ညှဉ်းပန်းနှိပ်စက်ခြင်း။
Vol. 5 Ch. 57
ချန်ဖေးက ဓားပေါ်ရှိ သွေးများကို ခါထုတ်လိုက်ပြီး အနောက်ခန်းထဲသို့ ဝင်သွားလိုက်သည်။
ထိုနေရာတွင် လူအချို့ လဲကျနေကြပြီး ထိုအထဲတွင် ချန်ဖေးနောက်သို့ လိုက်လာသော လူနှစ်ယောက်နှင့် ရေတိမ်ဂိုဏ်းထံ သတင်းသွားပို့မည့် လူနှစ်ယောက်တို့ ပါဝင်လေသည်။
ဒီနေရာမှာ ကျွမ်းကျင်သူ အတော်များများ ရှိနေကြသည်။ အရိုးသန့်စင်ခြင်း အဆင့် လေးယောက်တောင် ရှိ၏။ ရှင်းဖန်မြို့တွင် ဤကဲ့သို့သော ဆိုင်မျိုး အများအပြား ရှိသော်လည်း အရိုးသန့်စင်ခြင်း အဆင့် လေးယောက် ရှိနေခြင်းက အတော်လေး အထင်ကြီးစရာ ကောင်းပေသည်။
သို့သော်လည်း ချန်ဖေး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ သူတို့လေးယောက်လုံး၏ တိုက်ခိုက်ရေး စွမ်းရည်မှာ သာမန်မျှသာ ဖြစ်သွားခဲ့ရ၏။
ပေါင်းစပ်ထားသော ကျင့်စဉ် အများအပြားဖြင့် ချန်ဖေးသည် ယခုအခါ အဆင့်တူ လွတ်လပ်သော ကျင့်ကြံသူများထက် များစွာ ပိုမို စွမ်းအားကြီးမားနေပြီ ဖြစ်သည်။
ငွေပမာဏကို အမြန် စစ်ဆေးပြီးနောက် ချန်ဖေးသည် ရေတိမ်ဂိုဏ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို စတင် ရှာဖွေလိုက်သည်။ သူ ခုနက ဝယ်ယူခဲ့သော သတင်းအချက်အလက်များကို လုံးဝ စိတ်မချနိုင်ဖြစ်နေ၏။
ဆိုင်ရှင်၏ အမူအရာကို ထောက်ရှုကြည့်လျှင် ထိုသူမှာ ဂုဏ်သိက္ခာ နည်းပါးမည့်ပုံ ပေါက်နေသည်။
ချန်ဖေး အနောက်ခန်းကို ရှာဖွေလိုက်ရာ အခန်းတစ်ခန်းထဲတွင် စာရွက်စာတမ်းများ တင်ထားသည့် စင်အများအပြားကို တွေ့လိုက်ရ၏။
အမျိုးအစား ခွဲခြားထားမှု အတိုင်း လိုက်ရှာကြည့်ရာ ရေတိမ်ဂိုဏ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ချန်ဖေး အလွယ်တကူ ရှာတွေ့သွားသည်။
ချန်ဖေး ချက်ချင်း ထွက်ခွာရန် ရည်ရွယ်လိုက်သော်လည်း ခေတ္တမျှ ရပ်တန့်လိုက်ပြီး လိုအပ်မည်ဟု ထင်ရသမျှ အရာအားလုံးကို ယူလိုက်၏။
ချန်ဖေးက လေဟာနယ် အကွက်ထဲမှ ဗီရိုတစ်ခုကို ထုတ်လိုက်ပြီး စာရွက်စာတမ်း အထပ်လိုက်ကြီးကို ထိုအထဲသို့ ထည့်ကာ ထွက်ခွာလာခဲ့သည်။
“ခြင်ဆီသန့်စင်ခြင်း အဆင့် သိုင်းပညာရှင် တစ်ယောက်တောင် ရှိနေတာပဲ... ပထမအကြိမ် ပေးလိုက်တဲ့ သတင်းအချက်အလက်ထဲမှာ ဒါ မပါဘူး...”
ရေတိမ်ဂိုဏ်း အကြောင်း သတင်းအချက်အလက်များကို အမြန် ဖတ်ရှုပြီးနောက် ချန်ဖေး၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွား၏။
ဤ ခြင်ဆီသန့်စင်ခြင်း အဆင့် သိုင်းပညာရှင်သည် အသက်အရွယ် ကြီးရင့်နေပြီး လွန်ခဲ့သော နှစ်များက ပြင်းထန်သော ဒဏ်ရာ ရရှိထားသဖြင့် တိုက်ခိုက်ရေး စွမ်းရည် ကျဆင်းနေသော်လည်း ခြင်ဆီသန့်စင်ခြင်း အဆင့် ဖြစ်နေခြင်းက အရိုးသန့်စင်ခြင်း အဆင့်နှင့် အခြေခံအားဖြင့် ကွာခြားလေသည်။
ဈေးတစ်ခုမှ ထွက်လာပြီးနောက် ချန်ဖေးသည် ရေတိမ်ဂိုဏ်း သခင်လေး၏ နေအိမ် တည်ရှိရာ ဘက်သို့ မော့ကြည့်လိုက်ပြီး ခဏတာ စဉ်းစားကာ ရှေ့သို့ ကျယ်ကျယ်လှမ်း လျှောက်သွားလိုက်သည်။
ဂိုဏ်းခေါင်းဆောင်၏ နေအိမ်။
“သူရဲကောင်းတို့... ကျွန်တော့်ကို ဘာလို့ ဖမ်းလာတာလဲ... သိသမျှ အကုန် ပြောပြပါ့မယ်... ကျွန်တော့်ကို အန္တရာယ် မပြုကြပါနဲ့...”
ချီတာဖုန်းသည် လက်များကို နောက်ပြန် ကြိုးတုပ်လျက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေပြီး ခန်းမထဲရှိ လူများကို ကြောက်ရွံ့ထိတ်လန့်သော အမူအရာဖြင့် ကြည့်နေ၏။
“အဲဒီ ဆေးဖော်တဲ့လူ ဘယ်မှာလဲ...”
ရွှီဇိုက်ချွမ်းက အပေါ်စီးမှ ထိုင်လျက် ချီတာဖုန်းကို ငုံ့ကြည့်ကာ မေးလိုက်သည်။
“ဘာဆေးဖော်တဲ့လူလဲ...” ချီတာဖုန်းက နားမလည်နိုင်စွာ ပြန်မေးလိုက်၏။
“ဘုန်း...”
ရွှီဇိုက်ချွမ်းက ချီတာဖုန်း၏ ရင်ဘတ်ကို ကန်လိုက်သည်။ ချီတာဖုန်း၏ အသက်ရှူသံ ရပ်တန့်သွားပြီး ခန်းမထဲရှိ ကျောက်တိုင်နှင့် ဝင်ဆောင့်ကာ သွေးတစ်လုပ် အန်ထုတ်လိုက်၏။
“ဒီလိုအချိန်ရောက်နေတာတောင် ငါ့ကို ဟန်ဆောင် ငြင်းနေရဲသေးတယ်...”
ရွှီဇိုက်ချွမ်းက ချီတာဖုန်းကို မထီမဲ့မြင် ပြုံးကာ ကြည့်လိုက်ပြီး သူ့လူများကို လက်ဝှေ့ယမ်းပြလိုက်၏။
“သူ ပြောချင်လာတဲ့အထိ ရိုက်စမ်း...”
“ဟုတ်ကဲ့...”
ရေတိမ်ဂိုဏ်းသား နှစ်ယောက်က ထူးကြားလိုက်ပြီး ချီတာဖုန်း အပေါ်သို့ ခုန်အုပ်ကာ လက်သီး၊ ခြေထောက်များဖြင့် ထိုးကြိတ် ကန်ကျောက်ကြတော့သည်။
“အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ... ကျွန်တော် ပြောပါ့မယ်... ကျွန်တော် ပြောပါ့မယ်...” တစ်ခဏအတွင်းမှာပင် ချီတာဖုန်းသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းသွား၏။
“ပြောစမ်း...”
ရွှီဇိုက်ချွမ်းက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ကျွန်တော် အဲဒီ အဂ္ဂိရတ်ပညာရှင်ကို မသိဘူး... သူက ကျွန်တော့်ဆီ အမြဲလာပြီး အရောင်းအဝယ် လုပ်တယ်... ဆေးလုံးတွေ ရောင်းပေးဖို့ အပ်ထားခဲ့တာ... နေ့တိုင်း ရောင်းကုန်သွားရင် ကျွန်တော့်ကို ပင်ပန်းခ ငွေ နည်းနည်း ပေးတယ်...”
ချီတာဖုန်းက ရွှီဇိုက်ချွမ်းကို ကြောက်ရွံ့စွာ ကြည့်ရင်း တိုးတိုးလေး ပြောလိုက်၏။
ရွှီဇိုက်ချွမ်း၏ အပြုံး ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
သူသည် ချီတာဖုန်း ရှိရာသို့ တစ်လှမ်းချင်း လျှောက်လာပြီး ဓားရှည်ကို ရုတ်တရက် ဆွဲထုတ်ကာ ချီတာဖုန်း၏ ပေါင်ကို ထိုးစိုက်လိုက်၏။
“အား...”
ချီတာဖုန်း အော်ဟစ်လိုက်သော်လည်း ရှောင်တိမ်းရန် အားအင် မရှိတော့ပေ။
“ငါက လှည့်စားရ လွယ်မယ် ထင်နေလား... ဆက်ပြီး လိမ်ကြည့်လိုက်လေ... မင်း ဘယ်လောက်ထိ သွားနိုင်မလဲ ကြည့်ကြတာပေါ့...”
ရွှီဇိုက်ချွမ်းက ချီတာဖုန်း၏ ပေါင်တွင် စိုက်နေသော ဓားရှည်ကို အားဖြင့် လှည့်မွှေလိုက်ရာ တစ်ခဏအတွင်း ချီတာဖုန်း၏ ပေါင်မှာ သွေးသံရဲရဲ ဖြစ်သွားတော့သည်။
“ရှူး...”
ချီတာဖုန်းမှာ နာကျင်လွန်းသဖြင့် အော်ပင် မအော်နိုင်တော့ချေ။
“တကယ်ပါ... ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ... ခင်ဗျားတို့ စစ်ဆေးကြည့်လို့ ရပါတယ်...”
ချီတာဖုန်း၏ အသံမှာ အားပျော့စွာ ထွက်ပေါ်လာပြီး သူ့မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေ၏။
“သူ အရင်တုန်းက ဘယ်သူတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့သလဲ ဆိုတာ စုံစမ်းပြီးပြီလား...” ရွှီဇိုက်ချွမ်းက သူ့လက်အောက်ငယ်သားများဘက်သို့ လှည့်ကြည့်လိုက်သည်။
“အဲဒီ လူကြီးက အရမ်း သတိကြီးတယ်... ကျွန်တော်တို့ သူ့နောက် လိုက်တိုင်း အမြဲတမ်း ခြေရာ ဖျောက်သွားတတ်တယ်... သူ ဘယ်မှာ နေလဲ... ဘယ်သူတွေနဲ့ ဆက်သွယ်လဲ ဆိုတာ တစ်ခါမှ ရှာမတွေ့ခဲ့ဖူးဘူး...”
“သတိကြီးလှချည်လား...”
ရွှီဇိုက်ချွမ်းက ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး ချီတာဖုန်းကို စိုက်ကြည့်ကာ ဓားရှည်ကို ဆွဲထုတ်လိုက်၏။
ထို့နောက် ဒဏ်ရာပေါ်သို့ ခြေထောက်ဖြင့် နင်းကာ ဖိချေလိုက်သည်။
ပြဲနေပြီးသား ဒဏ်ရာမှာ ပိုမို ဆိုးရွားသွားပြီး သွေးအိုင်အဖြစ်သို့ အမြန် ပြောင်းလဲသွား၏။
“တကယ်ပါ... ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ...”
ချီတာဖုန်း တိုးတိုးလေး ပြောလိုက်ပြီး သတိလစ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
“သူ့ကို ဆေး အတင်းတိုက်လိုက်... ပြီးရင် သူ့လက်ချောင်းတွေကို တစ်ချောင်းချင်းစီ ချိုးပစ်...”
ရွှီဇိုက်ချွမ်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်သည်။
ရေတိမ်ဂိုဏ်းသားများက ချီတာဖုန်းကို ဆွဲထူပြီး ဆေးရည်တစ်ခွက်ကို သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်၏။
မူးဝေနေသော ချီတာဖုန်းမှာ ရုတ်တရက် အပြည့်အဝ ပြန်လည် နိုးကြားလာသည်။
သို့သော် ဤကဲ့သို့ နိုးကြားလာခြင်းက သူ့ခန္ဓာကိုယ်မှ နာကျင်မှုများကို ပိုမို ထင်ရှားစွာ ခံစားလာရစေ၏။
“မင်း ဘယ်လောက်ထိ ခေါင်းမာနိုင်မလဲ ကြည့်ကြသေးတာပေါ့...”
ရွှီဇိုက်ချွမ်းက ညွှန်ပြလိုက်ရာ လူတစ်ယောက်က ဧရာမ ပလာယာကြီး တစ်ခုကို ထုတ်ယူလာသည်။
ပလာယာကြီး ပေါ်တွင် သွေးခြောက်များကြောင့် ဖြစ်ပေါ်နေသော အညိုရောင် အဖတ်များ ရှိနေ၏။ သတ္တုနံ့နှင့် ရောနှောနေသော ပုပ်စော်နံသည့် အနံ့တစ်ခု ထွက်ပေါ်နေသဖြင့် ထိုပလာယာ အောက်တွင် အသားစ အများအပြား ဆုတ်ဖြဲခံခဲ့ရကြောင်း ထင်ရှားနေသည်။
“လက်ချောင်းဆယ်ချောင်း ချိုးပြီးသွားရင်... ခြေချောင်းဆယ်ချောင်း ကျန်သေးတယ်... အရိုးတွေကို ရေနွေးပူနဲ့ ပြုတ်တာတွေ ရှိသေးတယ်... ငါ့မှာ မင်းနဲ့ ဖြည်းဖြည်းချင်း ကစားဖို့ အချိန်တွေ အများကြီး ရှိတယ်...”
ရွှီဇိုက်ချွမ်းက ချီတာဖုန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။ ချီတာဖုန်း၏ ကြောက်ရွံ့နေသော မျက်နှာအမူအရာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး ရုတ်တရက် ရွှီဇိုက်ချွမ်း ဆီသို့ သွေးသလိပ် တစ်ခု လှမ်းထွေးလိုက်၏။
“လာစမ်းပါ... မင်းတို့ ကောင်တွေ အကုန်လုံး... ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်မလား ကြည့်ကြတာပေါ့...”
ဟန်ဆောင်ခြင်းက အလုပ်မဖြစ်တော့မှန်း သိလိုက်သဖြင့် ချီတာဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ရွှီဇိုက်ချွမ်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
“နှိပ်စက်စမ်း... သူ့ကို သေပါရစေလို့ ဒူးထောက် တောင်းပန်လာတဲ့အထိ လုပ်ပစ်...”
“ဟုတ်ကဲ့...”
ရေတိမ်ဂိုဏ်းသားများက ပြိုင်တူ ထူးလိုက်ကြပြီး ချီတာဖုန်း၏ လက်ချောင်းများကို ဆွဲကာ ပလာယာဖြင့် ညှပ်လိုက်ကြသည်။
“ရွှစ်...”
ရုတ်တရက် မြားတစ်စင်း ပျံသန်းလာပြီး ရေတိမ်ဂိုဏ်းသား တစ်ယောက်ကို ထိမှန်သွားသည်။ မြား၏ ကြီးမားသော အရှိန်အဟုန်ကြောင့် ထိုလူမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး လက်ထဲမှ ပလာယာလည်း ကျယ်လောင်သော အသံဖြင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။
အားလုံး ကြောင်အသွားကြသည်။ ထို့နောက် နောက်ထပ် မြားနှစ်စင်း ပျံသန်းလာပြီး လူနှစ်ယောက်၏ နှလုံးသားကို ထွင်းဖောက်သွားရာ ချက်ချင်းပင် သေဆုံးသွားကြသည်။
“ရန်သူ လာပြီ...”
အားလုံး ချက်ချင်း တုံ့ပြန်လိုက်ကြပြီး မြားဒဏ်မှ လွတ်ကင်းရန် အကာအကွယ် ရှာလိုက်ကြ၏။ ထောင့်ချိုးတွင် ရှိနေသော လူအချို့က နံရံများကို အကာအကွယ်ယူ၍ အပြင်သို့ ပြေးထွက်ကာ တိုက်ခိုက်ရန် ကြိုးစားကြသည်။
“ရွှစ်... ရွှစ်... ရွှစ်...”
မြားသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ အပြင်သို့ ပြေးထွက်ရန် ကြိုးစားသူများသည် ချက်ချင်းပင် နဖူးတည့်တည့်ကို မြားထိမှန်သွားကြ၏။ အကာအကွယ် မရှာနိုင်သေးသူများလည်း မြားထိမှန်သွားကြသည်။
ကျန်ရစ်သော ရေတိမ်ဂိုဏ်းသားများက သူတို့၏ ပီပါချိတ်များကို မြားများ ရှိရာသို့ ပစ်လွှတ်လိုက်ကြပြီး ကျွမ်းကျင်သော လေးသမား အချို့ကလည်း သူတို့၏ မြားများဖြင့် ပြန်လည် ပစ်ခတ်ကြသည်။
သို့သော် ချက်ချင်းပင် ထိုပြန်လည် တိုက်ခိုက်သူများ၏ ခန္ဓာကိုယ်၌ အပေါက်တစ်ခုစီ ဖြစ်သွားကြ၏။
မြားများမှာ အလွန် အားကောင်းလွန်းသဖြင့် မြားခေါင်းများက သူတို့ကို ဖောက်ထွက်သွားခြင်း ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် အိမ်တော်၏ ပင်မခန်းမ၌ လူ တစ်ဒါဇင်ကျော် သေဆုံးသွားခဲ့သည်။
ကျန်ရှိနေသူများမှာ မျက်နှာပင် မပြရဲတော့ဘဲ ပုန်းအောင်းနေကြရ၏။ သို့သော် အချို့သော မြားများသည် မြားအရှိန်အဟုန်ကြောင့် ကွေးညွတ်သွားပြီး အကာအကွယ် ယူထားသူများ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။
ဤ လေးအတတ်ပညာသည် သာမန် သိုင်းပညာရှင်များ၏ အဆင့်ကို ကျော်လွန်နေပြီ ဖြစ်၏။ လူတစ်ယောက်၊ လေးတစ်လက်ဖြင့် လူပေါင်းများစွာကို တိုက်ရိုက် ဖိနှိပ်ထားနိုင်ခဲ့သည်။
“ဘယ်သူက ဒီမှာ လာပြီး ပြဿနာ ရှာရဲတာလဲ...”
ကျယ်လောင်သော အော်သံနှင့်အတူ လူတစ်ယောက် အဝေးမှ ရောက်ရှိလာပြီး မျက်စိတစ်မှိတ်အတွင်း အိမ်တော် ပင်မခန်းမ၏ အပေါ်သို့ ရောက်ရှိလာသည်။
“အကြီးအကဲ ဟယ်ပဲ... အကြီးအကဲ ဟယ် ရောက်လာပြီ...”
မြားဒဏ်ကြောင့် သေဆုံးနေရသော ရေတိမ်ဂိုဏ်းသားများသည် ထိုအသံကို ကြားလိုက်ရသဖြင့် အလွန်အမင်း ဝမ်းသာသွားကြ၏။
ချန်ဖေးသည် ခေါင်မိုးပေါ်တွင် ရပ်လျက် ဟယ်ယွမ်ချိုးက နံရံများကို ကျော်ဖြတ်ပြီး ခေါင်မိုးပေါ်သို့ တက်လာသည်ကို ကြည့်နေသည်။ ချန်ဖေးက သူ့လေးကို လှည့်လိုက်ပြီး အပြင်သို့ ချောင်းကြည့်နေသော ရေတိမ်ဂိုဏ်းသား တစ်ယောက်ကို ပစ်သတ်လိုက်၏။
“မင်း ဘယ်လိုတောင် ရဲတင်းရတာလဲ... သေဖို့ ပြင်ထား...”
ဟယ်ယွမ်ချိုးသည် ချန်ဖေးက သူ့ရှေ့တွင် လူတစ်ယောက်ကို ထပ်မံ သတ်ဖြတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် ဒေါသကြောင့် ဆံပင်များ ထောင်ထလာသည်။
သူက ညာလက်ကို ဆန့်ထုတ်လိုက်ပြီး လင်းယုန်လက်သည်း ပုံစံ ပြုလုပ်ကာ ချန်ဖေး၏ ဦးခေါင်းကို လှမ်းဆွဲလိုက်၏။
“ရွှမ်း...”
လင်းယုန်လက်သည်းများက စူးရှသော အသံနှင့်အတူ လေထုကို ပိုင်းဖြတ်လိုက်သော်လည်း မည်သူ့ကိုမျှ မထိလိုက်ပေ။
ချန်ဖေး၏ ခန္ဓာကိုယ်က အနောက်သို့ ယိမ်းသွားပြီး နောက်ထပ် မြားသုံးစင်းကို ပစ်လွှတ်လိုက်ရာ ပုန်းအောင်းနေသော ရေတိမ်ဂိုဏ်းသားများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်ကြသည်။
ဟယ်ယွမ်ချိုး ရောက်ရှိလာမှုကြောင့် အစပထမတွင် ဝမ်းသာသွားကြသော ရေတိမ်ဂိုဏ်းသားများမှာ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။