အခန်း (၄၈၅)
Vol. 49 Ch. 485
သို့သော် မီးပင်လယ်သားရဲဆန်းကြီးများ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို လာရောက်တိုက်ခိုက်စဉ်က ၊ ယင်းသည် တံခါးဝမှ ဟိန်းဟောက်ပြီး သားရဲဆန်းများကို ခြောက်လှန့်ရုံသာ တတ်နိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဤရေကန်နေရာမှ ထွက်ခွာ၍ မရသောကြောင့် ဖြစ်သည်။ သူသည် ခေါင်းကိုးလုံးမြွေကဲ့သို့ဖြစ်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မြေအောက်တွင် အမြစ်တွယ်နေလေ၏။
လွန်ခဲ့သော နှစ်ပေါင်းရာချီက သူအင်အားနည်းပါးနေစဉ်အချိန်တွင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ ဘိုးဘေးများက ကယ်တင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ သူသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ အစောင့်အရှောက် နဂါးနတ်ဘုရား ဖြစ်လာခဲ့ပြီး ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်တစ်ခုလုံး၏ သားရဲတစ်ကောင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
“နှစ်ပေါင်းရာနဲ့ချီ ကြာခဲ့ပြီ... နောက်ဆုံးတော့ အစစ်အမှန် မြို့စားမင်းကြီးတစ်ပါးပေါ်လာခဲ့ပြီပေါ့” နှစ်တစ်ထောင် ရေနဂါးကြီးက ဆိုလေ၏။ “လွန်ခဲ့တဲ့ ရက်ပိုင်းက လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် ငါ့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေ လုံးဝ ပျက်စီးသွားခဲ့ရတယ်။ ကမ္ဘာကြီးရဲ့ မြေကွဲအက်မှုကြီးက သေချာပေါက် ရောက်လာလိမ့်မယ်။ ငါ့ခန္ဓာကိုယ်က မြေကြီးအောက်မှာ ကြီးထွားနေတာဆိုတော့ ၊ မြေကွဲအက်မှုကြီးရဲ့ ဒဏ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်လောက်ဘူး”
တုပိုင်သည် သူ့မျက်လုံးများကို ကြည့်လိုက်သော်လည်း နှစ်သိမ့်စကား တစ်ခွန်းမျှ မပြောခဲ့ပေ။
ကမ္ဘာကြီး မြေကွဲအက်မှု ဖြစ်ပေါ်လာသောအခါ စွမ်းအားကြီးမားသော သားရဲဆန်းအများစု ပုန်းရှောင်၍ ရနိုင်မည် မဟုတ်ချေ။ အထူးသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးထဲတွင် အမြစ်တွယ်နေသော သားရဲဆန်းများအတွက် ပို၍ ဆိုးဝါးပေသည်။
နှစ်တစ်ထောင် ရေနဂါးကြီးက ဆက်လက်၍ မိန့်ကြားသည်။ “ငါ နောက်ဆုံးအကြိမ် ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နေတယ်။ တကယ်လို့ အောင်မြင်ခဲ့ရင် ငါ ဒီရေကန်နေရာကနေ ထွက်ခွာလို့ ရသွားလိမ့်မယ်။ တကယ်လို့ မအောင်မြင်ခဲ့ရင်တော့ နောက်ရှစ်နှစ်နေရင် ဖြစ်ပေါ်လာမယ့် မြေကွဲအက်မှုကြီးထဲမှာ ငါ သေဆုံးသွားလိမ့်မယ်။ ဒါကြောင့် တစ်နှစ်ခွဲအတွင်း မင်း ဒီနေရာကို ပြန်လာနိုင်အောင် ကြိုးစားပါ။ တကယ်လို့ ငါ မအောင်မြင်ခဲ့ရင် ၊ ငါ့အသက်ကို အလကား အဖြစ်မခံချင်ဘူး။ မင်းကို ပေးစရာ လက်ဆောင်တစ်ခု ရှိနေသေးတယ်။ ဘာပဲဖြစ်ဖြစ် မင်းက ငါနဲ့သွေးသားတစ်ဝက်လောက် တော်စပ်နေတာပဲ”
သူသည် တုပိုင်၏ ခန္ဓာကိုယ်ထဲမှ ရေနဂါးမျိုးဆက်သွေးကို အာရုံခံမိနေခြင်း ဖြစ်သည်။ သို့သော် ပြီးခဲ့သည့်အကြိမ်နှင့် မတူဘဲ ယခုတစ်ခေါက်တွင် ပို၍ သိသာထင်ရှားနေပြီး ၊ ပို၍ နက်နဲဆန်းကြယ်နေသည်ကို သတိပြုမိ၏။
“ကောင်းပြီ... နှုတ်ဆက်ပါတယ်” တုပိုင်က ဂါရဝပြုလိုက်သည်။
နှစ်တစ်ထောင် ရေနဂါးကြီးက ဆုတောင်းပေးလိုက်၏။ “မြို့စားမင်းကြီး... ဂရုစိုက်ပါ”
သူသည် ခေါင်းကို ငုံ့လိုက်ပြီး သူ၏ကြီးမားသော ဦးခေါင်းကြီးဖြင့် တုပိုင်၏ နဖူးကို ညင်သာစွာ ထိတွေ့လိုက်သည်။ ထို့နောက် ရေအောက်ထဲသို့ ပြန်ဝင်သွားပြီး အစအနမကျန် ပျောက်ကွယ်သွားလေတော့၏။
“ဆက်သွားမယ်”
ထိုအချိန်က တုပိုင်နှင့် လူငါးထောင်သည် ပိုင်ဆယ်မြို့မှ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ ရောက်ရှိရန် ၁၇ ရက်ခန့် ကြာမြင့်ခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင် သူသည် စစ်သည် သုံးသောင်းငါးထောင်ကို ဦးဆောင်လာခြင်း ဖြစ်သဖြင့် အချိန်ပိုကြာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏စစ်တပ်အင်အားက ဆယ်ဆကျော် ပိုများလာသောကြောင့် ဖြစ်သည်။
ထို့အပြင် စစ်သည် သုံးသောင်းငါးထောင်သာ မကဘဲ ၊ မြင်းလှည်း ထောင်ပေါင်းများစွာလည်း ပါဝင်လေသည်။
မိုင်ရာချီသော လိုဏ်ဂူလမ်းကြောင်းများနှင့် မိုင်ရာချီသော လူသူမရောက်ဖူးသည့် သစ်တောများကို ဖြတ်ကျော်ရမည့် ဤချီတက်ပွဲသည် သမိုင်းတွင် ရာဇဝင်တွင်လောက်သည့် ခရီးရှည်ချီတက်ပွဲကဲ့သို့ ခက်ခဲကြမ်းတမ်းလှပေသည်။
တုပိုင်၏ ဝှက်ဖဲစစ်တပ်ကြီးသည် နဂါးတစ်ကောင်ကဲ့သို့ မြေကြီးထဲမှနေ၍ ပြင်းထန်စွာ ထိုးဖောက် ချီတက်လာနေပြီဖြစ်၏။
အချိန်များက တစ်ရက်ပြီး တစ်ရက်ကုန်ဆုံးသွားလေ၏။
တစ်ရက် ၊ သုံးရက် ၊ ငါးရက် ၊ ဆယ်ရက် ၊ ဆယ့်သုံးရက် ၊ ဆယ့်ခုနစ်ရက်။ လွန်ခဲ့သော ဆယ်ရက်အတွင်း အင်ပါယာ၏ အနောက်တောင်ဘက် အခြေအနေသည် သိသိသာသာ ပြောင်းလဲသွားသည်။
ပထမဦးစွာ လီမိသားစုနှင့် ဖန်းမိသားစုတို့သည် ကွမ်ရှီးပြည်နယ်တစ်ခုလုံးကို ဟိုးအရင်ကတည်းက ခွဲဝေယူထားကြပြီး ဖြစ်ရာ ၊ လျူကျိုးစီရင်စု၏ အရှေ့ဘက်ခြမ်းသည် ဖန်းမိသားစုပိုင် ဖြစ်ပြီး ၊ အနောက်ဘက်ခြမ်းသည် လီမိသားစုပိုင် ဖြစ်လာလိမ့်မည်။
လီရူဟိုင် တိုင်းပြည်ထောင်ပြီး ဘုရင်အဖြစ် ကြေညာပြီးနောက် ခုနစ်ရက်အတွင်းမှာပင် ကွမ်ရှီးပြည်နယ် အနောက်ဘက်ခြမ်းရှိ လျူကျိုးစီရင်စုအပါအဝင် စီရင်စုခွဲ ၄၅ ခုလုံးသည် အလံဖြူထောင်လိုက်ကြသည်။
စစ်သားတစ်ယောက်မှ ခုခံခြင်း မပြုဘဲ အရာရှိအားလုံး လက်နက်ချ အရှုံးပေးလိုက်ကြရာ ၊ လီရူဟိုင်၏ စစ်တပ်သည် အတားအဆီးမရှိဘဲ စီရင်စု ၆ ခုလုံးကို သိမ်းပိုက်လိုက်နိုင်ပြီး ၊ စတုရန်းလီ တစ်သိန်းကျော် ကျယ်ဝန်းသော နယ်မြေကို ရရှိလိုက်လေသည်။
မြောက်ဘက်ဒေသသည် လီမိသားစု၏ အဓိက တိုက်ခိုက်မည့် ဦးတည်ချက် ဖြစ်သည်။ အိမ်ရှေ့စံ လီကျန့် ကိုယ်တိုင် ဦးစီးပြီး ၊ လီရူဟုနှင့် ရှားလုံရွှိုတို့က ဘယ် ၊ ညာ ဒုတိယစစ်သေနာပတိချုပ်များအဖြစ် တာဝန်ယူကာ ၊ အဓိကတပ်မကြီး တစ်သိန်းသည် ဟွမ်လုံသို့ တည့်တည့်ချီတက်ပြီး ၊ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းစီရင်စုကို တိုက်ရိုက် တိုက်ခိုက်လေသည်။
လီရူဟိုင်သည် တစ်လအတွင်း ကူမင်းစီရင်စုကို သိမ်းပိုက်ရန် အမိန့်ပေးထားသည်။ ရလဒ်အနေဖြင့် ဆယ်ရက်မြောက်နေ့တွင်ပင် ကူမင်းစီရင်စု ကျဆုံးသွားခဲ့၏။
ယူနန်ပြည်နယ် တောင်ဘက်ပိုင်းရှိ စီရင်စု ၅ ခုအောက်မှ စီရင်စုခွဲ ၃၇ ခုလုံး လက်နက်ချ အရှုံးပေးလိုက်ကြသည်။ လီကျန့်၏ စစ်သည်တစ်သိန်းသည် ဝါးခွဲသကဲ့သို့ အတားအဆီးမရှိ ထိုးဖောက်ဝင်ရောက်လာပြီး ၊ မြောက်ဘက်မှသည် မြောက်ဘက်သို့ ဆက်လက် ချီတက်နေလေသည်။
စစ်တပ် ဖြတ်သန်းသွားရာ နေရာတိုင်းတွင် တာ့နင်အင်ပါယာ၏ စီရင်စုအရာရှိများသည် သတင်းကြားသည်နှင့် တစ်ပြိုင်နက် လက်နက်ချ အရှုံးပေးလိုက်ကြရာ ၊ ခုခံမှု ဟူ၍ လုံးဝ မရှိသလောက်ပင်။
တာ့ယန်တိုင်းပြည်၏ ခေါင်းဆောင်တစ်ဦးဖြစ်သော လီရူလုံသည် စစ်သည်သုံးသောင်းကို ဦးဆောင်ပြီး ၊ အင်ပါယာအပေါ် အသစ္စာရှိဆုံး စော်ဘွားဖြစ်သည့် အန်လုံစော်ဘွားအိမ်တော်ကို တိုက်ခိုက်လေသည်။
အန်လုံစော်ဘွားအိမ်တော်၏ ဝံပုလွေတပ်ဖွဲ့သည် တာ့နင်အင်ပါယာ၏ စွမ်းရည်အထက်မြက်ဆုံး စစ်တပ်ဖြစ်သော်လည်း ၊ အဓိက ဝံပုလွေတပ်ဖွဲ့ကို ဗိုလ်ချုပ်ချူဟုန်မြန်က အန်နမ်နိုင်ငံသို့ ခေါ်ဆောင်သွားပြီ ဖြစ်ရာ ၊ ကျန်ရစ်ခဲ့သော ဗိုလ်ချုပ်ချူဟုန်ယဲ့ထံတွင် သက်ကြီးရွယ်အိုနှင့် အားနည်းသော စစ်သည် ငါးထောင်ခန့်သာ ကျန်ရှိတော့သည်။
ဗိုလ်ချုပ်ချူဟုန်ယဲ့သည် အိုမင်းမစွမ်း စစ်သည်ငါးထောင်ကို ဦးဆောင်ပြီး လီရူလုံ၏ စစ်သည်သုံးသောင်းကို ငါးရက် ငါးညတိုင်တိုင် ပြင်းထန်စွာ ခုခံတိုက်ခိုက်ခဲ့သည်။
လီရူလုံ၏ စစ်သည်သုံးသောင်းမှာ သုံးပုံတစ်ပုံခန့် ကျဆုံးသွားပြီး ၊ ဗိုလ်ချုပ်ချူဟုန်ယဲ့၏ တပ်ဖွဲ့မှာလည်း ပျက်စီးလုနီးပါး ဖြစ်သွားကာ ၊ သူမ၏သေသလား ရှင်သလားအခြေအနေမှာလည်း မသေချာတော့ချေ။ စစ်ပွဲစတင်ပြီး ၁၄ ရက်အကြာတွင် အန်လုံစော်ဘွားအိမ်တော် ကျဆုံးသွားလေ၏။
လဝက်အတွင်းမှာပင် လီရူဟိုင်၏ တာ့ယန်တိုင်းပြည်သည် နယ်မြေသုံးဆ တိုးချဲ့နိုင်ခဲ့ပြီး ၊ ကွမ်ရှီးပြည်နယ်၏ တစ်ဝက် ၊ ယူနန်ပြည်နယ်၏ အများစု ၊ ကွေ့ကျိုးပြည်နယ်၏ သုံးပုံတစ်ပုံ ၊ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်နယ်မြေနှင့် အန်လုံစော်ဘွားအိမ်တော်တို့ကို သိမ်းပိုက်နိုင်ခဲ့လေသည်။
တာ့ယန်တိုင်းပြည်၏ မြေဧရိယာသည် အချိန်တိုအတွင်း စတုရန်းလီ ၃၇၀,၀၀၀ ကျော်သွားပြီး ၊ အုပ်ချုပ်ခံ လူဦးရေ သန်း ၂၀ ကျော်သွားကာ ၊ စုဆောင်းရရှိသော ဒုတိယတန်းစားအရံစစ်သည်အင်အားမှာလည်း တစ်သိန်းကျော်သွားသည်။
အစပိုင်းတွင် တာ့နင်အင်ပါယာ၏ ဒုတိယတန်းစား မြို့စောင့်တပ်များက လက်နက်ချ အရှုံးပေးခဲ့ကြသော်လည်း ၊ နောက်ပိုင်းတွင် လီရူဟိုင်၏ စစ်တပ် မိုင်ရာချီ ဝေးကွာနေသေးသည့်တိုင်အောင် ထိုဒုတိယတန်းစား မြို့စောင့်တပ်များက မစောင့်နိုင်တော့ဘဲ လက်နက်ချ အရှုံးပေးကြလေတော့၏။ နောက်ဆုံးတွင် အခြေအနေက ပို၍ပင် ဆိုးရွားလာပြီး ၊ လီရူလုံ၏ စစ်တပ် အန်လုံစော်ဘွားအိမ်တော်ကို တိုက်ခိုက်နေချိန်တွင် မိုင်ရာချီဝေးကွာသော နေရာမှ တာ့နင်အင်ပါယာ စစ်သူကြီးတစ်ဦးကပင် ဦးဆောင်ပြီး လာရောက် လက်နက်ချ အရှုံးပေးလေတော့သည်။
လီရူလုံတစ်ယောက် လုံးဝ ကြောင်အံ့သွားရလေ၏။ “ငါက အန်လုံစော်ဘွားအိမ်တော်ကိုပဲ တိုက်ခိုက်နေတာလေ... ဘာလို့ ကွေ့ကျိုးပြည်နယ်ထဲက စီရင်စုတွေပါ ငါ့လက်ချက်နဲ့ ကျဆုံးသွားရတာလဲ။ ငါ ဒီမှာပဲ နေနေရင်တောင် ငါ့တိုင်းပြည်အတွက် နယ်မြေ မိုင်ရှစ်ရာလောက် ချဲ့ထွင်ပေးနိုင်တာလား။ ငါ အဲဒီလောက်တောင် စွမ်းတာလား”
တာ့နင်အင်ပါယာ အရာရှိများ၏ လက်နက်ချ အရှုံးပေးမှုသည် လုံးဝ အောင်မြင်သွားခဲ့လေသည်။
တာ့နင်အင်ပါယာတွင် ထူးချွန်သော စစ်သူကြီးများ မရှိ၍ မဟုတ်ဘဲ ၊ လက်ရွေးစင်အားလုံးကို ကျန်းနန်နယ်စားမင်းက လွှဲပြောင်းခေါ်ယူသွားသောကြောင့် ဖြစ်သည်။ ကျန်ရစ်ခဲ့သော ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များမှာ ဒုတိယတန်းစားနှင့် တတိယတန်းစားများသာ ဖြစ်ပြီး ၊ လုံးဝ ယိုယွင်းပျက်စီးနေကာ တိုက်ခိုက်ရေးစွမ်းရည် လုံးဝ မရှိတော့ချေ။
ထိုစီရင်စုမြို့တော်များမှ အရပ်ဘက်အရာရှိအများစုသည် သူတို့၏ တံဆိပ်တုံးများကို ယူဆောင်ပြီး ထွက်ပြေးသွားကြကာ ၊ လီမိသားစု၏ တာ့ယန်တိုင်းပြည်ကို သစ္စာမခံခဲ့ကြပေ။
သို့သော် ဒုတိယတန်းစားနှင့် တတိယတန်းစား ကာကွယ်ရေးတပ်မှ ဗိုလ်ချုပ်များမှာမူ အားလုံးနီးပါး လီမိသားစုကို သစ္စာခံလိုက်ကြသည်။ သူတို့အမြင်တွင် ထိုသည်က စည်းစိမ်ဥစ္စာနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိရန် အခွင့်အရေးကောင်းကြီး တစ်ခုဖြစ်လေသည်။
ကွမ်ရှီးပြည်နယ်၏ အနောက်ဘက်ခြမ်းတစ်ခုလုံး အသိမ်းပိုက်ခံလိုက်ရချိန်တွင် ၊ ဝူကျိုးစီရင်စုရှိ ကွေ့မင်းသားအိမ်တော်၌ အလွန် ရယ်စရာကောင်းပြီး အရှက်မဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
လူရမ်းကားအဖွဲ့ဟု ခေါ်ဝေါ်ကြသော လူရာပေါင်းများစွာသည် ကွေ့မင်းသားအိမ်တော်ထဲသို့ ဝင်ရောက်လာပြီး ၊ လုယက်ခြင်း ၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းများကို ကျူးလွန်ကြလေသည်။
ကွေ့မင်းသားသည် နောက်ဆုံးကျန်ရှိသော မြင်းစီးတပ်သား ခြောက်ရာကို တုပိုင်အား ပေးလိုက်ပြီ ဖြစ်ရာ ၊ အိမ်တော်ကို စောင့်ရှောက်ရန် စစ်သည် ဆယ်ဂဏန်းခန့်သာ ကျန်ရှိတော့သည်။ သူတို့သည် စနစ်တကျ ဖွဲ့စည်းထားသော ဤလူရမ်းကားအဖွဲ့ကို မယှဉ်နိုင်ဘဲ ၊ နန်းတော်၏ အများစု မီးရှို့ခံလိုက်ရကာ ၊ နန်းတော်အတွင်းရှိ တန်ဖိုးရှိ ပစ္စည်းများအားလုံး လုယက်ခံလိုက်ရသည်။ လူပေါင်း ဆယ်နှင့်ချီလည်း အသတ်ခံလိုက်ရလေ၏။
ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး တုကျန်းသည် ဤသတင်းကို ကြားသောအခါ လွန်စွာ ဒေါသထွက်သွားပြီး ၊ ကွေ့မင်းသားအိမ်တော်ကို လုယက်မီးရှို့သော တရားခံများကို ဖမ်းဆီးရန် မြို့စောင့်တပ်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။
ထို့နောက် အုပ်ချုပ်ရေးမှူး တုကျန်းနှင့် ကွမ်ရှီးရေတပ်ဗိုလ်ချုပ် ယွမ်ထျန်ကျောက်တို့ ကိုယ်တိုင် ကွေ့မင်းသားအိမ်တော်သို့ သွားရောက်ပြီး နှစ်သိမ့်အားပေးကြသည်။
ကွေ့မင်းသားသည် ခြေထောက်များ ဖြတ်ခံထားရပြီး ၊ သွေးကြောများ ပျက်စီးနေကာ ၊ အိပ်ရာထဲတွင် မလှုပ်မယှက် လဲလျောင်းနေသည်မှာ နှစ်လခန့် ရှိပြီဖြစ်သည်။
ယခုအချိန်တွင် သူသည် အရိုးပေါ်အရေတင် ပိန်လှီနေ၏။
“အရှင်မင်းကြီး ထိတ်လန့်သွားရပြီ... ကျွန်တော်မျိုး အပြစ်ရှိပါတယ်” အုပ်ချုပ်ရေးမှူး တုကျန်းက ဦးညွှတ်ပြီး လျှောက်တင်လိုက်သည်။
ကွေ့မင်းသားသည် တုကျန်းကို ကြည့်ပြီး တစ်လုံးချင်း ရေရွတ်လိုက်၏။ “တုကျန်း... မင်း သေရင် မြေမြှုပ်စရာ နေရာတောင် ရှိမှာ မဟုတ်ဘူး”
ထိုစကားကို ကြားသောအခါ အုပ်ချုပ်ရေးမှူး တုကျန်းသည် ခေါင်းမော့လိုက်ပြီး ကွေ့မင်းသားကို ပြုံးကာ ကြည့်လိုက်လေသည်။ “အရှင်မင်းကြီး... ကျွန်တော်မျိုး ဒီတစ်ခါ လာတာ သတင်းပို့စရာ ရှိလို့ပါ။ ပထမအချက်ကတော့ လီရူဟိုင်က တိုင်းပြည်ထောင်ပြီး ဘုရင်အဖြစ် ကြေညာလိုက်ပြီ ဖြစ်ကြောင်း ၊ ကွမ်ရှီးပြည်နယ် အနောက်ဘက်ခြမ်းက စီရင်စု ၆ ခုလုံး ကျဆုံးသွားပြီ ဖြစ်ကြောင်း ၊ အန်လုံစော်ဘွားအိမ်တော် ကျဆုံးသွားပြီ ဖြစ်ကြောင်း ၊ ယူနန်ပြည်နယ် အများစု တိုက်ပွဲမဖြစ်ဘဲ လက်နက်ချလိုက်ပြီ ဖြစ်ကြောင်း ၊ ကွေ့ကျိုးပြည်နယ် တောင်ဘက်ပိုင်းတစ်ခုလုံး တိုက်ပွဲမဖြစ်ဘဲ လက်နက်ချလိုက်ပြီ ဖြစ်ကြောင်း... သုံးလမပြည့်ခင်မှာ အင်ပါယာရဲ့ အနောက်တောင်ပိုင်း ပြည်နယ် ၅ ခုလုံး ကျဆုံးသွားပြီ ဖြစ်ကြောင်းပါ”
ကွမ်ရှီးရေတပ်ဗိုလ်ချုပ် ယွမ်ထျန်ကျောက်က ဝင်ရောက် စကားဆိုလေ၏။ “အရှင်မင်းကြီး... တုပိုင်က အရှင်မင်းကြီးကို ပေးလိုက်တဲ့ ရွှေတုံး လေးသိန်းကို ဘယ်သူ လုယူသွားသလဲဆိုတာ မသိချင်ဘူးလား။ ကျွန်တော် လုယူသွားတာပါ။ ရွှေတွေကို စောင့်ရှောက်နေတဲ့ မိန်းမစိုးဂိုဏ်းရဲ့ လက်ရွေးစင် ၅,၀၀၀ ၊ ကွမ်ရှီးဘုရင်အိမ်တော် ၊ ကျန်းနန်နယ်စားမင်း... သူတို့အားလုံးကို ကျွန်တော် စစ်တပ်ဦးဆောင်ပြီး သတ်ပစ်ခဲ့တာလေ။ အရှင်မင်းကြီးရဲ့ ခြေထောက်တွေကို ဖြတ်ခဲ့တာလည်း ပြည်ပလုပ်ကြံသတ်ဖြတ်သူတွေ မဟုတ်ပါဘူး... ကျွန်တော်ပါ။ ကွမ်ရှီး မိန်းမစိုးအကယ်ဒမီကလူတွေကို သတ်ဖြတ်ခဲ့တာလည်း ကျွန်တော်ပါပဲ”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၈၅ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team