← Chapters

တစ်နေ့ကျရင် ငါ့ရဲ့ဆုံးဖြတ်ချက် ဘယ်လောက်မှန်လဲဆိုတာ မင်းတို့ သိလာလိမ့်မယ်

Vol. 13 Ch. 124

တစ်နေ့ကျရင် ငါ့ရဲ့ဆုံးဖြတ်ချက် ဘယ်လောက်မှန်လဲဆိုတာ မင်းတို့ သိလာလိမ့်မယ်

Vol. 13 Ch. 124

ညဉ့်နက်သန်းခေါင်ယံအချိန်တွင် လင်းပေါင်ခန်းမဆောင်အတွင်း၌ မီးများလင်းထိန်နေဆဲပင်။

ယဲ့ချင်းရှန်သည် ပင်မခန်းမဆောင်ရှိ ထိပ်ဆုံးထိုင်ခုံပေါ်တွင် ထိုင်နေပြီး သူ၏မျက်နှာထားသည် ရေများပင် အေးခဲသွားနိုင်လောက်သည်အထိ အေးစက်မှိုင်းညို့နေသည်။

ယဲ့ကျန်း ရောက်ရှိလာချိန်တွင် ဒေါသထွက်နေပြီးသားဖြစ်သော ယဲ့ချင်းရှန်သည် တစ်ဖက်လူ အရက်နံ့များ နံစော်နေပြီး မူးရူးနေသည်ကို မြင်တွေ့ချိန်၌ ငြိမ်ငြိမ်မနေနိုင်တော့ချေ။

"ဘုန်း"

သူသည် စားပွဲခုံကို ရိုက်နှက်ကာ ဒေါသထွက်နေသော ခြင်္သေ့ကြီးတစ်ကောင်အလား မတ်တတ်ထရပ်လိုက်သည်။ သူ၏ပုံရိပ်သည် တဖျတ်ဖျတ်လှုပ်ရှားသွားပြီး ယဲ့ကျန်း၏ရှေ့သို့ ချက်ချင်းရောက်ရှိသွားကာ ပါးရိုက်ချက်ပြင်းပြင်းတစ်ချက် ကျရောက်သွားတော့သည်။ ထိုရိုက်ချက်မှာ ပြင်းထန်လွန်းသဖြင့် ယဲ့ကျန်း၏ ပါးစပ်ထောင့်မှ သွေးများယိုစီးကျလာသည်။

ထို့နောက် ယဲ့ချင်းရှန်၏ ဒေါသတကြီး မေးခွန်းထုတ်သံများ ထွက်ပေါ်လာသည်။

"ဧည့်အကြီးအကဲ တံဆိပ်ပြားကို ချက်ချင်း ပြန်ယူလာဖို့ ငါ ပြောလိုက်တယ်လေ... မင်း ဘာလုပ်နေတာလဲ... တခြားလူတွေနဲ့ သောက်စားပျော်ပါးပြီး သာမန်အရက်သမားတစ်ယောက်လို မူးရူးနေတယ်ပေါ့"

"အသေးအဖွဲ ကိစ္စတွေမှာ မင်းရဲ့ရည်မှန်းချက်တွေကို ဖြုန်းတီးပစ်ပြီးတော့ မင်းမှာ တိုးတက်လိုစိတ် လုံးဝမရှိဘူး... ငါ့ရဲ့တသက်လုံး လိမ္မာပါးနပ်ခဲ့ပေမယ့် ဘယ်လိုလုပ်ပြီးတော့ မင်းလို အသုံးမကျတဲ့ မျိုးဆက်တစ်ယောက် ရှိနေရတာလဲ... မင်းရဲ့မျက်လုံးထဲမှာ ငါရှိတယ်လို့ရော သဘောထားရဲ့လား"

ယဲ့ချင်းရှန်၏ ဆူပူကြိမ်းမောင်းသံများကို ကြားချိန်တွင် ယဲ့ကျန်းသည် သူ၏ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်ပြီး ခါးသည်းစွာ အော်ဟစ်ရယ်မောလိုက်သည်။ ထို့နောက် ပြဿနာ၏အဓိကအချက်ကို ထိမိစေသော မေးခွန်းတစ်ခုကို သူ မေးလိုက်သည်။

"အဘိုး... ကျွန်တော့်မှာ ရွေးချယ်ခွင့်တစ်ခုတောင် မရှိတော့ဘူးလား"

"ရွေးချယ်ခွင့် ဟုတ်လား...."

ယဲ့ချင်းရှန်က အေးစက်စက် နှာမှုတ်လိုက်၏။

"ဟမ့်.....ငါ စားခဲ့တဲ့ဆားက မင်းစားခဲ့တဲ့ ထမင်းထက်တောင် များသေးတယ်... မင်းရဲ့ အဲ့ဒီ ရွေးချယ်မှုဆိုတာက ငါ့ရဲ့ဆုံးဖြတ်ချက်ထက် ပိုပြီး အမြော်အမြင်ရှိမယ်လို့ မင်း တကယ်ကြီး ယုံကြည်နေတာလား"

ထိုစကားကို ကြားလိုက်ရသည်နှင့် ယဲ့ကျန်း၏ မျက်လုံးများ ချက်ချင်းနီမြန်းသွားသည်။ သူ့အတွက် အကောင်းဆုံး လုပ်ပေးနေသည်ဟူသော ခေါင်းစဉ်တပ်ပြီး သူ၏ဘဝကို တိုက်ရိုက်ထိန်းချုပ်နေသည့် ဤအပြုအမူများကို သူ ငြီးငွေ့နေလေပြီ။ သူ၏စိတ်နှလုံးသားထဲတွင် ကြာမြင့်စွာဖိနှိပ်ထားခဲ့သော မကျေနပ်ချက်များနှင့်နာကြည်းချက်များသည် နောက်ဆုံးတွင် ပွင့်အံ့ထွက်လာပေ၏။

"ဟုတ်ပါတယ်... အဘိုးက ခန်းမဆောင်သခင်ငါးယောက်ထဲက တစ်ယောက်ဖြစ်ပြီးတော့ အရှေ့ပိုင်းဒေသရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ပါ... အဘိုးရဲ့ အမြော်အမြင်နဲ့ ကြိုတင်တွက်ဆနိုင်စွမ်းတွေက ကျွန်တော့်ထက် အများကြီး သာလွန်ပါတယ်"

"ဒါပေမဲ့ ကျွန်တော်က လူသားတစ်ယောက်ပါ... ကျွန်တော်က အတွေးနဲ့ အသိစိတ်ရှိတဲ့ လူတစ်ယောက်ပဲလေ... ကျွန်တော့်မှာ ကိုယ်ပိုင် ရွေးချယ်ခွင့်တွေ ရှိသင့်သလို ကိုယ်ပိုင် ခံယူချက်တွေလည်း ရှိသင့်တယ်... ကျွန်တော်က အဘိုးရဲ့လက်ထဲက ရုပ်သေးရုပ် မဟုတ်ဘူး"

"တစ်ကြိမ်လောက်လေးဖြစ်ဖြစ် ကျွန်တော့်ဘာသာ ရွေးချယ်ခွင့်ပေးဖို့က အဲ့ဒီလောက်တောင် ခက်ခဲနေတာလား"

"အတင့်ရဲလိုက်တာ... ငါ့ကို ပြန်ပြောရဲတဲ့ သတ္တိမျိုး မင်းကို ဘယ်သူက ပေးလိုက်တာလဲ"

ယဲ့ချင်းရှန် ဒေါသအကြီးအကျယ် ထွက်သွားသည်။ သူသည် ယပ်တောင်အကြီးစားနှင့်တူသော သူ၏လက်ဝါးကို မြှောက်ပြီး အော်ငေါက်လိုက်သည်။

"မင်းက အမှားလုပ်ပြီး နောင်တမရဘူးပေါ့... ဒီနေ့ ငါ မင်းကို သေအောင် ရိုက်သတ်ပစ်မယ်ဆိုတာ မင်း ယုံလား"

ယဲ့ကျန်းက ယဲ့ချင်းရှန်ကို တန်းတန်းမတ်မတ် ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် ခိုင်မာပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။

"ဒီနေ့ အဘိုး ကျွန်တော့်ကို သေအောင်ရိုက်လည်း ကျွန်တော်ရဲ့စိတ်ကို ပြောင်းလဲမှာ မဟုတ်ဘူး... ဧည့်အကြီးအကဲ တံဆိပ်ပြားကို ကျွန်တော် ပေးပြီးသွားပြီ... ပြန်ယူစရာ အကြောင်းမရှိတော့ဘူး"

အဘိုးနှင့်မြေးဖြစ်သူတို့၏ အပြန်အလှန် အော်ဟစ်သံများက ပင်မခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်နေသည်။ အပြင်တွင် စောင့်ဆိုင်းနေကြသော အစေခံများနှင့်နောက်လိုက်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိသွားကြ၏။ သူတို့၏မှတ်ဉာဏ်ထဲတွင် ယဲ့ကျန်းသည် ခန်းမဆောင်သခင်၏ရှေ့၌ အမြဲတစေ ကြောက်ရွံ့ပြီး ခေါင်းငုံ့ခံနေတတ်သူပင်။ သူသည် မည်သည့်အချိန်ကစ၍ ဤမျှထိ သတ္တိကောင်းသွားသနည်း။

ယခုအချိန်တွင် ပင်မခန်းမဆောင်ထဲမှ ငြင်းခုံသံများသည် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။

"မြေးမိုက်... ငါ မေးခွန်းတစ်ခုပဲ မေးမယ်... မင်းရဲ့အမှားကို မင်းသိလား"

"ဒီမြေးက မမှားပါဘူး...."

ယဲ့ချင်းရှန်၏မေးခွန်းကို ယဲ့ကျန်းက ခိုင်မာပြတ်သားသောအသံဖြင့် တုံ့ပြန်လိုက်သည်။

"နောင်တ မရဘူးပေါ့... ကောင်းပြီလေ... မင်းရဲ့ရွေးချယ်မှုအတိုင်း ဆက်သွားမှာမလား"

"ဒီနေ့ မင်းကို သင်ခန်းစာကောင်းကောင်း ပေးရမယ်... ရွေးချယ်မှုတိုင်းမှာ ပေးဆပ်ရမယ့် တန်ဖိုးဆိုတာ ရှိတယ်... ဒီနေ့ကစပြီး မင်းက လင်းပေါင်ခန်းမရဲ့အဓိကတပည့် မဟုတ်တော့ဘူး"

"ငါမင်းကို ပေးထားသမျှ အရာအားလုံးကို ငါ အကုန်ပြန်သိမ်းမယ်... မင်း ပေးလိုက်တဲ့ ဧည့်အကြီးအကဲ တံဆိပ်ပြားက ငါ့ရဲ့အထောက်အပံ့မပါဘဲနဲ့ မင်းအတွက် ဘာတွေ ယူဆောင်လာပေးနိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့"

နောက်ဆုံးတွင် ယဲ့ချင်းရှန်သည် သုန်မှုန်နေသောမျက်နှာဖြင့် ထွက်ခွာသွားသည်။ ယဲ့ကျန်း တစ်ယောက်တည်း နေရာတွင် ကျန်ရစ်ခဲ့သည်။ သူ၏မျက်လုံးများဖြင့် မျက်နှာကြက်ကို မော့ကြည့်ပြီး ကြောင်တောင်တောင်ဖြစ်နေသည်။ သူနှင့်သူ့အဘိုးကြားမှ ဆက်ဆံရေးသည် တစ်ကြိမ်တစ်ခါမျှ မကောင်းခဲ့ဖူးသော်လည်း ဤမျှထိ တင်းမာသွားခြင်းမှာ ပထမဆုံးအကြိမ်ပင်။

"ငါ တကယ်ပဲ အမှားလုပ်မိတာလား"

သူ၏စိတ်ထဲတွင် မချင့်မရဲ သံသယဝင်မိသွားသည်။ သို့သော် အချိန်တခဏအကြာတွင် သူ၏သံသယများသည် ပြတ်သားမှုအဖြစ်သို့ တဖန်ပြန်၍ ပြောင်းလဲသွားပေ၏။

"ငါ မမှားဘူး"

သူ၏ရေရွတ်သံသည် ခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ သို့သော် ထိုပဲ့တင်သံနှင့်အတူ လှောင်ပြောင်သံတစ်သံက ထွက်ပေါ်လာသည်။

"ငါ့ရဲ့ တုံးအတဲ့ညီလေး... ကလေးတွေရဲ့ ကမ္ဘာမှာပဲ အမှားနဲ့ အမှန်ဆိုတာ ရှိတာပါ... အဘိုးကို မျက်နှာချင်းဆိုင် ပြန်ပြောရဲတာကို မင်းက သတ္တိရှိတယ်လို့ ပြောရမလား တုံးအတယ်လို့ ပြောရမလားဆိုတာ ငါ မသိတော့ဘူး"

သူ့ထံသို့ သန်မာထွားကျိုင်းသော လူငယ်တစ်ယောက် လျှောက်လှမ်းလာသည်။ ထိုလူငယ်သည် အရပ်ခုနစ်ပေခန့် မြင့်ပြီး ရုပ်ရည်ချောမောကာ သူ၏မျက်လုံးများထဲတွင် အရိုင်းဆန်သော အရိပ်အယောင်များ ရှိနေသည်။ သူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အခွင့်အာဏာကြီးမားသည့်ပုံ ပေါက်နေသည်။

ဤလူသည် ယဲ့ကျန်း၏အစ်ကိုကြီး ယဲ့ချန်ပင်။

"မင်း ဒီကို ဘာလာလုပ်တာလဲ"

ညီအစ်ကိုများအကြားတွင် ဆက်ဆံရေး မပြေပြစ်ကြောင်း ထင်ရှားနေပြီး ရန်လိုမုန်းထားမှုများပင် ပျံ့နှံ့နေသည်။ ဖြူကောင်တစ်ကောင်ကဲ့သို့ ဆူးများထောင်နေသော ယဲ့ကျန်းကို ကြည့်ရင်း တံခါးဝမှ ဝင်လာသော ယဲ့ချန်က လှောင်ပြောင်လိုက်သည်။

"ဒါက ငါ့ရဲ့ တုံးအတဲ့ညီလေး ဘယ်လို အရူးလုပ်ခံရလဲဆိုတာ လာကြည့်တာပေါ့... အစကတော့ မင်းက ငါ့ရဲ့ အနာဂတ် ရာထူးနေရာအတွက် ခြိမ်းခြောက်မှု တစ်ခုလို့ ထင်ခဲ့တာ... ဒါပေမဲ့ အခု ကြည့်ရတာတော့..."

"မင်းလို ငတုံးငအတစ်ယောက်ကို ငါက ရှုံးနိမ့်ရမယ်ဆိုရင် တို့ဖူးတုံးဝယ်ပြီး ခေါင်းနဲ့ဆောင့်သေလိုက်တာက ပိုကောင်းအုံးမယ်"

ယဲ့ချန်၏အရာအားလုံးကို အထင်သေးနေသော အကြည့် မာန်မာနထောင်လွှားပြီး ရိုင်းစိုင်းသော အမူအယာတို့ ပေါင်းစပ်လိုက်ချိန်၌ အလွန် ဒေါသထွက်စရာ ကောင်းနေသည်။ ယဲ့ကျန်းသည် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး တစ်ဖက်လူကို ထိုးကြိတ်ချင်စိတ်အား ထိန်းချုပ်လိုက်သည်။

"ငါ ဆူပူကြိမ်းမောင်းခံရတာကို လာကြည့်တာဆိုရင် မင်းရဲ့ ရည်ရွယ်ချက် ပြည့်သွားပြီ... တခြားကိစ္စ မရှိတော့ရင် ထွက်သွားပါ"

"ကျွတ် ကျွတ် ကျွတ်... ဒေါသတွေ ထွက်နေပြီပဲ"

ယဲ့ချန်က လက်ပိုက်ပြီး စနောက်လိုက်သည်။

"မင်း ဒေါသထွက်တိုင်း ဘာအမူအယာမှ မပြတတ်ဘူး... ဒါပေမဲ့ ဒေါသထွက်လည်း အလကားပဲ... ခွန်အားချင်း ယှဉ်ရင် မင်းက ငါ့လောက် မကောင်းဘူး... သြဇာအာဏာချင်း ယှဉ်ရင်လည်း မင်း ယှဉ်လို့မရဘူး... အဘိုးရဲ့ ချစ်ခင်မှုချင်း ယှဉ်ရင်လည်း ငါက မင်းကို လမ်းဆယ်လမ်းစာလောက် ပြတ်ကျန်ခဲ့အောင် ထားခဲ့နိုင်တယ်"

"တချို့လူတွေက တကယ် သနားစရာ ကောင်းတယ်... ဒေါသထွက်နေရင်တောင် နည်းနည်းလေးမှ ထုတ်မပြရဲကြဘူး... အားနည်းသူတွေရဲ့ ဝမ်းနည်းဖို့ကောင်းတဲ့အဖြစ်မှန်ကို မင်းက ပုံဖော်ပြနေတာပဲ"

"ပိုပြီးသနားစရာကောင်းတာက ဧည့်အကြီးအကဲ တံဆိပ်ပြားလို အရေးကြီးတဲ့အရာကို မင်းက လွယ်လွယ်ကူကူ ပေးလိုက်တာပဲ... မင်းရဲ့ နောက်ဆုံး ကျန်ရှိတဲ့ အရင်းအနှီးကိုတောင် ဖြုန်းတီးပစ်လိုက်ပြီ... ပြောစမ်းပါဦး... လင်းပေါင်ခန်းမရဲ့ ဆက်ခံသူနေရာအတွက် ငါနဲ့ ယှဉ်ပြိုင်ဖို့ မင်းဆီမှာ ဘာရှိသေးလဲ"

ယဲ့ချန်က ပြုံးနေသော်လည်း ထိုအပြုံးထဲမှ အေးစက်မှုများ ထွက်ပေါ်နေသည်။

"အော်... ဟုတ်သားပဲ... မေ့နေလိုက်တာ... မင်းက အဓိကတပည့် မဟုတ်တော့ဘူးလေ... အဲဒီ ဂုဏ်ပုဒ်မရှိတော့ရင် မင်း ယှဉ်ပြိုင်ချင်ရင်တောင် အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး"

ညီအစ်ကိုများကြားတွင် အရိုးကွဲအောင် ရိုက်လျှင်ပင် သွေးမကွဲဟု ဆိုကြသည်။ သို့သော် သူတို့ကြားတွင် ညီအစ်ကို သံယောဇဉ် သို့မဟုတ် လေးစားမှုဟူ၍ လုံးဝမရှိပေ။ အမုန်းတရားနှင့် ရန်လိုမှုများသာ ရှိသည်။ အကြောင်းအရင်းမှာ သူတို့ညီအစ်ကို နှစ်ယောက်သည် ဖအေတူမအေကွဲများ ဖြစ်နေကြသောကြောင့်ပင်။ သူတို့၏ပဋိပက္ခများသည် ယခင်မျိုးဆက်၏ မကျေနပ်ချက်များမှ တိုက်ရိုက်ဆက်ခံလာကြခြင်း ဖြစ်ပေ၏။

ယဲ့ကျန်းသည် လင်းပေါင်ခန်းမဆောင်မှ သူမည်သို့ ထွက်လာခဲ့သည်ကိုပင် သူ မသိတော့ချေ။ သူ့အဘိုး၏ ရက်စက်စွာ နှင်ထုတ်မှုနှင့် အစ်ကိုကြီး၏ သွေးအေးစွာဖိနှိပ်မှုတို့က သူ၏နှလုံးသားကို အပ်ဖြင့် ထိုးသကဲ့သို့ နာကျင်စေသည်။

"တစ်နေ့ကျရင် ငါ့ရဲ့ ရွေးချယ်မှုက ဘယ်လောက်ထိ မှန်ကန်တယ်ဆိုတာ မင်းတို့ သိလာရလိမ့်မယ်"

All Chapters