အခန်း (၄၈၆)
Vol. 49 Ch. 486
ကွမ်ရှီးဘုရင်ခံ တုကျန်းက အေးစက်စွာ ပြောလိုက်သည်။
“ကျန်းရန်မင်ကို သတ်လိုက်တာကတော့ ကျုပ်ပဲ”
ကွေ့မင်းသား၏ မျက်နှာထားသည် ရုတ်ခြည်း ပျက်ယွင်းသွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“မင်းတို့ကောင်တွေ အကုန်သေရင်... မြေမြှုပ်စရာနေရာတောင် ရှိမှာမဟုတ်ဘူး”
ကွမ်ရှီးဘုရင်ခံ တုကျန်းက ပြန်လည်တုံ့ပြန်လိုက်သည်။
“မင်းသားက တုပိုင်ဆိုတဲ့ သွေးနှောကောင်လေးအပေါ် မျှော်လင့်ချက် ထားနေတုန်းလား။ ပြီးတော့ နောက်ဆုံးလက်ကျန် မြင်းစီးတပ်ဖွဲ့ ခြောက်ရာကိုပါ သူ့လက်ထဲ ထည့်ပေးလိုက်တယ်ပေါ့။ သူက ထွက်ပြေးသွားပြီဗျ။ အဲဒီကောင်က တကယ့်ကို သူရဲဘောကြောင်တဲ့ကောင်ပဲ။ အဲဒီလိုကောင်အပေါ် မျှော်လင့်ချက် ထားနေတာ မင်းသားက တော်တော် ရယ်စရာကောင်းတာပဲ”
“မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး...”
ကွေ့မင်းသားသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီကာ မတ်တတ်ထရပ်လိုက်သည်။
ကွမ်ရှီးဘုရင်ခံ တုကျန်းကမူ ငြင်းခုံခြင်း မပြုဘဲ အေးစက်စွာ လှောင်ပြုံး ပြုံးနေလိုက်သည်။ တုပိုင် ထွက်ပြေးသွားပြီဆိုသည်မှာ ငြင်းမရသော အမှန်တရား ဖြစ်သည်။
ကွမ်ရှီးရေတပ်ဗိုလ်ချုပ် ယွမ်ထျန်ကျောက်က ဝင်ရောက်ပြောဆိုလိုက်သည်။
“ပြီးတော့ မင်းသားရဲ့ သူငယ်ချင်းကောင်း လီဝမ်ဟွေ့လေ... အဲ့ဒီငတုံးက တောင်ပိုင်းမှာ ဆက်နေရမယ့်အစား သူ့သား တုပိုင်ကို ကယ်ဖို့ဆိုပြီး စစ်သည် ၇၀၀၀ ကျော်ကို ဦးဆောင်ပြီး မြောက်ဘက် ပိုင်ဆယ်မြို့ထဲ ဝင်လာခဲ့တယ်။ ဒါပေမဲ့ တုပိုင်ဆိုတဲ့ လမ်းဘေးခွေးဝဲစားလေးက သူ့မွေးစားအဖေကို သေလမ်းပို့ပြီး ထွက်ပြေးသွားမယ်လို့ သူ ထင်မထားခဲ့ရှာဘူး။ အခုတော့ သေမင်းတံခါးဝ ရောက်နေတဲ့ ပိုင်ဆယ်မြို့ထဲမှာ အထီးကျန်စွာ စောင့်ကြပ်ရင်း ကျန်ရစ်ခဲ့ပြီပေါ့”
တုကျန်းက ထပ်လောင်းပြောဆိုသည်။
“လီဝမ်ဟွေ့ကတော့ တကယ်ပဲ အံ့မခန်းပါပဲ။ လက်ထဲက စစ်သည် ၇၀၀၀ ကျော်လေးနဲ့ လီယန် ၊ လီတောက်အန်းတို့ရဲ့ စစ်သည် ၄၀,၀၀၀ ကို ဆယ်ရက်ကျော်ကြာအောင် တောင့်ခံထားနိုင်ခဲ့တယ်”
ယွမ်ထျန်ကျောက်က ဆက်ပြောသည်။
“ဒါပေမဲ့ အခု လီဝမ်ဟွေ့မှာ စစ်သည်ရော ၊ ရိက္ခာပါ ပြတ်သွားပြီ။ သူ့တပ်ဖွဲ့လည်း ပျက်စီးလုနီးပါး ဖြစ်နေပြီ။ သူ မကြာခင် သေတော့မယ်... ဒါမှမဟုတ် သေတောင် သေနေလောက်ပြီ။ ပြီးတော့ အင်ပါယာရဲ့ ဂုဏ်ယူစရာ ရတနာလေး မင်းသမီးယွီကျိန်းလည်း ရှိသေးတယ်။ လီမိသားစုလက်ထဲ ရောက်သွားရင်တော့ အသက်ရှင်ရက်နဲ့ သေတာထက် ဆိုးတဲ့ ဒုက္ခမျိုး ခံစားရမှာပဲ။ ကွေ့မင်းသား... ကွမ်ရှီးရဲ့ နယ်စားမင်းတစ်ပါးအနေနဲ့ ကွမ်ရှီးပြည်နယ်တစ်ခုလုံး ကျဆုံးသွားတဲ့အချိန်မှာ မင်းသားက ဘယ်မျက်နှာနဲ့ ဆက်ရှင်သန်နေဦးမှာလဲ”
“အရှင်မင်းသား... လွန်ခဲ့တဲ့ လအနည်းငယ်က ကျုပ်ကို စော်ကားခဲ့ဖူးတယ်နော်။ ကျုပ် ပြောခဲ့သားပဲ... ကျုပ်လက်စားချေချင်ရင် ဘယ်သူမှမလွတ်ဘူး”
တုကျန်းက ဆက်ပြောလိုက်ပြန်သည်။
“မနေ့ညက လူဆိုးရာပေါင်းများစွာ မင်းသားရဲ့ နန်းတော်ထဲ ဝင်ပြီး လုယက်မီးရှို့သွားကြတာ မင်းသမီး မအံ့သြလောက်ပါဘူးနော်။ ဒီလူဆိုးတွေကို အမြန်ဆုံး ဖမ်းဆီးပြီး တရားဥပဒေအတိုင်း အရေးယူပေးမှာပါ။ ဒါပေမဲ့ နောက်တစ်ခါ ထပ်ပြီး လုယက်ကြရင်တော့ မင်းသမီး... ထိတ်လန့်သွားမှာ စိုးရိမ်ရတယ်”
ယင်းမှာ ဖုံးကွယ်ထားခြင်း အလျဉ်းမရှိသော ခြိမ်းခြောက်မှု စစ်စစ်ပင် ဖြစ်၏။ နောက်တစ်ကြိမ် နန်းတော်ကို တိုက်ခိုက်ခံရလျှင် မင်းသမီး အစော်ကားခံရနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
တာ့နင်အင်ပါယာ ဤအဆင့်ထိ ရောက်သွားခဲ့ပြီလော။ တေလေဂျပိုး လမ်းဘေးခွေးများပင် ဤမျှအထိ အတင့်ရဲနေပြီလား။
ယွမ်ထျန်ကျောက်က အေးစက်စွာ ပြောလိုက်သည်။
“အရှင်မင်းသား... ခင်ဗျားတို့ရဲ့ တာ့နင်အင်ပါယာက ပျက်စီးတော့မှာပါ”
ထို့နောက် အာဏာရှင်နှစ်ဦးသည် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။
“ကျွန်တော်မျိုးတို့ ပြန်လိုက်ပါဦးမယ်”
နာရီဝက် ကြာပြီးနောက်။
ကွေ့မင်းသား၏ နန်းဆောင်အတွင်းမှ မင်းသမီး၏ နာကျင်စွာ ငိုကြွေးသံများ ထွက်ပေါ်လာသည်။ နန်းတော်တစ်ခုလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြူရောင် အဝတ်များဖြင့် ဖုံးလွှမ်းသွားလေတော့သည်။ အင်ပါယာ၏ ပညာရှိမင်းသားတစ်ပါး ဖြစ်သော ကွေ့မင်းသားသည် ထာဝရ ကွယ်လွန်သွားပြီဖြစ်လေ၏။
တော်ဝင်မိသားစုကို ကာကွယ်ရန်အတွက် ကွေ့မင်းသားသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ရွေးချယ်ခဲ့သည်။ မသေဆုံးမီ ကွေ့မင်းသားသည် လူသုံးဦးကို တမ်းတသွားခဲ့ရှာသည်။
‘ဧကရာဇ်မင်းမြတ်... ညီအကိုဝမ်ဟွေ့... တူလေးတုပိုင်...’
**--**--**--**--**--**--**--**
ပိုင်ဆယ်မြို့။
နေရာအနှံ့ သွေးအိုင်များထွန်းကာ ၊ တလင်းပြည့် အလောင်းကောင်များ ပုံထပ်နေတော့၏။ မီးတောက်များ ၊ မီးခိုးလုံးများဖြင့်လည်း ဖုံးလွှမ်းလျက်ရှိသည်။
မူလက အသစ်စက်စက် တည်ဆောက်ထားသော မြို့ရိုးသည် ယခုအခါ ပြင်းထန်သော တိုက်ပွဲဒဏ်ရာများဖြင့် ပြည့်နှက်နေလေသည်။
လီဝမ်ဟွေ့နှင့် မင်းသမီးယွီကျိန်းတို့ ဦးဆောင်သော မြို့စောင့်တပ် ၇၀၀၀ ကျော်သည် လီယန်နှင့် လီတောက်အန်းတို့၏ စစ်သည် ၄၀,၀၀၀ ကို ၁၄ ရက်တိုင်တိုင် ခုခံတိုက်ခိုက်ခဲ့ကြသည်။
လွန်ခဲ့သော ၁၄ ရက်အတွင်း လီဝမ်ဟွေ့မှာ အိပ်စက်ချိန်ဟူ၍ မရှိသလောက်ပင်။ သူ၏ ရုပ်သွင်မှာလည်း ဆယ်နှစ်ကျော်မျှ ပို၍ အိုစာသွားကာ ခန္ဓာကိုယ်အလေးချိန် ပေါင် ၂၀ ခန့် ကျဆင်းသွားသည်။
မူလက နက်မှောင်နေသော ဆံပင်များသည် ယခုအခါ ဖြူလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများနှင့် သွေးများဖြင့် ဖုံးလွှမ်းနေသည်။
မင်းသမီးယွီကျိန်းသည်လည်း လုံးဝ ပိန်ချုံးနေပြီး အရိုးပေါ် အရေတင် ဖြစ်နေလေသည်။
လူ ၇၀၀၀ က လူ ၄၀,၀၀၀ ကို ယှဉ်ပြိုင်ခဲ့ရပြီး တိုက်ပွဲသည် ၁၄ ရက် ကြာမြင့်ခဲ့သည်။ ယခုအခါ နောက်ဆုံးတွင် မျှော်လင့်ချက်မဲ့သော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
စစ်သည် ၇၀၀၀ အနက် ၂၀ ရာခိုင်နှုန်းအောက်သာ အသက်ရှင် ကျန်ရစ်တော့ပြီး လူတစ်ထောင်ကျော်မှာ ဒဏ်ရာရရှိနေသည်။
ထို့ပြင် အစားအစာ ပြတ်လပ်သွားပြီ ဖြစ်သလို လက်နက်များ ကျိုးပဲ့ကုန်ပြီ ၊ မြှားများ ကုန်သလို သစ်လုံးများ ကုန်သွားပြီဖြစ်၏။ ထို့အပြင် ကျောက်တုံးများလည်း ကုန်စင်သွားပြီ ဖြစ်သည်။
လီယန်နှင့် လီတောက်အန်းတို့၏ တပ်ဖွဲ့သည်လည်း အထိအခိုက်အကျအဆုံး ၁၀,၀၀၀ ကျော် ရှိခဲ့သည်။
ယခုအခါ သူတို့သည် အနားယူပြီး အင်အားဖြည့်တင်းမှု ရရှိထားကြကာ အပြင်ဘက်ရှိ စစ်သည် ၂၀,၀၀၀ သည် နောက်ဆုံး အဆုံးသတ် တိုက်ခိုက်ရန်အတွက် တန်းစီ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
မီးခိုးများ ဖုံးလွှမ်းနေသော မြို့ရိုးကို ကြည့်ရင်း လီရူဟိုင်၏ တတိယသား လီယန်သည် အံကြိတ်ကာ ရက်စက်စွာ ပြောလိုက်သည်။
“လီဝမ်ဟွေ့ဆိုတဲ့ ခွေးအိုကြီးက ဒီလောက်ထိ ခေါင်းမာမယ်လို့ ဘယ်သူ ထင်မှာလဲ။ ကွန်မင်းစီရင်စုလည်း ကျသွားပြီ ၊ အန်လုံမြို့လည်း ကျသွားပြီ ၊ ဒါပေမဲ့ ပိုင်ဆယ်မြို့ကတော့ မကျသေးဘူး။ ငါတို့ဘက်ကို အကျအဆုံး ၁၀,၀၀၀ ကျော်တောင် ဖြစ်စေခဲ့တယ်”
လီတောက်အန်းက ဒေါသတကြီး ပြောလိုက်သည်။
“ဒီအရိုးက မကြာခင် ကျိုးတော့မှာပါ။ သခင်လေး သုံး စိတ်ဆိုးနေရင် ခဏနေကျရင် ခွေးအိုကြီး လီဝမ်ဟွေ့ကို သတ်ပစ်လို့ ရပါပြီ”
လီယန်က ရက်စက်စွာ ပြောလိုက်သည်။
“မင်းသမီးယွီကျိန်းရော ဘယ်မှာလဲ။ သူက ငါ့အစ်ကိုကြီး လိုချင်တယ်လို့ ပြောထားတဲ့ မိန်းမနော်”
လီတောက်အန်းက သက်ပြင်းချလိုက်သည်။
“သခင်လေး သုံး စိတ်တိုင်းကျ ကစားပြီးမှ သတ်ပစ်လိုက်ရင် ဘယ်သူမှ သိမှာ မဟုတ်ပါဘူး”
“ကောင်းပြီလေ”
လီယန်က ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ထားရတော့ ယွီကျိန်းလို အလှပဂေးလေးတောင် အနံ့အသက် သိပ်ကောင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါက ဒီလိုအနံ့မျိုးကို အကြိုက်ဆုံးပဲ။ သူ့ကို နေ့တိုင်း သေလုမျောပါး ဖြစ်အောင် လုပ်ပစ်မယ်”
ထိုသို့ပြောပြီးနောက် လီယန်သည် လူခေါင်းတစ်လုံးကို ရုတ်တရက် ထုတ်လိုက်သည်။
ယင်းမှာ လီဝမ်ဟွေ့၏ သွေးသောက်ညီအစ်ကို ၊ ကွမ်ရှီး တုန်းချန်မြို့နယ် တရားသူကြီး လီယွီထန်၏ ခေါင်းဖြစ်သည်။ လီယန် ကိုယ်တိုင် ခေါင်းဖြတ်ခဲ့ပြီး ထုံးဖြင့် စိမ်ထားခြင်း ဖြစ်သည်။
“ဟေ့... လီဝမ်ဟွေ့... မြင်ရဲ့လား။ ဒါ မင်းရဲ့ သွေးသောက်ညီအစ်ကိုလေကွာ။ မင်းလည်း မကြာခင် သူ့ဆီ လိုက်သွားပြီး အဖော်လုပ်ပေးရတော့မယ်”
လီယန်က အော်ဟစ်လိုက်သည်။
“ဒါပေမဲ့ မင်းရဲ့ ဦးခေါင်းခွံကိုတော့ ငါ ကျက်ကွင်း လုပ်ပစ်မယ်။ မင်းကို ဘဝဆက်တိုင်း လူပြန်မဖြစ်နိုင်အောင် လုပ်ပစ်မယ်... ဟားဟားဟား”
ထိုသို့ ပြောပြီးနောက် လီယန်သည် သူ၏ စစ်ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။
“မြို့ကို ဖျက်ဆီးပစ်... တာ့နင်အင်ပါယာရဲ့ ခွေးကောင်တွေကို သတ်ပစ်... မြို့ကို သွေးချောင်းစီးစေ”
“မြို့ကို သွေးချောင်းစီးစေ”
“မြို့ကို သွေးချောင်းစီးစေ”
လီမိသားစု၏ စစ်သည် ၂၀,၀၀၀ သည် တောရိုင်းတိရစ္ဆာန်များကဲ့သို့ ပျက်စီးနေသော ပိုင်ဆယ်မြို့ဆီသို့ ရူးသွပ်စွာ ပြေးဝင်လာကြသည်။
မြို့ရိုးပေါ်ရှိ လီဝမ်ဟွေ့သည် ဒီရေအလား တက်လာသော ရန်သူစစ်သည် ၂၀,၀၀၀ ကို ကြည့်လိုက်ပြီးနောက် မြို့ရိုးပေါ်ရှိ လက်ကျန်စစ်သည် တစ်ထောင်ကျော်ကို ကြည့်လိုက်သည်။ အကောင်းတိုင်းကျန်သည့် စစ်ဓားဟူ၍တစ်လက်မျှ မရှိတော့ဘဲ လူတိုင်း သွေးများဖြင့် စိုရွှဲနေကြသည်။
“မင်းသမီးယွီကျိန်း... သွားကြစို့”
လီဝမ်ဟွေ့က ပြောလိုက်သည်။
မင်းသမီးယွီကျိန်းက ပြန်ပြောသည်။
“မြို့ကို စွန့်ပြီး ထွက်ပြေးရမလား။ ကျွန်မရဲ့ ဘိုးဘေးတွေက ကျွန်မကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”
လီဝမ်ဟွေ့က ပြောလိုက်သည်။
“လီမိသားစု လက်ထဲ ကျရောက်သွားရင် မင်းသမီးက အသက်ရှင်ရက်နဲ့ ငရဲကျသလို ဖြစ်လိမ့်မယ်”
မင်းသမီးယွီကျိန်းက ပြောလိုက်သည်။
“ဦးရီးတော် မပူပါနဲ့။ မြို့ကျသွားတဲ့အချိန်က ကျွန်မ သေမယ့်နေ့ပါပဲ”
လီဝမ်ဟွေ့က ပြောလိုက်သည်။
“ကောင်းပြီလေ... ဒါဆိုရင် နောက်ဆုံးခရီးကို အတူတူ သွားကြတာပေါ့”
“ဘုန်းးး... ဒိန်းးး... ဘုန်းးး...”
လီမိသားစု စစ်တပ်သည် မြှားမိုးရွာသကဲ့သို့ ပစ်ခတ်တိုက်ခိုက်လာသည်။ လီဝမ်ဟွေ့ဘေးနားရှိ ကျန်ရှိနေသော လူတစ်ထောင်သည် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။
ထို့နောက် မရေမတွက်နိုင်သော စစ်လှေကားများ ထောင်တက်လာပြီး ရန်သူစစ်သည်များသည် ပုရွက်ဆိတ်အုံကဲ့သို့ တက်လာကြသည်။
သစ်လုံးများ ကုန်သွားပြီ ၊ ကျောက်တုံးများလည်း ကုန်သွားပြီ ဖြစ်သည်။
မတားဆီးနိုင်တော့ပေ... မြို့ကျတော့မည်။
မြို့ကျသည်နှင့် တပြိုင်နက် သတ်ဖြတ်ပွဲကြီး ဖြစ်လာပေလိမ့်မည်။
လီဝမ်ဟွေ့နှင့် မင်းသမီးယွီကျိန်းတို့၏ ခန္ဓာကိုယ်များသည် ကြောက်မက်ဖွယ်ရာ ကံဆိုးမိုးမှောင်ကျမှုများနှင့် ကြုံတွေ့ရပေလိမ့်မည်။
လီဝမ်ဟွေ့သည် သူ၏ ကျိုးပဲ့နေသော စစ်ဓားကို ဆွဲထုတ်လိုက်ပြီး မိုးကုပ်စက်ဝိုင်းကို ကြည့်ကာ ပြောလိုက်သည်။
“သား တုပိုင်... အဖေ မင်းကို ဆက်မစောင့်နိုင်တော့ဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံကနေ မင်းရဲ့ ဂုဏ်ကျက်သရေကို သေချာပေါက် စောင့်ကြည့်နေမှာပါ”
ထို့နောက် လီဝမ်ဟွေ့က မင်းသမီးယွီကျိန်းကို ပြောလိုက်သည်။
“မင်းသမီးယွီကျိန်း... အင်ပါယာအပေါ် သစ္စာစောင့်သိဖို့ ပြင်ဆင်လိုက်ပါ”
မင်းသမီးယွီကျိန်းသည်လည်း သူ၏ စစ်ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။
“ဦးရီးတော်နဲ့အတူ လိုက်ပါဖို့ အသင့်ပါပဲ”
လီမိသားစု၏ စစ်တပ်သည် ဒီရေအလား မြို့ရိုးပေါ်သို့ တက်လာကြသည်။ မျှော်လင့်ချက်မဲ့သော အချိန်အခါ ရောက်ရှိလာပြီ ဖြစ်သည်။
လီယန်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
“သတ်ကြ... သတ်ကြ... လီဝမ်ဟွေ့ကို သတ်ပစ်။ မင်းသမီးယွီကျိန်းကိုတော့ မသတ်နဲ့။ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေရင်တောင် သူ့အလောင်းကို အကောင်းပကတိ ထားခဲ့ကြ။ ငါ သုံးစရာ ရှိသေးတယ်... ဟားဟားဟား”
“လီဝမ်ဟွေ့... ခွေးအိုကြီး... သေလိုက်တော့”
“မင်းသမီးယွီကျိန်း... မင်း သေသွားရင်တောင် ငါ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး”
“ဟားဟားဟား...”
ထိုအချိန်တွင်ပင် မြေကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။
လီယန် လှည့်ကြည့်လိုက်၏။ တောင်ဘက် မိုးကုပ်စက်ဝိုင်းတွင် အနက်ရောင် မျဉ်းကြောင်းတစ်ကြောင်း ပေါ်လာသည်။ ရာပေါင်းများစွာသော အဖြူရောင် ဝံပုလွေကြီးများသည် ရူးသွပ်စွာ ပြေးဝင်လာကြသည်။ ထိုဝံပုလွေအုပ်ကြီး၏ အလယ်၌ ရှိနေသူမှာ... လက်ထဲတွင် အပြာရောင်ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး ငွေရောင်ဝတ်ရုံကို ဆင်မြန်းထား၏။ ထိုသူကား... တုပိုင်ပင် ဖြစ်လေ၏။
သူ့အနောက်တွင် မြင်းစီးတပ်သား ထောင်ပေါင်းများစွာသည် ပြင်းထန်သော မုန်တိုင်းကဲ့သို့ ဒုန်းစိုင်း ဝင်ရောက်လာကြလေသည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၈၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team