← Chapters

ယန်ထျန်းချောင်၏ အညံ့ခံခြင်း

Vol. 13 Ch. 127

ယန်ထျန်းချောင်၏ အညံ့ခံခြင်း

Vol. 13 Ch. 127

လွန်ခဲ့သော အချိန်တခဏက....

အဆင့်သုံး ဆေးပညာရှင်တစ်ဦးကို ဆွဲဆောင်ရန် ဧည့်အကြီးအကဲ တံဆိပ်ပြားကို မထုတ်ပေးနိုင်ခဲ့သောကြောင့် သူသည် မိသားစုမှ နှင်ထုတ်ခံလိုက်ရခြင်းဖြစ်သည်။

ယခု၌မူ အဆင့်သုံးဆေးပညာရှင်တစ်ဦးက သူ၏နောက်သို့လိုက်ရန် စိတ်အားထက်သန်စွာဖြင့် အပြေးအလွှား ရောက်ရှိလာခဲ့သည်။ လက်ရှိချိန်၌ သူ့ထံတွင် ပိုင်ဆိုင်မှု မရှိတော့လျှင်ပင် တစ်ဖက်လူက သူ့နောက်သို့ လိုက်လိုပေ၏။

ဤသည်မှာ သူ ကျုံးချင်နှင့် ရင်းနှီးသောကြောင့် ဆိုသည်ကို သိထားသော်လည်း ဤသစ္စာခံမှုမှာ အစစ်အမှန်ပင်။

ယန်ထျန်းချောင်၏ သစ္စာခံမှုက ယဲ့ကျန်းကို အလွန်အမင်း စိတ်လှုပ်ရှားစေခဲ့သည်။ ဤသည်က သူ၏ မူလရွေးချယ်မှု မမှားယွင်းကြောင်း ပြသနေသည်။ သူ ပြန်ရလိုက်သည့် အကျိုးကျေးဇူးသည် သူ စိတ်ကူးထားသည်ထက်ပင် ပို၌အံ့အားသင့်ဖွယ် ကောင်းနေပေ၏။

ယန်ထျန်းချောင်၏ ကျိုးကြောင်းဆီလျော်ပြီး လက်တွေ့ကျသော သစ္စာခံမှုကို ရင်ဆိုင်ရချိန်တွင် ယဲ့ကျန်းထံ၌ ငြင်းဆန်ရန် အကြောင်းပြချက် မရှိတော့ချေ။ သူ အနည်းငယ် နားမလည်နိုင် ဖြစ်နေရုံသာ ရှိသည်။

"အကြီးအကဲယန်... ခင်ဗျားနဲ့ စီနီယာကျုံးချင် ဘယ်လို စသိခဲ့ကြလဲဆိုတာ မေးလို့ရမလား"

ထိုမေးခွန်းက ယန်ထျန်းချောင်၏ မျက်နှာပေါ်တွင် နေရခက်သော အရိပ်အယောင်တစ်ခုကို ဖြတ်သန်းသွားစေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ကျုံးချင်နှင့်သူ၏ ပထမဆုံးတွေ့ဆုံမှုက ဝမ်းသာကြည်နူးဖွယ် မကောင်းခဲ့ချေ။ သို့သော် ယဲ့ကျန်းက မေးမြန်းလာသဖြင့် သူသညိလည်း မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုတော့ပေ။

"ပြောရရင်တော့... အဲ့ဒီအချိန်တုန်းက အဲဒီစီနီယာက ကျိုးဆန်းနဲ့ အတူတူ ရှိနေတာ... ကျွန်တော်က အစပိုင်းမှာ သတိမထားမိခဲ့ဘူး..... ကျွန်တော်ရဲ့သဘောထားက... နည်းနည်းမာန်တက်ခဲ့မိတယ်"

"နောက်ပိုင်းမှာ စီနီယာဝူယွဲ့နဲ့စီနီယာရှီရှောင်ထျန်းတို့ ရောက်လာမှ သူ ဘယ်လောက်ထိ ထူးခြားတယ်ဆိုတာ ကျွန်တော် သိလိုက်ရတာ...."

ထိုအကြောင်းကို ပြောဆိုရင်း ယန်ထျန်းချောင်၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

"သခင်လေးယဲ့ သိအုံးမှာ မဟုတ်လောက်ဘူး... ဒီနေ့ စီနီယာကျုံးချင်ရဲ့ ဘယ်ဘက်မှာ ထိုင်နေတဲ့ လူနှစ်ယောက်က ဆေးပညာရှင် အဆင့်ငါး စာမေးပွဲမှာ အောင်မြင်ခဲ့တဲ့ ဆေးဘုရင်တွေလေ"

"ဒုန်း...."

ထိုစကားကို ကြားလိုက်ရသည်နှင့် ယဲ့ကျန်း၏ နှလုံးသား ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သည်။

ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ ဆေးဘုရင်အဖြစ် အဆင့်တက်သွားသည့်သတင်းကို ခန်းမဆောင်သခင်ငါးယောက်က ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ အမှန်အားဖြင့် သူတို့သည် ထိုသတင်းကိုပိတ်ပင်ရန် တင်းကြပ်သော အမိန့်တစ်ခု ထုတ်ပြန်ထားသည်။ ထို့ကြောင့် ထိုအချိန်က ရှိနေခဲ့သူများသာ ထိုကိစ္စကို သိရှိကြခြင်း ဖြစ်သည်။

"အဲ့ဒီလူနှစ်ယောက်နဲ့ စီနီယာကျုံးချင်က ဘယ်လို ပတ်သက်မှု ရှိတာလဲ"

ယဲ့ကျန်းက အနည်းငယ် ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။ ယန်ထျန်းချောင်က အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ ထိုလူများအကြားရှိ ဆက်ဆံရေးသည် သူ့အတွက် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ဖြစ်နေဆဲပင်။

"ဆေးဘုရင်နှစ်ပါး ပြောဖူးတာကတော့... သူတို့က စီနီယာကျုံးချင်ရဲ့ အပြင်စည်း တပည့်တွေတဲ့"

ဤသတင်းက ယဲ့ကျန်းကို လုံးလုံးလျားလျား မှင်သက်သွားစေပေ၏။

ကျုံးချင်သည် သာမန်မဟုတ်ကြောင်း သူ သိရှိထားသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ဘုရင်အဆင့်လက်နက်နှစ်ခုကို ပေါ့ပေါ့ပါးပါး သုံးစွဲခဲ့သူပင်။ မြင့်မြတ်နယ်မြေသုံးခုမှ ဘိုးဘေးများက သူ့ကို သွယ်ဝိုက်ပြီး လေးစားကြသည် ဆိုသော သတင်းကိုလည်း သူ ရရှိထားပြီး ဖြစ်သည်။

သို့သော် ဤသတင်းများအားလုံးက ယခုသတင်းလောက် ထိတ်လန့်တုန်လှုပ်ဖွယ် မကောင်းချေ။

ဆေးဘုရင်နှစ်ယောက်... သူတို့သည် အပြင်စည်း တပည့်များ ဖြစ်ရန်သာ အရည်အချင်း ပြည့်မီသလော....

ဤသည်မှာ မည်မျှထိ ဖြစ်နိုင်ချေမရှိသော ကိစ္စဖြစ်သနည်း။ သို့သော် ဤကဲ့သို့ ယုံနိုင်စရာမရှိသော ကိစ္စသည် သူ၏နံဘေးတွင် အမှန်တကယ် ဖြစ်ပျက်နေသည်။

သူ မည်သည်ကြောင့် အံ့အားမသင့်ဘဲ နေနိုင်မည်နည်း... မည်သည်ကြောင့် မကြောက်လန့်ဘဲ နေနိုင်မည်နည်း....

သူ ကျုံးချင်နှင့် ပို၍ထိတွေ့ဆက်ဆံလေလေ ထိုလူသည် နက်နဲသိမ်မွေ့ပြီး သာလွန်ထူးကဲကြောင်း ယဲ့ကျန်း ပို၍ခံစားရလေလေပင်။ သူ၏စစ်မှန်သော စွမ်းအားကို ပေါ့ပေါ့ပါးပါး တစ်ချက်လေး တွေ့မြင်လိုက်ရရုံဖြင့် လူများကို ကောင်းကင်ဘုံမှ ဆင်းသက်လာသော ပုဂ္ဂိုလ်တစ်ပါးဟု သတ်မှတ်စေရန် လုံလောက်နေသည်။

ကျုံးချင်နှင့် ပတ်သက်ဆက်နွယ်မှု ရှိနေခြင်းကြောင့် နောက်ပိုင်းကာလများတွင် သူတို့နှစ်ယောက်အကြား၌ အပြန်အလှန် ဆက်ဆံမှု ပိုမိုများပြားလာပြီး သွားလာလှုပ်ရှားမှု ပို၍နီးကပ်လာခဲ့သည်။

တန်ထင်းခန်းမဆောင်သည် အလွန်ကြီးမားပေ၏။ အင်အားစုသည် ကြီးမားလွန်းသဖြင့် မရေမတွက်နိုင်သော နယ်မြေများ ရှိပြီး သာမန်လူများသည် သူတို့၏တစ်ဘဝလုံးတွင် ထိုခန်းမ၏ ဩဇာလွှမ်းမိုးမှုနယ်ပယ်မှ ထွက်ခွာသွားနိုင်မည် မဟုတ်ချေ။ သို့သော် တစ်ချိန်တည်းမှာပင် တန်ထင်းခန်းမဆောင်မှာ အလွန်သေးငယ်သည်။ ဤနေရာသည် သေးငယ်လွန်းသဖြင့် သတင်းအချက်အလက် အမြောက်အများသည် ရည်ရွယ်ချက်ရှိသူများ၏အာရုံစိုက်မှုမှ မလွတ်ကင်းနိုင်ချေ။

တစ်နေ့တွင် ယန်ထျန်းချောင်သည် ယဲ့ကျန်း၏အိမ်သို့ ထပ်မံ၍ သွားရောက်တော့မည့်အချိန်၌ လမ်းခုလတ်တွင် လူတစ်ယောက်က သူ့ကို တိုက်ရိုက်တားဆီးလိုက်သည်။

"အမှုဆောင်အရာရှိယန်... ဘယ်သွားမလို့လဲ"

ယခုရောက်လာသူမှာ ယဲ့ချန်မှတစ်ပါး တခြားလူ မဟုတ်ချေ။

သူသည် လင်းပေါင်ခန်းမ၏သခင် ယဲ့ချင်းရှန်၏ နံဘေးတွင်ရှိနေသည့် ဆူးတစ်ချောင်းပင်။ သူ၏ပါရမီသည် ထူးချွန်ပြီး သူ၏စွမ်းအားကလည်း ကြီးမားပေ၏။ တန်ထင်းခန်းမဆောင် အတွင်းတွင် သူ၏အဆင့်အတန်းမှာ အလွန်မြင့်မားသည်။ မျိုးဆက်သစ်လူငယ်များကြားတွင် နံပါတ်တစ်ဖြစ်လာမည့် အလားအလာကို ယဲ့ချန်က မသိမသာ ပြသနေသည်။

"သခင်လေးယဲ့ချန်"

ယန်ထျန်းချောင် အံ့အားသင့်သွားသည်။ တစ်ဖက်လူ ဤနေရာ၌ မည်သည်ကြောင့် ထွက်ပေါ်လာသည်ကို သူ အနည်းငယ် နားလည်သဘောသွားပေ၏။ သူက ချက်ချင်းပြောဆိုလိုက်သည်။

"ကျွန်တော် ဘယ်သွားမယ်ဆိုတာကို သခင်လေးယဲ့ချန်ဆီ သတင်းပို့စရာ မလိုဘူးလို့ ကျွန်တော် ထင်တယ်"

ထိုစကားကိုကြားချိန်၌ ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တစ်ချိန်က ယန်ထျန်းချောင်ကို ဆွဲဆောင်စည်းရုံးရန် ကြိုးစားခဲ့ဖူးသည်။ ထိုအချိန်က တစ်ဖက်လူ၏ သဘောထားသည် အလွန်ဝေဝါးနေပေ၏။ ယန်ထျန်းချောင်သည် အတိအလင်း လက်မခံခဲ့သော်လည်း သူ၏လူတစ်ယောက် ဖြစ်လာမည့် အလားအလာကို မသိမသာ ပြသခဲ့သည်။ သို့ရာတွင် ယခု၌မူ တစ်ဖက်လူက သူ့ကို မိုင်ပေါင်းတစ်ထောင်ခန့်အကွာတွင် ထားချင်သကဲ့သို့ ပြုမူနေသည်။

ဤသည်က သူ့ကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်။

"အမှုဆောင်အရာရှိယန်... ဆိုရိုးစကားအတိုင်းပဲ... ပညာရှိတဲ့သူက အခြေအနေကို လိုက်ပြီး နေတတ်တယ်"

"ယဲ့ကျန်းက အဓိကတပည့် အဆင့်အတန်းကနေတောင် အဖြုတ်ခံလိုက်ရပြီ... သူက ညှိုးနွမ်းတော့မယ့် ပန်းတစ်ပွင့် စဉ့်တီတုံးပေါ်က ငါးသေတစ်ကောင်ထက် ဘာမှ မပိုတော့ဘူး"

"ခင်ဗျားက တကယ်ပဲ သူနဲ့အတူ အဆုံးထိ နေသွားမှာလား"

သူက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ယန်ထျန်းချောင်ကို ကြည့်လိုက်သည်။

"လင်းပေါင်ခန်းမရဲ့ သခင်လေးတစ်ယောက် အနေနဲ့... ကျွန်တော်ရဲ့အထက်မှာ ခန်းမဆောင်သခင်ရဲ့ပံ့ပိုးမှုရှိပြီးတော့ အောက်မှာ အကြီးအကဲတွေနဲ့ တခြားအမှုဆောင်အရာရှိတွေရဲ့ ကျောထောက်နောက်ခံ ရှိတယ်... မတော်တဆမှု တစ်ခုခုမရှိရင် အနာဂတ်မှာ လင်းပေါင်ခန်းမကို ကျွန်တော် ထိန်းချုပ်ရမှာက သေချာသလောက်နီးပါး ဖြစ်နေပြီ"

"ခင်ဗျား ကျွန်တော်နဲ့ လိုက်မယ်ဆိုရင် ဂုဏ်သိက္ခာရှိတဲ့ အနာဂတ်တစ်ခုကို ရစေရမယ်လို့ ကျွန်တော် အာမခံတယ်"

ယခင်က သူသည် ယန်ထျန်းချောင်ကို စည်းရုံးရန် ရည်ရွယ်ခဲ့ပေမယ့် သူ တိုက်ရိုက်မပြောခဲ့ဖူးချေ။ ယခုချိန်၌သူကိုယ်တိုင် ရောက်လာသဖြင့် တစ်ဖက်လူထံတွင် ငြင်းဆန်ရန် အကြောင်းပြချက်မရှိဟု သူ ထင်မှတ်ထားသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ထံ၌ အားသာချက်များ ရှိနေသဖြင့် ထက်မြက်သောလူတစ်ယောက်သည် မည်သို့ ရွေးချယ်ရမည်ကို သိရှိပေမည်။

သူ၏အမြင်အရ ယန်ထျန်းချောင်က ယဲ့ကျန်းနှင့် နီးကပ်စွာနေခြင်းသည် ဈေးဝယ်ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ဈေးကောင်းကောင်းနဲ့ ရောင်းချင်၍ လျှောက်ကြည့်နေသည်ထက် ဘာမျှမပိုပေ။ တစ်ဖက်လူသည် အလွန်လိမ္မာပါးနပ်သည်ဟု သူ ဝန်ခံရပေမည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ဤလှည့်ကွက်ကို အမှန်တကယ် သဘောကျသွားပေ၏။

သူ၏အသုံးမကျသော ညီလေးသည် ဘဝကို ပြောင်းလဲလိုသေးသလော။ အစ်ကိုကြီး တစ်ယောက်အနေဖြင့် သူသည် ဤကိစ္စကို ပထမဆုံး သဘောမတူမည့်သူ ဖြစ်လာပေလိမ့်မည်။ တစ်ဖက်လူကို ရက်ရက်စက်စက် ချေမှုန်းပြီး မျှော်လင့်ချက်များ အားလုံးကို သူ ရိုက်ချိုးလိုသည်။ ထိုအချိန်ကစပြီး ယဲ့ကျန်းသည် အမှောင်ထုထဲ၌ ပျက်စီးယိုယွင်းရင်း ကြွင်းကျန်သော ဘဝကို ကုန်ဆုံးသွားရပေမည်။

အချိန်တခဏအတွင်းတွင် ယန်ထျန်းချောင်အပေါ် သူ့အကြည့်များတွင် သဘောကျမှုအနည်းငယ် ရောယှက်နေသည်။ သူ၏ရှေ့၌ ဉာဏ်နီဉာဏ်နက်များ လှည့်ကွက်များ အသုံးပြုသည့်လူများကို သူ မမုန်းချေ။ ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ယောက်သည် သူ၏အကျိုးစီးပွားအတွက် တိုက်ခိုက်ရန် နည်းလမ်းမရှိပါက အသုံးမကျသောလူဖြစ်မည်မှာ သေချာပေါက်ပင်။ ထိုကဲ့သို့လူမျိုးကို သူ၏လက်အောက်၌ ခေါ်ထားလျှင်ပင် သာမန်သာ ဖြစ်နေမည်ဖြစ်ကာ မည်သို့ အသုံးဝင်နိုင်မည်နည်း။

သို့ရာတွင် သူ အရာအားလုံးကို တွေးတောထားခဲ့သော်လည်း ယန်ထျန်းချောင် ငြင်းဆန်လိမ့်မည် ဆိုသည်ကိုမူ မတွေးခဲ့မိချေ။

"သခင်လေးယဲ့ချန်... ကျွန်တော်ကို အလေးထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဆိုရိုးစကားအတိုင်းပဲ... လူတစ်ယောက်က သခင်နှစ်ယောက်ကို အလုပ်အကျွေး မပြုနိုင်ပါဘူး"

"ဒီအဘိုးကြီးက သခင်လေးယဲ့ကျန်းဆီမှာ သစ္စာခံထားပြီးပြီဆိုတော့ သခင်လေးယဲ့ချန်ရဲ့ ကွပ်ကဲမှုအောက်ကို ပြောင်းလို့မရပါဘူး"

"သခင်လေးရဲ့ စေတနာကို စိတ်ပျက်စေမိတဲ့အတွက် ခွင့်လွှတ်ပါ သခင်လေးယဲ့ချန်... တခြားကိစ္စ မရှိတော့ရင် ဒီအဘိုးကြီးကို ခွင့်ပြုပါအုံး"

ယန်ထျန်းချောင်၏သဘောထားက ယဲ့ချန်၏ မျက်နှာကို လုံးလုံးလျားလျား သုန်မှုန်သွားစေခဲ့သည်။ ထိုက်တန်သောလူကို သူ လေးစားမှု ပြသပြီးပြီဟု ထင်ထားခဲ့သော်လည်း ဤအဘိုးကြီးသည် ကျေးဇူးကန်းပေ၏။ ယဲ့ကျန်းက သူ့ထက် မည်သည့်အရာများ ပိုကောင်းနေသနည်းဟု သူ မေးလိုသည်။

သို့သော် ယန်ထျန်းချောင်က အဝေးကြီးသို့ လျှောက်လှမ်းသွားပြီဖြစ်ပြီး အချိန်တခဏအတွင်းမှာပင် သူ၏ပုံရိပ်က မြင်ကွင်းအဆုံးတွင် ပျောက်ကွယ်သွားတော့သည်။ သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ယဲ့ချန်သည် ငြင်းပယ်ခံရခြင်း အရသာကို မြည်းစမ်းလိုက်ရသည်။

"ကောင်းပြီ... အရမ်းကောင်းတယ်... အကောင်းဆုံးပဲ"

သူက အေးစက်စက် အော်ငေါက်လိုက်ပြီး သူ၏မျက်နှာအမူအယာသည် ရက်စက်ကြမ်းကြုတ်နေပေ၏။

"အဲ့ဒီအသုံးမကျတဲ့ကောင်နဲ့ အဆုံးထိနေဖို့ ခင်ဗျားက ရွေးချယ်လိုက်မှတော့... လမ်းမှားကို ရွေးချယ်မိတာနဲ့ ပေးဆပ်ရမယ့် တန်ဖိုးက ခင်ဗျား ခံနိုင်ရည်ရှိတဲ့အရာ မဟုတ်ဘူးဆိုတာသိအောင် ကျွန်တော်က လုပ်ပြရတာပေါ့"

"ပြီးတော့ မင်း... ယဲ့ကျန်း... မင်းလို အသုံးမကျတဲ့ကောင်က အဆင့်သုံး ဆေးပညာရှင် တစ်ယောက်ကို သိမ်းသွင်းနိုင်ရုံနဲ့ ငါ့ကို ယှဉ်ပြိုင်နိုင်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"

"ဂုဏ်ယူပါတယ်... မင်းကို ငါ တိုက်ခိုက်ချင်လာအောင် မင်း လုပ်နိုင်ခဲ့ပြီ... ငါတို့ကြားက ကွာဟချက်က မင်းကို စိတ်ပျက်အားငယ်သွားစေဖို့ လုံလောက်တယ်ဆိုတာ မင်း သိစေရမယ်"

ယဲ့ချန်က အဝေးသို့ မျှော်ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် ဒေါသမီးများ ပြင်းထန်စွာ တောက်လောင်နေပေ၏။ အစွမ်းထက်ပြီး အေးစက်သော ချီစွမ်းအားများသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လေထု အပူချိန်မှာ ဆောင်းရာသီ ရောက်လာသည့်အလား ရုတ်တရက် ကျဆင်းသွားခဲ့သည်။

All Chapters