လီယန်နေမင်း၊ ရွှမ်ယင်၊ ဖရိုဖရုဲ...
Vol. 68 Ch. 958
လီယန်ရှေးဟောင်းနိုင်ငံ၏ ဘဏ္ဍာတိုက်တွင် လင်းယွမ်က ရတနာများနှင့် အမွေအနှစ်များ၏ အချက်အလက်များကို ကြည့်ရှုနေသည်။ စွမ်းဆောင်မှုရမှတ် တစ်သန်းရှိသောကြောင့် သူ၏ စံနှုန်းကလည်း မြင့်မားနေသည်။
" လီယန်နေမင်းကားချပ်..." လင်းယွမ်က အမွေအနှစ်များထဲမှ တစ်ခုကို ကြည့်လိုက်သည်။
ထိုကားချပ်ကို လီယန်ရှေးဟောင်းနိုင်ငံ၏ နတ်ဘုရားအရှင်သခင်တစ်ယောက်က လီယန်ဘိုးဘေးနှင့် ပေါင်းစည်းခြင်းကို ခံရစဉ် ဘိုးဘေး၏ ရှုထောင့်မှ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းက ဘိုးဘေး၏ ရှုထောင့်ကို အသုံးချပြီး ထိုနတ်ဘုရားအရှင်သခင် ရရှိခဲ့သော နားလည်မှုများနှင့် အကျိုးကျေးဇူးများ ပါဝင်နေသည်ယ
" ငါ့အတွက်တော့ အသုံးမဝင်ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
အခြားသူများအတွက် ထိုလီယန်နေမင်းကားချပ်က တန်ဖိုးရှိပေလိမ့်မည်။ သို့သော် လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ဆိုလျှင် ၎င်းက မလိုအပ်ပေ။ သူ့အတွက် ဘိုးဘေးနှင့် ပေါင်းစည်းခြင်းကသာ ပို၍ အကျိုးရှိပေလိမ့်မည်။
" လီယန်နေမင်း၊ ရွှမ်ယင်၊ ဖရိုဖရုဲ။ " လင်းယွမ်က အမွေအနှစ်တစ်ခုကို အာရုံစိုက်လိုက်သည်။
၎င်းက ဖရိုဖရဲလီယန်လမ်းစဉ်ကို လျှောက်လှမ်းခဲ့သော လီယန်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်တစ်ယောက် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဖရိုဖရဲလီယန်လမ်းစဉ်ကို တတိယအဆင့်သို့ ရောက်ရှိပြီးနောက် သူက ရွှမ်ယင်လမ်းစဉ်ကို လျှောက်လှမ်းပြီး ထိုနှစ်ခုကို ပေါင်းစည်းရန် ကြိုးစားခဲ့သည်။
" ဒီအမွေအနှစ်က ငါ့ရဲ့ လမ်းစဉ်နဲ့ နည်းနည်းတူတယ်။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။
သူလျှောက်လှမ်းနေသော ဖရိုဖရဲယင်ယ်ထိုက်ကျိက ဖရိုဖရဲလီယန်ရွှမ်ယင်နှင့် ကိုက်ညီနေသည်။ ကွဲပြားမှုများရှိသော်လည်း အမျိုးအစားက အတူတူပင် ဖြစ်သည်။ ထိုအမွေအနှစ်ကို နားလည်ခြင်းက ဖရိုဖရဲယင်ယန်ထိုက်ကျိကို အကျိုးရှိစေရုံသာမက အနာဂတ်ကျင့်ကြံမှုအတွက်လည်း အကျိုးရှိနိုင်သည်။
ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို အဆင့်သုံးဆင့် ခွဲခြားထားပြီး အဆင့်ပိုမြင့်လေ ပိုခက်ခဲလေဖြစ်သည်။ လမ်းစဉ်များစွာကို ကိုးကားနိုင်ခြင်းကြောင့် လင်းယွမ်၏ ကျင့်ကြံမှုက ပို၍ လွယ်ကူလာပြီး အရေးကြီးဆုံးအချက်မှာ လမ်းမှားသို့ မရောက်ခြင်းဖြစ်သည်။
" စွမ်းဆောင်မှုရမှတ် တစ်သန်းရှစ်သိန်း..." လင်းယွမ်က အမွေအနှစ်၏ တန်ဖိုးကို ကြည့်ပြီး မျက်ခုံးများ တွန့်သွားသည်။ ယခုအချိန်တွင် သူက စွမ်းဆောင်မှုရမှတ် တစ်သန်းကျော်သာ ရှိလေသည်။
" ငါနောက်ထပ် ရှစ်သိန်းလောက် ထပ်စုရဦးမယ်ထင်တယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။ ထိုအမွေအနှစ်ကို လေ့လာရန် စိတ်အားထက်သန်နေသော်လည်း စွမ်းဆောင်မှုရမှတ်က မလုံလောက်သောကြောင့် ရွေးချယ်စရာမရှိပေ။
" နဂါးငွေ့တန်း... " ထိုအချိန်တွင် ဧကရာဇ်၏ အသံက ထွက်ပေါ်လာသည်။ ဧကရာဇ်အနေဖြင့် ဘဏ္ဍာတိုက်တွင်ရှိသော လင်းယွမ်ကို ဆက်သွယ်နိုင်လေသည်။
" ရွှမ်ယင်ရှေးဟောင်းနိုင်ငံက အဆင့်တစ် ရတနာနယ်မြေ အနန္တမျက်လုံးကို နှစ်ပေါင်း တစ်ဘီလီယံ လက်လွှတ်ဖို့ သဘောတူလိုက်ပြီ။ ငါတို့ လီယန်ရှေးဟောင်းနိုင်ငံက အနန္တသလင်းကျောက် ပေါင်တစ်ရာလောက် ရမှာမလို့ မင်းကို စွမ်းဆောင်မှုရမှတ် တစ်သန်း ထပ်ချီးမြှင့်လိုက်ပြီ။ "
" စွမ်းဆောင်မှုရမှတ် တစ်သန်း..." လင်းယွမ်က သူ၏ စွမ်းဆောင်မှုရမှတ်များ နှစ်သန်းသို့ ရောက်သွားသည်ကို သတိပြုမိလိုက်သည်။
" အချိန်ကိုက်ပဲ။ " လင်းယွမ်က အမွေအနှစ်ကို ကြည့်လိုက်သည်။ " လဲလှယ်မယ်။ "
မကြာမီ လင်းယွမ်၏ စိတ်ထဲသို့ အချက်အလက်များစွာ စီးဝင်လာသည်။
" အံ့ဩစရာပဲ။ " လင်းယွမ်က သူ၏ စိတ်ထဲမှာ အချက်အလက်များကို လေ့လာကြည့်လိုက်သည်။
ထိုအမွေအနှစ်၏ ဖန်တီးသူမှာ လွန်ခဲ့သော ခေတ်ကာလများစွာက လီယန်ရှေးဟောင်းနိုင်ငံ၏ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်သည်။ သူ၏ ဖခင်က လီယန်ရှေးဟောင်းနိုင်ငံ၏ တော်ဝင်မျိုးဆက်ဖြစ်ပြီး မိခင်က ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
လီယန်ရှေးဟောင်းနိုင်ငံနှင့် ရွှမ်ယင်ရှေးဟောင်းနိုင်ငံတို့က ဘိုးဘေးနှစ်ယောက်မှ ဆင်းသက်လာကြခြင်းဖြစ်ပြီး ဆန့်ကျင်ဘက်လမ်းစဉ်များကို ကိုယ်စားပြုကြသည်။ သို့သော သွေးမျိုးဆက်အမွေအနှစ်က အံ့ဩစရာကောင်းလှပြီး အရာအားလုံးကို ပေါင်းစည်းနိုင်သည်။
လီယန်ရှေးဟောင်းနိုင်ငံ၏ တော်ဝင်မျိုးဆက်နှင့် ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ ကျင့်ကြံသူတို့ ပေါင်းဖက်ပြီးနောက် ထိုလူက လီယန်နေမင်းနှင့် ရွှမ်ယင် သွေးမျိုးဆက်နှစ်ခုလုံးနှင့် မွေးဖွားလာခဲ့သည်။
သူက လီယန်ရှေးဟောင်းနိုင်ငံတွင် ကြီးပြင်းခဲ့သောကြောင့် လီယန်နေမင်းလမ်းစဉ်ကိုသာ ကျင့်ကြံခဲ့သည်။ သွေးမျိုးဆက်၏ အနက်ရှိုင်းဆုံးတွင် ရှိနေသော ရွှမ်ယင်အနှစ်သာရက အာရုံစိုက်ခံခြင်း မခံခဲ့ရပေ။ ထို့နောက် သူက ဖရိုဖရဲလီယန်စွမ်းအားကို တတိယအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။
ထိုအခါ အမွေအနှစ် ဖန်တီးသူက လီယန်နှင့် ရွှမ်ယင်တို့က ဆန့်ကျင်ဘက်မဟုတ်နိုင်ကြောင်း ဝေဝါးစွာ ခံစားခဲ့ရသည်။ အရာအားလုံးက ဖရိုဖရဲမှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် ဆန့်ကျင်ဘက်မဖြစ်နိုင်ပေ။
" လီယန်၊ ရွှမ်ယင် တစ်ယောက်ယောက်က ဒီလမ်းစဉ်နှစ်ခုကို ပေါင်းစည်းနိုင်ခဲ့ရင် လမ်းစဉ်အားလုံးထက် ကျော်လွန်တဲ့ လမ်းစဉ်သစ်တစ်ခု ဖြစ်လာလိမ့်မယ်။ နှမြောစရာကောင်းတာက ငါ့ရဲ့ နားလည်နိုင်စွမ်းက မလုံလောက်ခဲ့ဘူး။ ပြီးပြည့်စုံတဲ့ ပေါင်းစည်းမှုကို ငါမလုပ်ဆောင်နိုင်ခဲ့ဘူး။ " လင်းယွမ်က အမွေအနှစ်ကို လေ့လာနေရင်း ထိုအမွေအနှစ်ဖန်တီးသူ၏ နောက်ဆုံးစကားများကို တွေ့လိုက်ရသည်။
" တကယ်လို့ ငါသာ ဘိုးဘေးရဲ့ အဆင့်ကို ရောက်ခဲ့ရင် လီယန်နဲ့ ရွှမ်ယင်ကို ပေါင်းစပ်နိုင်မှာ သေချာတယ်။ ဒါကြောင့် ငါက နောက်ဆုံးအဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားတော့မယ်။ " လင်းယွမ်က အမွေအနှစ်တစ်ခုလုံးကို လေ့လာပြီးနောက် ထိုလူက အလွှာဆယ့်သုံးကို ကြိုးစားရန် ပြင်ဆင်နေခြင်းဖြင့် အဆုံးသတ်ထားသည်။
" အောင်မြင်ခဲ့ပုံမရဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ ရင်းမြစ်ကမ္ဘာတွင် ရွှမ်ယင်ရှေးဟောင်းနိုင်ငံက နောက်ဆုံးထွက်ပေါ်လာသော နိုင်ငံဖြစ်ပြီး ယနေ့ထိ သတ္တမမြောက် ရှေးဟောင်းနိုင်ငံ ထွက်ပေါ်လာခြင်း မရှိသေးပေ။
" အလွှာဆယ့်သုံး..." လင်းယွမ်က သိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင်ဖြစ်စေ ရင်းမြစ်ကမ္ဘာတွင်ဖြစ်စေ ကျင့်ကြံသူအားလုံး၏ နောက်ဆုံးပန်းတိုင်မှာ အလွှာဆယ့်သုံး အချိန်သက်ရှိဖြစ်လာရန်ဖြစ်သည်။ အလွှာဆယ့်သုံးသို့ ရောက်ရှိပြီး အတိတ်နှင့် အနာဂတ်၏ အချိန်အတိုင်းအတာများကို မြင်တွေ့နိုင်သူများသာလျှင် ကျယ်ပြန့်သော လွတ်လပ်မှုကို ရရှိနိုင်မည်ဖြစ်သည်။
အလွှာဆယ့်သုံးအောက်ရှိ သက်ရှိများအတွက်မူ သူတို့၏ အမြင်အာရုံက ကန့်သတ်ထားခြင်းခံရပြီး အနာဂတ်ကို မြင်နိုင်ခြင်းမရှိဘဲ ပင်လယ်ထဲမှ လှေငယ်လေးတစ်စင်းကဲ့သို့ မည်သည့်အချိန် တိမ်းမှောက်သွားမည်ကို မသိနိုင်ပေ။
အချိန်၏ ရှုထောင့်မှကြည့်လျှင် အလွှာဆယ့်သုံးအောက်ရှိ သက်ရှိအားလုံးက မျက်မမြင်များကဲ့သို့ အမှောင်ထဲတွင် လျှောက်နေကြခြင်းဖြစ်ပြီး အလွှာဆယ့်သုံး အချိန်သက်ရှိများက အန္တရာယ်ဖြစ်စေ အခွင့်အလမ်းဖြစ်စေ ပတ်ဝန်းကျင်ကို မြင်နိုင်လေသည်။
" ဒီအမွေအနှစ်က ငါ့ကို အများကြီး အထောက်အကူဖြစ်စေတာ တန်ပါတယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။
" ကျန်တဲ့ စွမ်းဆောင်မှုရမှတ်တွေကို ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်တွေနဲ့ လဲလိုက်တော့မယ်။ "
လင်းယွမ်က သူ၏ စွမ်းဆောင်မှုရမှတ်များက အခြားအမွေအနှစ်များနှင့် လဲလှယ်ရန် မလုံလောက်သောကြောင့် ဖရိုဖရဲလျို့ဝှက်သင်္ကေတများနှင့်သာ လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။ ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်များကို လဲလှယ်ခြင်းက အရှုံးမရှိပေ။ ထိုကားချပ်များက ဖရိုဖရဲနိယာမကို နားလည်ရန် အလွန်အထောက်အကူ ဖြစ်စေလေသည်။
လင်းယွမ်က နန်းတော်သို့ ပြန်လာရင်း ဧကရာဇ်ပြောခဲ့သော စကားများကို စဉ်းစားနေသည်။ လီယန်ရှေးဟောင်းနိုင်ငံက အနန္တမျက်လုံးကို နှစ်ပေါင်း တစ်ဘီလီယံ စောင့်ကြပ်ခွင့်ရရှိခဲ့သည်။
အနန္တမျက်လုံးက ကြီးမားသော မျက်လုံးကြီးနှင့် ဆင်တူပြီး အနန္တသလင်းကျောက်များ ထွက်ရှိသည်။ အနန္တသလင်းကျောက်များကို သန့်သင်ခြင်းဖြင့် ရုပ်ခန္ဓာကို အနန္တနတ်ဘုရားခန္ဓာအဖြစ် ပြောင်းလဲနိုင်သည်။
အနန္တနတ်ဘုရားခန္ဓာက ရှေးဟောင်းနိုင်ငံ ခြောက်နိုင်ငံ၏ ထိပ်တန်းနတ်ဘုရားခန္ဓာများထဲမှ တစ်ခုဖြစ်ပြီး တိုက်ခိုက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့တွင် လီယန်နတ်ခန္ဓာကို မမီသော်လည်း အခြားနတ်ဘုရားခန္ဓာများကို လွှမ်းခြုံထားနိုင်သည်။ ရိုးရှင်းစွာ ပြောရလျှင် အနန္တနတ်ဘုရားခန္ဓာနှင့် အခြားနတ်ခန္ဓာများကို တပြိုင်နက် ပိုင်ဆိုင်နိုင်သည်။
ထို့ကြောင့် အနန္တသလင်းကျောက်က ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံတွင် အလွန်ကျော်ကြားပြီး တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးနိုင်သောကြောင့် ထိပ်တန်းနတ်ခန္ဓာတစ်ခု ထပ်တိုးမည့်အခွင့်အရေးကို ဘယ်သူမှ ငြင်းပယ်မည်မဟုတ်ပေ။
" ဒီရင်းမြစ်ကမ္ဘာက ရတနာနယ်မြေတွေက သက်ရှိတွေနဲ့ ကျင့်ကြံသူတွေအတွက် အရမ်းအကျိုးရှိတယ်။ အထူးသဖြင့် အဆင့်တစ် ရတနာနယ်မြေတွေပဲ။ ရှေးဟောင်းနိုင်ငံတွေကြားက နယ်မြေချဲ့ထွင်နေတဲ့ စစ်ပွဲတွေက အဲ့ဒီရတနာနယ်မြေတွေကြောင့်ပဲ။ " လင်းယွမ်က တွေးလိုက်သည်။
မည်သို့ပင်ဆိုစေ ရတနာနယ်မြေများကို ရွှေ့ပြောင်း၍မရပေ။ ရှေးဟောင်းနိုင်ငံတစ်ခုခုက ထိုဒေသကို အုပ်ချုပ်သရွေ့ ထိုရတနာနယ်မြေ၏ ပိုင်ဆိုင်ခွင့်ကို သဘာဝအတိုင်း ရရှိမည်ဖြစ်သည်။
ဥပမာ ရွှမ်ယင်ရှေးဟောင်းနိုင်ငံနှင့် လီယန်ရှေးဟောင်းနိုင်ငံ စစ်ဖြစ်ပြီး လီယန်ရှေးဟောင်းနိုင်ငံ ရှုံးနိမ့်သွားလျှင် ရွှမ်ယင်ရှေးဟောင်းနိုင်ငံက ဟေးယွီအသိုက်ကို သိမ်းပိုက်မည်ဖြစ်သည်။ ထိုအခါ ဟေးယွီအသိုက်က ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ ပိုင်ဆိုင်မှုဖြစ်သွားပြီး စောင့်ရှောက်သူဖြစ်သော လင်းယွမ်က ဆုတ်ခွာသွားရမည်ဖြစ်သည်။
ထို့အပြင မဆုတ်ခွာမီ ဟေးယွီများကို သယ်ဆောင်သွားခွင့်ရှိသော်လည်း ဟေးယွီအသိုက်ကို ဖျက်ဆီးခွင့်မရှိပေ။ ၎င်းက ရှေးဟောင်းနိုင်ငံ ခြောက်နိုင်ငံကြားရှိ သံမဏိ စည်းမျဉ်းတစ်ခုဖြစ်သည်။
မည်သည့်ရတနာနယ်မြေမဆို ဖျက်ဆီးခွင့်မရှိပေ။ မဟုတ်လျှင် ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံမှ အင်အားကြီးသူများ၏ လိုက်လံသုတ်သင်ခြင်းကို ခံရမည်ဖြစ်သည်။