နှောင်ကြိုး
Vol. 13 Ch. 126
သူ၏အဘိုးသည် ဤမျှထိ ရက်စက်ပြတ်သားလိမ့်မည်ဟု သခင်လေးယဲ့ မည်သို့ တွေးထင်ထားမိမည်နည်း။
အဘိုးဖြစ်သူသည် သူ၏အဆင့်အတန်းကို ရုတ်သိမ်းလိုက်ရုံသာမက ဧည့်အကြီးအကဲ တံဆိပ်ပြားကိုလည်း တိုက်ရိုက်ပိတ်ပင်လိုက်သည်။
"စီနီယာကျုံး... တောင်းပန်ပါတယ်"
"ကျွန်တော်က မိသားစုနဲ့ ပဋိပက္ခတချို့ရှိခဲ့လို့ အခု အိမ်ကနေ နှင်ထုတ်ခံလိုက်ရပြီ"
"ဧည့်အကြီးအကဲ တံဆိပ်ပြားရဲ့ လုပ်ဆောင်ချက်တွေတောင် မိသားစုအကြီးအကဲတွေရဲ့ ပိတ်ပင်တာကို ခံလိုက်ရတယ်"
"အဆင်မပြေမှုတွေ ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်... စီနီယာက ကျွန်တော်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
သူ့ထံ၌ ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး အမှန်တကယ်ကို ပုန်းရှောင်စရာ နေရာမရှိသကဲ့သို့ ခံစားနေရသည်။
မူလက ဤဧည့်အကြီးအကဲ တံဆိပ်ပြားသည် ကျုံးချင်နှင့် ဆက်ဆံရေးကောင်းမွန်စေရန်အတွက် သူ အသုံးပြုရန် ရည်ရွယ်ထားသော နှောင်ကြိုးတစ်ခုပင်။ သို့ရာတွင် ယခုအချိန်၌ ထိုအရာသည် အသုံးမဝင်တော့ချေ။ အကယ်၍ စိတ်တိုတတ်သည့် လူတစ်ယောက်သာဆိုလျှင် သူ့ကို လှည့်စားနေသည်ဟု ထင်မှတ်သွားနိုင်သည်။
သို့ရာတွင်....
သူ မမျှော်လင့်ထားခဲ့သည်မှာ ကျုံးချင်သည် ဒေါသမထွက်သည့်အပြင် သူ၏ပခုံးကို ပုတ်ပြီး နှစ်သိမ့်ပေးခဲ့ခြင်းပင်။
"မင်းက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေဖို့ မလိုပါဘူး... ငါ့အတွက်တော့ ဒီပစ္စည်းက ရှိရင်ပိုကောင်းပေမယ့် မရှိလည်း ကိစ္စမရှိပါဘူး... ငါက အဲ့ဒီလောက်ထိ ပိုက်ဆံပြတ်လပ်နေတာမှ မဟုတ်တာ"
"ဒါပေမဲ့ မင်းကရော ဘယ်လိုလဲ... ဘာတွေဖြစ်ခဲ့တာလဲ... အိမ်ကနေ အနှင်ခံရတဲ့အထိ ဖြစ်သွားရတာလဲ"
ကျုံးချင်၏နားလည်ပေးမှုက ယဲ့ကျန်းကို ကျေးဇူးတင်မိစေသည့်အပြင် အံ့အားသင့်ဝမ်းသာစေခဲ့သည်။ သူ၏စိတ်နှလုံးသားက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့သည်။ ကျုံးချင်သည် သူ့ကို အပြစ်မတင်သည့်အပြင် နှစ်သိမ့်ပေးခဲ့ပေ၏။
ဤသည်မှာ စစ်မှန်သော စီနီယာတစ်ယောက်၏ ပုံစံ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုကဲ့သို့ စိတ်နေသဘောထားနှင့် အမူအယာမျိုးကို သူ လိုက်မီနိုင်ရန် မဖြစ်နိုင်ချေ။ မသိစိတ်အရ ကျုံးချင်အပေါ် သူ၏အကြည့်များတွင် ယခင်က လေးစားမှုနှင့်ကျေးဇူးတင်ရှိမှုများအပြင် ယခုအချိန်၌ ရိုသေမှုများလည်း ပို၍ပါဝင်လာသည်။
သို့သော် ထိုကိစ္စတစ်ခုလုံး၏ အကြောင်းစုံနှင့် ပတ်သက်လာလျှင် သူ များစွာမပြောချင်ချေ။ သူ၏အဘိုးသည် ကျုံးချင်ထံမှ ဧည့်အကြီးအကဲ တံဆိပ်ပြားကို ပြန်တောင်းခိုင်းသည်ကို သူ မတောင်းခဲ့ကြောင်း ပြောပြရန် မည်သို့မျှ မဖြစ်နိုင်ပေ။
"စီနီယာကျုံး... ဒါက မိသားစုကိစ္စ အသေးအဖွဲလေးတွေပါ... စီနီယာ စိတ်အနှောင့်အယှက်ဖြစ်အောင် မပြောတော့ပါဘူး"
"ဒီမှာ နေရတာ အဆင်ပြေရဲ့လား"
"ဒီနေ့ ကျွန်တော် အားနေတာနဲ့ အတော်ပဲ... စီနီယာက လိုအပ်တာကိုပြောရင် ကျွန်တော်ကိုယ်တိုင် ချက်ချင်းစီစဉ်ပေးပါ့မယ်"
ကျုံးချင်က အပြုံးနှင့် ပြောဆိုသည်။
"ဒီနေရာမှာ အရာအားလုံးက ကောင်းပါတယ်... ဘာမှလိုအပ်တာ မရှိပါဘူး"
"ဒီနေ့ လူစုံတက်စုံ ရှိနေတာ ရှားပါးတဲ့ကိစ္စပဲ... ညကျရင် ငါတို့အားလုံး အပြင်သွားပြီး စားသောက်ကြမလား"
ကျုံးချင်သည် ဆေးမြို့တော်သို့ ရောက်ရှိလာစဥ်ကတည်းက လူအနည်းငယ်နှင့်သာ တွေ့ဆုံခဲ့ရသည်။ ထိုသို့ပြောဆိုပြီးနောက် သူက ကျိုးဆန်းဘက်သို့ လှည့်ကြည့်ပြီး ပြောဆိုသည်။
"မင်း အဲ့ဒီအဘိုးကြီးယန်ကို မေးကြည့်လိုက်... ဒီနေ့ စားသောက်ပွဲကို ကျင်းပပေးလို့ရမလားလို့ မေးလိုက်ပါ"
"ညီအစ်ကိုကျုံးက စားသောက်ပွဲတက်ပေးနိုင်မယ်ဆိုရင် အဲ့ဒီအဘိုးကြီးက ပျော်လွန်းလို့ ငြင်းမှာတောင် မဟုတ်ဘူး... ငါ အခုပဲ ဆက်သွယ်လိုက်မယ်"
ကျိုးဆန်းက သူ၏ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ယူကာ အချိန်တခဏကြာမျှ ပြောဆိုလိုက်ပြီးနောက် မကြာမီတွင် ယန်ထျန်းချောင်ထံမှ အသံသတင်းစကား ပြန်ရောက်လာသည်။
'ညစာစားချိန်....လော့ရှင်းခန်းမဆောင်... သတင်းကောင်းကို စောင့်မျှော်နေပါတယ်'
လော့ရှင်းခန်းမဆောင်အကြောင်း ပြောဆိုရလျှင် ဤသည်မှာ ဆေးမြို့တော်တွင် အလွန်နာမည်ကြီးသော တည်ရှိမှုတစ်ခုပင်။ ဒဏ္ဍာရီများအရ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက နတ်မိမယ်တစ်ပါး ဒဏ်ရာရရှိပြီး လူ့ပြည်သို့ ဆင်းသက်လာကာ သာမန်လူသားတစ်ယောက်အဖြစ် စစ်ဖန်းခန်းမဆောင်တွင် ရောက်ရှိခဲ့သည်ဟု ဆိုကြသည်။ သူမကို စစ်ဖန်းခန်းမဆောင် ပိုင်ရှင်က ခိုလှုံခွင့် ပေးခဲ့သည်။
နတ်မိမယ်သည် ထိုနေရာ၌ နှစ်ဝက်ခန့် နေထိုင်ခဲ့ပေ၏။ နောက်ပိုင်းတွင် နတ်မိမယ်၏ဒဏ်ရာများ သက်သာပျောက်ကင်းသွားချိန်၌ သူမသည် ကောင်းကင်ကိုးလွှာသို့ တိုက်ရိုက်ပျံတက်သွားခဲ့ပြီး လူအများကို အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သည်။ ထိုအချိန်မှစ၍ စစ်ဖန်းခန်းမဆောင်ကိုလည်း လော့ရှင်းခန်းမဆောင်ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။
ထိုဒဏ္ဍာရီသည် အမှန်ဖြစ်သည် အမှားဖြစ်သည် ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ချေ။ သို့သော် ဤကျင့်ကြံခြင်းကမ္ဘာတွင် ထူးဆန်းသော ဒဏ္ဍာရီများနှင့် ယုံတမ်းစကားအမျိုးမျိုးက အမြဲတစေ ရှိနေတတ်စမြဲပင်။
ညနေခင်းအချိန်သို့ ရောက်ရှိလာသည်။ ကျုံးချင် ကျိုးဆန်း ယဲ့ကျန်း ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့အားလုံး စစ်ဖန်းခန်းမဆောင်၏ရှေ့သို့ ရောက်ရှိလာကြသည်။ ယန်ထျန်းချောင်သည် ဝင်ပေါက်တွင် လူများအားလုံးကို စောင့်ဆိုင်းနေပေ၏။
"စီနီယာ... ရောက်လာပြီကိုး"
သူက ပြုံးရွှင်သောမျက်နှာဖြင့် နှုတ်ဆက်လိုက်သည်။ သူ၏မျက်လုံးထောင့်မှနေ၍ ယဲ့ကျန်းကို ရိပ်ခနဲ မြင်လိုက်ရသည်။ သူအနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြောဆိုလိုက်သည်။
"သခင်လေးယဲ့... မင်းလည်း ဒီကို ရောက်နေတာပဲ"
ယဲ့ကျန်းသည် လူတစ်ယောက်မှ စားသောက်ပွဲ ဖိတ်ကျွေးမည်ဆိုသည်ကိုသာ သိရှိထားသည်။ သို့သော် မည်သူမည်ဝါ ဖြစ်သည်ကိုမူ သူ အတိအကျ မသိခဲ့ပေ။ ယန်ထျန်းချောင်ကို မြင်တွေ့ချိန်၌ သူသည်လည်း အနည်းငယ် အံ့အားသင့်သွားတော့သည်။
"အမှုဆောင်အရာရှိယန်... ခင်ဗျားနဲ့ ဒီနေရာမှာ တွေ့ရမယ်လို့ မထင်ထားဘူး"
အဆင့်သုံးဆေးပညာရှင်တစ်ယောက် အကြောင်း ပြောရလျှင် သူ လင်းပေါင်ခန်းမဆောင်၏အဓိကတပည့် ဖြစ်ခဲ့စဉ်ကတောင် သူတို့ကို လေးလေးနက်နက် ဆက်ဆံခဲ့ရသည်။ သူသည် သူတို့ကို ပေါ့ပေါ့တန်တန် သဘောထား၍ မရချေ။
"ကဲပါ... စကားပြောချင်ရင် လူတွေကို အထဲဝင်ခိုင်းအုံးမှပေါ့... တံခါးဝမှာ ရပ်နေတာက ဧည့်သည်တွေကို ဆက်ဆံတဲ့နည်းလမ်း မဟုတ်ဘူးလေ"
ယခုအချိန်တွင် ဝင်ရောက်ပြောဆိုလိုက်သူမှာ ကျိုးဆန်းပင်။ အဆင့်သုံး ဆေးပညာရှင် ယန်ထျန်းချောင်ပဲဖြစ်ဖြစ် တန်ထင်းခန်းမဆောင် လင်းပေါင်ခန်းမ၏ သခင်လေးယဲ့ကျန်းပဲ ဖြစ်ဖြစ်... ဤပုဂ္ဂိုလ်များ အားလုံးက သူ၏မျက်လုံးထဲမှာ တစ်ချိန်က မယုံနိုင်လောက်အောင် အရေးပါခဲ့သူများပင်။
ထိုလူများသည် သူ လွယ်လင့်တကူ မချဥ်းကပ်နိုင်သော တည်ရှိမှုများပင်။ သို့သော် သူသည် ကျုံးချင်နှင့် သိကျွမ်းခဲ့ပေ၏။ ဆေးဘုရင်နှစ်ယောက်နှင့် အတူတူ သောက်ခဲ့ပြီး ကျုံးချင် မည်မျှထိအစွမ်းထက်ကြောင်း သိလိုက်ရစဥ်ကတည်းက သူသည် ယခုလို ကိစ္စမျိုးကို ကိုင်တွယ်ဖြေရှင်းရာတွင် အတော်လေး သက်သောင့်သက်သာ ဖြစ်နေလေပြီ။
အချိန်တခဏအကြာတွင် ယန်ထျန်းချောင်၏ လမ်းပြမှုအောက်တွင် လူများအားလုံး သီးသန့်ခန်းသို့ ရောက်ရှိသွားကြသည်။ ဝိုင်အရက်အနည်းငယ် သောက်ပြီးနောက် စကားများသော ကျိုးဆန်း၏ ဦးဆောင်မှုဖြင့် အခြေအနေ သက်ဝင်လှုပ်ရှားလာသည်။
"ညီအစ်ကိုကျုံး... မင်းနဲ့ တွေ့ရတာက ငါ့ရဲ့ဘဝမှာ ကံအကောင်းဆုံး ကိစ္စပဲ... လာ... ဒီကံကောင်းမှုအတွက် ဂုဏ်ပြုလိုက်ကြရအောင်"
ဝိုင်အရက်ခွက်ချင်း တိုက်သံများကြားတွင် ယဲ့ကျန်းသည် မနာလိုမဖြစ်ဘဲ မနေနိုင်ချေ။ ကျိုးဆန်း၏စွမ်းအားသည် မကြီးမားသည့်အပြင် ပါရမီလည်း မမြင့်မားသော်လည်း ကျုံးချင်၏ မျက်နှာသာပေးမှုကို ရရှိထားပြီး ဤနေရာတွင် လွတ်လွတ်လပ်လပ် ထိုင်နိုင်သည်ကို သူ မြင်တွေ့နိုင်သည်။ သူတို့၏ဆက်ဆံရေးသည် သူ့ထက်ပို၍ ခိုင်မာပေ၏။
သူသည်လည်း အလျှော့မပေးနိုင်ပေ။
"စီနီယာကျုံး... ကျွန်တော်ကို အထင်ကြီးပေးပြီး ကျွန်တော်နဲ့ သိကျွမ်းဖို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်လည်း စီနီယာ့ကို ဂုဏ်ပြုပါတယ်"
ကျုံးချင်က သူ့နှင့်အတူ တစ်ခွက် သောက်လိုက်သည်။ သူက ယဲ့ကျန်း၏ ပခုံးကိုပုတ်ပြီး ပြောဆိုသည်။
"ငါ့ရှေ့မှာ မင်း သိပ်ပြီးအားနာနေစရာ မလိုပါဘူး"
ဆိုရိုးစကားတစ်ခု ရှိသည်မှာ 'လူတစ်ယောက်က တံတားပေါ်မှာ ရပ်ပြီး ရှုခင်းကို ကြည့်နေတယ်... ရှုခင်းကြည့်နေတဲ့ လူကို အဆောက်အအုံပေါ်ကနေ ကြည့်နေတဲ့ လူတွေလည်း ရှိတယ်... လမင်းက လူတစ်ယောက်ရဲ့ ပြတင်းပေါက်ကို အလှဆင်ပေးသလို သူကလည်း တခြားလူတွေရဲ့ အိပ်မက်တွေကို အလှဆင်ပေးတယ်'ဟုပင်။
ယဲ့ကျန်းက ကျိုးဆန်းနှင့်ကျုံးချင်တို့၏ ဆက်ဆံရေးကို အားကျနေချိန်တွင်....
ကျုံးချင်၏ ယဲ့ကျန်းအပေါ်ထားရှိသော သဘောထားကလည်း ယန်ထျန်းချောင်ကို အားကျစေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်၏။
'ဒီသခင်လေးယဲ့က ကံကောင်းခြင်းတွေ အများကြီး ရတော့မယ့်ပုံပဲ... ဒီစီနီယာရဲ့ မျက်နှာသာပေးမှုကို ရရှိနိုင်တယ်ဆိုမှတော့ သူက အနာဂတ်မှာ အောင်မြင်လာမှာပဲ...'
အချိန်တခဏအတွင်းတွင် သူ၏အတွေးများ တက်ကြွလှုပ်ရှားလာသည်။ ဤညစာစားပွဲသည် လူများအားလုံး အတွေးကိုယ်စီဖြင့် ပြီးဆုံးသွားခဲ့သည်။ အိမ်ရှင်နှင့်ဧည့်သည်များ စားသောက်ပြီးစီး၍ လူစုခွဲကြပြီးနောက် ယန်ထျန်းချောင်သည် ယဲ့ကျန်းကို ချက်ချင်းရှာတွေ့သွားသည်။
"သခင်လေးယဲ့"
"အမှုဆောင်အရာရှိယန်"
ကြယ်ရောင်စုံသော မိုးကောင်းကင်အောက်ရှိ ရှည်လျားသော လမ်းမပေါ်တွင်....
ယဲ့ကျန်းသည် သူ့ဆီသို့ လျှောက်လှမ်းလာသော လူကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ယန်ထျန်းချောင်က အခွင့်အရေးယူကာ လက်ဆောင်ဘူးတစ်ခုကို လက်ကမ်းပေးလိုက်၏။
"သခင်လေးယဲ့... ကျွန်တော်တို့က ဂိုဏ်းတူတွေ ဖြစ်ပေမယ့် တွေ့ဆုံဆက်ဆံတာက ရှားပါးပါတယ်... ဒါက ကျွန်တော်ရဲ့လေးစားမှုကို ပြသတဲ့ လက်ဆောင်လေးတစ်ခုပါ... သခင်လေးက လက်ခံပေးဖို့ မျှော်လင့်ပါတယ်"
"နောင်ကျရင် သခင်လေးယဲ့အနေနဲ့ ကျွန်တော့်ကို လမ်းညွှန်မှုနဲ့ ဂရုစိုက်မှုတွေ ပိုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
အမှုဆောင်အရာရှိ ယန်ထျန်းချောင်၏ လက်ဆောင်နှင့်စေတနာကို ရင်ဆိုင်ရချိန်တွင် ယဲ့ကျန်းက လက်မခံခဲ့ချေ။ ထိုအစား သူက ခါးသည်းစွာပြုံးပြီး ပြောဆိုသည်။
"အခု ကျွန်တော်က အဓိကတပည့် အဆင့်အတန်းကနေ ရုပ်သိမ်းခံလိုက်ရပြီ... ကျွန်တော်က မြစ်ကိုဖြတ်ကူးတဲ့ ရွှံ့ဘုရားရုပ်တုလိုပဲ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တော့ဘူး"
"ဂိုဏ်းထဲက အမှုဆောင်အရာရှိယန်ရဲ့ အဆင့်အတန်းနဲ့ ရာထူးအရ ကျွန်တော်ရဲ့အကူအညီကို ဘယ်လိုလုပ်ပြီး လိုအပ်မှာလဲ... ကျေးဇူးပြုပြီး ဒီလက်ဆောင်ကို ပြန်ယူသွားပါ...ဒါကို လက်ခံရမှာ ကျွန်တော် တကယ့်ကို ရှက်လွန်းလို့ပါ"
ယဲ့ကျန်း၏စကားများက ယန်ထျန်းချောင်ကို ထိတ်လန့်သွားစေခဲ့သည်။ ယဲ့ကျန်း နှင်ထုတ်ခံလိုက်ရသည့်အကြောင်းကို သူ မသိခဲ့ချေ။ သို့သော် ဤအရာက သူ့ကို ပို၍ပင်စိတ်လှုပ်ရှားစေခဲ့သည်။ စားသောက်ပွဲတွင် ကျုံးချင်က ယဲ့ကျန်းအပေါ် သူ၏လေးစားမှုနှင့် ဂရုစိုက်မှုကို ပေါ်ပေါ်ထင်ထင် ပြသခဲ့သည်။
ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးက စောင့်ရှောက်ထားသဖြင့် အနာဂတ်တွင် ယဲ့ကျန်းသည် မြင့်မားသောနေရာသို့ ပျံသန်းနိုင်မည်မှာ သေချာပေါက် ဖြစ်လာမည့်အရာပင်။ ယခုချိန်၌ တစ်ဖက်လူသည် ဘဝ၏ နိမ့်ပါးသော အချိန်ကာလတွင် ရှိနေသည်မှာ သေချာသည်။ ယဲ့ကျန်း လိုအပ်နေချိန်တွင် အကူအညီပေးရန်အတွက် ယခုအချိန်၌ သူ မလှုပ်ရှားလျှင် အမှုဆောင်အရာရှိ တစ်ယောက်အနေဖြင့် သူသည် အမှန်တကယ်ကို အရှုံးသမားတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
သူသည် ချက်ချင်းဆိုသလိုပင် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်၏။
"သခင်လေးယဲ့... ဒီပုဂ္ဂိုလ်ကြီးရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် အခု သခင်လေးဆီမှာ ဘာမှမရှိပေမဲ့ မကြာခင်ကာလမှာ သခင်လေးက အထက်ကိုးကောင်းကင်မှာ ပျံသန်းနေတဲ့ နဂါးတစ်ကောင် ဖြစ်လာပြီးတော့ ထူးကဲတဲ့ စွမ်းဆောင်ရည်တွေကို ရရှိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်"
"ကျွန်တော်က သခင်လေးယဲ့ဆီမှာ သစ္စာခံပါရစေ... သခင်လေးယဲ့ အနေနဲ့ ကျွန်တော့်ကို လက်ခံပေးနိုင်မလား"
ယန်ထျန်းချောင်၏ အညံ့ခံမှုက ယဲ့ကျန်း၏စိတ်နှလုံးသားထဲတွင် အဆုံးမရှိသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သည်။