ဓားချက် ၃၃၃ချက်...
Vol. 68 Ch. 962
" နဂါးငွေ့တန်းက ကြာပန်းနီကံကြမ္မာမီးတောက်ကို လုံးဝ မခံစားရဘူးလား။ " အဝေးမှ စောင့်ကြည့်နေကြသော နတ်ဘုရားအရှင်သခင်များအားလုံးမှ အမူအရာများ ပြောင်းလဲသွားကြသည်။ အစွမ်းထက်ဆုံးဖြစ်သော ရှီဟုန်၊ ဟန်ယန်နှင့် ကွမ်လဲ့တို့ပင်လျှင် ကြာပန်းနီကံကြမ္မာမီးတောက်ကို ကိုင်တွယ်ရန် အားထုတ်မှုများစွာ လိုအပ်သည်။
သို့သော် လင်းယွမ်က ကြာပန်းနီကံကြမ္မာမီးတောက်၏ လောင်ကျွမ်းမှုကို လုံးဝ ဂရုမစိုက်သကဲ့သို့ ဖြစ်နေသည်။
" နဂါးငွေ့တန်းရဲ့ အခြေခံက ဘယ်လောက်တောင် နက်ရှိုင်းလို့ ကြာပန်းနီကံကြမ္မာမီးတောက်ကိုတောင် လျစ်လျူရှုနိုင်ရတာလဲ။ " ရှီဟုန်က တွေးလိုက်မိသည်။
မူလက သူက လင်းယွမ်ကို အထင်သေးခဲ့မိသည်။ နတ်ဘုရားအရှင်သခင်အဆင့် တော်ဝင်မိသားစုဝင်တစ်ယောက်က သူတို့ကဲ့သို့ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်များ၏ အရိပ်အောက်တွင်သာ ရှိနေရမည်ဟု ထင်မှတ်ထားခဲ့သည်။
" ဟုန်လျန် ငါ့အလှည့်ပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။
သူ၏ ညာလက်ကို မြှောက်၍ အချိန်လေဟာနယ်ကို ဓားသွားအဖြစ် အသုံးပြုပြီး အတွင်းစကြာဝဠာ၏ စွမ်းအားများနှင့်အတူ ဟုန်လျန်ကို ခုတ်ပိုင်းလိုက်သည်။ လင်းယွမ်၏ အချိန်လေဟာနယ်အပေါ် နားလည်မှုက နဝမအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် ၎င်းက အထွတ်အထိပ် နတ်ဘုရားအရှင်သခင်များကြားတွင် ထူးခြားနေမည်မဟုတ်သော်လည်း အတွင်းစကြာဝဠာ၏ စွမ်းအားက လင်းယွမ်၏ တိုက်ခိုက်မှုစွမ်းအားကို အဆပေါင်းများစွာအထိ မြင့်တက်သွားစေခဲ့သည်။
" အဲ့ဒါက..." ဟုန်လျန်က သူငယ်အိမ်များ ကျုံ့သွားသည်။ လင်းယွမ်၏ တိုက်ခိုက်မှုက အချိန်လေဟာနယ်အလွှာများကို ဖြတ်ကျော်ပြီး သူ့ထံသို့ ရောက်ရှိလာသည်။
ရွှပ်...
ဟုန်လျန်က အချိန်မီ ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ သူ၏ ညာလက်က ထိုအချိန်လေဟာနယ်ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရသည်။ ဟုန်လျန်၏ ခန္ဓာကိုယ်က ကြာပန်းနီကံကြမ္မာမီးတောက်များအဖြစ် ပြောင်းလဲသွားပြီး ခဏကြာသောအခါ သူ၏ ပုံရိပ်က ပြန်ပေါ်လာသည်။
" ဒါက ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားမဟုတ်လဲ ဘာလို့ ဒီလောက်အစွမ်းထက်နေတာလဲ။ " ဟုန်လျန်က မယုံကြည်နိုင်ဖြစ်နေသည်။ ၎င်းက အချိန်လေဟာနယ်နိယာမကို ရိုးရှင်းစွာ အသုံးပြုထားခြင်းသာ ဖြစ်သော်လည်း အံ့ဩစရာကောင်းလောက်အောင် စွမ်းအားကြီးမားနေသည်။
" ဒါက နတ်ဘုရားအရှင်သခင်အဆင့် ဘိုးဘေးသွေးမျိုးဆက်ကြောင့်လား။ " ဟုန်လျန်က တွေးလိုက်သည်။ ထိုကြီးမားသော စွမ်းအားက သွေးမျိုးဆက်ကြောင့် ဖြစ်လိမ့်မည်ဟု သူထင်လိုက်သည်။
" ခုခံလိုက်တာပေါ့။ " လင်းယွမ်က ဟုန်လျန်ကို ကြည့်လိုက်သည်။ " ဒီလောက်လွယ်လွယ်နဲ့တော့ ကိုင်တွယ်လို့ရမှာမဟုတ်ဘူး။ "
" လီယန်နေမင်း... " လင်းယွမ်၏ မျက်လုံးထဲတွင် လီယန်နေမင်း၏ အရိပ်အယောင်တစ်ခုထွက်ပေါ်လာသည်။
" ထပ်လာမယ်။ " လင်းယွမ်က ကမ္ဘာနတ်စွမ်းရည်ကို အသုံးပြုပြီး မျက်စိတစ်မှိတ်အတွင်း ဓားချက်ပေါင်း ၃၃၃ချက်ကို ခုတ်ပိုင်းလိုက်သည်။
ဝုန်း...
အချိန်လေဟာနယ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဓားချက် ၃၃၃ ချက်က ဟုန်လျန်ဆီသို့ ခုတ်ပိုင်းလာသည်။
" ဒီတိုက်ခိုက်မှုက... " ချီယန်၏ အမူအရာက လေးနက်သွားသည်။ ဘေးမှ စောင့်ကြည့်နေသူတစ်ယောက်အနေဖြင့် လင်းယွမ်၏ အချိန်လေဟာနယ်ဓားသွား၏ စွမ်းအားကို တိုက်ရိုက် ရင်မဆိုင်ရသော်လည်း အနည်းငယ်တော့ ခံစားမိလေသည်။
အချိန်လေဟာနယ်ဓားချက် တစ်ချက်တည်းကပင် ဟုန်လျန်ကို အနည်းငယ် ဒဏ်ရာရစေခဲ့ပြီး ယခု ဓားချက် ၃၃၃ ချက်က တပြိုင်နက် တိုက်ခိုက်လာချိန်တွင် ဟုန်လျန်အနေဖြင့် ၎င်းတို့ကို ခုခံရန် စစ်မှန်သော နည်းလမ်းများကို ထုတ်သုံးရပေလိမ့်မည်။
" နဂါးငွေ့တန်းက နိယာမနားလည်မှုအပိုင်းမှာလည်း အားမနည်းဘူးပဲ။ " ဟန်ယန်က ကောက်ချက်ချလိုက်သည်။ အချိန်လေဟာနယ် နဝမအဆင့်က အထွတ်အထိပ် နတ်ဘုရားအရှင်သခင်များကြားတွင် ပုံမှန်ဟု သတ်မှတ်နိုင်သော်လည်း သွေးမျိုးဆက်ကို ဖော်ထုတ်ကြသော တော်ဝင်သွေးမျိုးဆက်များကြားတွင် ၎င်းက ထူးကဲလှသည်။
" ဟားဟား ကောင်းတယ် အရမ်းကောင်းတယ်။ " ဧကရာဇ်က ထိုမြင်ကွင်းကို မြင်သောအခါ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
ယခင် လင်းယွမ်က ဟုန်လျန်နှင့် ရင်ဆိုင်ရာတွင် အသက်ရှူကြိမ်တစ်ရာထိ တောင်ခံနိုင်မည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ယခု အခြေအနေကို ကြည့်ခြင်းဖြင့် လင်းယွမ်က အသက်ရှူကြိမ်တစ်ရာ တောင့်ခံနိုင်မလားဟူသော မေးခွန်းမဟုတ်တော့ဘဲ သူတို့နှစ်ယောက်ထဲတွင် ဘယ်သူအနိုင်ရမလဲဟူသော မေးခွန်းသာ ဖြစ်တော့သည်။
" အဆုံးမဲ့ကြာပန်းနီ..." အချိန်လေဟာနယ်ဓားချက် ၃၃၃ ချက်ကို ရင်ဆိုင်ရချိန်တွင် ဟုန်လျန်က ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ သတိထားနေရသည်။ သူ၏ ရုပ်ခန္ဓာက ကြာပန်းနီကံကြမ္မာမီးတောက်မဖာယအဖြစ် ပြောင်းလဲသွားပြီး အချိန်လေဟာနယ်ထဲတွင် လွင့်မျောနေသည်။
ရွှပ် ရွှပ် ရွှပ်...
အချိန်လေဟာနယ်ဓားချက် ၃၃၃ချက်က ပြင်းထန်စွာ ပိုင်းဖြတ်သွားပြီး အချိန်လေဟာနယ်ကြားတွင် လွင့်မျောနေသော ကြာပန်းနီကံကြမ္မာမီးတောက်များကလည်း ထိုရိုက်ခတ်မှုကို ခံစားလိုက်ရသည်။ သို့သော် သူ၏ အချိန်လေဟာနယ်စွမ်းအားကို အသုံးပြုပြီး အချိန်လေဟာနယ်ဓားချက် ၃၃၃ချက်ကို မနည်းခုခံနိုင်ခဲ့သည်။
ဓားချက် ၃၃၃ချက် ပြီးသောအခါ ဟုန်လျန်၏ ပုံရိပ်က တစ်ဖန်ပြန်လည်စုစည်းလာသည်။
" ဟမ်..." ၎င်းကို မြင်သောအခါ လင်းယွမ်က ချက်ချင်းပင် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်သည်။
" နဂါးငွေ့တန်း ဆက်ပြီးတိုက်ခိုက်ဖို့ မလိုတော့ပါဘူး။ " ဟုန်လျန်က ချက်ချင်း ပြောလိုက်သည်။
လင်းယွမ် ယခုပြသခဲ့သော စွမ်းရည်အရ သူ၏ တိုက်ခိုက်မှုအောက်တွင် အသက်ရှူကြိမ်တစ်ရာ တောင့်ခံနိုင်ခြင်းထက် ပိုပေလိမ့်မည်။ ထို့အပြင် လက်ရှိတိုက်ပွဲအခြေအနေအရ ဆက်လက်တိုက်ခိုက်နေလျှင် သေစေနိုင်သော နည်းလမ်းများကို ထုတ်သုံးရတော့မည်ဖြစ်သည်။
သို့သော် ထိုနည်းလမ်းများက ရန်သူများအတွက်သာ ဖြစ်ပြီး အချင်းချင်း တိုက်ခိုက်ရန်အတွက် မဟုတ်ပေ။
" ချီယန် မင်းရော ဘယ်လိုထင်လဲ။ " ဟုန်လျန်က အဝေးတွင် ရှိနေသော ချီယန်ကို လှမ်းကြည့်လိုက်သည်။ နဂါးငွေ့တန်း၏ စွမ်းအားကို စမ်းသပ်ခြင်းက ချီယန်၏ အကြံဉာဏ်သာဖြစ်သည်။
" မှန်တယ် ဆက်တိုက်ဖို့ မလိုတော့ဘူး။ " ချီယန်က ခေါင်းညိမ့်လိုက်သည်။ သူက ဟုန်လျန်ကို လှုပ်ရှားခိုင်းရခြင်း၏ အကြောင်းရင်းမှာ ရတနာနယ်မြေကို ရရှိနိုင်မည့် အခွင့်အရေးကို မြှင့်တင်ရန်အတွက်ဖြစ်သည်။
လင်းယွမ်၏ စွမ်းအားက အထွတ်အထိပ် နတ်ဘုရားအရှင်သခင်အဆင့်သို့ ရောက်နေလျှင် ပြိုင်ပွဲတွင် ပါဝင်ရန် သူတို့က ကန့်ကွက်မည်မဟုတ်ပေ။ ချီယန်က အကျိုးအမြတ်များကို လိုချင်သော်လည်း ထိုရတနာနယ်မြေကို လီယန်ရှေးဟောင်းနိုင်ငံက သိမ်းပိုက်ရန်အတွက် မျှော်လင့်ထားသောကြောင့် သူလုပ်သမျှက နိုင်ငံ၏ အကျိုးစီးပွားအတွက်သာ ဖြစ်သည်။
" ကောင်းပါပြီ။ " လင်းယွမ်က ကမ္ဘာနတ်စွမ်းရည်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
လီယန်နေမင်းနှင့် ပေါင်းစည်းထားသောကြောင့် ထိုနတ်စွမ်းရည်က လီယန်နေမင်း၏ အော်ရာကို ထုတ်လွှတ်နေသည်။ အကယ်၍ သူက ဘိုးဘေးသွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်ထိ ထုတ်ဖော်ခြင်းမပြုရသေးဘူးဟုဆိုလျှင် ဘယ်သူမှ ယုံကြည်မည်မဟုတ်ပေ။
" နဂါးငွေ့တန်းရဲ့ စွမ်းအားက ကြောက်စရာပဲ။ ဟုန်လျန်အောက် မနိမ့်ဘူးလို့ ခံစားရတယ်။ "
" ဒါက နတ်ဘုရားအရှင်သခင်အဆင့် ဘိူးဘေးသွေးမျိုးဆက်လား။ အံ့ဩစရာပဲ။ "
နတ်ဘုရားအရှင်သခင်များက တုန်လှုပ်နေကြပြီး လင်းယွမ်၏ ကြောက်စရာကောင်းသော စွမ်းအားကိုလည်း ခံစားမိလိုက်ကြသည်။ အစတွင် ဧကရာဇ်က မျက်နှာသာပေးပြီး လင်းယွမ်ကို တစ်နေရာပေးလိုက်သည်ဟု ထင်သောကြောင့် သူတို့က မကျေမနပ်ဖြစ်ခဲ့ကြသည်။
သို့သော် ယခု လင်းယွမ်က ပင်မတော်ဝင်သွေးမျိုးဆက်မဟုတ်လျှင်တောင် သူ၏ စွမ်းအားတစ်ခုတည်းနှင့် နေရာဆယ့်နှစ်နေရာထဲမှ တစ်နေရာကို ရယူရန် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
" နဂါးငွေ့တန်း..." ချီယန်ကလည်း လင်းယွမ်ကို အံ့ဩစွာ ကြည့်နေခဲ့သည်။
သူက ယခင် လင်းယွမ်နှင့် ပက်သက်ဖူးပြီး ဟေးယွီအသိုက်ကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က တော်ဝင်သွေးမျိုးဆက်နှင့် ပြဿနာမဖြစ်လိုသောကြောင့် လျင်မြန်စွာပင် နေရာဖယ်ပေးခဲ့သည်။ ယခုအချိန်တွင် သူ၏ ဆုံးဖြတ်ချက်က မှန်ကန်သည်ဟု ခံစားလိုက်ရသည်။
" နဂါးငွေ့တန်း..." ဟုန်လျန်က လင်းယွမ်ကို လေးစားစွာ ကြည့်လိုက်သည်။ " ငါ အရင် နိယာမတွေကသာ အခြေခံကျတယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမယ့် အခု သွေးမျိုးဆက်ရဲ့ စွမ်းအားကလည်း နိယာမတွေအောက် မနိမ့်ကျဘူးဆိုတာ တွေ့လိုက်ရပါပြီ။ "
သူတို့၏ ယှဉ်ပြိုင်မှုတွင် လင်းယွမ်က နိယာမများကို အသုံးပြုခဲ့ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဟုန်လျန်က ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအား ကြာပန်းနီကံကြမ္မာမီးတောက်ကို အသုံးပြုပြီး လင်းယွမ်ကို လောင်ကျွမ်းစေခဲ့သည်။
" ဘိုးဘေးရဲ့ အဆင့်ကို ရောက်ဖို့ဆိုရင် နိယာမတွေကိုပဲ မှီခိုရဦးမှာပါ။ " လင်းယွမ်က ပြောလိုက်သည်။
သွေးမျိုးဆက်က အလွှာဆယ့်သုံး သွေးမျိုးဆက်ဖြစ်သော်လည်း သွေးမျိုးဆက်နောက်ကို လိုက်ခြင်းဖြင့် အလွှာဆယ့်သုံးသို့ ရောက်ရှိရန် လုံးဝမဖြစ်နိုင်ပေ။ အလွှာဆယ့်သုံးသို့ ရောက်ရှိရန် ကိုယ်ပိုင် ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို ထုတ်ဖော်ရမည်ဖြစ်ပြီး အချိန်စက်ဝန်း၏ ကန့်သတ်ချက်များကို ချိုးဖောက်ရမည်ဖြစ်သည်။
" ဘိုးဘေးရဲ့အဆင့်ကို ရောက်ဖို့က မလွယ်ပါဘူး။ " ဟုန်လျန်က ခေါင်းခါလိုက်သည်။
ရင်းမြစ်ကမ္ဘာ၏ ရှည်လျားသော ခေတ်များစွာတွင် ခြောက်ယောက်ကသာ ဘိုးဘေးအဆင့်ကို ရောက်ရှိခဲ့ပြီး ရှေးဟောင်းနိုင်ငံများကို တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။
" နဂါးငွေ့တန်း ဆက်ပြီး နှိမ့်ချနေဖို့မလိုပါဘူး။ " ချီယန်က ဘေးမှပြောလိုက်သည်။ " မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ငါတို့ကို ကျော်တက်သွားဖို့က အချိန်တစ်ခုပဲ လိုပါတယ်။ "
အနာဂတ်တွင် လင်းယွမ်က ဘိုးဘေးသွေးမျိုးဆက်ကို ဆက်လက်မဖော်ထုတ်နိုင်လျှင်တောင် သူ၏ လက်ရှိစွမ်းအားနှင့် ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို ပိုင်ဆိုင်သွားလျှင် သူ၏ စွမ်းအားက ချီယန်နှင့် အဆင့်တူ ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် လင်းယွမ်၏ အချိန်လေဟာနယ်အပေါ် နားလည်မှုနှင့် ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို နားလည်ရန် စိတ်ကူးယဉ်မှုတစ်ခု မဟုတ်တော့ပေ။
လင်းယွမ်ကလည်း တိတ်ဆိတ်စွာ နားထောင်နေသည်။ သူ၏ လက်ရှိစွမ်းအားက ဟုန်လျန်နှင့် တန်းတူအဆင့်သာ ရှိသည်။ အကယ်၍ အစွမ်းကုန်တိုက်ခိုက်လျှင် အနိုင်ရလိမ့်မည်ဟု ယုံကြည်ချက်မရှိသေးပေ။
ချီယန်ကိုမူ သူမယှဉ်နိုင်သေးပေ။ ချီယန်၏ စွမ်းအားက ဖရိုဖရဲဟင်းလင်းပြင်တွင် အနှိုင်းမဲ့မဟာသူတော်စင်အဆင့်သို့ နီးကပ်နေပြီး ဟန်ရှောင်နှင့် ယုလင်းတို့ထက်ပင် ပို၍ သန်မာလေသည်။