သခင်လေး ပြောင်းလဲသွားပြီ
Vol. 13 Ch. 123
စားပွဲ၌ထိုင်၍ ဝိုင်းဖွဲ့စားသောက်နေစဉ်တွင် ကျုံးချင်က စိတ်ရှုပ်ထွေးသော အမူအယာဖြစ်နေသည့် ယဲ့ကျန်းကို ကြည့်လိုက်သည်။
"မင်းရဲ့စိတ်ထဲမှာ တစ်ခုခု ရှိနေတာလား"
ယဲ့ကျန်းက အံ့တင်းတင်းကြိတ်လိုက်၏။ စားပွဲအောက်တွင် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။ သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားကာ နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
သူ ငယ်စဉ်ကတည်းက အရွယ်ရောက်သည်အထိ သူကိုယ်တိုင် ဆုံးဖြတ်နိုင်သော ကိစ္စဟူ၍ တစ်ခုမျှ မရှိခဲ့ချေ။ သူ မွေးဖွားလာသည့် အချိန်ကစပြီး စည်းမျဉ်းစည်းကမ်းတစ်ခုလုံးက သူ့အပေါ် ဖိစီးနေသည့်အလားပင်။ သူ မည်သည့်အရာအား လုပ်သင့်သည် မည်သည့်အရာအားမလုပ်သင့် ဆိုသည်ကို သူတို့က အစဥ်အမြဲ ပြောနေကြသည်။ သူ၏တည်ရှိမှုသည် သူတို့၏ ဆန္ဒများအပေါ်တွင်သာ လည်ပတ်နေပုံရပေ၏။ သူ မည်သည့်အရာအား လုပ်ချင်သည်ကို မည်သူမျှ တစ်ကြိမ်တစ်ခါမျှ မမေးမြန်းခဲ့ဖူးချေ။
ထို့ထက်ပို၍မှန်ကန်အောင် ပြောဆိုရလျှင် သူ တစ်ခုခု လုပ်ချင်သည်ဟု ပြောလျှင်ပင် တားဆီးမရနိုင်သော အကြောင်းပြချက်များကြောင့် သူ လက်လျှော့ခဲ့ရသည်။ ဤအတွက်ကြောင့် သူသည် အဘိုးဖြစ်သူ၏ အသုံးမကျသောကောင် သူရဲဘောကြောင်သူဟု မကြာခဏခေါ်ဝေါ်ခြင်းကို ခံခဲ့ရသည်။
သို့ရာတွင် ယနေ့တွင်မူ သူသည် အဘိုးဖြစ်သူ၏ဆန္ဒကို ဆန့်ကျင်ရန် ဆုံးဖြတ်လိုက်၏။ သူ ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သောကြောင့် အဆုံးထိ သူ ဆက်သွားရပေမည်။ ပထမအချက်မှာ သူ ကျုံးချင်ကို မပြစ်မှားချင်သောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ သူ့ကိုယ်သူအတွက် တစ်ကြိမ်လောက် အမှန်တကယ် ရှင်သန်ချင်သောကြောင့်ပင်။
ဤအချက်ကို တွေးတောမိချိန်၌ ယဲ့ကျန်း၏မျက်နှာအမူအယာသည် တည်ကြည်ပြတ်သားသွားပေ၏။ ကျုံးချင်၏ စူးစမ်းသော အကြည့်နှင့် ဆုံတွေ့ချိန်၌ သူက အပြုံးနှင့် ပြောဆိုလိုက်သည်။
"ဘာမှမဟုတ်ပါဘူး စီနီယာကျုံး... ဒီအရက်က မပြင်းလို့ပါ... ကျွန်တော့်ဆီမှာ တောင်ပေါ်က မကောင်းဆိုးဝါးမျောက်တွေ ဖော်စပ်ထားတဲ့ မျောက်ဝိုင်တွေရှိတယ်... ကျွန်တော်ရဲ့နောက်ကို လိုက်ခဲ့ပါလား...ကျွန်တော်တို့ စိတ်ကြိုက်သွားသောက်ရအောင်"
ဤစကားသည် ကျုံးချင်၏မျက်လုံးများကို တောက်ပသွားစေသည်။ သူသည် နာမည်ကြီး မျောက်ဝိုင်အကြောင်းကို နာမည်သာ ကြားဖူးသော်လည်း တစ်ကြိမ်တစ်ခါမျှ မသောက်ဖူးခဲ့ချေ။ သူ ချက်ချင်းစိတ်ဝင်စားသွားသည်။
"ဘာစောင့်နေတာလဲ... သွားကြစို့... မသောက်နိုင်တော့တဲ့အထိ သောက်ကြမယ်"
သူတို့က ချက်ချင်းပိုက်ဆံရှင်းပြီး နေရာပြောင်းလိုက်ကြ၏။ တန်ထင်းခန်းမဆောင် မြင့်မြတ်နယ်မြေမှ ခန်းမဆောင်သခင်တစ်ဦး၏ မြေးဖြစ်သူအနေဖြင့် ယဲ့ကျန်းထံတွင် ပိုင်ဆိုင်မှုများစွာရှိသည်။ မကြာခင်မှာပင် ယဲ့ကျန်း၏ဦးဆောင်မှုအောက်တွင် လူများအားလုံး စံအိမ်တစ်ခုသို့ ရောက်ရှိလာကြသည်။
ကြက်သွေးရောင်တံခါးမကြီး၏ရှေ့တွင် ကျောက်ခြင်္သေ့နှစ်ကောင်က မြင့်မားစွာ တည်ရှိနေသည်။ တံခါးဆိုင်းဘုတ်၏အထက်တွင် ရှေးဟောင်းစာလုံးကြီးများကို ရေးထိုးထားသည်။
"တောင်ပေါ် အပန်းဖြေစံအိမ်..."
"သခင်လေး...."
ယဲ့ကျန်း ရောက်လာသည်နှင့် အနီးအနားရှိ အစောင့်များက ချက်ချင်းရှေ့သို့တိုးပြီး နှုတ်ဆက်လိုက်ကြသည်။
"သွား... အားဆုကို ငါ့ရဲ့ အဖိုးတန်မျောက်ဝိုင်တွေကို ထင်းရှင်းမျှော်စင်ဆီ ယူလာခိုင်းလိုက်... ငါ ဒီနေ့ ဧည့်သည်တွေ ခေါ်လာတယ်...."
ယဲ့ကျန်းက အမိန့်ပေးလိုက်သည်နှင့် အနီးအနားရှိ အစေခံများက မနှောင့်နှေးရဲဘဲ အလျင်အမြန် ပြေးထွက်သွားကြသည်။
"စီနီယာကျုံးနဲ့ တခြားမိတ်ဆွေတွေအားလုံး....အထဲကို ဝင်ပါအုံး"
ယဲ့ကျန်းက ကျုံးချင် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ကို ဖိတ်ခေါ်လိုက်သည်။ ထို့နောက် သူတို့သုံးယောက်သား စံအိမ်ထဲသို့ ဝင်ရောက်သွားကြ၏။
ယဲ့ကျန်း၏လမ်းပြမှုအောက်တွင် သူတို့သည် စင်္ကြန်များနှင့်လမ်းများကို ဖြတ်သန်းကာ လမ်းကွေ့ပေါင်းဆယ်ခုကျော်ခန့် ချိုးကွေ့ပြီးနောက် နောက်ဆုံးတွင် ရေကန်တစ်ခုသို့ ရောက်ရှိသွားကြသည်။ ထိုရေကန်မှရေများသည် ကြည်လင်ပြီး စိမ်းလန်းနေကာ ရေကန်ထဲတွင် ကြာပန်းများ ပွင့်နေသည်။ ရေမျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များထနေပြီး အဖြူရောင်မြူခိုးများ ထွက်ပေါ်နေကာ သာလွန်ထူးကဲပြီး အေးချမ်းသော အလှတရားကို ဖော်ပြနေသည်။
ရှည်လျားသော စင်္ကြန်လမ်းတစ်ခုသည် ရေကန်ကမ်းပါးမှ ဆန့်ထွက်လာပြီး ရှည်လျားသောမြွေတစ်ကောင်အလား ရေကန်မျက်နှာပြင်တစ်ခုလုံးကို ဖြတ်သန်းသွားသည်။ ဤလမ်းသည် မျှော်စင်များနှင့် မြင့်မားသောတိုင်လုံးများရှိသော အဆောက်အအုံတစ်ခုနှင့် ဆက်သွယ်ထားသည်။ ထိုအဆောက်အအုံ၏အမည်မှာ "ထင်းရှင်းမျှော်စင်"ပင်။
သူတို့ ရောက်ရှိလာပြီး ထိုင်ရုံသာ ရှိသေးချိန်မှာပင် အိမ်တော်ထိန်းတစ်ဦးနှင့် အစောင့်အမြောက်အများက မျောက်ဝိုင်အရက်အိုးဆယ်အိုးကျော်ကို သယ်ဆောင်လာကြသည်။
"လာပါ စီနီယာကျုံး... စီနီယာတို့နှစ်ယောက်... ခင်ဗျားတို့အားလုံးအတွက် ဂုဏ်ပြုပါတယ်"
အစေခံများက စားပွဲကိုခင်းကျင်းပြီး သူတို့လေးယောက်အတွက် ခွက်များကို ဖြည့်ပေးနေစဉ်တွင် ယဲ့ကျန်းက ဂုဏ်ပြုစကား ပြောဆိုလိုက်သည်။ ပြင်းထန်သော ဝိုင်အရက်နံ့တစ်ခုက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်။ ဤရနံ့သည် ယစ်မူးဖွယ် ကောင်းပေ၏။
ဝိုင်ရနံ့က နှာခေါင်းထဲသို့ ဝင်ရောက်လာသည့်အချိန်အခိုက်အတန့်တွင် ကျုံးချင်သည် သူ၏စိတ်ထဲမှ တောင့်တမှုကို မထိန်းနိုင်တော့ချေ။ ယခုချိန်၌ ယဲ့ကျန်းက ဂုဏ်ပြုလိုက်သည်နှင့် သူ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ဤမျောက်ဝိုင်သည် နေရာတိုင်းတွင် မည်သည်ကြောင့် ဤမျှထိ ကျော်ကြားနေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ဤဝိုင်အရက်ကို သောက်လိုက်လျှင် စကားတစ်ခွန်းတည်းသာ ရှိပေ၏။ ဤသည်မှာ 'လန်းဆန်းသွားတာပဲ'ဟုပင်။
မျောက်ဝိုင်၏လှုံ့ဆော်မှုအောက်တွင် အတော်အတန် သောက်ထားပြီးသော ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ပင် နောက်ထပ်ခွက်အနည်းငယ် မသောက်ဘဲ မနေနိုင်ကြတော့ချေ။
မျှော်စင်ထဲတွင် ဝိုင်းဖွဲ့စားသောက်နေကြရင်း ယဲ့ကျန်းက ကျုံးချင်ကို ထပ်မံ၍ ဂုဏ်ပြုလိုက်သည်။
"စီနီယာကျုံး... ဆေးမြို့တော်ကို လာလည်တဲ့အချိန်မှာ ကျွန်တော်က ကောင်းကောင်း ဧည့်မခံနိုင်ခဲ့ဘူး... ဒီနေရာက နည်းနည်းဝေးလံခေါင်ဖျားပေမယ့် အေးချမ်းပြီး တိတ်ဆိတ်ပါတယ်... ဒီမှာပဲ တည်းခိုပါလား"
"ဒါဆိုရင် အိမ်ရှင်တစ်ယောက်အနေနဲ့ ကျွန်တော်လည်း တာဝန်ကျေတာပေါ့"
ကျုံးချင်က စဉ်းစားတွေးတောလိုက်သည်။
"အဆင်မပြေတာမျိုး ရှိမနေနိုင်ဘူးလား"
"ဘာများ အဆင်မပြေစရာ ရှိလို့လဲ... ကျွန်တော့် ရဲ့နာမည်နဲ့ ဒီလိုနေရာမျိုးကို ဆယ်နေရာကျော်လောက် ပိုင်ဆိုင်ထားတာပါ"
"စီနီယာ... ကြိုက်သလောက်သာ နေပါ... တစ်ခုခု လိုအပ်ရင် အိမ်တော်ထိန်းကိုသာ ပြောလိုက်... သူ စီစဉ်ပေးပါလိမ့်မယ်"
ယဲ့ကျန်းက ပြောဆိုပြီးသည်နှင့် သော့တစ်တွဲကို တိုက်ရိုက်ထုတ်ပေးလိုက်သည်။
"ဒီနေရာမှာ ဧည့်ခန်းပေါင်း ရှစ်ဆယ့်တစ်ခန်း ရှိတယ်... စီနီယာကျုံး ကြိုက်တဲ့အခန်းမှာ တည်းလို့ရပါတယ်... ဆန္ဒရှိသလောက် နေပါ"
ဤရက်ရောသော ဖိတ်ခေါ်မှုကို ငြင်းဆန်ရန် ခက်ခဲနေပြီး သူ့မှာလည်း တည်းခိုစရာ နေရာမရှိသဖြင့် ကျုံးချင်က မငြင်းဆန်တော့ချေ။ အဓိကအားဖြင့် ဤနေရာ၏ ပတ်ဝန်းကျင်အခြေအနေသည် အမှန်တကယ်ကို ကောင်းမွန်နေခြင်းပင်။
"ဒီလိုဆိုရင်လည်း အချိန်တစ်ခုလောက်ထိ ဒီအိမ်မှာပဲ ဒုက္ခပေးရတော့မှာပေါ့"
သူတို့သည် စကားစမြည်ပြောဆိုရင်း ဝိုင်အရက်ခွက်ချင်းတိုက်၍ သောက်စားနေကြသည်။
ယဲ့ကျန်း ရှိနေသည့်နေရာနှင့် ပတ်သက်ပြီး လင်းပေါင်ခန်းမ၏သခင် ယဲ့ချင်းရှန်ထံသို့ သတင်းရောက်ရှိသွားသည်။
"ဘာ... အဲ့ဒီမြေးမိုက်က ဧည့်သည်တွေကို ဖိတ်ပြီးတော့ ဝိုင်အရက်သောက်ဖို့ စိတ်ကူးရှိသေးတယ်ပေါ့"
လင်းပေါင်ခန်းမ၏ပင်မဆောင်တွင် ယဲ့ချင်းရှန်သည် ခြင်္သေ့တစ်ကောင် ဟိန်းဟောက်နေသည့်အလား ဒေါသတကြီး ဖြစ်နေသည်။
"သူ့ကို ငါ့ဆီ ချက်ချင်း ခေါ်လာခဲ့... ငါ့ရဲ့စကားကို သူ့ရဲ့နားထဲက လေလို သဘောထားရဲတယ်ပေါ့... သူက ကောင်းကင်ဘုံကို ဆန့်ကျင်နေတာပဲ"
ယဲ့ချင်းရှန်က ဒေါသတကြီး အော်ဟစ်လိုက်စဉ် သတင်းလာပို့သော အိမ်တော်ထိန်းဖူသည် သူ၏စိတ်ထဲ၌ မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။
"သခင်ကြီး... စိတ်လျှော့ပါအုံး... ဒီအစေခံအိုကြီးက သခင်လေးကို အခုပဲ ပြန်ခေါ်လာခဲ့ပါ့မယ်"
သူက သက်ပြင်းမောကြီး ရှိုက်လိုက်သည်။ သူ့ သခင်လေး၏လုပ်ရပ်များကို သူလည်း နားမလည်နိုင်ချေ။ သူ့ကို မျက်နှာသာမပေးမှန်း သိထားပြီး သခင်ကြီးသည် သူ့ကို ဤတစ်ကြိမ်သာ ဦးစားပေးခဲ့မှန်း သိထားသည့်တိုင် သူသည် သခင်ကြီး စိတ်ကျေနပ်အောင် အသည်းအသန် ကြိုးစားမည့် အခွင့်အရေးကို အသုံးမချဘဲ သခင်ကြီးကို ထပ်ခါတလဲလဲ ဒေါသထွက်အောင် လုပ်နေသည်။
လင်းပေါင်ခန်းမဆောင်တွင်...
အိမ်တော်ထိန်းဖူသည် ယဲ့ကျန်း ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသည်။ ဤကလေးအတွက် အိမ်တော်ထိန်းဖူသည် စောင့်ကြည့်ရင်း သူ၏စိတ်နှလုံးသားထဲတွင် နာကျင်နေရသည်။ ယဲ့ကျန်း၏အခြေအနေသည် ဤနှစ်များတစ်လျှောက် မည်မျှထိ ခက်ခဲခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း သိရှိထားသည်။ သို့ရာတွင် မည်မျှထိ ခက်ခဲခါးသီးပါစေ ထိုကလေးသည် အံကြိတ်ပြီး ကျော်ဖြတ်ခဲ့ပေ၏။ သူ၏စရိုက်နှင့် ဇွဲလုံ့လသည် စိတ်လှုပ်ရှားဖွယ်ရာကောင်းပြီး အိမ်တော်ထိန်းဖူကို သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အမှန်တကယ် ချစ်ခင်စေခဲ့သည်။
သို့သော် ဒီတစ်ကြိမ်တွင် ယဲ့ကျန်း၏လုပ်ရပ်များက အမှန်တကယ်ကို အလွန်အမင်း စိတ်ပျက်ဖွယ်ကောင်းလှသည်။ အိမ်တော်ထိန်းဖူက လင်းပေါင်ခန်းမဆောင်မှ ထွက်ခွာသွားပြီး တောင်ပေါ် အပန်းဖြေစံအိမ်ဘက်သို့ ဦးတည်သွားလိုက်၏။
ဤနေရာတွင်လည်း စားသောက်ဝိုင်းသည် ပြီးဆုံးခါနီးလေပြီ။ သူတို့သည် နေ့ဘက်မှ ညဘက်အထိ သောက်နေကြခြင်းဖြစ်ကာ ကျုံးချင်ပင်လျှင် အနည်းငယ် မူးနေလေပြီ။ ယဲ့ကျန်းကမူ ပို၍ဆိုးရွားနေပြီး သူသည် မတ်တတ်မရပ်နိုင်လုနီးပါး အခြေအနေသို့ ရောက်နေခဲ့သည်။
သို့ရာတွင် ထိုသို့ဖြစ်နေသည့်တိုင် သူသည်အစေခံများကို မှာကြားရန် မမေ့လျော့ခဲ့ချေ။
"စီနီယာကျုံးနဲ့ တခြားလူနှစ်ယောက်ကို အနားယူဖို့ ပို့ပေးလိုက်..."
"သခင်လေးကရော"
အနီးအနားရှိ အစေခံမလေးက တီးတိုးမေးမြန်းလိုက်သည်။
"ငါ တစ်ယောက်တည်း နေချင်တယ်... မင်းတို့ အရင်ထွက်သွားလို့ရပြီ"
လူများအားလုံး ထွက်ခွာသွားပြီး မကြာခင်မှာပင် အမှောင်ထုထဲမှထွက်လာသော အိမ်တော်ထိန်းဖူ၏ပုံရိပ်က ယဲ့ကျန်း၏နံဘေးတွင် တိတ်တဆိတ် ထွက်ပေါ်လာသည်။
"သခင်လေး... သခင်ကြီးက တွေ့ချင်နေတယ်"
ဤစကားကို ကြားလိုက်ရသည်နှင့် အမူးမပြေသေးသော ယဲ့ကျန်း ချက်ချင်းတုန်လှုပ်ချောက်ချားသွားသည်။ သူ မူးနေသည်မှာ တစ်ဝက်ခန့် ချက်ချင်းပြေပျောက်သွားသည်။ သူ၏မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူသည် အဘိုးဖြစ်သူကို ရိုးတွင်းခြင်ဆီထိလှိုက်အောင် အမှန်တကယ် ကြောက်ရွံ့ရိုသေကြောင်း သိသာထင်ရှားလှ၏။
ယဲ့ကျန်းက အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ၏စိတ်နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများကို အတင်းအကြပ် ဖိနှိပ်လိုက်သည်။ ကောင်းချီးဆိုလျှင် ကျိန်စာမဟုတ်ဘဲ ကျိန်စာဖြစ်နေလျှင် ရှောင်လွှဲ၍မရချေ။ သူ ဆုံးဖြတ်ချက်ချကတည်းက ဤကဲ့သို့ အခြေအနေမျိုးကို ရင်ဆိုင်ရန် သူ ပြင်ဆင်ထားပြီးသားဖြစ်သည်။ အချိန်သည် သူ မျှော်လင့်ထားသည်ထက် အနည်းငယ် စောနေသော်လည်း တချို့ကိစ္စများသည် ရှောင်လွှဲနေရုံဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ချေ။
"သွားကြစို့"
လရောင်အောက်တွင် ယဲ့ကျန်းက သူ၏လက်များကို နောက်ပစ်ကာ သူ၏ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်သည်။ သူထံ၌ "လေတိုက်သံ တရှဲရှဲအောက် ယီမြစ်ရေ အေးစက်၏... သူရဲကောင်းက ထွက်ခွာသွားပြီးနောက် ပြန်မလာတော့ပေ"*ဆိုသည့် ကဗျာဆန်သော ဆွဲဆောင်မှုမျိုး အနည်းငယ် ရှိနေသည်။
အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် အိမ်တော်ထိန်းဖူက သူ၏သခင်လေး ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ မည်သည့်အရာ အတိအကျ ပြောင်းလဲသွားသည်ကိုမူ သူ ထောက်ပြ၍မရချေ။ ယဲ့ကျန်းသည် ရင့်ကျက်မှုနှင့် တာဝန်ယူမှုတို့ကို ရရှိသွားသကဲ့သို့ သူ ခံစားလိုက်ရရုံသာ ဖြစ်ပေ၏။
*မူရင်း တရုတ်ကဗျာ (Easy Water Song)
တရုတ်စာသား (Traditional):
風蕭蕭兮易水寒, 壯士一去兮不復還။