လက်ရည်စမ်းခြင်း...
Vol. 68 Ch. 961
" မင်းအနေနဲ့ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်တစ်ယောက်ရဲ့ စွမ်းအားရှိကြောင်း သက်သေပြဖို့ ခဏလောက် တောင့်ခံနိုင်ရင် ဘာပြဿနာမှရှိတော့မှာမဟုတ်ဘူး။ " ဧကရာဇ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" နားလည်ပါပြီ။ " လင်းယွမ်က နားလည်လိုက်သည်။
လီယန်ရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစုများက အရင်းအမြစ်များကို ဦးစားပေးရရှိကြသော်လည်း သူတို့က အားမနည်းနေရန် လိုအပ်သည်။ မဟုတ်လျှင် အရင်းအမြစ်များ ဖြုန်းတီးရာရောက်ပေသည်။
" ဒါဆို သူတို့ကို အထဲဝင်ခိုင်းလိုက်တော့မယ်။ " ဧကရာဇ်က ခန်းမအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
မကြာမီ နတ်ဘုရားအရှင်သခင်များက တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ သူတို့ထဲမှ အများစုမှာ တံခါးပိတ်ကျင့်ကြံနေကြသော်လည်း အသစ်ထွက်ပေါ်လာသော အဆင့်တစ် ရတနာနယ်မြေကြောင့် ထွက်လာခဲ့ကြခြင်းဖြစ်သည်။
" အရှင်မင်းကြီး... " သူတို့က ဦးညွှတ်လိုက်ကြပြီး သူတို့၏ အကြည့်များက လင်းယွမ်ပေါ်သို့ ကျရောက်သွားကြသည်။
" နဂါးငွေ့တန်းလား။ "
" သူ့ရဲ့ သွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်ထိ ဖော်ထုတ်နိုင်ခဲ့တဲ့သူလား။ "
" ဧကရာဇ်က သူ့ကို အရင်တွေ့တယ်ဆိုတော့ ဆယ့်နှစ်နေရာထဲက တစ်နေရာကို သူ့အတွက် ကြိုတင်သတ်မှတ်ထားတဲ့ပုံပဲ။ "
နတ်ဘုရားအရှင်သခင်များက လင်းယွမ်ကို စိုက်ကြည့်နေကြပြီး သူတို့၏ စိတ်ထဲတွင် အတွေးများစွာ လှုပ်ရှားနေကြသည်။ ပြိင်ပွဲအတွက် နေရာဆယ့်နှစ်နေရာသာ ရှိပြီး လင်းယွမ်က တစ်နေရာယူလိုက်ခြင်းမှာ သူတို့အတွက် တစ်နေရာလျော့သွားခြင်းပင်ဖြစ်သည်။
" မိတ်ဆက်ပေးမယ်။ " ဧကရာဇ်က ပြုံး၍ ပြောလိုက်သည်။ " ဒါက နဂါးငွေ့တန်းပဲ။ ငါတို့ လီယန်ရှေးဟောင်းနိုင်ငံရဲ့ နတ်ဘုရားအရှင်သခင်အဆင့် ပထမဆုံး တော်ဝင်သွေးမျိုးဆက်ပဲ။ "
လင်းယွမ်ကို မိတ်ဆက်ပေးပြီးနောက် ဧကရာဇ်က အခြားနတ်ဘုရားအရှင်သခင်များကို စတင်မိတ်ဆက်ပေးလိုက်သည်။ အမှန်တကယ်တွင် မိတ်ဆက်ပေးရန်မလိုပေ။ နတ်ဘုရားအရှင်သခင်များ၏ ကျော်ကြားမှုနှင့်အတူ သူတို့၏ အော်ရာများကို အာရုံခံမိလိုက်ရုံဖြင့် မည်သူဖြစ်သည်ကို သိနိုင်လေသည်။
ယခုအချိန်တွင် ခန်းမထဲ၌ နတ်ဘုရားအရှင်သခင် ၃၀ ကျော်ရပ်နေကြသည်။ သူတို့ထဲတွင် ၂၀မှာ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်အဆင့်များဖြစ်ကြပြီး ကျန်ဆယ်ယောက်က ထိုအဆင့်သို့ နီးကပ်နေသူများဖြစ်ကြသည်။
လင်းယွမ်က နတ်ဘုရားအရှင်သခင်များကို ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်သည်။ ထိုနတ်ဘုရားအရှင်သခင်များထဲတွင် အသန်မာဆုံးအဖြစ် အသိအမှတ်ပြုခံထားရသူ သုံးယောက်ရှိသည်။ သူတို့က ချီယန်၊ ဟန်ယန်နှင့် ကွမ်လဲ့တို့ဖြစ်ကြသည်။ သူတို့၏ ဖရိုဖရဲလမ်းစဉ်စွမ်းအားများက အလွန်အစွမ်းထက်သောကြောင့် ရှေးဟောင်းနိုင်ငံ ခြောက်နိုင်ငံလုံးတွင် ကျော်ကြားကြသည်။
" ကောင်းပြီ။ ငါ စကားအများကြီး မပြောတော့ဘူး။ " ဧကရာဇ်က နတ်ဘုရားအရှင်သခင်များကို ကြည့်လိုက်သည်။ " ဒီတစ်ကြိမ်မှာ အဆင့်တစ် ရတနာနယ်မြေတစ်ခုပေါ်လာတာကြောင့် ငါတို့ လီယန်ရှေးဟောင်းနိုင်ငံက ယှည်ပြိုင်ဖို့ နေရာ ဆယ့်နှစ်နေရာရထားတယ်။ ကျန်တဲ့ ဆယ့်တစ်နေရာကို ငါမစွက်ဖက်ဘူး။ ဒါပေမယ့် နဂါးငွေ့တန်းက တစ်နေကာ သေချာပေါက် ယူရမယ်။ ကန့်ကွက်မယ့်သူရှိလား။ "
ဧကရာဇ်၏ စကားနှင့်အတူ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ နတ်ဘုရားအရှင်သခင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ အကြည့်များက ချီယန်၊ ဟန်ယန်နှင့် ကွမ်လဲ့တို့အပေါ်သို့ ကျရောက်သွားသည်။
ဧကရာဇ်၏ တောင်းဆိုမှုက အလွန်အကျွံတော့မဟုတ်ပေ။ နေရာဆယ့်နှစ်နေရာမှ တစ်နေရာသာ တောင်းခြင်းဖြစ်သည်။ အစပိုင်းတွင် သူတို့က တော်ဝင်မိသားစုဝင်များကို ပိုမိုထည့်သွင်းလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။
တော်ဝင်မိသားစုထဲတွင် နတ်ဘုရားအရှင်သခင်အဆင့်ရှိသူများ ရှိကြသည်။ သို့သော် သူတို့က ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို နားလည်ပြီး နတ်ဘုရားအရှင်သခင်အဆင့်သို့ ရောက်နေသူများ ဖြစ်ကြသည်။
" ဒါက မသင့်တော်ဘူး။ " ချီယန်က ရုတ်တရက် စကားပြောလိုက်သည်။
" နဂါးငွေ့တန်းရဲ့ အလားအလားနဲ့ဆို ပျိုးထောင်ပေးဖို့ တကယ်ထိုက်တန်ပါတယ်။ " ချီယန်က လင်းယွမ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ " ဒါပေမယ့် အဆင့်တစ်ရတနာနယ်မြေအတွက် ယှဉ်ပြိုင်တာက စွမ်းအားအပေါ်မှာပဲမူတည်တယ်။ ပြီးတော့ အခြားသူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်သင့်ဘူး။ "
" တကယ်လို့ ကျွန်တော်တို့က ဒီအဆင့်တစ်ရတနာနယ်မြေကို သိမ်းပိုက်န်ုင်ခဲ့ရင် ရတနာနယ်မြေနဲ့ အဲ့ဒီကထွက်တဲ့ ရတနာတွေကို နဂါးငွေ့တန်းအတွက် ခွဲဝေပေးဖို့ဆိုရင် လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ရတနာနယ်မြေအတွက် ယှဉ်ပြိုင်တဲ့ နေရာမှာတော့ ကိုယ့်ကိုကိုယ် သက်သေပြဖို့ လုံလောက်တဲ့ စွမ်းအားလိုအပ်တယ်။ "
ချီယန်က ဧကရာဇ်ကို ကြည့်ပြီး ဆက်ပြောလိုက်သည်။ " အရှင်မင်းကြီးအနေနဲ့ ရှေးဟောင်းနိုင်ငံရဲ့ အကျိုးစီးပွားကို ဦးစားပေလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ "
" အင်း " ဧကရာဇ်က ခေါင်းညိမ့်လိုက်သည်။ " နဂါးငွေ့တန်း မင်းဘယ်လိုထင်လဲ။ "
" ဒါဆိုရင် ချီယန်ရဲ့ အကြံပြုချက်အတိုင်း လုပ်ကြတာပေါ့။" လင်းယွမ်က ပြောလိုက်သည်။
ထိုစကားများကို ပြောလိုက်သည်နှင့် ခန်းမထဲမှ နတ်ဘုရားအရှင်သခင်များက အံ့အားသင့်သွားကြသည်။ ချီယန်ကလည်း လင်းယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ ဧကရာဇ်က သူ့ကို အကြောင်းပြချက်တစ်ခု ပေးပြီး ငြင်းပယ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ နဂါးငွေ့တန်းက အတော်လေး ယုံကြည်မှုရှိနေပုံရသည်။
" ငါ အများကြီး မတောင်းဆိုပါဘူး။ နဂါးငွေ့တန်းက ဟုန်လျန်ရဲ့ တိုက်ခိုက်မှုအောက်မှာ အသက်ရှူကြိမ်တစ်ရာလောက် တောင့်ခံနိုင်ရင် ရပါပြီ။ " ချီယန်က ပြောလိုက်သည်။
ချီယန်က အထွတ်အထိပ် နတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်ပြီး သူ၏ တိုက်ခိုက်မှုကို အသက်ရှူကြိမ်တစ်ရာ တောင့်ခံရန် အထွတ်အထိပ် နတ်ဘုရားအရှင်သခင် တစ်ယောက်၏ စွမ်းအား လိုအပ်သည်။
" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူကလည်း လီယန်ရှေးဟောင်းနိုင်ငံမှ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်တစ်ယောက်၏ စွမ်းအားကို မြင်တွေ့ချင်နေမိသည်။
" ဒါဆို နဂါးငွေ့တန်းနဲ့ ဟုန်လျန်ရဲ့ တိုက်ပွဲကို မြို့တော်ရဲ့ နတ်ဘုရားအရှင်သခင်အဆင့် အချိန်လေဟာနယ်မှာ သတ်မှတ်လိုက်မယ်။ " ဧကရာဇ်က ပြောလိုက်သည်။
ထို့နောက် နိယာမများကို ထိန်းချုပ်ထားသော အချိန်လေဟာနယ်တစ်ခုအတွင်း၌ ရုတ်တရက် ဧကရာဇ်နှင့် နတ်ဘုရားအရှင်သခင်များ ပေါ်လာကြသည်။
" ဟုန်လျန်ရဲ့ ဖရိုဖရဲဆင့်ကဲပြောင်းလဲမှုစွမ်းအားကတော့ ကြာပန်းနီကံကြမ္မာမီးတောက်ပဲ။ အဲ့ဒီမီးတောက်က ကာကွယ်မှုတွေကို လျစ်လျူရှုပြီး ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို တိုက်ရိုက် လောင်ကျွမ်းစေနိုင်တယ်။ "
လင်းယွမ်က ဟုန်လျန်၏ အချက်အလက်များကို တွေးလိုက်သည်။ ရှေးဟောင်းစစ်မြေပြင်တစ်ခုတွင် ဟုန်လျန်က နတ်ဘုရားအရှင်သခင်ခြောက်ယောက်ကို တစ်ယောက်တည်းနှင့် လောက်ကျွမ်းစေခဲ့သည်။
" နဂါးငွေ့တန်း " ဟုန်လျန်က လင်းယွမ်ကို ကြည့်လိုက်သည်။ " အဆင့်တစ် ရတနာနယ်မြေအတွက် ယှဉ်ပြိုင်မယ့်ကိစ္စနဲ့ ပက်သက်ရင်တော့ ငါအလျှော့ပေးမှာမဟုတ်ဘူး။ "
အကယ်၍ သာမန်လေ့ကျင့်မှုတစ်ခုသာဖြစ်လျှင် ဟုန်လျန်က တော်ဝင်မိသားစု၏ မျက်နှာကို ထောက်ထားပေလိမ့်မည်။ သို့သော် ယခုတိုက်ပွဲက အဆင့်တစ် ရတနာနယ်မြေ ယှဉ်ပြိုင်မှု တစ်နေရာနှင့် သက်ဆိုင်နေသည်။
" ငါလည်း အလျှော့ပေးမှာ မဟုတ်ပါဘူး။ " လင်းယွမ်က လေးနက်သော အမူအရာနှင့် ပြန်ပြောလိုက်သည်။
" ကောင်းတယ်။ " ဟုန်လျန်က ခေါင်းညိမ့်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။ " လောင်ကျွမ်းစေ။ "
ဝုန်း...
ကြာပန်းများနှင့် ဆင်တူသော မီးတောက်များက လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် စတင်လောင်ကျွမ်းလာသည်။ ထိုမီးတောက်များက ပုံသဏ္ဍန်မရှိသကဲ့သို့ ထိတွေ့၍လည်းမရပေ။
ဟုန်လျန်က လင်းယွမ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ ကြာပန်းနီကံကြမ္မာမီးတောက်၏ စွမ်းအားနှင့် သာမန်နတ်ဘုရားအရှင်သခင်များက ကြာရှည်စွာ တောင့်ခံနိုင်မည်မဟုတ်ပေ။
" နဂါးငွေ့တန်း အရှုံးပေးလိုက်တာနဲ့ ငါ မီးတောက်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်မယ်။ " ဟုန်လျန်က တိတ်ဆိတ်စွာ တွေးလိုက်သည်။ လင်းယွမ်က ရန်သူမဟုတ်သောကြောင့် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်ရန် စိတ်ကူးမရှိပေ။
" ဒါက ကြာပန်းနီကံကြမ္မာမီးတောက်လား။ " လင်းယွမ်က သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းစကြာဝဠာတို့ကို လောင်ကျွမ်းနေသော မီးတောက်များကို ခံစားလိုက်ရသည်။
ထိုမီးတောက်များက မည်သည့်အချိန်တွင် ပေါ်လာသည်ကို လင်းယွမ် မသိလိုက်ပေ။ သူ၏ ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်တွင်လည်း လောင်ကျွမ်းမှုမရှိဘဲ သူ၏ ခန္ဓာကိုယ်ပေါ်တွင် တိုက်ရိုက် လောင်ကျွမ်းလာခြင်းဖြစ်သည်။
" အယားပြေရုံလောက်ပါပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ကြာပန်းနီကံကြမ္မာမီးတောက်က အမှန်တကယ် ထူးခြားသော်လည်း လင်းယွမ်ကို ခြိမ်းခြောက်နိုင်ရန် နှစ်ပေါင်းသန်းချီ၍ လောင်ကျွမ်းရန် လိုအပ်ပေလိမ့်မည်။ လင်းယွမ်၏ အခြေခံအုတ်မြစ်က ကြောက်စရာကောင်းအောင် သန်မာလှသည်။ သူ၏ အတွင်းစကြာဝဠာက အလင်းနှစ် ထရီလီယံရှိသောကြောင့် ကြာပန်းနီကံကြမ္မာမီးတောက်ကို လောင်ကျွမ်းခွင့်ပေးထားလျှင်တောင် သူကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။
" ဟုန်လျန်ရဲ့ နည်းလမ်းတွေက တကယ်ထူးခြားတာပဲ။ " လင်းယွမ်က ချီးကျူးလိုက်သည်။
သူ၏ စွမ်းအားက သန်မာလှသည်မဟုတ်သော်လည်း ဘာမှမရှိရာမှ ပေါ်ပေါက်လာနိုင်သော ထိုစွမ်းရည်က လင်းယွမ်ကို အံ့အားသင့်စေခဲ့သည်။ ၎င်းက ကြာပန်းနီကံကြမ္မာမီးတောက်မဟုတ်ဘဲ လင်းယွမ်ကို ခြိမ်းခြောက်နိုင်သော နည်းလမ်းတစ်ခုဖြစ်ခဲ့လျှင် အမှန်တကယ် ခက်ခဲသွားနိုင်လေသည်။
" ဘာလဲ။ " လင်းယွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်ကို မြင်သောအခါ ဟုန်လျန်က ထိတ်လန့်သွားသည်။
ပုံမှန်အားဖြင့် အခြားနတ်ဘုရားအရှင်သခင်များ ကြာပန်းနီကံကြမ္မာမီးတောက်နှင့် ရင်ဆိုင်ရလျှင် ၎င်းကို အစွမ်းကုန်ခုခံရန် ကြိုးစားကြပေလိမ့်မည်။ သို့သော် လင်းယွမ်က ၎င်းကို လောင်ကျွမ်းခွင့်ပေးထားလေသည်။