ငါ့ကုမိသားစုဝင်တွေကို သူတစ်ပါး အနိုင်ကျင့်တာ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ
Vol. 25 Ch. 344
"ဂုဏ်ယူပါတယ် စံအိမ်သခင်... နတ်ဘုရားကျင့်စဉ် အောင်မြင်သွားတဲ့အတွက် ဝမ်းမြောက်မိပါတယ်ခင်ဗျာ"
ကုချင်းဖန် ကို မြင်သည်နှင့် ကုပန် သည် ချက်ချင်းပင် ဝပ်တွား ဦးတိုက်လိုက်ပြီး မျက်နှာတွင် အပြုံးများဖြင့် စကားများ ဆိုတော့သည်။
ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေသော ဓားရည်ရွယ်ချက် ကို ကုပန်မမြင်ဘဲ မနေနိုင်ပေ။ ကုချင်းဖန်၏ ခွန်အားမှာ နောက်တစ်ဆင့်သို့ ထပ်မံတက်လှမ်းသွားပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။
စံအိမ်သခင် ငယ်စဉ်ကပင် သူတော်စင်တစ်ဦး၏ နတ်ဘုရားအာရုံကို ချေမှုန်းနိုင်ခဲ့ရာ၊ ယခု ကျင့်စဉ်အဆင့် တိုးတက်လာသည့်အခါ မည်မျှအထိ အစွမ်းထက်နေမည်ကို ကုပန်ပင် ခန့်မှန်း၍ မရတော့ပေ။
သို့သော် သူသေချာ သိသည်မှာ တစ်ခုရှိသည်။ ၎င်းမှာ ကုချင်းဖန် သန်မာလေလေ ကုမိသားစုစံအိမ်တော်သည်ပို၍ တည်ငြိမ်ခိုင်မာလေလေ ဖြစ်သည်ဟူသောအချက်ပင်။
ကုမိသားစုစံအိမ်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့သည့် ကုပန်သည် ကုမိသားစု သွေးသားမဟုတ်သော်လည်း မိမိကိုယ်ကိုယ် ကုမိသားစုဝင်တစ်ဦးအဖြစ် အပြည့်အဝ ခံယူထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ကုမိသားစုစံအိမ် ပိုမိုကြီးပွားတိုးတက်လာသည်ကို မြင်တွေ့လိုသည်မှာ သဘာဝပင်။
"မင်းရဲ့ ကျင့်စဉ်အဆင့်က ဒီနှစ်တွေထဲမှာ သိပ်မတိုးတက်လာပါလား... ပျင်းနေတာလား။"
ကုချင်းဖန်က မျက်ခုံးတစ်ချက် ပင့်ကြည့်ရင်း ကုပန်၏ အခြေအနေအားလုံးကို ထိုးဖောက်မြင်နေသကဲ့သို့ မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ကုပန်က ခါးသက်သက် ပြုံးလိုက်ပြီး "ကျွန်တော့်ရဲ့ ပါရမီက ညံ့ဖျင်းလှပါတယ် စံအိမ်သခင်... အရှင်ကသာ အခွင့်အရေးတွေ မပေးခဲ့ရင် ကျွန်တော်ဟာ သိုင်းသခင် အဆင့်ကိုတောင် ရောက်မှာမဟုတ်ပါဘူး။ အခု သိုင်းအရှင်သခင် အဆင့်အထိ ရောက်နေတာကိုပဲ ကျေးဇူးတင်လှပါပြီ။ နောက်ထပ် တိုးတက်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး ထင်ပါတယ်" ဟု ဆိုသည်။
ကုပန်သည် မိမိအခြေအနေကို မိမိ သိရှိသည်။ သူ၏ ပါရမီမှာ သာမန်မျှသာဖြစ်ပြီး သိုင်းအရှင်သခင်အဆင့်သို့ ရောက်ခဲ့ခြင်းမှာလည်း ဆေးလုံးများ၏ အကူအညီကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် သိုင်းအရှင်သခင် အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ကြာမြင့်နေသော်လည်း နတ်ဘုရားအသွင်ပြောင်းခြင်းနယ်ပယ် သို့ မတက်လှမ်းနိုင်ခြင်း ဖြစ်သည်။ ကြီးမားသော အခွင့်အရေး မရှိပါက သူသည် ဤအဆင့်မှာပင် တစ်သက်လုံး နေသွားရနိုင်ဖွယ် ရှိသည်။
သို့သော်လည်း ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကုပန်သည် အလွန်ကျေနပ်နေပြီ ဖြစ်သည်။ အကြောင်းမှာ ပြည့်စုံသော ကျင့်ကြံခြင်းစနစ်အောက်တွင် သိုင်းအရှင်သခင် တစ်ဦးသည် အသက် လေးထောင်အထိ နေနိုင်သည် မဟုတ်ပါလား။ သာမန်လူသားတစ်ဦးအတွက်မူ ဤသည်မှာ ထာဝရအသက်နှင့် မခြားပေ။
အမှန်တကယ်ပင် နတ်ဘုရားအသွင်ပြောင်းခြင်းနယ်ပယ်သို့ ရောက်ရှိပါက အသက် ငါးထောင်အထိ နေခွင့်ရမည် ဖြစ်သည်။ သို့သော် ထိုနယ်ပယ်သို့ ရောက်ရန်မှာ ကုပန်မတွေးရဲသေးသည့် ကိစ္စပင်။ အသက် လေးထောင်ဆိုသည်မှာပင် အလွန်ရှည်လျားလှပြီ ဖြစ်သည်။ ယခုအချိန်အထိ ကုပန်သည် အသက် တစ်ရာပင် မပြည့်သေးချေ။
မိမိနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သော လူယုံကို ကြည့်ကာ ကုချင်းဖန်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး သူ၏ သွေးတစ်စက်ကို ကုပန်၏ ခန္ဓာကိုယ်ထဲသို့ တောက်ခေါက် ထည့်သွင်းပေးလိုက်သည်။
"ငါ့ရဲ့ ဒီသွေးတစ်စက်ကို မင်းဘာသာ ဖြည်းဖြည်းချင်း သန့်စင်လိုက်... ဒါဆိုရင် နတ်ဘုရားအသွင်ပြောင်းခြင်းနယ်ပယ်ကို အခက်အခဲမရှိ တက်လှမ်းနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်"
ကုပန်မှာ ထိတ်လန့်အံ့သြသွားပြီး ချက်ချင်းပင် ထပ်မံ ဦးတိုက်လိုက်သည်။ "ကျေးဇူးတင်လှပါတယ် စံအိမ်သခင်"
ကုချင်းဖန်၏ အထူးနည်းလမ်းဖြင့် သူ့ခန္ဓာကိုယ်ထဲတွင် ချိပ်ပိတ်ထားသော ထိုသွေးစက်မှာ ကြီးမားသော အင်အားများ ကိန်းအောင်းနေသည်။ ၎င်းကို ဖြည်းဖြည်းချင်း သန့်စင်နိုင်မည်ဆိုပါက နတ်ဘုရားအသွင်ပြောင်းခြင်းနယ်ပယ်သို့ ရောက်ရန်မှာ မလွဲဧကန်ပင်။
ဤသည်ကို မြင်သောအခါ ကုချင်းဖန် ဘာမှထပ်မပြောတော့ပေ။ ဤကဲ့သို့သော နည်းလမ်းမှာ ပါရမီညံ့သူတစ်ဦးကို အတင်းအကျပ် အဆင့်တက်စေခြင်း ဖြစ်သဖြင့် အခြေခံ မခိုင်မာဘဲ နောက်ထပ် အဆင့်တက်ရန် ခက်ခဲသွားစေနိုင်သည်။ သို့သော် ကုချင်းဖန်အတွက်မူ ကုပန်အတွက် ဤအန္တရာယ်များမှာ အရေးမကြီးပေ။ ကုပန်၏ ပါရမီအရဆိုလျှင် တစ်စုံတစ်ခု ထူးခြားခြင်းမရှိပါက နောက်ထပ် နှစ်ပေါင်းထောင်ချီ ကျင့်ကြံလျှင်ပင် နတ်ဘုရားအသွင်ပြောင်းခြင်းနယ်ပယ်သို့ ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဤကဲ့သို့သော နယ်ပယ်ကို အချိန်တစ်ခုတည်းဖြင့် တက်လှမ်း၍ မရနိုင်ပေ။ ထိုသို့သာ ဖြစ်ပါက ရှေးဟောင်းတောရိုင်းကမ္ဘာရှိ သိုင်းအရှင်သခင်တိုင်းသည် သူတို့၏ ရှည်လျားသော သက်တမ်းကြောင့် နတ်ဘုရားအသွင်ပြောင်းခြင်းနယ်ပယ်သို့ ရောက်ကုန်ကြမည် ဖြစ်သည်။ အမှန်စင်စစ် ဤကဲ့သို့ အဆင့်တက်မှုများသည် မွေးရာပါပါရမီနှင့် အခွင့်အရေးများအပေါ်၌သာ များစွာမူတည်သည်။
ထို့ကြောင့် ကုပန်သည် မူလကပင် နတ်ဘုရားအသွင်ပြောင်းခြင်းနယ်ပယ်သို့ ရောက်ရန် မျှော်လင့်ချက်မရှိသူဖြစ်ရာ ယခုကဲ့သို့ အခွင့်အရေးရခြင်းမှာ ဆိုးလှသည်တော့ မဟုတ်ပေ။ နောင်တရစရာ တစ်ခုတည်းမှာ ဤတစ်ခေါက် ကုယန်၏ အဆင့်တက်မှုတွင် နတ်ဘုရားအသွင်ပြောင်းခြင်းနယ်ပယ် အဆင့် (၉) သို့ တိုက်ရိုက်ရောက်စေမည့် ဆေးလုံး မရရှိခဲ့ခြင်းပင်။ ရရှိခဲ့ပါက ကုပန်ကို အခြေခံမခိုင်မာမှာ စိုးရိမ်စရာမလိုဘဲ တိုက်ရိုက် အဆင့်မြှင့်ပေးနိုင်မည် ဖြစ်သည်။
ထို့နောက် ကုပန်ထွက်သွားပြီးနောက် ကုချင်းဖန်သည် ကုမိသားစုစံအိမ်၏ နောက်ဘက်တောင်ကုန်းသို့ သွားကာ အသစ်ရရှိထားသော သေမင်းတမန်စစ်သည် သုံးထောင်ကို ထုတ်လွှတ်လိုက်သည်။
ထိုသုံးထောင်လုံးမှာ အသက် (၁၆) နှစ်အရွယ် လူငယ်လေးများနှင့် မိန်းကလေးငယ်များ ဖြစ်ကြသည်။ သူတို့အတွက် ကုချင်းဖန်က အထူးတလည် စီစဉ်ခြင်းမရှိဘဲ လျို့ဝှက်အစောင့်အရှောက်တပ် အဖြစ် ခန့်အပ်ပြီးနောက် လွတ်လပ်စွာ သွားလာခွင့် ပေးလိုက်သည်။ စံအိမ်တွင် ကျင့်ကြံလိုသူများ ကျင့်ကြံနိုင်ပြီး၊ အခွင့်အရေး ရှာလိုသူများလည်း ပြင်ပသို့ လွတ်လပ်စွာ ထွက်ခွာနိုင်သည်။
သို့သော်လည်း ဤသို့မလုပ်မီ ကုချင်းဖန်သည် တာအိုနန်းတော်နယ်ပယ် အထိ တက်လှမ်းနိုင်မည့် ကျင့်စဉ်တစ်ခုကို အားလုံးအား သင်ကြားပေးခဲ့သည်။ ကျင့်စဉ်တစ်ခု ရှိနေခြင်းက နောက်ဆုံးတွင် ကောင်းမွန်သော အရာပင်။
လူအားလုံး လူစုခွဲထွက်သွားသည်ကို ကြည့်ကာ ကုချင်းဖန်က "ဒီလူတွေထဲက ဘယ်နှစ်ယောက် တာအိုနန်းတော်နယ်ပယ်ကို ရောက်မလဲ၊ ဘယ်နှစ်ယောက် အနာဂတ်မှာ သူတော်စင်တွေ ဖြစ်လာမလဲဆိုတာ သိချင်မိတယ်" ဟု တွေးလိုက်သည်။
လူသုံးထောင်ဆိုသည်မှာ မျှော်လင့်ချက် သုံးထောင်ပင် ဖြစ်သည်။ သို့သော် အချို့မှာမူ အဆုံးအထိ လျှောက်လှမ်းနိုင်မည်မဟုတ်သည်မှာ သေချာလှသည်။ ရှေးဟောင်းတောရိုင်းကမ္ဘာသည် အချိန်တိုင်း အန္တရာယ်များဖြင့် ပြည့်နှက်နေရာ တာအိုနန်းတော်နယ်ပယ် ကျွမ်းကျင်သူများပင် ကျဆုံးနိုင်ပြီး သာမန်လူများအတွက်မူ ပို၍ပင် ဆိုဖွယ်ရာမရှိပေ။ သို့သော် ဤသည်မှာ ကုချင်းဖန် ဝင်ရောက်စွက်ဖက်နိုင်သော ကိစ္စမဟုတ်တော့ဘဲ သူ လုပ်ဆောင်ပေးသင့်သည်များကို လုပ်ပေးခဲ့ပြီဖြစ်ရာ ကျန်ရှိသည်မှာ သူတို့၏ ကိုယ်ပိုင်ကံတရားအပေါ်၌သာ မူတည်သည်။
...
နာရီအနည်းငယ် ကြာပြီးနောက်...
နန်းတော်မှ ကိုယ်စားလှယ်တစ်ဦး ရောက်ရှိလာသည်။
ကုယီ က ကုချင်းဖန်ကို ရိုသေစွာဖြင့် "ဒီအစေခံက အရှင်မြတ်ကို နှုတ်ခွန်းဆက်သပါတယ်... အရှင်မင်းကြီးက အရှင်မြတ်ကို နန်းတော်သို့ ဖိတ်ကြားလိုက်ပါတယ်၊ ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ ရှိလို့ပါ" ဟု တင်ပြသည်။
"ကောင်းပြီ"
ကုချင်းဖန်သည်လည်း နတ်ဘုရားအသွင်ပြောင်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားသော ကုယန်ကို တွေ့လိုနေပြီး မိမိ၏ မြေးမလေးနှစ်ယောက်ကိုလည်း တွေ့လိုနေသဖြင့် နန်းတော်သို့ လိုက်ပါသွားတော့သည်။
ကုရှန့်အန်းနှင့် ကုရှန့်ရှင်းတို့မှာ လက်ရှိတွင် စံအိမ်မှာ မရှိဘဲ မြို့တော်အတွင်းရှိ သူတို့၏ ကိုယ်ပိုင်အိမ်တော်များတွင် ရှိကြသော်လည်း သူတို့၏ အသက်အရွယ်မှာ ငယ်သေးသဖြင့် နန်းတော်အတွင်း၌သာ နေထိုင်နေကြခြင်း ဖြစ်သည်။