သိုင်းလောက
Vol. 5 Ch. 61
ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ဤအင်းဆက်ပိုးကောင်၏ အာရုံခံနိုင်စွမ်းမှာမူ ကြည်လင်ပြတ်သားနေဆဲ ဖြစ်၏။
သို့သော် လူတစ်ယောက်၏ ကိုယ်ပေါ်သို့ သွေးများ စင်ကျသွားသည့်အခါ ထိုသွေးသည် အသက်ရှင်နေသူ၏ အသက်စွမ်းအားနှင့် ရောထွေးသွားပြီး ကျန်ရစ်နေသော အသက်စွမ်းအားကို လျင်မြန်စွာ ပျောက်ကွယ်သွားစေတတ်သည်။
ရွှီဝမ်လျန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ဝူချန်လီ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ သူတို့နှင့်အတူ ရွှီမိသားစုမှ ခြင်ဆီသန့်စင်ခြင်း အဆင့်ရှိသော နောက်လိုက်နှစ်ဦးလည်း ပါဝင်လေသည်။
သူတို့၏ တာဝန်မှာ တရားခံနှင့် တွေ့ရှိပါက ပြတ်ပြတ်သားသား ချက်ချင်း ဖိနှိပ် ချေမှုန်းပစ်ရန် ဖြစ်သည်။
သွေးအနံခံပိုးကောင်၏ အမြန်နှုန်းမှာ အလွန်လျင်မြန်ပြီး သာမန်လူတစ်ယောက် အပြေးနှင်နေသကဲ့သို့ပင် ရှိသည်။ ၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက် ထိုပိုးကောင်က အိမ်ဝိုင်းတစ်ခု၏ ရှေ့တွင် ရပ်တန့်သွားပြီး အတွင်းသို့ ပျံဝင်တော့မည့်ဟန် ပြုလိုက်၏။
ဝူချန်လီက ပိုးကောင်ကို အလျင်အမြန် ကာကွယ်လိုက်ပြီး သူ့နောက်မှ ရွှီဝမ်လျန်ကို လှည့်ကြည့်လိုက်သည်။
ရွှီဝမ်လျန်က သူ့ရှေ့မှ အိမ်ဝိုင်းကို ကြည့်လိုက်ရာ သာမန် မိသားစုတစ်စု၏ နေအိမ်သာ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ၏ နားရွက်များ အနည်းငယ် လှုပ်ရှားသွားသော်လည်း အိမ်ဝိုင်းအတွင်းမှ မည်သည့်အသံကိုမျှ မကြားရချေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရွှီဝမ်လျန်က ခြံစည်းရိုးနံရံပေါ်သို့ ရောက်ရှိသွားရာ အတွင်း၌ လူတစ်ယောက်မျှ မရှိကြောင်း တွေ့ရှိလိုက်ရသည်။
ရွှီမိသားစုမှ အစောင့်နှစ်ဦးက ခြံဝင်းထဲသို့ ခုန်ဆင်းလိုက်ပြီး တံခါးကို ကန်ဖွင့်လိုက်ကြ၏။ အိမ်အတွင်းပိုင်းမှာ သန့်ရှင်းသပ်ရပ်နေပြီး မည်သည့်အရာမျှ ကျန်ရစ်ခဲ့ခြင်း မရှိရာ လူတစ်ယောက်မျှ မနေခဲ့ဖူးသည့်အလား ထင်မှတ်ရသည်။
"အဲဒီဓားက ဒီနေရာမှာ အချိန်အတန်ကြာ ရှိနေခဲ့ပုံပဲ..."
အန္တရာယ်ကင်းကြောင်း သေချာသွားသည့်အခါ ဝူချန်လီက ခြံဝင်းထဲသို့ ဝင်ရောက်လာပြီး နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ ထိုနေရာသည် ချီစွမ်းအင် အများဆုံး ကျန်ရစ်နေသည့် နေရာဖြစ်ပြီး အချိန်အတန်ကြာ ရှိနေခဲ့ကြောင်း ညွှန်ပြနေသည်။
"အိမ်ပွဲစားကို ခေါ်လာပြီး ဒီနေရာရဲ့ အခြေအနေကို မေးမြန်းလိုက်စမ်း..." ရွှီဝမ်လျန်က လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်၏။
မကြာမီတွင် အိမ်ဝိုင်းကို တာဝန်ယူထားသည့် ပွဲစား ရောက်ရှိလာသည်။ ရွှီဝမ်လျန်ကို မြင်လိုက်ရသောအခါ ပွဲစားမှာ အလွန်တရာ ထိတ်လန့်သွားလေသည်။ ယခုရက်ပိုင်းတွင် ရှင်းဖန်မြို့၌ ရွှီမိသားစု၏ အကြောင်းကို မသိသူဟူ၍ မရှိသလောက်ပင်။
"ဒီအိမ်ကို ဘယ်သူ လာငှားသွားတာလဲ..." ရွှီဝမ်လျန်က ပွဲစားကို မေးလိုက်၏။
သွားခေါနှင့် ထိုပွဲစားသည် မှတ်ဉာဏ်ကောင်းသူ ဖြစ်သည်။ သူသည် ကြောက်ရွံ့နေသော်လည်း အိမ်လာငှားသူ၏ ရုပ်သွင်အပြင်အဆင်ကို အသေးစိတ် ပြန်လည်ပြောပြလိုက်သည်။
ဝူချန်လီက နှုတ်ဆိတ်နေ၏။ ဤအခြေအနေမျိုးတွင် လူကို ရှာတွေ့နိုင်မည် မဟုတ်ကြောင်းနှင့် ရုပ်ဖျက်ထားခြင်း ဖြစ်နိုင်ကြောင်း သူ တွေးမိသည်။ ရွှီဝမ်လျန်ကလည်း သဘာဝကျကျပင် ထိုအချက်ကို သိရှိသော်လည်း မည်သည့် ဖြစ်နိုင်ချေကိုမျှ လက်လွတ်ခံမည် မဟုတ်ပေ။
ပွဲစား ပြန်လည် ထွက်ခွာသွားပြီးနောက် ရွှီဝမ်လျန်က ဝူချန်လီကို လှည့်ကြည့်လိုက်သည်။
"အဲဒီလက်နက်ကို စွန့်ပစ်မသွားဘူးဆိုတော့ ကောင်းတာပေါ့... တစ်ဖက်လူက ရှင်းဖန်မြို့ကနေ မထွက်ခွာသေးသရွေ့ ကျုပ်တို့ ရှာတွေ့မှာပါ..." ဝူချန်လီက လျင်မြန်စွာ ပြောလိုက်၏။
"အရှင်ဝူကိုပဲ ထပ်ပြီး ဒုက္ခပေးရဦးမယ်..."
"ရပါတယ်... ကိစ္စမရှိပါဘူး..."
ဝူချန်လီက ဟန်ဆောင်အပြုံးတစ်ခု ပြုံးလိုက်ပြီး သွေးအနံခံပိုးကောင်ကို ဆင့်ခေါ်လိုက်သည်။ သူက ရှေ့သို့ ညွှန်ပြလိုက်ရာ ပိုးကောင်သည် အိမ်ဝိုင်းကို တစ်ပတ်ပတ်ပြီးနောက် ပျံသန်း ထွက်ခွာသွား၏။
လူအုပ်စုက နောက်မှ လိုက်ပါသွားကြပြီး မကြာမီတွင် အခြားအိမ်ဝိုင်းတစ်ခုသို့ ရောက်ရှိသွားကြသည်။
ရွှီဝမ်လျန် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ အိမ်ဝိုင်းထဲတွင် လူမရှိကြောင်း သူ အာရုံခံမိလိုက်၏။ သူ ခြံထဲသို့ ခုန်ဝင်လိုက်သော်လည်း နေထိုင်သည့် လက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရပေ။
"ဒီသူခိုးက တကယ်ကို သတိကြီးတာပဲ..."
ရွှီဝမ်လျန်က အံကြိတ်၍ ရေရွတ်လိုက်၏။ ဤကဲ့သို့ ပါးနပ်စွာ လှည့်စားခြင်းက ရွှီဝမ်လျန်၏ ဒေါသကို ပိုမို တောက်လောင်စေသည်။
"ကျွီ..."
သွေးအနံခံပိုးကောင်က အသံရှည်တစ်ချက် အော်မြည်လိုက်ရာ ဝူချန်လီ၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။
"ဒီနေရာက အနံ့က လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ... အဲဒီလူ ရှင်းဖန်မြို့ကနေ မထွက်သေးဘူးထင်တယ်..."
"ကောင်းပြီ..."
ရွှီဝမ်လျန်က ခေါင်းညိတ်လိုက်သည်။ ဝူချန်လီက ပိုးကောင်ကို ဆက်လက် ခြေရာခံရန် ညွှန်ကြားလိုက်၏။ သို့သော် အိမ်ဝိုင်းထဲတွင် ခေတ္တမျှ ပတ်ပျံပြီးနောက် ပိုးကောင်သည် အပြင်သို့ ပျံမထွက်တော့ပေ။
ဝူချန်လီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ပိုးကောင်ကဲ့သို့ ထူးဆန်းသော အသံရှည်တစ်ချက် ပြုလုပ်လိုက်သည်။
ပိုးကောင်က အကြိမ်အနည်းငယ် တုံ့ပြန်လိုက်ရာ ဝူချန်လီ မျက်မှောင်ကြုတ်သွား၏။
အင်းဆက်ပိုးကောင်များမှာ ဉာဏ်ရည် သိပ်မမြင့်မားသဖြင့် ရိုးရှင်းသော နည်းလမ်းဖြင့်သာ ဆက်သွယ်၍ ရလေသည်။ ယခု ဆက်သွယ်ချက်အရ ဤနေရာသည် ပိုးကောင်က ဓား၏အနံ့ကို နောက်ဆုံးရရှိခဲ့သည့် နေရာဖြစ်ကြောင်း သိလိုက်ရသည်။
"ဘာဖြစ်တာလဲ..." ရွှီဝမ်လျန်က မေးလိုက်၏။
"အဲဒီဓားက ပျောက်ကွယ်သွားပုံရတယ်..."
ဝူချန်လီက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။ ဤကောက်ချက်က မယုံနိုင်စရာ ဖြစ်နေသော်လည်း ပိုးကောင်ထံမှ ရရှိသော သတင်းအချက်အလက်မှာ ထိုအတိုင်းပင် ဖြစ်နေ၏။
ရွှီဝမ်လျန်၏ မျက်နှာထားမှာ ရေစက်ကျလောက်အောင် မည်းမှောင်သွားတော့သည်။
…
အိမ်ဝိုင်းတစ်ခု အတွင်း၌ ချန်ဖေးသည် သစ်ကိုင်းခြောက် တစ်ချောင်းကို ကိုင်ဆောင်၍ ရိုးရှင်းသော ဓားသိုင်းကွက်များကို လေ့ကျင့်နေသည်။
သူသည် ဓားနှင့် လေးရှည်ကို လေဟာနယ် အကွက်ထဲသို့ ထည့်သွင်း သိမ်းဆည်းထားပြီး ဖြစ်၏။ ရွှီမိသားစုတွင် ခြေရာခံနိုင်သည့် နည်းလမ်း ရှိမရှိ ချန်ဖေး မသိသော်လည်း ဓားသည် ခြေရာခံရန် အလွယ်ကူဆုံး ပစ်မှတ်ဖြစ်ကြောင်း သူ နားလည်ထားသည်။
အကယ်၍ လွှင့်ပစ်လိုက်ပါက တစ်ဖက်လူတွင် မည်သည့်နည်းလမ်းများ ရှိနေမှန်း မသိနိုင်သဖြင့် ထိပ်တိုက်တွေ့နိုင်ခြေ ပိုများသွားမည်ကို စိုးရိမ်မိသည်။ အရည်ဖျော်ပစ်ရန်အတွက်လည်း ပန်းပဲဆရာက သတင်းပေးသွားမည်ကို စိုးရိမ်ရသဖြင့် တွက်ခြေမကိုက်လှပေ။
ထို့ကြောင့် လေဟာနယ် အကွက်ထဲသို့ ပစ်ထည့်ထားလိုက်ခြင်းက အကောင်းဆုံး ဖြစ်လေသည်။ လေဟာနယ် အကွက်သည် အစားအစာများကိုပင် မပုပ်မသိုးအောင် အချိန်ကို ရပ်တန့်ထားနိုင်ရာ ရွှီမိသားစုအနေဖြင့် လေဟာနယ် အကွက်၏ အကန့်အသတ်ကို ကျော်လွန်၍ ခြေရာခံနိုင်လိမ့်မည်ဟု ချန်ဖေး မယုံကြည်ပေ။
လေဟာနယ် အကွက်သည် အနည်းငယ် အာရုံခံလွယ်သဖြင့် ချီတာဖုန်းကို ကယ်တင်ခဲ့သည့် နေ့က ချန်ဖေးသည် အခြားအိမ်ဝိုင်းတစ်ခုသို့ သွားရောက်ကာ လေဟာနယ် အကွက်ထဲရှိ ပစ္စည်းများကို သေချာစွာ စီစစ်ခဲ့သေးသည်။
ထို့နောက် အချိန်အတန်ကြာမှ ယခု လက်ရှိအိမ်ဝိုင်းသို့ ပြန်လာခဲ့ခြင်း ဖြစ်၏။
ချန်ဖေးသည် ဆေးဖော်စပ်ခြင်း မပြုလုပ်တော့ဘဲ သာမန် ကိုယ်ခံပညာရှင် တစ်ဦးအဖြစ်သာ ရုပ်ဖျက် နေထိုင်လိုက်သည်။ မနေ့က ရွှီမိသားစုဝင်များ သူ့အိမ်သို့ လာရောက် ရှာဖွေကြရာ ချန်ဖေးက ငွေတုံး အနည်းငယ် ထိုးပေးလိုက်သဖြင့် ပြန်ထွက်သွားကြသည်။
ရွှီမိသားစု၏ ရှာဖွေရေးအဖွဲ့သည် ဝင်ငွေကောင်းသော နေရာတစ်ခု ဖြစ်၏။ အိမ်တိုင်းစေ့ထံမှ ငွေအနည်းငယ် တောင်းယူရုံဖြင့် သူတို့ ချမ်းသာသွားနိုင်သည်။ ထို့ကြောင့်ပင် ရှာဖွေရေး လုပ်ငန်းစဉ်သည် ဟန်ပြသက်သက်သာ ဖြစ်နေပြီး ဤနည်းလမ်းဖြင့် လူမိမည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားကြပေ။
"ဓား ၅ ကွက်နဲ့ ထိပ်တိုက် တွေ့ရင် ခြင်ဆီသန့်စင်ခြင်း အဆင့်ကိုတောင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်တယ်... သေတောင် သေသွားနိုင်တယ်... ဒါပေမဲ့ ဟယ်ယွမ်ချိုးရဲ့ ခြင်ဆီသန့်စင်ခြင်း အဆင့်ကတော့ မေးခွန်းထုတ်စရာပဲ..."
ချန်ဖေးက လက်ထဲမှ သစ်ကိုင်းကို ကြည့်လိုက်ရာ ထိုနေ့က တိုက်ပွဲမြင်ကွင်းများ သူ့ခေါင်းထဲတွင် ပြန်လည် ပေါ်လာသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ချန်ဖေးသည် ထိုနေ့က တိုက်ပွဲမှ အားသာချက်၊ အားနည်းချက်များကို သုံးသပ်နေခဲ့ပြီး သူ၏ ကိုယ်ခံပညာ ကျင့်စဉ်များမှ လိုအပ်ချက်များကိုပါ ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။
ဤကဲ့သို့ အသက်နှင့်ရင်းရသော တိုက်ပွဲစစ်စစ်များမှသာ မိမိ၏ အားနည်းချက်များကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။
"ကျွီ..."
အိမ်ဝိုင်းတံခါး ပွင့်သွားပြီး ချီတာဖုန်း အပြင်မှ ပြန်ရောက်လာသည်။ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ချီတာဖုန်း၏ ဒဏ်ရာများမှာ ပျောက်ကင်းလုနီးပါး ဖြစ်နေပြီ ဖြစ်၏။ နောက်ပိုင်းတွင် အစားအစာ သွားဝယ်ရင်း သတင်းအချက်အလက်များကိုပါ သူ စုံစမ်းလေ့ရှိသည်။
ချန်ဖေး မော့ကြည့်လိုက်ရာ ချီတာဖုန်း မျက်မှောင်ကြုတ်ထားသည်ကို တွေ့လိုက်ရသည်။
"ဖျင်းယင်းခရိုင် ဒုက္ခရောက်နေပြီ..." ချီတာဖုန်းက တီးတိုး ရေရွတ်လိုက်သည်။
ချန်ဖေး အံ့အားသင့်သွားသည်။ ဤရလဒ်ကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း တကယ်တမ်း ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှားသွားမိ၏။
"ဘယ်လို သိတာလဲ... ဖျင်းယင်းခရိုင်က လူတစ်ယောက်ယောက် ရှင်းဖန်မြို့ကို ထွက်ပြေး လွတ်မြောက်လာတာလား..." ချန်ဖေး မေးလိုက်သည်။
ချီတာဖုန်းက ခေါင်းညိတ်လိုက်၏။ လက်ထဲမှ အစားအစာကို ကျောက်စားပွဲပေါ် တင်လိုက်ပြီး ဝိုင်ခွက်နှစ်ခွက် ငှဲ့လိုက်သည်။ တစ်ခွက်ကို အရင် မော့သောက်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်၏။
ချန်ဖေးလည်း ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ချီတာဖုန်းနှင့်အတူ ဝိုင်သောက်လိုက်သည်။
အားနည်းသော သဘာဝလွန် ဖြစ်ရပ်များကိုပင် ချန်ဖေး မဖြေရှင်းနိုင်ခဲ့ရာ ယခုကဲ့သို့ ကြီးမားသော ကပ်ဘေးဆိုးကြီးကို ဆိုဖွယ်ရာ မရှိတော့ပေ။ ဤသည်မှာ သူ၏ ခွန်အား နည်းပါးလွန်းသေးကြောင်း ပြသနေခြင်း ဖြစ်၏။ သူသိနေလျှင်ပင် မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်စွမ်း မရှိချေ။
ဤသည်မှာ အားနည်းသူတို့၏ ဝမ်းနည်းဖွယ် ဇာတ်လမ်းဖြစ်ပြီး ဤလောကရှိ လူအများစု ရင်ဆိုင်နေရသော လက်တွေ့ဘဝလည်း ဖြစ်သည်။
လေပြည်က မိုးမခပွင့်ဖတ်များကို တိုက်ခတ်၍ ဆိုင်တစ်ဆိုင်လုံး မွှေးပျံ့နေ၏။ ဝူမိန်းကလေးက ဝိုင်ကို နှိပ်နယ်၍ ဧည့်သည်တော်များကို မြည်းစမ်းရန် ဖိတ်ခေါ်နေသည်။ အရှေ့သို့ စီးဆင်းနေသော ရေအယဉ်ကို မေးပါရစေ... ခွဲခွာရခြင်း သောကသည် မည်သူ့အတွက် ပိုရှည်ကြာပါသနည်း…
ချန်ဖေးနှင့် ချီတာဖုန်းတို့မှာ အတွေးကိုယ်စီနှင့် ငိုင်နေကြသော်လည်း သူတို့၏ ဝိုင်ခွက်များမှာမူ ရပ်တန့်မသွားပေ။ အရက်ရှိန် တက်လာသည်နှင့် ချီတာဖုန်းက သူ့အကြောင်းကို စတင် ပြောပြလေသည်။
ဇာတ်လမ်းက သာမန်ပါပင်။ အကွေ့အကောက်များ၊ ရှုပ်ထွေးမှုများ မပါဝင်ပေ။ သိုင်းလောကကြီး မည်သို့ရှိသည်ကို သိချင်သော လူငယ်လေး တစ်ယောက်အကြောင်းသာ ဖြစ်၏။
ချီတာဖုန်းက တစ်လုံးချင်း ပြောပြနေပြီး ချန်ဖေးကလည်း သေချာစွာ နားထောင်ပေးနေသည်။ နောက်ဆုံးတွင် ချီတာဖုန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး စားပွဲပေါ်သို့ မှောက်ကျသွားတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ငါးရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ရွှီမိသားစုက ရှာဖွေမှုကို လက်မလျှော့သေးသဖြင့် မြို့ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေဆဲပင်။
နတ်တိမ် ကုန်သည်အဖွဲ့ ရှင်းဖန်မြို့သို့ ရောက်ရှိလာသည့် အချိန်အထိ ဖြစ်၏။
"တစ်ယောက်ကို ငွေတုံး တစ်ထောင်တောင်လား..."
ချန်ဖေး မယုံကြည်နိုင်စွာ ရေရွတ်လိုက်ရာ ချီတာဖုန်းက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ချန်ဖေး ကောင်းကင်ကို မော့ကြည့်လိုက်၏။ ဤနတ်တိမ် ကုန်သည်အဖွဲ့သည် သူတို့ကို အလွယ်တကူ ဓားပြတိုက်နိုင်သော်လည်းနောက်ဆုံးတွင် ရထားလက်မှတ်တစ်စောင်နှင့် လဲလှယ်ပေးခဲ့သည်ဟု ဆိုရပေမည်။