ လူသတ်လက်နက်များ ဖြစ်သည်ဟု ဆိုရပေမည်။
လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်တွင် ဤကဲ့သို့သော ဧရာမဒူးလေး ၁,၀၀၀ ကျော် စုဆောင်းထားရှိခဲ့ရာ ၊ တုပိုင်သည် အကုန်လုံး ယူဆောင်သွားခြင်း ဖြစ်သည်။
အကယ်၍ မြှားတိုတစ်ချောင်းစီတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် အဆိပ်ရည်များ သုတ်လိမ်းထားမည် ဆိုပါက ၊ မြို့သိမ်းတိုက်ပွဲများတွင် ဤ ဒူးလေးတပ်ဖွဲ့၏ စွမ်းအားသည် မည်မျှ အံ့မခန်း ဖြစ်နေမည်နည်း။ ပြောစရာပင် လိုမည် မဟုတ်ချေ။
တုပိုင်၏ စစ်သည် သုံးသောင်းငါးထောင်သည် ဖြန့်ကျက်ထားလိုက်သော် အဆုံးအစ မမြင်နိုင်အောင်ပင်။
မနက်ခင်း နေမင်းကြီး တဖြည်းဖြည်း ထွက်ပေါ်လာပြီး ၊ နေရောင်ခြည်သည် စစ်သည်များ၏ သံချပ်ကာများပေါ်သို့ ကျရောက်ကာ မျက်စိကျိန်းမတတ် တောက်ပနေလေ၏။
မြို့တော်သည် တွင်းနက်ကြီးတစ်ခု ဖြစ်ပြီး ၊ အထပ်ထပ် ဝိုင်းရံထားသော ပုံစံမျိုး တည်ဆောက်ထားသည်။ ယခုအချိန်တွင် အထပ်တိုင်း၌ လူများ ပြည့်နှက်နေ၏။
အရပ်သား သိန်းပေါင်းများစွာသည် တုပိုင်နှင့် စစ်သည်များအား လိုက်ပါပို့ဆောင်ရန် ထွက်လာကြခြင်း ဖြစ်သည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ အစောင့်အရှောက် ၊ ကြီးမြတ်သော ဝိညာဉ် ကျီထျန်နုံသည် တုပိုင်၏ ရှေ့တွင် ဒူးထောက်ပြီး အရက်တစ်ခွက် ဆက်သလိုက်သည်။
သူသည် တုပိုင်အတွက် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တံခါးကို ဖွင့်ပေးခဲ့သူ ဖြစ်ပြီး ၊ တုပိုင် ပထမဆုံး မြင်တွေ့ခဲ့ရသူလည်း ဖြစ်သည်။
“ကျီထျန်နုံ... ငါတို့ ထွက်သွားပြီးရင် ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က အရပ်သား သိန်းပေါင်းများစွာကို မင်းလက်ထဲ အပ်ခဲ့မယ်” တုပိုင်က မှာကြားလိုက်၏။
“မြို့စားမင်းကြီးအတွက် လက်အောက်ငယ်သားက ကိုယ့်အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်သွားပါ့မယ်။ မြို့စားမင်းကြီး ပင်လယ်ထဲကို ထွက်ခွာသွားတဲ့ နဂါးတစ်ကောင်လို မိုးကိုဖောက် မြေကိုလှန်ပြီး ကမ္ဘာလောကကို တုန်လှုပ်စေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” အစောင့်အရှောက် ကြီးမြတ်သော ဝိညာဉ် ကျီထျန်နုံက မာန်ပါပါ ပြောလိုက်သည်။
တုပိုင်သည်လည်း ပြုံးလိုက်ပြီး အရက်ခွက်ကို ယူလိုက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်၏။ ကျီထျန်နုံသည် စစ်သည် သုံးသောင်းငါးထောင်ကို ကြည့်ပြီး အော်ဟစ်လိုက်သည်။ “ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က ကလေးတို့... မင်းတို့ အပြင်လောကကို တစ်ခါမှ မရောက်ဖူးကြဘူး။ ကြယ်ကြွေမျိုးနွယ်စုရဲ့ ဂုဏ်ကို အထိခိုက်မခံစေနဲ့”
တုပိုင်သည် တောရိုင်းမြင်းဘုရင်ပေါ်သို့ ခုန်တက်လိုက်ပြီး ၊ မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာသော နေမင်းကြီးကို လှမ်းကြည့်ကာ လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်လေသည်။ “စစ်သည်တို့... ချီတက်ကြမယ်”
“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”
တုပိုင်၏ အမိန့်တစ်ချက်ဖြင့် ချက်ချင်းပင် စစ်သည် သုံးသောင်းငါးထောင်သည် ညီညာသော ခြေလှမ်းများဖြင့် ကွင်းပြင်ကျယ်ကြီးထဲမှ ထွက်ခွာလာကြပြီး ၊ ကျယ်ပြန့်သော လမ်းမကြီးအတိုင်း ပတ်ကာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ ထွက်ခွာသွားကြလေသည်။
ဤကြယ်ကြွေမျိုးနွယ်စုဝင်များ၏ စစ်သည်များသည် အမှန်တကယ်ပင် လက်ရွေးစင်တပ်ဖွဲ့ ဖြစ်ပေသည်။ စစ်သည်ပေါင်းသုံးသောင်းငါးထောင်က တစ်ချိန်တည်းတွင် ချီတက်နေသော်လည်း အလွန် စည်းစနစ်ကျပြီး သပ်ရပ်နေကာ ၊ ခြေလှမ်းများပင် တစ်ညီတည်း ဖြစ်နေလေ၏။
“ဝုန်းးးးးးးး”
မီတာ ဆယ်နှင့်ချီ မြင့်မားသော ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တံခါးကြီး တဖြည်းဖြည်း ပွင့်သွားလေ၏။
“ဝေါင်းးးးးး”
နှစ်တစ်ထောင် ရေနဂါးကြီးသည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ၊ မီတာတစ်ရာကျော် ရှည်လျားသော ခန္ဓာကိုယ်ကြီး ထွက်ပေါ်လာကာ ၊ ခမ်းနားထည်ဝါပြီး နူးညံ့သော မျက်လုံးများဖြင့် တုပိုင်ကို လှမ်းကြည့်နေလေသည်။
သူသည် အလွန့် ၊ အလွန် စွမ်းအားကြီးမားသော ရေနဂါးကြီးတစ်ကောင်ပင် ဖြစ်လေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၈၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team