အခန်း (၄၈၉)
Vol. 49 Ch. 489
ဖူဟုန်ပင်းနှင့် လီတောက်အန်းတို့၏ စွမ်းအားသည် တန်းတူညီမျှရှိပြီး တစ်ယောက်ကိုတစ်ယောက် အနိုင်ယူနိုင်စွမ်း မရှိကြပေ။
“ဟူးးး...”
လီယန်တစ်ယောက် အရှင်လတ်လတ် ဆွဲဖြဲသတ်ဖြတ်ခံလိုက်ရပြီး အနိဋ္ဌာရုံမြင်ကွင်းနှင့်တကွ သေဆုံးသွားသောအခါ လီတောက်အန်းသည် တစ်ခဏမျှ အံ့သြမှင်တက်သွားသည်။ ထို့နောက် မီတာ တစ်ဒါဇင်ကျော် အလျင်အမြန် နောက်ဆုတ်လိုက်ပြီး တုပိုင်ကို မယုံနိုင်စွာ ကြည့်နေမိသည်။
တုပိုင်၏ သိုင်းပညာကို သူ ကောင်းစွာ သိသည်။ လွန်ခဲ့သော လအနည်းငယ်ကပင် အလွန် ညံ့ဖျင်းသည်ဟု ဆိုနိုင်သည်။ သို့သော် နှစ်ဝက်မပြည့်မီမှာပင် လီယန်ကို တိုက်ရိုက် သတ်ဖြတ်နိုင်လာသည်။
လီတောက်အန်းသည် တုပိုင်ကို တိုက်ရိုက် သတ်ဖြတ်ချင်သော်လည်း ဖူဟုန်ပင်းက ဘေးတွင် ရှိနေသဖြင့် လုံးဝ အခွင့်အရေး မရှိပေ။
“တုပိုင်... မင်း ပိုင်ဆယ်မြို့ကို ခဏတာ ကယ်တင်နိုင်တယ်ဆိုရုံနဲ့ ကိုယ့်အသက်ကိုယ် ကယ်နိုင်မယ် ထင်နေတာလား”
လီတောက်အန်းက အေးစက်စွာ ပြောလိုက်သည်။
“မင်းရဲ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်စမ်း။ ပတ်ဝန်းကျင်က မြို့တွေအားလုံး ကျဆုံးကုန်ပြီ။ ပိုင်ဆယ်မြို့က အထီးကျန် မြို့တစ်မြို့ ဖြစ်သွားပြီ။ ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ။ နောက်တစ်ခါ ငါတို့ တာ့ယန်အင်ပါယာက လာတိုက်ရင် စစ်သည် သုံးလေးသောင်း မဟုတ်တော့ဘူး။ ခုနစ်သောင်း ၊ ရှစ်သောင်းလောက် ဖြစ်လာမှာ။ မင်းအတွက် သေလမ်းပဲ ရှိတယ်။ ဒီနေ့ မင်း လီယန်ကို သတ်လိုက်တာက မင်းရဲ့ ခွေးတိုးပေါက်ကို မင်းကိုယ်တိုင် ပိတ်လိုက်တာပဲ”
“ငါတို့ တာ့ယန်နိုင်ငံတော်က မနက်ခင်း နေမင်းကြီးလို တက်လာနေပြီ။ တာ့နင်အင်ပါယာကတော့ ညနေဆည်းဆာ နေဝင်ချိန်လို ဖြစ်နေပြီ။ ဒါက သဘာဝတရားပဲ။ လုံးဝ ပြောင်းလဲလို့ မရဘူး”
လီတောက်အန်းက ဆက်ပြောသည်။
“ငါတို့ တာ့ယန်နိုင်ငံတော်က နေ့တိုင်း နယ်မြေချဲ့ထွင်ပြီး ကြီးထွားလာနေတယ်။ ငါတို့ စစ်တပ်က တိုက်လေ ပိုသန်မာလေ ဖြစ်လာနေတယ်။ စောင့်ကြည့်နေလိုက်... ငါတို့ တာ့ယန်နိုင်ငံတော်ရဲ့ စစ်သည် တစ်သိန်း ရောက်လာပြီး မင်းတို့အားလုံးကို သတ်ပစ်မယ့်အချိန်ကို စောင့်နေလိုက်”
ထိုသို့ ပြောပြီးနောက် လီတောက်အန်းသည် လင်းပိုဝေပု သိုင်းကွက်ကို အသုံးပြုပြီး လျင်မြန်စွာ နောက်ဆုတ်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။ ပေမင်ဓားဂိုဏ်း၏ သောက်ရှက်မရှိသော ကောင်စုတ်က လင်းပိုဝေပု သိုင်းကွက်ကို တတ်မြောက်ထားသည်။
တုပိုင်က ပြောလိုက်သည်။
“လီတောက်အန်း... နေဦး”
လီတောက်အန်း ရပ်တန့်လိုက်သည်။
တုပိုင်သည် လီယန်၏ ပုံပျက်နေသော ခေါင်းကို ဖြတ်ယူလိုက်ပြီး လီတောက်အန်းဆီ ပစ်ပေးလိုက်သည်။
“ဒါကို လီရူဟိုင်ဆီ ကိုယ်တိုင် သွားပေးလိုက်ပါ။ သူ ဘုရင်ဖြစ်လာတဲ့အတွက် ငါ့ရဲ့ ဂုဏ်ပြုလက်ဆောင်ပဲ”
လီတောက်အန်းသည် တုပိုင်ကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“မင်းက သေမလား ရှင်မလား ဆိုတာတောင် မသိဘဲ မာန်တက်နေသေးတယ်။ မင်း သိပ်ကြာကြာ အသက်ရှင်ရမှာ မဟုတ်ပါဘူး”
ထို့နောက် လီယန်၏ ခေါင်းကို ယူပြီး လျင်မြန်စွာ ထွက်ခွာသွားလေသည်။
**--**--**--**--**--**--**--**
“သား တုပိုင်... မွေးစားအဖေကို ဂါရဝပြုပါတယ်ခင်ဗျာ”
တုပိုင် ဒူးထောက်ပြီး လီဝမ်ဟွေ့ကို ဦးညွှတ်လိုက်သည်။
သူ၏ ရင်ထဲ၌ ယခုအချိန်ထိ စိုးရိမ်ထိတ်လန့်မှုတို့ လွှမ်းမိုးနေဆဲပင် ဖြစ်သည်။ နောက်ထပ် နည်းနည်းလေးသာ နောက်ကျခဲ့လျှင် သူ့မွေးစားအဖေကို ဘယ်တော့မှ ပြန်မြင်ရတော့မည် မဟုတ်ပေ။
လီဝမ်ဟွေ့သည် တုပိုင်ကို အချိန်ကြာမြင့်စွာ ကြည့်နေပြီးနောက် ပခုံးကို ညင်သာစွာ ဖက်လိုက်သည်။
“ငါ့သားလေး အရွယ်ရောက်လာပြီပဲ... ငါ့သားလေး လူကြီးဖြစ်လာပြီပဲ”
ယခုအချိန်တွင် လီဝမ်ဟွေ့၏ ရင်ထဲမှ ဂုဏ်ယူဝင့်ကြွားမှုကို မည်သည့်အရာကမျှ ဖော်ပြနိုင်စွမ်း မရှိတော့ပေ။
ယခင်က သူ တုပိုင်ကို ကာကွယ်ပေးခဲ့ရသည်။ အခုတော့ တုပိုင်က သူ့ကို ပြန်လည် ကာကွယ်ပေးနေပြီဖြစ်၏။
ဤအရာက သေချာပေါက် ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သော်လည်း မြန်ဆန်လွန်းလှသည်။ တစ်နှစ်တောင် မပြည့်သေးပေ။
လီဝမ်ဟွေ့ ရင်ထဲတွင် ဝမ်းနည်းသလို ခံစားလိုက်ရပြန်သည်။ ယခုအချိန်မှစ၍ တာ့နင်အင်ပါယာ၏ ဝန်ထုပ်ဝန်ပိုးများသည် တုပိုင်၏ ပခုံးပေါ်သို့ ကျရောက်လာတော့မည်။
ဤကောင်လေးက ၁၉ နှစ်သာ ရှိသေး၏။
မင်းသမီးယွီကျိန်းသည် မျက်လုံးအစ်ကြီးများဖြင့် တုပိုင်ကို ကြည့်နေသည်။ အဘယ်ကြောင့်မှန်းမသိ သူမ၏ မျက်လုံးများ စပ်ဖျင်းဖျင်း ဖြစ်လာပြီး ငိုချင်လာသည်။
နောက်ထပ် နည်းနည်းလေးဆိုလျှင် သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မည့်ဆဲဆဲ ဖြစ်သည်။ တိုင်းပြည်အတွက် အသက်ပေးတော့မည့်ဆဲဆဲ ဖြစ်သည်။
လွန်ခဲ့သော ဆယ်ရက်အတွင်း သူမ မျှော်လင့်ချက် ကင်းမဲ့လုနီးပါး ဖြစ်ခဲ့ရသည်။ သူမကို ဆက်လက် ရပ်တည်နိုင်စေခဲ့သည်မှာ သွေးဆူပွက်သော စိတ်ဓာတ်နှင့် သူမ၏ အတွင်းစိတ် ဆန္ဒတို့သာ ဖြစ်သည်။
သူမ၏ ဘေးနားမှ ရဲဘော်ရဲဘက်များသည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။ ရန်သူများကမူ အဆုံးမရှိသော ပင်လယ်ပြင်ကြီးကဲ့သို့။ သူမက ပွင့်လင်းသော စိတ်ထားရှိသူ ဖြစ်သဖြင့် တုပိုင်ကို အမှန်တကယ် မုန်းတီးခဲ့မိသည်။ သူက မြို့ကို စွန့်ခွာပြီး ထွက်ပြေးသွားသည်ဟု ထင်မှတ်ခဲ့မိသည်။
သို့သော် ယခုအခါ သူမတွင် အဆုံးမဲ့ ဂုဏ်ယူဝင့်ကြွားမှုမှတစ်ပါး အခြားမရှိတော့ပေ။ အပြင်ဘက်တွင် တုပိုင်၏ မြင်းစီးတပ်ဖွဲ့သည် လီမိသားစု စစ်တပ်ကို ဆက်လက် လိုက်လံသတ်ဖြတ်နေသော်လည်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီ။ လီမိသားစု စစ်တပ် အများစုသည် လူစုကွဲ ထွက်ပြေးသွားကြပြီ ဖြစ်သည်။
မင်းသမီးယွီကျိန်း ရှေ့တိုးလာပြီး တုပိုင်ကို တင်းကျပ်စွာ ဖက်လိုက်သည်။ သူ့ကျောကို လက်သီးဖြင့် ထုပြီး ပြောလိုက်သည်။
“ဘယ်သူက နင့်ကို ဒီလောက် နောက်ကျမှ လာခိုင်းလို့လဲ။ ငါ သေတော့မလို့ပဲ”
တုပိုင် မင်းသမီးယွီကျိန်းကို ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။
“အစ်မယွီကျိန်း... အစ်မ တကယ် ပိန်သွားတာပဲ”
မင်းသမီးယွီကျိန်းသည် သူ၏ ညင်သာသော လေသံကို ကြားလိုက်ရသောအခါ ရုတ်တရက် စိတ်သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် တုပိုင်က နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်သဖြင့် မင်းသမီးယွီကျိန်း သူ့ကို သတ်ချင်စိတ် ပေါက်သွားသည်။
တုပိုင်က လေးနက်စွာ ပြောလိုက်သည်။
“အစ်မရဲ့ ရင်သားတွေလည်း တော်တော် သေးသွားတယ်။ ရင်သားသေးတဲ့ မိန်းမတွေက ကျွန်တော့်အကြိုက် မဟုတ်ဘူးနော်”
မင်းသမီးယွီကျိန်း၏ ပထမဆုံး တုံ့ပြန်မှုမှာ တုပိုင်ကို မြေကြီးပေါ် ဖိချလိုက်ခြင်း ဖြစ်သည်။ သို့သော် တုပိုင်၏ လူများက အနောက်တွင် ရှိနေပြီး ဘေးနားတွင် တုပိုင်၏ မွေးစားအဖေ လီဝမ်ဟွေ့လည်း ရှိနေသဖြင့် သူမ ဘာမှ လုပ်၍ မရပေ။ ထို့ကြောင့် လက်သီးကို ဝှေ့ယမ်းပြီး တုပိုင်ကို ရိုက်နှက်လိုက်ရုံသာ တတ်နိုင်တော့သည်။
ထို့နောက် မင်းသမီးယွီကျိန်းက ပြောလိုက်သည်။
“ဦးရီးတော်ဝမ်ဟွေ့... တုပိုင်... ကျွန်မတို့ နောက်ဆက်တွဲ ဘာလုပ်ကြမလဲ။ ဘယ်ကို သွားကြမလဲ”
လီဝမ်ဟွေ့က တုပိုင်ကို ကြည့်လိုက်သည်။
မင်းသမီးယွီကျိန်းက ဆက်ပြောသည်။
“နင့်ရဲ့ မြင်းစီးတပ်သား ၃,၀၀၀ ကျော်က အရမ်း စွမ်းအားကြီးတာတော့ ဟုတ်ပါပြီ။ ဘယ်က ငှားလာလဲတော့ ငါ မသိဘူး။ ဒါပေမဲ့ အရေအတွက်က နည်းလွန်းတယ်။ ပြီးတော့ ပိုင်ဆယ်မြို့က အစားအစာနဲ့ ရိက္ခာ ပြတ်လပ်နေတဲ့ အထီးကျန်မြို့ ဖြစ်နေပြီ။ မြင်းစီးတပ်ဖွဲ့က ကွင်းပြင်တိုက်ပွဲအတွက် သင့်တော်ပေမဲ့ မြို့စောင့်တိုက်ပွဲအတွက် သိပ်မသင့်တော်ဘူး။ နောက်တစ်ခါ လီမိသားစုက စစ်သည် လေးငါးသောင်း လွှတ်လိုက်ရင် ငါတို့ ခုခံဖို့ ခက်ခဲလိမ့်မယ်”
ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် မင်းသမီးယွီကျိန်းက ဆက်ပြောသည်။
“ဦးရီးတော်နဲ့အတူ မြောက်ဘက်ကို စစ်ချီလာရတဲ့ အဓိက ရည်ရွယ်ချက်က နင့်ကို ကယ်တင်ဖို့ပဲ။ အခု နင်က ငါတို့ကို ကယ်တင်ပြီးပြီ။ ငါ့အမြင်ကတော့ အန်နမ်နိုင်ငံ နယ်မြေထဲကို ဆုတ်ခွာသင့်တယ် ထင်တယ်။ ဒါမှ ငါတို့ အင်အားဖြည့်တင်းနိုင်မယ် ၊ စစ်သည်အသစ်တွေ စုဆောင်းနိုင်မယ်။ ငါ့ခမည်းတော်နဲ့ ဘုရင်လီချန်တို့ ပုန်ကန်သူ ငုယင်မင်းသားကို အနိုင်ယူပြီးတဲ့အခါ ငါတို့ စစ်သည် တစ်သိန်းနဲ့အတူ ပြန်လာတိုက်ပြီး လီမိသားစု သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်ယူကြမယ်”
အတိုင်းအတာတစ်ခုအထိ မင်းသမီးယွီကျိန်း ပြောသည်မှာ အကြောင်းအကျိုး ဆီလျော်မှု ရှိသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်တွင် ဤမြင်းစီးတပ်သား ၃,၀၀၀ သာ ရှိသည်ဟု သူမ ထင်မှတ်ထားသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင်ပင် မလှမ်းမကမ်းမှ ခရာသံတစ်ခု ထွက်ပေါ်လာသည်။
ပြီးနောက် သံချပ်ကာအပြည့် ဝတ်ဆင်ထားသော စစ်သည်တစ်ဦး ပေါ်လာသည်။ ထို့နောက် နောက်ထပ် နှစ်ယောက် ၊ သုံးယောက် လိုက်ပါလာသည်။
ဤသည်များသာမက ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း စုစုပေါင်း သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည် ၂၇,၀၀၀ သည် စနစ်တကျ တန်းစီလျက် အဆုံးအစမရှိ ကျယ်ပြန့်စွာ ပေါ်ထွက်လာကြသည်။ စစ်ကြောင်း၏ အလယ်တွင် ရထားလုံး ထောင်ပေါင်းများစွာ ပါဝင်ပြီး နဂါးရှည်ကြီးတစ်ကောင်ကဲ့သို့ တစ်ဆုံးတို မြင်တွေ့နေရသည်။ ဤအချိန်တွင် မင်းသမီးယွီကျိန်းနှင့် မွေးစားအဖေ လီဝမ်ဟွေ့တို့ လုံးဝ မှင်တက်သွားကြသည်။
“ဒီ... ဒီစစ်တပ်က ဘယ်က ရောက်လာတာလဲ။”
အလွန် အဆင့်မြင့်လေပြီး စစ်သည်တိုင်းသည် စစ်သည်ထောင်ပေါင်းများစွာထဲမှ ရွေးချယ်ခံထားရသူများကဲ့သို့ ဖြစ်နေသည်။
စစ်သည်တိုင်းသည် ခြေဆုံးခေါင်းဆုံး လက်နက်အပြည့်အစုံ တပ်ဆင်ထားကြသည်။ တစ်ကိုယ်လုံး သံချပ်ကာ ၊ လက်ကိုင်လေး ၊ လေးပြင်း ၊ စစ်ဓား ၊ ဓားတို ၊ ဒိုင်းကာ... စစ်သည်တိုင်းတွင် အပြည့်အစုံ ပါရှိသည်။
စစ်သည် တစ်ထောင်ခန့်သည် လေးထောင့်စစ်ကြောင်း ပုံစံဖြင့် ချီတက်လာကြပြီး ထိုလူတစ်ထောင်သည် ခြေထောက်များကို တစ်ပြိုင်နက်တည်း မြှောက်လိုက် ချလိုက် လုပ်ဆောင်နေကြသည်။
လူတစ်ထောင်လုံးသည် လူတစ်ယောက်တည်းကဲ့သို့ ခြေလှမ်း တစ်ညီတည်း ၊ စည်းချက်တစ်ညီတည်း ချီတက်လာကြခြင်း ဖြစ်ပေသည်။ ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ လက်အောက်မှ အတော်ဆုံး စစ်တပ်ပင် ဤစစ်တပ်ကို မယှဉ်နိုင်ပေ။
မင်းသမီးယွီကျိန်း မနေနိုင်ဘဲ ပြောလိုက်သည်။
“သူတို့က ငါတို့ကို အထင်ကြီးအားကျသွားအောင် သက်သက်မဲ့ ဟန်ရေးပြ နေကြတာလား။ ဒါမှမဟုတ် သူတို့ရဲ့ စစ်စည်းကမ်းကပဲ ဒီလို တကယ် စနစ်ကျလွန်းနေတာလား”
တုပိုင်က ပြောလိုက်သည်။ “အမြဲတမ်း ဒီလိုပါပဲ။ လူဆယ်ဂဏန်းပဲ ဖြစ်ဖြစ် ၊ ရာဂဏန်း ၊ ထောင်ဂဏန်းပဲ ဖြစ်ဖြစ်... သူတို့က လူတစ်ယောက်တည်းလိုပဲ ညီညီညာညာ လျှောက်ကြတယ်”
မင်းသမီးယွီကျိန်း လုံးဝ အံ့သြမှင်တက်သွားသည်။
ဤကမ္ဘာပေါ်၌ ဤကဲ့သို့ စစ်တပ်မျိုး ရှိနေသည်မှာ တကယ်ကို အံ့ဩဖို့ကောင်းလှ၏။ သူမ မသိနိုင်သည်မှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သည် အလွန် ကြွယ်ဝသော ပစ္စည်းများနှင့် ရှည်လျားသော သက်တမ်း ရှိသည့် ပိတ်လှောင်ထားသော ကမ္ဘာတစ်ခု ဖြစ်ကြောင်းပင်။
ဤစစ်သည်များသည် မြို့အသီးသီး၏ စစ်တပ်များထဲသို့ ဝင်ရောက်ပြီးနောက် ပထမ သုံးနှစ်အတွင်း သင်ယူရသည်မှာ စည်းကမ်း ၊ နာခံမှု ၊ စစ်ချီခြေလှမ်းများ ၊ စစ်ကြောင်းပုံစံများနှင့် စစ်ဗျူဟာများ ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် လူထောင်ပေါင်းများစွာသည် ညီညီညာညာ လမ်းလျှောက်ရန်အတွက် သုံးလေးနှစ်ကြာအောင် လေ့ကျင့်ခဲ့ကြခြင်း ဖြစ်သည်။ အချိန်ဖြုန်းသည်ဟု မထင်ပါနှင့်။ သူတို့သည် နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။
တစ်နာရီကျော် ကြာပြီးနောက်။
ခြေလျင်စစ်သည် ၂၇,၀၀၀ နှင့် မြင်းစီးစစ်သည် ၃,၀၀၀ ကျော်သည် ပိုင်ဆယ်မြို့ရှေ့ရှိ ကြီးမားသော ကွင်းပြင်တွင် ပြန်လည် စုရုံးလိုက်ကြသည်။
ဤအချိန်တွင် လီဝမ်ဟွေ့နှင့် မင်းသမီးယွီကျိန်းတို့သည် အသက်ရှင်ကျန်ရစ်သော စစ်သည် တစ်ထောင်ကျော်ကို ခေါ်ဆောင်ပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော်လည်း မြို့ရိုးပေါ်တွင် မှီကာ ဤလက်ရွေးစင်စစ်တပ်ကို အံ့အားသင့်စွာဖြင့် ကြည့်ရှုနေကြသည်။
ဤမျှလောက် ထည်ဝါခန့်ညားသည့် စစ်တပ်မျိုးကို သူတို့ တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှ မမြင်ဖူးကြချေ။ ပြိုင်ဘက်ကင်း မြို့တော် မှ စစ်သည် သုံးသောင်းကျော်သည်လည်း တစ်ယောက်စီ ခေါင်းမော့ထားကြပြီး မာန်တက်နေသော ကြက်ဖများကဲ့သို့ ဖြစ်နေသည်။ သာလွန်မှုနှင့် ဂုဏ်ယူဝင့်ကြွားမှုသည် ဤစစ်တပ်၏ အနှစ်သာရပင်ဖြစ်၏။
တုပိုင် မာန်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။
“ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က ကြယ်ကြွေတပ်မတော်... မြို့ရိုးပေါ်က ညီအစ်ကို တစ်ထောင်ကျော်ကို ကြည့်လိုက်ကြ။ သူတို့က ငါတို့ အင်ပါယာကို ကာကွယ်ဖို့အတွက် လူ ၇,၀၀၀ နဲ့ ပုန်ကန်သူ စစ်သည် ၄၀,၀၀၀ ကို လဝက်ကြာအောင် ခုခံခဲ့ကြတယ်။ လူ ၇,၀၀၀ ကျဆုံးခဲ့ပြီး တစ်ထောင်ကျော်ပဲ ကျန်တော့တယ်။ လေးကြိုးတွေ ပြတ်ကုန်ပြီ ၊ အစားအစာတွေ ကုန်သွားပြီ ၊ မြှားတွေ ကုန်သွားပြီ ၊ ဓားတွေ ကျိုးကုန်ပြီ။ ဒါပေမဲ့ ဘယ်သူမှ လက်နက်မချခဲ့ကြဘူး။ သူတို့က တာ့နင်အင်ပါယာရဲ့ သူရဲကောင်းတွေပဲ။ သူရဲကောင်းတွေကို အလေးပြုကြ”
ရုတ်တရက် ပြိုင်ဘက်ကင်း အကျဉ်းထောင်မှ စစ်သည် ၃၀,၀၀၀ သည် လက်သီးများကို ရင်ဘတ်အထိ မြှောက်ပြီး ထုလိုက်ကြသည်။
“သူရဲကောင်းတွေကို အလေးပြုပါတယ်”
ရုတ်တရက် မြို့ရိုးပေါ်တွင် အသက်ရှင်ကျန်ရစ်သော စစ်သည် တစ်ထောင်ကျော်သည် သူတို့၏ အနောက်မှ စွမ်းအင်တစ်ခုခု ခုန်ထွက်လာပြီး သူတို့၏ ဦးခေါင်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် ဦးရေပြားတစ်ခုလုံး ထုံကျင်သွားပြီး မျက်ရည်များ ဒလဟော စီးကျလာသည်။
လူတစ်ထောင်ကျော်သည် တစ်ကိုယ်လုံး နာကျင်မှုကို ကြိတ်မှိတ်ခံစားပြီး မတ်မတ်ရပ်ကာ အောက်ဘက်မှ စစ်တပ်ကို အတုခိုးပြီး လက်သီးများကို မြှောက်ကာ ရင်ဘတ်ကို ထုလိုက်ကြသည်။
သို့သော် လူအများအပြားသည် သူတို့တွင် လက်သီးမရှိတော့ကြောင်း ၊ လက်များ ပြတ်တောက်နေကြောင်း တွေ့ရှိလိုက်ရသည်။
“အခုချိန်ကစပြီး ခင်ဗျားတို့ဟာ အတူတူ အသက်ရှင် ၊ အတူတူ သေဆုံးပြီး ဘေးချင်းယှဉ် တိုက်ပွဲဝင်မယ့် ညီအစ်ကိုတွေ ၊ ရဲဘော်ရဲဘက်တွေ ဖြစ်သွားပါပြီ”
“ငါ၏စစ်တပ်... မြို့ထဲ ဝင်ကြ”
တုပိုင် အမိန့်ပေးလိုက်သည်။ စစ်သည် သုံးသောင်း ၊ ရထားလုံး တစ်ထောင်ကျော်နှင့် မရေမတွက်နိုင်သော ပစ္စည်းများသည် ပိုင်ဆယ်မြို့ထဲသို့ ဝင်ရောက်လာကြသည်။
ဤမြို့သည် အထီးကျန်မြို့တစ်မြို့ ဖြစ်နေဆဲ ဖြစ်သော်လည်း သေဆုံးနေသော မြို့တစ်မြို့တော့ လုံးဝ မဟုတ်တော့ပေ။
စစ်တပ် မြို့ထဲသို့ ဝင်ရောက်လာပြီးနောက် အစားအစာ ၊ အသား ၊ လက်နက် ၊ သံချပ်ကာ ၊ အဝတ်အထည်နှင့် ဆေးဝါးများ ရရှိလာသည်။
မင်းသမီးယွီကျိန်းသည် အဝတ်အစားများကို ချွတ်ပြီး မွှေးပျံ့သော ရေချိုးကန်ထဲသို့ ခုန်ဆင်းကာ တစ်နာရီကြာအောင် ရေချိုးလိုက်သည်။
ထို့နောက် သူမသည် အရက်သောက် ၊ အသားစားပြီး နောက်ဆုံးတွင် ကုတင်ပေါ်၌ နေ့တစ်ဝက်နှင့် ညတစ်ဝက် အိပ်စက်အနားယူလိုက်သည်။
အောင်ပွဲခံခြင်းများ ၊ ပျော်ရွှင်ပွဲရွှင်ပွဲများ ၊ ဝမ်းနည်းပူဆွေးမှုများ အားလုံးကို တစ်ညတည်းဖြင့် အပြီးသတ်ရမည်။
မနက်ဖြန်၌ နေမင်းကြီး နိုးထလာသောအခါတွင်မူ... လူတိုင်းသည် တိုက်ပွဲအသစ်တစ်ခုကို စတင်ရင်ဆိုင်ကြရပေတော့မည်။
တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားပြီးနောက် ပိုင်ဆယ်မြို့ရိုးများသည် အကြီးအကျယ် ပျက်စီးနေပြီ ဖြစ်သည်။
မြို့ရိုးများကို ပြန်လည် တည်ဆောက်ရမည် ၊ တပ်ဖွဲ့များကို ဖြည့်တင်းရမည် ၊ ကာကွယ်ရေး လိုင်းများကို ပြန်လည် တည်ဆောက်ရမည် ဖြစ်သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၈၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team