ရတနာနယ်မြေထဲသို့ ဝင်ရောက်ခြင်း...
Vol. 68 Ch. 967
ရှေးဟောင်းနိုင်ငံ ငါးနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက အဆင့်တစ် ရတနာနယ်မြေထဲသို့ ဝင်ရန် စိတ်ရှည်စွာ စောင့်ဆိုင်းနေကြစဉ် ရုတ်တရက် အချိန်လေဟာနယ်လှိုင်းများ ထွက်ပေါ်လာပြီး အားလုံးက ထိုနေရာသို့ အာရုံစိုက်လိုက်ကြသည်။
" အဲ့ဒါဘာလဲ။ " လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။
အချိန်လေဟာနယ်လှိုင်းများက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။ အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာမှ ပုံရိပ်၁၂ခု ထွက်ပေါ်လာပြီး အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက်က သူတို့ကို ဦးဆောင်လာသည်။
သူက မည်သည့်အော်ရာမှ ထွက်ပေါ်ခြင်းမရှိဘဲ တိတ်ဆိတ်စွာ ရပ်နေသော်လည်း သူ၏ နောက်မှ အထွတ်အထိပ် နတ်ဘုရားအရှင်သခင် ၁၁ ယောက်ကို လွှမ်းမိုးထားနိုင်သည့် စွမ်းအားရှိနေသည်။
" တကယ်သန်မာတာပဲ။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။ ထိုအနက်ရောင်ဝတ်ရုံနှင့်လူက သူ့ကို နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်နှင့် တူညီသော ခံစားချက်ကို ပေးစွမ်းနေသည်။
သို့သော် ဧကရာဇ်ရွှမ်ဟွမ်နှင့်တော့ နှိုင်းယှဉ်၍မရပေ။ လင်းယွမ်က ဧကရာဇ်ရွှမ်ဟွမ်နှင့် နောက်ဆုံးတွေ့ချိန်တွင် သူက အချိန်စက်ဝန်းမှ အတင်းအကျပ် ရုန်းထွက်လာပြီး အလွှာဆယ့်သုံးသို့ ခြေလှမ်းတစ်ဝက်နီးပါး ရောက်နေပြီဖြစ်သည်။
" အနှိုင်းမဲ့မဟာသူတော်စင်ရဲ့စွမ်းအားလား။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
ချီယန်၊ ကွမ်လဲ့နှင့် အခြားအထွတ်အထိပ်နတ်ဘုရားအရှင်သခင်များက အနှိုင်းမဲ့မဟာသူတော်စင်အဆင့်နှင့် နီးစပ်ရုံသာ ဖြစ်သည်။ သို့သော် ထိုအနက်ရောင်ဝတ်ရုံနှင့်လူက သေချာပေါက် အနှိုင်းမဲ့မဟာသူတော်စင်တစ်ယောက်ဖြစ်သည်။
" ဟားဟားဟား အားလုံးပဲ ငါတို့ တဖုရှေးဟောင်းနိုင်ငံက နည်းနည်းနောက်ကျသွားတယ်။ ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်။ " အနက်ရောင်ဝတ်ရုံနှင့်လူက ပြုံး၍ အခြားနတ်ဘုရားအရှင်သခင်များကို ပြောလိုက်သည်။
သူ၏ အသံက ထူးခြားသော စွမ်းရည်များရှိနေပြီး အဝေးမှ စောင့်ကြည့်နေကြသော နတ်ဘုရားအရှင်သခင်များက အတွေးများ ပျက်ယွင်းသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ နတ်ဘုရားအရှင်သခင်များအားလုံးက အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။
" သူက ဖုရှုလား။ "
" ဖုရှုရဲ့ စွမ်းအားက အထွတ်အထိပ် နတ်ဘုရားအရှင်သခင်တွေကိုတောင် ကျော်လွန်နေပြီ။ တဖုရှေးဟောင်းနိုင်ငံက ဒီရတနာနယ်မြေကို အဲ့လောက်တောင် အလေးထားနေတာလား။ "
" ဖုရှုက အဲ့ဒီအဆင့်ကို တက်လှမ်းဖို့ ပြင်ဆင်နေတယ်လို့ ပြောကြတာမဟုတ်ဘူးလား။ သူက ဘာလို့ဒီကို ရောက်လာတာလဲ။ " နတ်ဘုရားအရှင်သခင်များက ဖိအားများ ခံစားလိုက်ကြရသည်။ အထူးသဖြင့် မန်ဟွမ်းရှေးဟောင်းနိုင်ငံများမှ နတ်ဘုရားအရှင်သခင်များဖြစ်ကြသည်။
သူတို့က အဆင့်တစ် ရတနာနယ်မြေကို ရယူရန် စိတ်ပိုင်းဖြတ်ထားကြသော်လည်း ဖုရှုနှင့် ရင်ဆိုင်ရလျှင် ဖိအားများ ပိုမိုမြင့်တက်လာခဲ့သည်။
" ဖိအားတွေခံစားမနေနဲ့။ " ချီယန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ " ဒီအဆင့်တစ် ရတနာနယ်မြေအတွက် လီယန်ရှေးဟောင်းနိုင်ငံကလည်း ငါ့ကို အခြေခံအုတ်မြစ်အချို့ ယူလာခွင့်ပေးခဲ့တယ်။ "
တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များ ရောက်လာပြီဖြစ်သောကြောင့် ရတနာနယ်မြေပြိုင်ပွဲက တရားဝင်စတင်ပြီဖြစ်သည်။ တစ်ချိန်တည်းတွင် ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံမှ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်များအားလုံးက ရတနာနယ်မြေထဲသို့ ဝင်ရောက်သွားကြသည်။
" အချိန်ပြောင်းပြန်စီးဆင်းမှုလား။ " လင်းယွမ်က ပတ်ဝန်းကျင်မှ အချိန်စွမ်းအားများကို အာရုံခံမိလိုက်သည်။
အချိန်လေဟာနယ် နားလည်မှု အားနည်းသူများက ထိုစွမ်းအား၏ လွှမ်းမိုးမှုကို မရှောင်လွှဲနိုင်ဘဲ လွန်ခဲ့သော အချိန်အနည်းငယ်က နေရာသို့ ပြန်လည်ရောက်ရှိသွားကြမည်ဖြစ်သည်။
မကြာမီ လင်းယွမ်က အချိန်ပြောင်းပြန်စီးဆင်းမှုနယ်ပယ်ကို ဖြတ်ကျော်ပြီး ရတနာနယ်မြေထဲသို့ ခြေချလိုက်သည်။
" ဒီလောက်ကျယ်ပြောတဲ့ အချိန်လေဟာနယ်..." လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး တွေးလိုက်သည်။
အစပိုင်းတွင် အဆင့်တစ် ရတနာနယ်မြေတစ်ခု ထွက်ပေါ်လာချိန်၌ ရင်းမြစ်ကမ္ဘာနှင့် ချိတ်ဆက်နေသော်လည်း ထိုချိတ်ဆက်မှုက အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း မှေးမှိန်သွားပြီး အချိန်လေဟာနယ်ကလည်း ကျုံ့ဝင်သွားလေ့ရှိသည်။
" ဟုန်လျန်နဲ့ နဂါးငွေ့တန်း မင်းတို့နှစ်ယောက် အဲ့ဒီဘက်ကို ရှာလိုက်ကြ။ " ချီယန်က အမိန့်ပေးလိုက်ပြီး နတ်ဘုရားအရှင်သခင်များကို လူစုခွဲရှာဖွေခိုင်းလိုက်သည်။ ရတနာနယ်မြေ၏ အမြုတေများကို တွေ့ရှိလျှင် သူ့ကိုဖြစ်စေ ကွမ်လဲ့ကို ဖြစ်စေ အကြောင်းကြားရန် မှာကြားလိုက်သည်။
" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်ပြီး ဦးတည်ချက်တစ်ခုသို့ ထွက်ခွာသွားသည်။
ရတနာနယ်မြေ၏ အမြုတေများက မည်သည့်နေရာတွင်မဆို ရှိနေနိုင်သောကြောင့် ဖြည်းဖြည်းချင်း ပျံသန်းခြင်းဖြင့်သာ ရှာဖွေနိုင်သည်။ အကြောင်းမှာ အချိန်လေဟာနယ်ကို ဖြတ်ကျော်လိုက်လျှင် လွတ်သွားသော နေရာများစွာ ရှိနိုင်သောကြောင့် ဖြစ်သည်။
" ဒီအဆင့်တစ် ရတနာနယ်မြေက တကယ်ထူးခြားတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
လီယန်ရှေးဟောင်းနိုင်ငံ၏ သီးခြားဟင်းလင်းပြင်တစ်ခုတွင် ရတနာနယ်မြေပြိုင်ပွဲတွင် ပါဝင်နေကြသော နတ်ဘုရားအရှင်သခင်များက အချိန်မရွေးဆက်သွယ်နိုင်ရန် ထိုနေရာတွင် ကိုယ်ပွားတစ်ခုစီထားပေးခဲ့သည်။
" ငါ ရတနာနယ်မြေရဲ့ အမြုတေတစ်ခုကို ရှာတွေ့ပြီ။ " ဟုန်လျန်က ရုတ်တရက် မျက်လုံးများ ဖွင့်ပြီး ပြောလိုက်သည်။
" အဲ့လောက်တောင်မြန်လား။ " လင်းယွမ်က ဟုန်လျန်ကို ကြည့်လိုက်သည်။ ရတနာနယ်မြေထဲသို့ ဝင်ပြီး မကြာမီ အမြုတေတစ်ခုကို ရှာတွေ့ခြင်းမှာ ထူးခြားသော ကံကောင်းမှုကြောင့်သာ ဖြစ်နိုင်သည်။
" ငါ အခုချက်ချင်း လာခဲ့မယ်။ " ချီယန်က ချက်ချင်း ပြောလိုက်သည်။
တစ်ချိန်တည်းတွင် ရတနာနယ်မြေ၏ အခြေအနေများကို စောင့်ကြည့်နေသော ချီယန်က ဟုန်လျန်ရှိရာသို့ ဦးတည်သွားသည်။
" ရတနာနယ်မြေရဲ့အမြုတေက ဘယ်မှာလဲ။ " လင်းယွမ်က ဂရုတစိုက် စစ်ဆေးနေသည်။ " အဲ့ဒါက ရွှမ်ယင်ရှေးဟောင်းနိုင်ငံက နတ်ဘုရားအရှင်သခင်တစ်ယောက်လား။ "
ရုတ်တရက် လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ရှေ့တစ်နေရာတွင် ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်တစ်ယောက်က လင်းယွမ်နှင့် ဆုံမည့်လမ်းကြောင်းပေါ်တွင် ရှိနေသည်။ ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်က လင်းယွမ်ကို လှမ်းကြည့်လိုက်သော်လည်း ရပ်တန့်ခြင်းမရှိဘဲ သူ၏ လမ်းကြောင်းအတိုင်း ဆက်သွားခဲ့သည်။
လီယန်နှင့် ရွှမ်ယင် ရှေးဟောင်းနိုင်ငံများက အမြဲတစေ စစ်ဖြစ်နေကြသော်လည်း ယခုတစ်ကြိမ် ရတနာနယ်မြေထဲသို့ ဝင်လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အမြုတေများကို သန့်စင်ရန်အတွက်သာ ဖြစ်သည်။ အမြုတေများမရှိဘဲ တိုက်ခိုက်ခြင်းပြုလုပ်မည်မဟုတ်ပေ။
" တခြားနတ်ဘုရားအရှင်သခင်တွေနဲ့ ယှဉ်ရင် ငါ့ရဲ့ ရှာဖွေနိုင်စွမ်းက ပိုပြီးအားသာချက်ရှိတယ်။ " လင်းယွမ်က တွေးလိုက်သည်။ " ဒါပေမယ့် သူတို့ကို လျှော့မတွက်သင့်ဘူး။ သူတို့အားလုံးက နတ်ဘုရားအရှင်သခင်တွေဆိုတော့ ဘယ်လိုနည်းလမ်းတွေ ရှိမလဲဆိုတာ မသိနိုင်ဘူး။ "
ရတနာနယ်မြေ၏ အခြားနေရာတွင် တလင်းရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက ဆင်းသက်လာကြသည်။
" မင်းတို့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာတွေကို ငါ့ဆီမှာ ထားခဲ့ကြ။ " လင်းယုရ အခြားသူများကို ကြည့်ပြီး ပြောလိုက်သည်။ " ငါ့မှာ ရတနာနယ်မြေရဲ့ အမြုတေတွေကို နည်းနည်း အာရုံခံနိုင်တဲ့ လျို့ဝှက်နည်းစနစ်တစ်ခု ရှိတယ်။ "
" အဲ့ဒါကို အာရုံခံမိတာနဲ့ ငါအဲ့ဒီနေရာကို တိုက်ရိုက်သွားမယ်။ ပြီးတော့ မင်းတို့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာတွေကို ထုတ်ပြီး အမြုတေတွေကို သန့်စင်ခိုင်းမယ်။ ပြီးမှ အခြားနေရာကို ဆက်သွားကြမယ်။ "
" ကောင်းပြီ။ " အခြားသူများလည်း ခေါင်းညိမ့်လိုက်ကြသည်။ သူတို့က လင်းယုကို ဗဟိုပြု၍ အမြုတေများကို သန့်စင်ရန် ကြိုတင်စီစဉ်ထားပြီးသားဖြစ်သည်။
လင်းယု၏ အာရုံခံနိုင်စွမ်းအားက ကန့်သတ်ချက်များစွာ ရှိသော်လည်း ဖြည်းညင်းစွာ ပျံသန်းရှာဖွေခြင်းထက် များစွာ သာလွန်လေသည်။ ထိုရတနာနယ်မြေပြိုင်ပွဲတွင် လင်းယုက ဦးဆောင်နေသော်လည်း သူတစ်ယောက်တည်းအပေါ်တွင်သာ မှီခိုမနေဘဲ အစီအစဉ်များစွာ ပြုလုပ်ထားကြသည်။
" ဟမ် " လင်းယု၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ဦးတည်ရာတစ်ခုသို့ ကြည့်ကာ သူ၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။
" ဟားဟားဟား ငါ ရတနာနယ်မြေရဲ့ အမြုတေတစ်ခုကို ဒီလောက်မြန်မြန် ရှာတွေ့လိုက်တာပဲ။ " ကျင်းလဲ့ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်တစ်ယောက်က သူ၏ ရှေ့မှ ပုံရိပ်ယောင်တိုင်ကြီးကို စိုက်ကြည့်နေသည်။ ထိုပုံရိပ်ယောင်တိုင်က ရတနာနယ်မြေနှက့် ပေါင်းစည်းနေပြီး လုံလောက်အောင် နီးကပ်သွားမှသာ ရှာတွေ့နိုင်မည်ဖြစ်သည်။
" ငါ အခုသန့်စင်တော့မယ်။ " သူက ကျန်သော နတ်ဘုရားအရှင်သခင် ဆယ့်တစ်ယောက်ကို သတိပေးပြီး ချက်ချင်း သန့်စင်ရန် ကြိုးစားကြိုးလိုက်သည်။
ထိုအချိန်တွင် အချိန်လေဟာနယ်က တွန့်လိမ်သွား၍ လင်းယုက ပေါ်လာပြီး ကျင်းလဲရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သင်ကို ကြည့်လိုက်သည်။ "
" လင်းယုလား။ "နတ်ဘုရားအရှင်သခင်က လင်းယုကို သတိပြုမိသွားပြီး ချက်ချင်း ပြောလိုက်သည်။
" ဒီရတနာနယ်မြေအမြုတေက ငါတို့ ကျင်းလဲရှေးဟောင်းနိုင်ငံက ပိုင်ဆိုင်တယ်။ "
" အဲ့လိုလား။ " လင်းယုက အောက်သို့ငုံ့ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။ " အစောကတော့မင်းဟာပေါ့။ အခုငါ့ဟာဖြစ်သွားပြီ။ "
သူ၏ စကားဆုံးသည်နှင့် လင်းယု၏ ဘယ်ဘက်မျက်လုံးက လျင်မြန်စွာ ကျယ်ပြန့်လာပြီး ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထာယသော အကျဉ်းထောင်တစ်ခု ဖြစ်ပေါ်လာ၍ နတ်ဘုရားအရှင်သခင်ကို ချုပ်နှောင်သွားသည်။
"ဒါက ဘာလဲ။ " ကျင်းလဲ့ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်က ရှိသမျှ စွမ်းအားဖြင့် ရုန်းကန်နေသော်လည်း အချည်းနှီးသာဖြစ်ပြီး လင်းယု၏ ဘယ်ဘက်မျက်လုံးထဲသို့ လျင်မြန်စွာ စုပ်ယူခံလိုက်ရသည်။
" မင်းကို တစ်လလောက် ပိတ်လှောင်ထားနိုင်ရင် လုံလောက်ပြီ။ " လင်းယုက စိတ်ဝိညာဉ်အကျဉ်းထောင်ကို အာရုံခံပြီး ရေရွတ်လိုက်သည်။