ပေါင်လင်းမယ်တော်
Vol. 24 Ch. 380
လီချန် သိထားသလောက် မြေနတ်ဘုရားကမ္ဘာ၏ ဧရိယာသည် အလွန် ကျယ်ဝန်းပြီး ၁၀ ခုမြောက်ဘုံထက် များစွာ ပိုကြီးမားသည်။
မြေနတ်ဘုရားကမ္ဘာအတွင်းပိုင်းတွင် တားမြစ်နယ်မြေ အများအပြား ခွဲခြားထားပြီး၊ တားမြစ်နယ်မြေ တစ်ခုနှင့်တစ်ခုကြားတွင် ကြောက်မက်ဖွယ်ကောင်းသော ချောက်ကမ်းပါးကြီးများ ခြားနားထားသဖြင့် မတူညီသောကမ္ဘာများမှ ကျင့်ကြံသူများ အလွယ်တကူ ကူးလူးဆက်ဆံ၍ မရနိုင်ပေ။
သေချာတာကတော့ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားအဆင့် ရောက်သွားလျှင်တော့ တန်ဖိုးတစ်ခု ပေးဆပ်ပြီး ဒီအတားအဆီးတွေကို ဖြတ်ကျော်နိုင်ကြသည်။
လီချန်သည်လည်း အခြားတားမြစ်နယ်မြေများကို ရောက်ဖူးပြီး တစ်ခုစီတွင် ကိုယ်ပိုင်ထူးခြားချက်များရှိကြသည်။
သို့သော် တားမြစ်နယ်မြေများ၏ အတွင်းပိုင်းထဲသို့တော့ သူ တစ်ခါမှ မဝင်ဖူးပေ။
ဘာလို့လဲဆိုတော့ ဒီတားမြစ်နယ်မြေတွေမှာ ကြီးမားတဲ့ အန္တရာယ်တွေရှိနေလို့ပဲ။ ရွှေနတ်ဘုရား ယဲ့ယွီဆီက ကြားသိရသလောက်ဆိုရင် ဒီတားမြစ်နယ်မြေတွေက ဟွန်တွန်ပြင်ပနတ်ဘုရားတွေနဲ့ ဆက်စပ်နေပြီး ဟွေ့ယွမ်ကပ်ဘေး နောက်ဆုံးကာလရောက်ရင် တားမြစ်နယ်မြေထဲမှာ အိပ်ပျော်နေတဲ့ ကြောက်မက်ဖွယ်သက်ရှိတွေ နိုးထလာတတ်ကြတယ်တဲ့။
......
နတ်ဘုရားစုန်းမတားမြစ်နယ်မြေ အပြင်ဘက်။
လီချန်သည် လေထဲတွင် ဝဲပျံနေပြီး မြူခိုးများ ဖုံးလွှမ်းနေသော အဝေးမှတားမြစ်နယ်မြေကို ငုံ့ကြည့်လိုက်သည်။ ယခင်နှင့်မတူသည်မှာ ယခုအချိန်၌ တားမြစ်နယ်မြေအတွင်းမှ ထူးဆန်းသော ရတနာအလင်းရောင်များ ဖြာထွက်နေခြင်းဖြစ်သည်။
တားမြစ်နယ်မြေအတွင်းပိုင်းအခြေအနေကို မသိရသေးသဖြင့် သူ အနားမကပ်ရဲဘဲ အပြင်ကသာ စောင့်ကြည့်နေလိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ တားမြစ်နယ်မြေအတွင်းမှ ရတနာအလင်းရောင်သည် သိသိသာသာ အားကောင်းလာသည်ကို သူ သတိထားမိလိုက်သည်။
"ရတနာတစ်ခုခု ပေါ်ထွက်လာတာများလား" လီချန် မေးစေ့ကို ပွတ်သပ်လိုက်သည်။
ဒါပေမဲ့ လောလောဆယ် ကောင်းကင်တာအိုနယ်ပယ်က ဒီဘက်အထိ မချဲ့ထွင်ရသေးဘူး။ တားမြစ်နယ်မြေထဲမှာ ပြိုင်ဘက်ကင်းရတနာရှိနေရင်တောင်မှ သူ ဝင်လုရဲမှာ မဟုတ်ပါဘူး။
ဘေးကင်းရေးက အဓိကပဲ။
သူ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်လိုက်သော်လည်း ကြီးမားသော ပြောင်းလဲမှု မရှိသဖြင့်၊ ကောင်းကင်တာအိုနယ်ပယ်သို့ ပြန်သွားပြီး လင်ရွှီကို အနီးကပ် စောင့်ကြည့်ခိုင်းထားလိုက်သည်။
....
၃၃ ဘုံ။
အင်မော်တယ်နန်းတော်။ ဝမ်ရှန်း ရတနာခန်းမဆောင်။
နတ်ဘုရားဂိုဏ်း အသီးသီးမှ ရွှေနတ်ဘုရားများသည် စုဝေးရောက်ရှိနေကြပြီး အရေးပေါ် အစည်းအဝေး ကျင်းပနေကြသည်။
လူလုံးပြခဲလှသော အထူးနတ်ဘုရားဂိုဏ်းကြီး ၄ ခုမှ ရွှေနတ်ဘုရားများပင် တက်ရောက်လာကြသည်။
"ခုလေးတင် သတင်းရလိုက်တယ်။ နတ်ဘုရားစုန်းမတားမြစ်နယ်မြေမှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ဖြစ်နေတယ်"
"မြေနတ်ဘုရားကမ္ဘာက တားမြစ်နယ်မြေတွေက ဟွန်တွန်အဖွဲ့အစည်းနဲ့ ပတ်သက်နေတာလေ။ အခုက ဟွေ့ယွမ်ကပ်ဘေး အစောပိုင်းကာလပဲ ရှိသေးတာ၊ ဘာလို့ တားမြစ်နယ်မြေက လှုပ်ရှားလာရတာလဲ"
"နတ်ဘုရားစုန်းမတားမြစ်နယ်မြေမှာ ဘာတွေထူးခြားနေလို့လဲ"
"တားမြစ်နယ်မြေထဲကနေ ထူးဆန်းတဲ့ ရတနာအလင်းရောင်တွေ ထွက်ပေါ်နေတယ်။ ရွှမ်တိတမန်တော်ရဲ့ သုံးသပ်ချက်အရ... ပေါင်လင်းမယ်တော် ကြိုတင်နိုးထလာတာ ဖြစ်နိုင်တယ်တဲ့"
"ဘာ... ပေါင်လင်းမယ်တော် ကြိုတင်နိုးထလာတာလား။ ဒါ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"တကယ်လို့ ပေါင်လင်းမယ်တော်သာ ကြိုတင်နိုးထလာရင် ပြဿနာအကြီးကြီးတက်တော့မယ်။ တခြား တားမြစ်နယ်မြေတွေမှာရော အလားတူအခြေအနေရှိနေလား"
"တခြားနေရာတွေကတော့ သတင်းမရသေးဘူး။ ဒါပေမဲ့ ဒီကိစ္စကို ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားမှဖြစ်မယ်။ ပေါင်လင်းမယ်တော် တကယ်နိုးထလာခဲ့ရင် ကျွန်တော်တို့မှာ တုံ့ပြန်နိုင်မယ့်နည်းလမ်း ရှိအောင်လို့လေ..."
"ဘယ်လိုတုံ့ပြန်မှာလဲ။ ပေါင်လင်းမယ်တော်က တစ္ဆေမသေမျိုး ဖြစ်နေရင်တောင် အဆင့် ၉ နိယာမ ပိုင်ဆိုင်တဲ့ မသေမျိုးဧကရာဇ်(ကွေ့ရှန်း)အဆင့် ရှိနေတာ။ ငါတို့ အင်မော်တယ်နန်းတော်က ရွှေနတ်ဘုရားတွေ အကုန်ပေါင်းတိုက်ရင်တောင် နိုင်မှာမဟုတ်ဘူး"
"ဟုတ်တယ်။ တစ္ဆေမသေမျိုးတွေက အရမ်းထူးခြားတယ်။ ကမ္ဘာ့စည်းမျဉ်းရဲ့ ဖိနှိပ်မှုကို မခံရဘူး။ ဒါက ဟွန်တွန်အဖွဲ့အစည်းက နောက်ဆုံး ရိတ်သိမ်းဖို့အတွက် သုံးတဲ့ လက်နက်ပဲ"
"အခု နည်းလမ်းတစ်ခုပဲ ရှိတော့တယ်။ အဲဒါကတော့ ၃၃ ဘုံကနေ မြေနတ်ဘုရားကမ္ဘာ၊ နတ်ဘုရားစုန်းမတားမြစ်နယ်မြေဆီသွားတဲ့ ဟင်းလင်းပြင်နေရာရွှေ့ပြောင်းခြင်းတံခါးကို အပြီးတိုင် ပိတ်ပစ်လိုက်ဖို့ပဲ..."
"ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် မြေနတ်ဘုရားကမ္ဘာက အရင်းအမြစ်တွေကို ငါတို့ ရနိုင်တော့မှာ မဟုတ်ဘူး"
အင်မော်တယ်နန်းတော် အင်အားစုအသီးသီးအတွက် မြေနတ်ဘုရားကမ္ဘာဆိုတာ ထိပ်တန်း အဆင့်မြင့်အရင်းအမြစ်တွေ ထွက်ရှိရာနေရာပဲ။ တချို့ အထူးအရင်းအမြစ်တွေက မြေနတ်ဘုရားကမ္ဘာမှာပဲ ရနိုင်တာ။
ဘာပဲပြောပြော မြေနတ်ဘုရားကမ္ဘာဆိုတာ နတ်ဘုရားကမ္ဘာအပိုင်းအစ တစ်ခုပဲလေ။
ကမ္ဘာ့အဆင့်အတန်းအရပြောရရင် သာမန်ကမ္ဘာကြီးတွေထက် အများကြီး သာလွန်တယ်။
မြေနတ်ဘုရားကမ္ဘာကို လက်လွှတ်လိုက်ရရင် အင်မော်တယ်နန်းတော်က ဂိုဏ်းကြီးတွေ အတော်လေး ခေါင်းကိုက်ရလိမ့်မယ်။
"ပြီးတော့... ဒါက တစ္ဆေမသေမျိုး ၃၃ ဘုံကို ဝင်မလာနိုင်အောင် ခဏတဖြုတ် တားဆီးတာပဲ ရမှာ... တကယ်လို့ ပေါင်လင်းမယ်တော်က တကယ် နိုးထလာတာ မဟုတ်ရင်ရော"
"ငါတို့က ဒီလိုစွန့်စားမှုမျိုး မလုပ်နိုင်ဘူး... ပေါင်လင်းမယ်တော် တကယ်နိုးထလာရင် ငါတို့ တားဆီးနိုင်မှာ မဟုတ်ဘူး။ အဲဒီကျရင် ဖြစ်ပေါ်လာမယ့် ပျက်စီးဆုံးရှုံးမှုက အင်မော်တယ်နန်းတော် လက်ခံနိုင်တဲ့ ပမာဏ မဟုတ်ဘူး။ ဟွေ့ယွမ်ကပ်ဘေး နောက်ဆုံးကာလ မရောက်ခင်မှာတင် ငါတို့ ၃၃ ဘုံကြီး လုံးဝ ပျက်စီးသွားလိမ့်မယ်"
"ကျွန်တော်လည်း လမ်းကြောင်းပိတ်လိုက်ဖို့ အကြံပြုပါတယ်။ အနည်းဆုံးတော့ အစောပိုင်းကာလကို ကျော်ဖြတ်နိုင်အောင် ဆွဲထားရမယ်..."
ဆွေးနွေးငြင်းခုံမှုတွေကြားမှာ အင်မော်တယ်နန်းတော် အဖွဲ့ဝင်တွေ သဘောတူညီချက် တစ်ခု ရလိုက်ကြသည်။ ၃၃ ဘုံကနေ မြေနတ်ဘုရားကမ္ဘာ၊ နတ်ဘုရားစုန်းမတားမြစ်နယ်မြေဆီ သွားတဲ့ ဟင်းလင်းပြင်နေရာရွှေ့ပြောင်းခြင်းတံခါးကို ပိတ်ပစ်လိုက်ဖို့ ဖြစ်သည်။
အရန်အစီအစဉ်အနေနဲ့ နတ်ဘုရားဂိုဏ်းကြီးတစ်ခုစီက ရွှေနတ်ဘုရားတစ်ပါးစီကို မြေနတ်ဘုရားကမ္ဘာမှာ အစောင့်ချထားရမယ်။ တကယ်လို့ နတ်ဘုရားစုန်းမတားမြစ်နယ်မြေထဲက ပေါင်လင်းမယ်တော် တကယ် နိုးထမလာဘူးဆိုရင်၊ ဟင်းလင်းပြင်တံခါးကို ပြန်ဖွင့်လို့ရအောင်ပေါ့။
ဒါပေမဲ့ တကယ်လို့ ပေါင်လင်းမယ်တော်သာ တကယ်နိုးထလာခဲ့ရင်... ဒီအစောင့်ချထားတဲ့ ရွှေနတ်ဘုရားတွေ သေချာပေါက် အသတ်ခံရတော့မယ်။
ဒီလို ထူးခြားတဲ့ တစ္ဆေမသေမျိုးတွေက အရမ်း ကြောက်စရာကောင်းတာ။ ဟွန်တွန်ပြင်ပနတ်ဘုရားတွေရဲ့ လွှမ်းမိုးမှု ခံထားရပြီး၊ ရွှေနတ်ဘုရားတွေကို အစာအဖြစ်စားသုံးတဲ့ သတ္တဝါဆိုးကြီးတွေ ဖြစ်သွားတတ်ကြတယ်။
ဆိုလိုတာက ဒီအစောင့်ချထားတဲ့ ရွှေနတ်ဘုရားတွေက စတေးခံသက်သက်ပါပဲ။
သေချာတာကတော့ ဒီရွှေနတ်ဘုရားတွေ စိတ်လိုလက်ရ အန္တရာယ်ခံဖို့အတွက် ဂိုဏ်းတွေက အကျိုးခံစားခွင့် အများကြီးပေးရမှာပေါ့။
ပြီးတော့ ရွေးချယ်ခံရတဲ့ ရွှေနတ်ဘုရားတွေကလည်း အများအားဖြင့် အဆင့် ၁ နိယာမသာ ရှိပြီး၊ ရှေ့ဆက်တိုးတက်ဖို့ မျှော်လင့်ချက်မရှိတော့တဲ့သူတွေ ဖြစ်ကြတယ်။
လီချန် ရံဖန်ရံခါ ထွက်ပြီး နတ်ဘုရားစုန်းမတားမြစ်နယ်မြေကို စောင့်ကြည့်လေ့ရှိသည်။
ရုတ်တရက် သူ သတိထားမိလိုက်သည်မှာ တားမြစ်နယ်မြေ ပတ်ဝန်းကျင်တွင် ရွှေနတ်ဘုရားများ ရောက်ရှိနေကြခြင်းဖြစ်သည်။
အစပိုင်းမှာ သူ ထင်တာက ဒီရွှေနတ်ဘုရားတွေက အဆင့်မြင့်အရင်းအမြစ်တွေ လာရှာကြတာ နေမှာပါလို့။ အရင်ကလည်း တားမြစ်နယ်မြေနယ်ပယ်ထဲမှာ ရွှေနတ်ဘုရားတွေ မကြာခဏ တွေ့ရတတ်တယ်လေ။
ဒါကြောင့်လည်း သူက ယွီဟွာနတ်ဘုရားနန်းတော် တပည့်တွေကို သိုသိုသိပ်သိပ် နေခိုင်းထားတာ။
ဒါပေမဲ့ ရွှေနတ်ဘုရားတွေ ပိုများလာပြီး၊ ၃-၄ ယောက် တစ်စု ဖွဲ့ကာ တားမြစ်နယ်မြေ ပတ်လည်မှာ ပေါ်လာကြတော့ လီချန် သတိထားမိလိုက်သည်။ ဒီလူတွေက တားမြစ်နယ်မြေထဲက ထူးဆန်းတဲ့ ရတနာအလင်းရောင်ကြောင့် ရောက်လာကြတာဖြစ်မယ်။
ဒါက ပုံမှန်ပါပဲ။ ရွှေနတ်ဘုရားတွေက ဒီနားမှာ ကျက်စားနေကြတာဆိုတော့ ရတနာအလင်းရောင်ကို သတိမပြုမိဘဲ ဘယ်နေမလဲ။
ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒီရွှေနတ်ဘုရားတွေက ပြန်မသွားကြဘဲ တားမြစ်နယ်မြေ ပတ်ဝန်းကျင်မှာ လှိုဏ်ဂူတွေတူးပြီး အမြဲတမ်း နေထိုင်ဖို့ ပြင်ဆင်နေကြတာကို တွေ့လိုက်ရသည်။
"ကြည့်ရတာ... ဒီရွှေနတ်ဘုရားတွေက ရတနာအလင်းရောင်ရဲ့ ဇာစ်မြစ်ကို သိထားပုံရတယ်" လီချန် စိတ်ထဲတွင် တွေးလိုက်သည်။
သူ သံသယဖြစ်မိတာတစ်ခုရှိတယ်။ ဒီရွှေနတ်ဘုရားတွေ အကုန်လုံးက အဆင့် ၁ နိယာမ ပိုင်ရှင်တွေချည်းပဲ ဖြစ်နေတာ။ နိယာမနယ်ပယ် ပိုင်ဆိုင်တဲ့ အဆင့် ၂ ရွှေနတ်ဘုရား တစ်ယောက်မှ မပါဘူး။
ဒါ နည်းနည်း ထူးဆန်းနေတယ်။
ဒါ နတ်ဘုရားစုန်းမတားမြစ်နယ်မြေနော်။
ရွှေနတ်ဘုရား အပါး ၂၀ နီးပါး စုဝေးရောက်ရှိနေပြီး တားမြစ်နယ်မြေထဲက ထူးဆန်းတဲ့ ရတနာအလင်းရောင်ကို ကိုင်တွယ်ဖို့ ပြင်ဆင်နေတာ၊ ဘာလို့ ပိုစွမ်းအားကြီးတဲ့ ရွှေနတ်ဘုရားတွေကို မလွှတ်တာလဲ။
.....
ဒီလိုနဲ့ လအနည်းငယ် ထပ်ကြာသွားသည်။
ရွှေနတ်ဘုရားတွေ တစ်ယောက်မှထွက်မသွားဘဲ တကယ် အမြဲတမ်းစခန်းချနေကြသည်။
လီချန်က အဆင့် ၆ နိယာမ ပိုင်ဆိုင်တဲ့ မဟာယာနနယ်ပယ်ကျင့်ကြံသူ ဖြစ်သလို အချိန်ခေါင်းလောင်းရဲ့ ဖုံးကွယ်နိုင်စွမ်းကြောင့် ဒီရွှေနတ်ဘုရားတွေကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ သူတို့ရဲ့ စကားပြောသံတွေကို ကြားရပြီးနောက်မှ အဖြစ်မှန်ကို သိရှိလိုက်ရသည်။
"မြေနတ်ဘုရားကမ္ဘာ ကနေ ၃၃ ဘုံ ကို သွားတဲ့ ဟင်းလင်းပြင်နေရာရွှေ့ပြောင်းခြင်းတံခါးကို လုံးဝ ပိတ်ပစ်လိုက်ပြီတဲ့လား"
"ပြီးတော့... ဒီနတ်ဘုရားစုန်းမတားမြစ်နယ်မြေထဲမှာ ကြောက်မက်ဖွယ် တစ္ဆေမသေမျိုးတစ်ပါး ပုန်းအောင်းနေတယ်တဲ့..."
"ဘာ... အဲဒီတစ္ဆေမသေမျိုးက ဒဏ္ဍာရီလာ ပေါင်လင်းမယ်တော်လား"
လီချန် အံ့သြတုန်လှုပ်သွားသည်။
ပေါင်လင်းမယ်တော်အကြောင်း သူ ကြားဖူးပါတယ်။ အနောက်ဘက် ရူလိုင်မသေမျိုးဧကရာဇ်ရဲ့ တာအိုလက်တွဲဖော်ဖြစ်သလို... ကလေးမလေး အားရို့ရဲ့ မိခင် ဖြစ်တယ်လို့ ဆိုကြတယ်။ (တခြားသူတွေ ပြောတာ ကြားဖူးတာပါ၊ ဟုတ်မဟုတ်တော့ မသိဘူး)
ဒါပေမဲ့ မကြာသေးမီက အားရို့ရဲ့တုံ့ပြန်ပုံတွေကို ကြည့်ရင်တော့ တော်တော် ထူးခြားနေတယ်။ သူမက မိဘတွေ ဘယ်တော့ပြန်လာမလဲဆိုပြီး ခဏခဏမေးနေတတ်တယ်။
.....
လီချန် ကောင်းကင်တာအိုနယ်ပယ်ထဲ ပြန်ရောက်တော့ အားရို့က ရှောင်ဟေးကို ပွေ့ချီပြီး ဆီးကြိုနေသည်ကို တွေ့လိုက်ရသည်။
ရှောင်ဟေးက တုန်ရီနေပြီး ခန္ဓာကိုယ်တောင့်တင်းနေကာ ကြောက်လန့်နေပုံရသည်။ ရှောင်ဟေးက အားရို့ကို အမြဲရှောင်နေတတ်သည်။
တကယ်တမ်းကျတော့ အားရို့က ရှောင်ဟေးကို ပွေ့ချီတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ နေ့တိုင်း ချီနေတာ။ အားရို့ပြောတာက သူမ ဖေဖေမေမေနဲ့ အတူနေတုန်းကလည်း ခွေးတစ်ကောင် မွေးဖူးတယ်တဲ့... ဒါပေမဲ့ အဲဒီခွေးက အဖြူရောင်တဲ့။
နောက်ပိုင်း အဲဒီခွေးဖြူလေး ပျောက်သွားတယ်တဲ့။
ကလေးမလေးတစ်ယောက်က ခွေးနက်ကြီးတစ်ကောင်ကို ပွေ့ချီထားတဲ့ မြင်ကွင်းက ကြည့်ရတာ နည်းနည်းတော့ ထူးဆန်းနေတယ်။
"ဦးဦးလီချန်... သမီး ဖေဖေနဲ့မေမေ ပြန်လာတော့မှာလားဟင်" အားရို့က ရုတ်တရက် မေးလိုက်သည်။
"ဟမ်... သမီး ဘယ်လိုလုပ်သိတာလဲ" လီချန် အံ့သြစွာ မေးလိုက်သည်။
ဒီတစ်ခေါက် အားရို့ရဲ့ မေးခွန်းက အရင်အခေါက်တွေနဲ့ မတူတော့ဘူး။
"သမီး စောစောက အိပ်နေတုန်း မေမေက သမီးကို နမ်းတယ်လို့ ကြားလိုက်ရတယ်..." အားရို့က ပြောပြောဆိုဆိုနဲ့ ရှောင်ဟေးကို ဘေးလွှတ်ပစ်လိုက်ပြီး ပျော်ရွှင်စွာ ကခုန်နေတော့သည်။
ရှောင်ဟေးကတော့ လွတ်မြောက်သွားသလိုမျိုး ချက်ချင်းထွက်ပြေးသွားတော့သည်။
လီချန် စိတ်လှုပ်ရှားသွားသည်။ ကြည့်ရတာ တကယ်ဖြစ်နိုင်ချေရှိနေပြီ။ ဒီနတ်ဘုရားစုန်းမတားမြစ်နယ်မြေထဲမှာ ပုန်းအောင်းနေတာက ပေါင်လင်းမယ်တော်ဖြစ်လာတဲ့ တစ္ဆေမသေမျိုးဖြစ်လောက်တယ်။ မဟုတ်ရင် အားရို့ ဒီလောက်တုံ့ပြန်မှာမဟုတ်ဘူး။
အားရို့ရဲ့တုံ့ပြန်မှု ပိုပြင်းထန်လာတာကို ကြည့်ရင် ပေါင်လင်းမယ်တော် (တစ္ဆေမသေမျိုး) နိုးထလာမှု အတိုင်းအတာက ပိုနက်ရှိုင်းလာပြီ ဆိုတာ ပြသနေတယ်။
"ယွီဟွာနတ်ဘုရားနန်းတော် တပည့်တွေကို ကောင်းကင်တာအိုနယ်ပယ်ထဲပြန်ခေါ်ပြီး အပြင်မထွက်ခိုင်းတာ ပိုကောင်းမယ်"
ပေါင်လင်းမယ်တော် ဘယ်အချိန် လုံးဝနိုးထလာမလဲဆိုတာ လီချန် မသိဘူး။ တကယ်လို့ နိုးထလာရင်... သူ ကောင်းကင်တာအိုနယ်ပယ်ထဲကနေ လုံးဝ ထွက်ခွာမှာ မဟုတ်ဘူး။
ပေါင်လင်းမယ်တော်ဖြစ်လာတဲ့ တစ္ဆေမသေမျိုးဆိုတာ ဘယ်လောက်တောင် ကြောက်စရာ ကောင်းမလဲ။
"အားရို့ ရှိနေတာက ဒီပေါင်လင်းမယ်တော်ကို ဆွဲဆောင်လိုက်သလို ဖြစ်မလား မသိဘူး" သူ စိုးရိမ်လာသည်။
အခု အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ နဲ့ ကောင်းကင်တာအိုနယ်ပယ် ပေါင်းစပ်ထားပြီး ကမ္ဘာအလွတ်တစ်ခုလို ဖြစ်နေတာ။
ဒီကောင်းကင်တာအိုနယ်ပယ်ထဲမှာ သူက ကောင်းကင်တာအို ဂုဏ်သတ္တိကြောင့် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုပေမဲ့...
ပေါင်လင်းမယ်တော်ဖြစ်လာတဲ့ တစ္ဆေမသေမျိုးတစ်ကောင်ကို ယှဉ်နိုင်ပါ့မလားဆိုတာ မသေချာဘူး။
ပေါင်လင်းမယ်တော်ဆိုတာ အနောက်ဘက် ရူလိုင်မသေမျိုးဧကရာဇ်ရဲ့ဇနီးဖြစ်လို့ မသေမျိုးဧကရာဇ်အဆင့် မရှိရင်တောင်မှ အလွန် စွမ်းအားကြီးတဲ့ နတ်ဘုရားတစ်ပါးဖြစ်မှာ သေချာတယ်။
အခု သူက မဟာယာနနယ်ပယ်ပဲ ရှိသေးတာ။ နတ်ဘုရားအဆင့်တောင် မရောက်သေးဘူး... ဘယ်လို ယှဉ်နိုင်မှာလဲ။
နတ်ဘုရားကိရိယာ အချိန်ခေါင်းလောင်းရှိနေရင်တောင် စိတ်မချရဘူး။
ကွာခြားချက်က ကြီးမားလွန်းတယ်။
ဒါကြောင့် ဒီတစ်ခေါက် သူ သတိထားမှရမယ်။ ရေတိမ်နစ်မခံနိုင်ဘူး။
.....
နောက်ပိုင်းအချိန်တွေမှာ လီချန် နတ်ဘုရားစုန်းမတားမြစ်နယ်မြေကို ပိုပြီး အနီးကပ် စောင့်ကြည့်နေခဲ့သည်။
မြူခိုးတွေကြားက ထွက်ပေါ်နေတဲ့ ရတနာအလင်းရောင်က ပိုပြီးအားကောင်းလာတယ်။
ကောင်းကင်တာအိုနယ်ပယ်ထဲက ကလေးမလေး အားရို့ကလည်း ပိုပြီး ဂနာမငြိမ်ဖြစ်လာတယ်။ ကောင်းကင်တာအိုနယ်ပယ် အစွန်းနားမှာ ခဏခဏလမ်းလျှောက်နေပြီး အပြင်ထွက်ဖို့ ကြိုးစားနေပေမဲ့ မထွက်ရဲဖြစ်နေတယ်။
ဒီလိုနဲ့ နတ်ဘုရားစုန်းမတားမြစ်နယ်မြေမှာ ထူးဆန်းတဲ့ ရတနာအလင်းရောင်ပေါ်လာတာ ၄ နှစ်ကျော် ကြာမြင့်သွားခဲ့ပြီ။
တစ်နေ့တွင် လီချန် အချိန်ခေါင်းလောင်းရှေ့မှာ တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံခြင်း ပြီးဆုံးသွားသည်။
သူ့ရှေ့တွင် ထူးဆန်းသော အလင်းရောင်မျက်နှာပြင်တစ်ခု ပေါ်လာပြီး အချက်အလက်များ ပြသနေသည်။
အိမ်ရှင်: လီချန်။
နတ်ဝိညာဉ် (ကောင်းကင်တာအို)။
မဟာယာနနယ်ပယ် (ကနဦးပိုင်း ၁၆/၁၀၀)။
အချိန်ခေါင်းလောင်း (နတ်ဘုရားကိရိယာ(၄၂၀၈၀၃/၁၀၀၀၀၀၀၀)။
ကောင်းကင်ဘုံအဌမဓား (အဆင့်ငယ်အောင်မြင်မှု ၉၆/၁၀၀)။
မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ဟွန်တွန်လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၉၉/၁၀၀)။
လင့်တုန်းလောကသစ်ပင် (အဆင့် ၆ ၄၃/၁၀၀)။
အရန်နိယာမများ: အားလုံး အဆင့် ၄ (၅၈/၁၀၀)။
ချန်ယွမ်အစီအရင်ကျမ်း (နှစ်ဆယ့်သုံးအခြေခံ ၉၀/၁၀၀)။
ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ(အဆင့်ဆယ့်တစ် ၉၀/၁၀၀)။
လက်နက်သန့်စင်သူ (အဆင့်ဆယ့်တစ် ၉၁/၁၀၀)။
အဂ္ဂိရတ်ဆရာ (အဆင့်ဆယ့်နှစ် ၇၀/၁၀၀)။
သားရဲထိန်းကျောင်းသူ (အဆင့် ၆ ၈၈/၁၀၀)။
ကောင်းကင်ဘုံအဌမဓား (လုရှန်ဓား) က အဆင့်ငယ်အောင်မြင်မှု (၉၆/၁၀၀) ရောက်နေပြီ။ အဆင့်ကြီးအောင်မြင်မှု ရောက်သွားရင် စွမ်းအားက အဆများစွာတက်လာမှာ သေချာတယ်။
ဒါကြောင့် သူ မျှော်လင့်ချက်ထားနေသည်။
လင့်တုန်းလောကသစ်ပင်ကတော့ တိုးတက်မှု တစ်မှတ်မှ မရှိဘူး။
အရန်နိယာမ ၇ ခုကတော့ ၁ မှတ် တိုးလာတယ်။
မတတ်နိုင်ဘူးလေ။ တစ္ဆေနယ်မြေကို သွားမရှင်းလင်းဘဲ ငရဲဘုံ မူလအနှစ်သာရ မစုပ်ယူရရင်၊ နိယာမတိုးတက်ဖို့က ကိုယ့်ဖာသာကျင့်ကြံရတာ အရမ်းခက်ခဲလွန်းတယ်။
ရှန်းကျွင်း၊ ရှန်းဝမ်တွေ ဘာလို့ ဒီလောက်ရှားပါးနေရလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။
မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရား ဖြစ်လာတဲ့သူတိုင်းက ပါရမီထူးချွန်ပြီး ကံကောင်းမှုတွေ အများကြီး ရထားကြသူတွေချည်းပဲ။
ဒါတောင်မှ လူဘယ်နှစ်ယောက်က နိယာမအဆင့်တွေမှာ တစ်ဆင့်ပြီးတစ်ဆင့် ပိတ်မိနေကြသလဲ။
အခု မြေနတ်ဘုရားကမ္ဘာက နတ်ဘုရားစုန်းမတားမြစ်နယ်မြေမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်နေတော့ သူက ကောင်းကင်တာအိုနယ်ပယ်ထဲကနေထွက်ပြီး တစ္ဆေနယ်မြေရှင်းလင်းဖို့ သွားလို့ မဖြစ်ဘူး။ ဒီဘက်ကကိစ္စပြီးမှပဲ သွားလို့ရမယ်။
သူ့စိတ်ထဲမှာ ဒွိဟ ဖြစ်နေတယ်။ နတ်ဘုရားစုန်းမတားမြစ်နယ်မြေထဲက တစ္ဆေမသေမျိုး လုံးဝ နိုးထမလာရင် ကောင်းမယ်လို့ မျှော်လင့်သလို (ဒါမှ ခန့်မှန်းမရတဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်စရာ မလိုမှာ)၊ ဒီလိုကြီး တရွတ်ဆွဲနေတာလည်း မကောင်းဘူးလို့ တွေးနေမိတယ်။ သူ့ရဲ့ အင်အားတိုးတက်မှုကို နှောင့်နှေးစေတယ်လေ။
ရုတ်တရက် လီချန် မျက်နှာပြောင်းလဲသွားသည်။ သူ့အာရုံခံစားမှုထဲမှာ ကောင်းကင်တာအိုနယ်ပယ်ထဲက ကလေးမလေး အားရို့က ကြီးမားတဲ့ လှုံ့ဆော်မှုတစ်ခု ခံလိုက်ရသလိုမျိုး၊ အိပ်ရာထဲကနေ ငိုယိုပြီး ပြေးထွက်လာကာ ကောင်းကင်တာအိုနယ်ပယ်အပြင်ဘက်ကို တည့်တည့်မတ်မတ် ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။
အရှိန်က အလွန်မြန်သည်။
ဒီအခိုက်အတန့်မှာ ကလေးမလေး အားရို့ဆီကနေ ကြောက်မက်ဖွယ်အရှိန်အဝါတွေ ထွက်ပေါ်လာပြီး၊ သူမရဲ့ခန္ဓာကိုယ်ပတ်လည်မှာ ဝိုးတဝါးသံကြိုးတွေပေါ်လာကာ သူမကို ချည်နှောင်ထားသကဲ့သို့ ဖြစ်နေသည်။
"ဒါ... တစ္ဆေမသေမျိုးပုံစံ ပေါ်လာတော့မှာလား" လီချန် စိတ်ထဲတွင် ရေရွတ်လိုက်သည်။
အားရို့ရဲ့အခြေအနေက ကြီးမားတဲ့လှုံ့ဆော်မှု ခံလိုက်ရတာ သေချာတယ်။ နတ်ဘုရားစုန်းမတားမြစ်နယ်မြေနဲ့ သက်ဆိုင်နေမှာပဲ။
ကောင်းကင်တာအိုနယ်ပယ်အပြင်ဘက်ကို ရောက်ခါနီးမှာ အားရို့ရဲ့အရှိန် ရုတ်တရက် လျော့ကျသွားပြီး အဲဒီသံကြိုးတွေက သူမကို ပြန်ဆွဲထားလိုက်သည်။
လီချန် ဒါကိုမြင်တော့ သက်ပြင်းချလိုက်ပြီး၊ စိတ်စွမ်းအားကို အသုံးပြုကာ ကောင်းကင်တာအို အာဏာစက်ဖြင့် ဓားအလင်းတန်းတစ်ချက် ဝှေ့ယမ်းလိုက်ရာ ဝိုးတဝါး သံကြိုးများအားလုံး ပြတ်တောက်သွားသည်။
သံကြိုးများ ပြတ်တောက်သွားသည်နှင့် ကလေးမလေး အားရို့သည် ကောင်းကင်တာအိုနယ်ပယ် မှ လုံးဝဖောက်ထွက်သွားသည်။ ထို့နောက် ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး၊ ဆံပင်မည်းများ အနီရောင်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
တပြိုင်နက်တည်းမှာပင် သူမ၏ ပတ်လည်၌ ကြောက်မက်ဖွယ် နတ်ဘုရားလက်နက် ၃ ခု ပေါ်လာသည်။
တစ်ခုက ကျီလဲ့တရားဟောခရုသင်း။
နောက် ၂ ခုက ကျောက်စိမ်းပုလင်းငယ် နဲ့ ပန်းပွားနီ တို့ ဖြစ်ကြပြီး၊ ပန်းပွားနီက အားရို့ရဲ့ ခေါင်းပေါ်မှာ တပ်ဆင်ထားသည်။
အရင်က လီချန် ဒီနတ်ဘုရားလက်နက် ၂ ခုကို မမြင်ဖူးခဲ့ဘူး။
ကျီလဲ့တရားဟောခရုသင်းကိုတော့ တစ်ကြိမ် မြင်ဖူးသည်။
ဒီ၃ ခုစလုံးက နတ်ဘုရားလက်နက်အဆင့်ရှိတယ်လို့ သူ ပြောရဲတာက သူ့မှာ နတ်ဘုရားကိရိယာ အချိန်ခေါင်းလောင်း ရှိနေလို့ပဲ။
သေချာတာကတော့ ဒီ၃ ခုက ပြီးပြည့်စုံတဲ့ နတ်ဘုရားလက်နက်တွေ မဟုတ်ဘူး။ နတ်ဘုရားလက်နက် အငွေ့အသက်ရှိပေမဲ့ မပြည့်စုံတဲ့ ခံစားမှုမျိုး ပေးနေတယ်။
နတ်ဘုရားတစ်ပိုင်းလက်နက် လို့ ပြောရမလား။
ဒါမှမဟုတ် မူလက စစ်မှန်တဲ့ နတ်ဘုရားလက်နက်တွေဖြစ်ပေမဲ့ စစ်ပွဲကြီးတွေကြောင့် ပျက်စီးသွားပြီး အငွေ့အသက်မပြည့်စုံတော့တာဖြစ်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုစွမ်းအားကြီးတဲ့ နတ်ဘုရားတစ်ပိုင်းလက်နက် ၃ ခုက ကလေးမလေး အားရို့ဆီမှာ ပေါ်လာတာကိုကြည့်ရင်၊ သူမ တစ္ဆေမသေမျိုးမဖြစ်ခင်က သူမရဲ့အဆင့်အတန်းက သာမန်မဟုတ်ဘူးဆိုတာ သိသာနေပြီ။
ကောင်းကင်တာအိုနယ်ပယ်မှ ဖောက်ထွက်သွားသော ကလေးမလေး အားရို့ သည် တုံ့ဆိုင်းမနေဘဲ နတ်ဘုရားစုန်းမတားမြစ်နယ်မြေရှိရာဘက်သို့ တဟုန်ထိုး ပျံသန်းသွားသည်။
လီချန် ဒီမြင်ကွင်းကို ကြည့်ပြီး သက်ပြင်းချလိုက်ကာ နောက်ဆုံးတွင် လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူက အချိန်မရွေး အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲ ပြန်ဝင်လို့ ရတာပဲ။
ဘေးကင်းဖို့အတွက် သူက အဝေးကနေပဲ လှမ်းလိုက်မယ်။ အရမ်းနီးနီးကပ်ကပ် မနေဘူး။
ပြီးတော့... နတ်ဘုရားစုန်းမတားမြစ်နယ်မြေမှာ ဘာတွေ ဖြစ်ပျက်နေလဲ၊ ဘာကြောင့် အားရို့ ဒီလောက်ပြင်းပြင်းထန်ထန် တုံ့ပြန်ရတာလဲဆိုတာကိုလည်း သူ သိချင်နေမိသည်။
***