← Chapters

အခန်း (၄၉၀)

Vol. 49 Ch. 490

အခန်း (၄၉၀)

Vol. 49 Ch. 490

တုပိုင်သည် စစ်တပ်ကို ခေါ်ဆောင်လာခဲ့ရုံသာမက လက်နက်မျိုးစုံကိုပါ ယူဆောင်လာခဲ့သဖြင့် ထိုလက်နက်များကို ဖြန့်ကျက်ထားရှိရမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လီရူဟိုင်သည် သူ့အား အချိန်များစွာ ပေးထားလိမ့်မည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ နောက်တစ်ကြိမ် လာတိုက်မည့် လီမိသားစု စစ်တပ်သည် နှစ်ထောင် ၊ သုံးထောင် မဟုတ် ၊ လေးငါးထောင်လည်း မဟုတ်ဘဲ ခုနစ်သောင်း ၊ ရှစ်သောင်း သို့မဟုတ် တစ်သိန်းနီးပါးအထိ ဖြစ်လာနိုင်သည်။

လာမည့် တိုက်ပွဲသည် တုပိုင်နှင့် လီရူဟိုင်တို့၏ မဟာဗျူဟာမြောက် စစ်ပွဲကြီး ဖြစ်လာပေလိမ့်မည်။

ဤတိုက်ပွဲ၏ ရလဒ်သည် အင်ပါယာ၏ အနောက်တောင်ပိုင်းတစ်ခုလုံး ရှင်သန်နိုင်ခြင်း ရှိမရှိနှင့် အင်ပါယာတစ်ခုလုံး၏ ရှင်သန်ရပ်တည်နိုင်မှုကို တိုက်ရိုက် အဆုံးအဖြတ် ပေးပေလိမ့်မည်။

တုပိုင်သာ အောင်ပွဲခံနိုင်ခဲ့လျှင် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမည်။ မဟာဗျူဟာ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်မည် ဖြစ်ပြီး လီရူဟိုင်၏ တာ့ယန်နိုင်ငံတော် ချဲ့ထွင်မှုကို ချက်ချင်း ရပ်တန့်သွားစေမည် ဖြစ်သည်။ ထို့ပြင် ဧကရာဇ်၏ ရာထူးကို မြဲမြံစေရန် ထိန်းသိမ်းပေးနိုင်မည် ဖြစ်သည်။

လာမည့် တိုက်ပွဲသည် တုပိုင်၏ ကံကြမ္မာကိုသာ ဆုံးဖြတ်ပေးမည် မဟုတ်ဘဲ အင်ပါယာတစ်ခုလုံး၏ ကံကြမ္မာကိုပါ ဆုံးဖြတ်ပေးလိမ့်မည်။

**--**--**--**--**--**--**--**

ကွမ်ရှီးပြည်နယ် ဘုရင်ခံ တုကျန်းသည် လျှို့ဝှက်သတင်းပေးပို့ချက်ကို ဖတ်ပြီးနောက် မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူသည် စာရွက်ပေါ်မှ စာလုံးများကို မယုံနိုင်စွာ ကြည့်နေမိသည်။

“ဘာ... တုပိုင် မသေဘူးတဲ့လား။ စစ်သည် ၃၀,၀၀၀ ကျော်နဲ့အတူ လီယန်ကို လုံးဝ အနိုင်ယူလိုက်တယ် ၊ လီဝမ်ဟွေ့ကို ကယ်တင်လိုက်တယ် ၊ ပိုင်ဆယ်မြို့ကို ကယ်တင်လိုက်တယ်ပေါ့။”

တုကျန်း၏ လက်များ အနည်းငယ် တုန်ရီနေသည်။

တုပိုင်က သူ့သား တုယွီကို သတ်ခဲ့သည်။ တုယွီသည် သူ့သားများအနက် အရည်အချင်းအရှိဆုံး မဟုတ်သော်လည်း တုကျန်းကို အမုန်းပွားစေခဲ့သည်။

“လီမိသားစုဆီ စာပို့လိုက်။ ဘယ်လို တန်ကြေးပဲ ပေးဆပ်ရပါစေ... တုပိုင်ဆိုတဲ့ သားရဲကောင်လေးကို လုံးဝ သတ်ပစ်ပြီး အမြစ်ပြတ် ချေမှုန်းပစ်ရမယ်”

“ရှစ်သောင်းပဲ ဖြစ်ဖြစ် ၊ ကိုးသောင်းပဲ ဖြစ်ဖြစ် ၊ တစ်သိန်းပဲ ဖြစ်ဖြစ်... လီမိသားစုက စစ်သည် ဘယ်လောက် လွှတ်မယ်ဆိုတာ ငါ ဂရုမစိုက်ဘူး။ လိုရင်းတိုရှင်း ပြောရရင်... တုပိုင်ဆိုတဲ့ သင်းကွပ်ထားတဲ့ကောင်ကို မဖြစ်မနေ သတ်ပစ်ရမယ်။ သူ့စစ်တပ်ကို ချေမှုန်းပစ်ရမယ်”

**--**--**--**--**--**--**--**

တာ့ယန်နိုင်ငံတော် ၊ နန်းတော်အတွင်း။

ဘုရင်ကြီး လီရူဟိုင်သည် မီးလျှံရွှေနဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါက်ကွဲလုနီးပါး ဖြစ်နေသော မီးတောင်တစ်ခုကဲ့သို့ ဖြစ်နေသည်။

လီတောက်အန်းသည် ခန်းမဆောင်ထဲတွင် ဒူးထောက်နေပြီး ကိုယ့်ကိုယ်ကိုယ် မတုန်ရီအောင် အပြင်းအထန် ထိန်းချုပ်နေရသည်။

လီရူဟိုင်၏ ရှေ့တွင် သေတ္တာတစ်လုံး ရှိသည်။ သေတ္တာထဲတွင် သူ့သား လီယန်၏ ခေါင်းရှိနေသည်။ ပုံပျက်ပန်းပျက် တွန့်လိမ်နေသော ခေါင်းဖြစ်သည်။

“တုပိုင်ရဲ့ မြင်းစီးတပ်သား ၃,၀၀၀ ကျော်က မင်းရဲ့ စစ်သည် ၂၀,၀၀၀ ကို အနိုင်ယူလိုက်တယ်ပေါ့”

လီရူဟိုင် ဟိန်းဟောက်လိုက်သည်။

လီတောက်အန်း ညည်းတွားလိုက်သည်။ “ဟုတ်ပါတယ်... တုပိုင်ဆိုတဲ့ သားရဲကောင်လေးရဲ့ မြင်းစီးတပ်ဖွဲ့က မျှော်လင့်မထားလောက်အောင် အင်အားကြီးမားလွန်းပါတယ်”

“ဟားဟား...” လီရူဟိုင် မျက်လုံးလှန်ကြည့်လိုက်ရာ ခန်းမဆောင်ထဲမှ လေထုသည် ခေတ္တမျှ တုန်ခါသွားသည်။

“အရှေ့မြောက်ဘက်မှာ လီရူလုံက အန်လုံစော်ဘွားအိမ်တော်ကို ဖျက်ဆီးပြီးပြီ။ မကြာခင် ပြန်ရောက်လာတော့မယ်။ အိမ်ရှေ့မင်းသားရဲ့ ပင်မတပ်ဖွဲ့က ယူနန်ပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်လုနီးပါး ဖြစ်နေပြီ။ မင်းနဲ့ လီယန်ရဲ့ စစ်သည် ၄၀,၀၀၀ က ပိုင်ဆယ်မြို့လေးတစ်မြို့ကို ရက် ၂၀ နီးပါး တိုက်ခိုက်ခဲ့တာတောင် မအောင်မြင်ဘူး။ အဲဒီအပြင် စစ်သည် ၂၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ရသေးတယ်”

“ဘုရင်မင်းမြတ်... ခွင့်လွှတ်ပေးပါ... ဘုရင်မင်းမြတ်... ခွင့်လွှတ်ပေးပါ...”

လီတောက်အန်း အသည်းအသန် ဦးခိုက်လိုက်သည်။

လီရူဟိုင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြန်သည်။ ခေတ္တအိပ်ပျော်နေသော ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင် ပြန်လည် နိုးထလာသကဲ့သို့ပင်။

“တုပိုင်ဆီမှာ မြင်းစီးတပ်သား ၃,၀၀၀ ကျော် ရှိတယ်။ စုစုပေါင်း စစ်သည် ၃၀,၀၀၀ ရှိတယ်။ ပိုင်ဆယ်မြို့ထဲလည်း ဝင်ရောက်သွားပြီ။ ငါ မရည်ရွယ်ပဲနဲ့ ဒီပိုးကောင်လေးကို နဂါးပေါက်လေး ဖြစ်လာခွင့် ပေးလိုက်မိပြီ”

“လီဝမ်ဝမ်...”

လီရူဟိုင် စူးရှစွာ အော်ခေါ်လိုက်သည်။ ချက်ချင်းပင် ခန်းမဆောင်ကြီးအတွင်းရှိ ခေါင်းလောင်းများအားလုံး တုန်ခါမြည်ဟီးသွားကြသည်။

ခဏကြာသောအခါ ပြိုင်ဘက်ကင်းပြီး အရာရာ စွမ်းဆောင်နိုင်သော လီဝမ်ဝမ် ထွက်လာသည်။ ခန်းမဆောင်ထဲတွင် ဒူးထောက်ပြီး ညင်သာစွာ ပြောလိုက်သည်။

“သမီးတော် ခမည်းတော်ကို ဂါရဝပြုပါတယ်”

လီရူဟိုင် အေးစက်စွာ မေးလိုက်သည်။ “တုပိုင်ကို သတ်ဖို့ အခွင့်အရေး ဘယ်နှကြိမ် ရခဲ့သလဲ”

လီဝမ်ဝမ်က ဖြေလိုက်သည်။

“မရေမတွက်နိုင်အောင် ရခဲ့ပါတယ်”

လီရူဟိုင်က ပြောလိုက်သည်။ “ဒါပေမဲ့ မင်း မသတ်ခဲ့ဘူး။ အနာဂတ်အကြောင်း ပြောတယ် ၊ အိပ်မက်တွေအကြောင်း ပြောတယ်။ အခု ဒီမြွေလေးက ဥကနေ ပေါက်လာပြီး လိုက်ကိုက်နေပြီ”

လီဝမ်ဝမ် ဦးခိုက်ပြီး ပြောလိုက်သည်။ “သမီးတော် အပြစ်ရှိပါတယ်”

ထိုအချိန်က လီဝမ်ဝမ်သည် တုပိုင်ကို သတ်နိုင်ခဲ့သော်လည်း မိုမိသားစု ရတနာသိုက်၏ လျှို့ဝှက်ချက်ကို ရယူရန်အတွက် မိုယင်၏ ဂူထဲသို့ ပစ်ချခဲ့ခြင်း ဖြစ်သည်။

လီရူဟိုင်က ပြောလိုက်သည်။ “မင်းကိုယ်တိုင် သွားသတ်လိုက်။ မီးနတ်ဘုရားဘာသာက ဆရာသခင်တွေ အလုံအလောက် ခေါ်သွားပြီး တုပိုင်ရဲ့ ခေါင်းကို ယူခဲ့။ သေချာပေါက် သတ်နိုင်အောင် လုပ်ပါ”

လီဝမ်ဝမ်က ပြောလိုက်သည်။ “အမိန့်တော်အတိုင်းပါ”

သုံးနာရီ ကြာပြီးနောက် လီဝမ်ဝမ်သည် မီးနတ်ဘုရား ဆရာသခင် ၁၅ ဦးကို ဦးဆောင်ပြီး ဝမ်ရှန်းမြို့တော်မှ ထွက်ခွာကာ သရဲတစ္ဆေကဲ့သို့ ပိုင်ဆယ်မြို့ဆီသို့ ဦးတည်သွားလေသည်။

မီးနတ်ဘုရားဘာသာတွင် ကမ္ဘာ့ထိပ်တန်း သိုင်းပညာရှင် အများဆုံး ရှိသည်။ အထူးသဖြင့် ဤတစ်ကြိမ် လီရူဟိုင် နိုင်ငံထောင်သောအခါ အနောက်ဘက်ဒေသမှ မီးနတ်ဘုရားဘာသာဂိုဏ်းသည် အံ့အားသင့်စရာ ကောင်းလောက်အောင် များပြားသော ဘုန်းတော်ကြီးများနှင့် ထိပ်တန်း အားကောင်းသူများကို ထောက်ပံ့ပေးခဲ့သည်။

**--**--**--**--**--**--**--**

နောက်ပိုင်းရက်များတွင် ပိုင်ဆယ်မြို့သည် နေ့စဉ် ပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက် ရှိသည်။ ပျက်စီးနေသော မြို့ရိုးများကို ပြန်လည် တည်ဆောက်သည် ၊ ကာကွယ်ရေးလိုင်းများကို တည်ဆောက်သည်။

စစ်သည်များအားလုံးသည်လည်း အစွမ်းကုန် လေ့ကျင့်နေကြသည်။ လူတိုင်းသည် နောက်ထပ် ကမ္ဘာမြေတုန်ခါမည့် စစ်ပွဲကြီး ၊ လူတိုင်း၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် ဧရာမစစ်ပွဲကြီး ရောက်ရှိလာမည့် အချိန်ကို စောင့်မျှော်နေကြသည်။ တုပိုင်သည် နေ့စဉ် စစ်တပ်ကို စစ်ဆေးသည် ၊ မြို့ရိုးများကို စစ်ဆေးသည် ၊ ကာကွယ်ရေးလိုင်းများကို စစ်ဆေးသည်။

လီရူလုံ၏ စစ်သည် သောင်းချီသော တပ်ဖွဲ့သည် ဝမ်ရှန်းမြို့သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ ပိုမိုများပြားသော စစ်သည်များ စုဝေးလာနေပြီး ကမ္ဘာမြေတုန်ခါမည့် စစ်ပွဲကြီး၏ ခြေလှမ်းများသည် ပိုမို နီးကပ်လာနေသည်။

တုပိုင် လုံးဝ ပေါ့လျော့ရဲခြင်း မရှိပေ။ သူ့တွင် စစ်သည် ၃၀,၀၀၀ ကျော် ရှိသော်လည်း ၊ အလွန် အစွမ်းထက်သော လေးလက်နက် ရှိသော်လည်း ၊ အစိမ်းရောင် အဆိပ်ရည် ပေါင် ၂၀,၀၀၀ ကျော် ရှိသော်လည်း နောက်တစ်ကြိမ် တိုက်ပွဲတွင် သူသည် သုံးဆမျှ များပြားသော ရန်သူများကို ရင်ဆိုင်ရနိုင်သည်။ ဤကံကြမ္မာ အဆုံးအဖြတ် စစ်ပွဲတွင် သူ ရှုံးနိမ့်၍ မဖြစ်ပေ။ တာ့နင်အင်ပါယာလည်း ရှုံးနိမ့်၍ မဖြစ်ပေ။

သန်းခေါင်ယံ အချိန်၌ ပိုင်ဆယ်မြို့၏ ဆူညံသံများသည် နောက်ဆုံးတွင် တိတ်ဆိတ်သွားခဲ့သည်။ ကင်းလှည့်နေသော စစ်သည်များ ၊ မြို့ရိုးပေါ်တွင် သတိဝီရိယရှိသော သူရဲကောင်းများမှလွဲ၍ လူအများစု အိပ်ပျော်နေကြပြီ ဖြစ်သည်။

တုပိုင် လမ်းပေါ်တွင် တိတ်ဆိတ်စွာ လမ်းလျှောက်နေပြီး ကျီပြောင်ပြောင်သည် သူ့အနောက် ၁၀ မီတာအကွာမှ လိုက်ပါလာသည်။

“အစ်မပြောင်ပြောင်... သွားအိပ်လိုက်တော့။ အစ်မ မအိပ်ရတာ ရက်ပေါင်းများစွာ ရှိနေပြီ” တုပိုင် ပြောလိုက်သည်။

ကျီပြောင်ပြောင်က ပြောလိုက်သည်။ “မဖြစ်ဘူး... နင်က အရမ်း အရေးကြီးတယ်။ အမ နင့်ကို အချိန်တိုင်း ကာကွယ်ပေးရမယ်”

တုပိုင်က ပြောလိုက်သည်။ “အစ်မ မအိပ်ရတာ ရက်အတော်ကြာနေပြီ။ သွားအိပ်လိုက်တော့... ဒါ အမိန့်ပဲ”

ကျီပြောင်ပြောင် စကားပြောချင်သော်လည်း ရပ်တန့်လိုက်သည်။

တုပိုင်က ပြောလိုက်သည်။ “အစ်မပြောင်ပြောင်... အစ်မ အဖေ့ကို လွမ်းနေမှန်း ငါ သိပါတယ်။ စိတ်ချပါ... ဒီစစ်ပွဲ ပြီးတာနဲ့ ကျွန်တော်ကြည့်လုပ်ပေးပါမယ်။ အခုတော့ ပြန်သွားပြီး အနားယူဖို့။ ဒါကအမိန့်ပဲ...”

ကျီပြောင်ပြောင် ခေါင်းညိတ်ပြီး အံကြိတ်ကာ ပြောလိုက်သည်။ “ကောင်းပါပြီ”

တုပိုင် သူမ၏ ကျောပြင်ကို ကြည့်ပြီး ညင်သာစွာ ပြုံးလိုက်သည်။ ထို့နောက် အပြာရောင်နဂါးဂိုဏ်း ဌာနချုပ်ဟောင်းဆီသို့ လျှောက်သွားလိုက်သည်။

ဤနေရာတွင် လူမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။ အဆောက်အအုံများသည် ခမ်းနားထည်ဝါပြီး သက်သောင့်သက်သာ ရှိသော်လည်း မြို့ရိုးနှင့် ဝေးလွန်းသဖြင့် စစ်တပ် တပ်စွဲထားခြင်း မရှိပေ။ အပြာရောင်နဂါးဂိုဏ်း ဌာနချုပ်ဟောင်းထဲသို့ ဝင်ရောက်ပြီးနောက် တုပိုင်သည် တောင်ပေါ်ရှိ အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားပြီး မဏ္ဍပ်ရှေ့ရှိ ကွင်းပြင်တွင် ထိုင်လိုက်သည်။

ပြီးနောက် တုပိုင် ကိုးယန်ကျမ်းစာကို လည်ပတ်စေပြီး ချီစွမ်းအင်များကို စုပ်ယူလိုက်သည်။ မတတ်သာသည့်အဆုံး နာရီဝက် ကြာပြီးနောက် ကျီပြောင်ပြောင် ပြန်ရောက်လာသည်။ သူမသည် တုပိုင်နှင့် မီတာ ရာဂဏန်း အကွာတွင် ထိုင်လိုက်သည်။ သူမ အိပ်ပျော်သွားသော်လည်း တုပိုင်ကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ပေးချင်နေဆဲ ဖြစ်သည်။

တုပိုင် သက်ပြင်းချလိုက်ပြီး မျက်လုံးများကို ဆက်လက် မှိတ်ကာ ကျင့်ကြံနေလိုက်သည်။ ပိုင်ဆယ်မြို့တစ်ခုလုံးတွင် ဤနေရာသည် ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင် အားအကောင်းဆုံး ဖြစ်ပြီး ဤနေရာတွင် တရားထိုင်ခြင်းသည် အထိရောက်ဆုံး ဖြစ်သည်။

နာရီဝက်... တစ်နာရီ ကြာပြီးနောက်...မွှေးပျံ့သော လေပြေတစ်ခု တိုက်ခတ်လာသည်။ အလွန် ရင်းနှီးပြီး အလွန် ယစ်မူးဖွယ်ကောင်းသော ရနံ့ ဖြစ်သည်။

ထိတ်လန့်ဖွယ်ရာ လူသတ်အငွေ့အသက်... ကြောက်မက်ဖွယ် စွမ်းအင်များသည် မီတာ ရာဂဏန်းအတွင်း ချက်ချင်း ဖိနှိပ်လိုက်သည်။ မိစ္ဆာမ လီဝမ်ဝမ်... အလွန် အစွမ်းထက်သော သိုင်းပညာရှင် လီဝမ်ဝမ်သည် တုပိုင်၏ ရှေ့မှောက်တွင် ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် မီးနတ်ဘုရားဘာသာမှ ဆရာသခင် ၁၉ ဦး ရုတ်တရက် ပေါ်ထွက်လာသည်။ တုပိုင် မျက်လုံးဖွင့်လိုက်သည်။

လီဝမ်ဝမ် လျှောက်လာသည်။ “မောင်လေးတုပိုင်... ရှင်က သာမန်လူတန်းစား စိတ်ဓာတ် အရမ်း ပြင်းထန်လွန်းတယ်။ အခု ရှင်က အရေးအကြီးဆုံး တာဝန်ကို ယူထားတာလေ။ အချိန်တိုင်း စစ်တပ်ထဲမှာ ရှိနေသင့်တာပေါ့။ ဘယ်လိုလုပ် ကိုယ့်သဘောဆန္ဒအတိုင်း ဒီမှာ တစ်ယောက်တည်း လာနေရတာလဲ”

လီဝမ်ဝမ်က ညင်သာစွာ ပြောလိုက်သည်။ “အော်... မဟုတ်ဘူး... ကျီပြောင်ပြောင်ဆိုတဲ့ ကောင်မလေး ရှိနေသေးတာပဲ”

နောက်တစ်စက္ကန့်တွင် ကျီပြောင်ပြောင် ရုတ်တရက် ခုန်ထလိုက်ပြီး ဓားကို ဆွဲထုတ်ကာ လျှပ်စီးလက်သကဲ့သို့ တုပိုင်ဆီသို့ ပြေးဝင်လာပြီး လီဝမ်ဝမ်ကို တိုက်ခိုက်လိုက်သည်။

လီဝမ်ဝမ်က လက်ဝါးဖြင့် ညင်သာစွာ ရိုက်ထုတ်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ကျီပြောင်ပြောင်၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ စက္ကူစွန်လွှတ်လိုက်သကဲ့သို့ လွင့်စင်ထွက်သွားပြီး မီတာ ဒါဇင်ပေါင်းများစွာ အကွာသို့ ရောက်ရှိသွားသည်။

သူမသည် ကျီပြောင်ပြောင်ထက် အသက်အများကြီး ငယ်ရွယ်သော်လည်း ဆရာသခင်အဆင့်ပညာရှင်ဖြစ်သော ကျီပြောင်ပြောင်ကို လက်တစ်ဖက်တည်းဖြင့် ရိုက်ထုတ်လိုက်နိုင်သည်။

မိစ္ဆာမ လီဝမ်ဝမ်သည် တုပိုင်ဆီသို့ တည်ငြိမ်စွာ ချဉ်းကပ်လာသည်။

သူမဘေးနားမှ မီးနတ်ဘုရားဘာသာ ထိပ်တန်းပညာရှင် ၁၉ ဦးသည်လည်း ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး တုပိုင်ကို ဝိုင်းရံကာ စက်ဝိုင်းကို ကျဉ်းမြောင်းစေသည်။

“မောင်လေးတုပိုင်... အမ ရှင့်ကို အကြောင်းပြချက်တချို့ကြောင့် မသတ်ခဲ့ဘူး။ ဒါပေမဲ့ အမမွေးထားတဲ့ မြွေလေးက ဥကနေ ပေါက်လာပြီး လူတွေကို စကိုက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

လီဝမ်ဝမ်က ပြောလိုက်သည်။ “ဒါဆို အမ ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့။ တကယ်တော့ မောင်လေးကို သတ်ရတာ... မောင်လေးကိုကို ဆုံးရှုံးလိုက်ရတာ​က အမကိုလည်း ရင်ကွဲမတတ် ခံစားရစေပါတယ်”

လီဝမ်ဝမ်၏ ခြေလှမ်းများသည် ဖြည်းဖြည်းချင်း နီးကပ်လာပြီး လက်ထဲမှ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

“မောင်လေးတုပိုင်... ရှင်က အရမ်း တုံးတာပဲ။ ရှင်က စစ်တပ်ထဲမှာ နေသင့်တာပေါ့။ ဒါဆိုရင် သိုင်းပညာ ဘယ်လောက်ပဲ မြင့်မားပါစေ... အမတို့ ဝင်တိုက်ပြီး ရှင့်ကို သတ်ဖို့ ခက်ခဲလိမ့်မယ်။ ရှင်က ဒီကို ထွက်လာပြီး တစ်ယောက်တည်း ကျင့်ကြံနေတယ်။ ရှင့်ရဲ့ တုံးအမှုက ငိုအားထက် ရယ်အားသန် ဖြစ်စေပါရဲ့။ အခု ရှင် ကောင်းကင်ပေါ် တက်ပြေးလို့ မရဘူး ၊ မြေကြီးထဲ တိုးဝင်လို့ မရဘူး ၊ ဘယ်သူမှလည်း ရှင့်ကို မကယ်နိုင်တော့ဘူး”

ဟုတ်သည်။ ထိုသို့ ဖြစ်ပုံရသည်။

မီတာ ရာဂဏန်း အကွာအဝေးအတွင်း တုပိုင်နှင့် သတိလစ်သွားသော ကျီပြောင်ပြောင်သာ ရှိတော့သည်။

ယခု တုပိုင်သည် သာမန်သိုင်းပညာရှင်သာ ဖြစ်ပြီး ထိပ်တန်းပညာရှင် ဒါဇင်ပေါင်းများစွာ၏ ဝိုင်းရံခြင်းကို ခံနေရသဖြင့် သေချာပေါက် သေလမ်းသာ ရှိတော့သည်။

မီးနတ်ဘုရားဘာသာ ထိပ်တန်းဆရာသခင် ၁၉ ဦးစလုံး ဓားများ ဆွဲထုတ်လိုက်ကြသည်။

“မောင်လေးတုပိုင်... အမလို ထိပ်တန်းပညာရှင်တစ်ယောက်က ရှင့်လို မိန်းမစိုးလေးတစ်ယောက်ကို သတ်ဖို့ မဟာဆရာသခင် ၉ ယောက်နဲ့ အထွတ်အထိပ်ဆရာသခင်အဆင့် ၁၀ ယောက်ကို ခေါ်လာတာ ဂုဏ်ယူသင့်ပါတယ်။ စိတ်အေးချမ်းသာစွာ သွားပါတော့။ အမ ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့...”

ထို့နောက် လီဝမ်ဝမ်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး စူးရှစွာ အော်ဟစ်လိုက်သည်။

“သတ်...”

အလွန် စွမ်းအားကြီးမားသော လီဝမ်ဝမ် ဓားချက် ထုတ်လိုက်သည်။ မီးနတ်ဘုရားဘာသာ မဟာဆရာသခင်အဆင့် ၉ ဦး ဓားချက် ထုတ်လိုက်ကြသည်။

မီးနတ်ဘုရားဘာသာ အထွတ်အထိပ်ဆရာသခင် ၁၀ ဦး သည်လည်း ဓားချက် ထုတ်လိုက်ကြသည်။

ဓားချက် ၂၀ သည် တုပိုင်၏ အလောင်းကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်ရန် ရည်ရွယ်ထားသည်။

တုပိုင် ခေါင်းမော့လိုက်ပြီး ထူးဆန်းသော အပြုံးဖြင့် ပြောလိုက်သည်။

“မိစ္ဆာမ လီဝမ်ဝမ်... ငါ မင်းကို စောင့်နေတာ ကြာပြီ”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၉၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters