အိပ်မက်မက်နေတာလား
Vol. 13 Ch. 128
တန်တင်းမျှော်စင်...
ခန်းမဆောင်သခင်ငါးယောက် တဖန်ပြန်၍ စုဝေးခဲ့ကြသည်။
"အဲ့ဒီလူနှစ်ယောက်ဆီက သတင်းမရသေးဘူးလား"
ခန်းမဆောင်သခင်တစ်ယောက်က မေးမြန်းလိုက်ချိန်တွင် မူလကတည်းက တိတ်ဆိတ်နေသော အခြေအနေသည် ပို၍ပင် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
ကျွင်းရှောင်ယောက်သည် ဤကာလအတွင်း ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ကို ဆက်သွယ်ရေး ကျောက်စိမ်းပြားမှတဆင့် ဆက်သွယ်ရန် ကြိုးစားနေခဲ့သည်။ သို့သော် သူ၏ကျောက်စိမ်းပြားသည် အဆက်မပြတ် ဆက်သွယ်မှုကြောင့် မီးခိုးထွက်လုနီးပါး ဖြစ်နေသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။
"ငါတို့က သူတို့ကို ဆက်သွယ်လို့ မရရင် ဒီကိစ္စကို ကိုင်တွယ်ဖို့ ခက်ခဲလိမ့်မယ်"
ခန်းမဆောင်သခင်တစ်ယောက်က ဖျော့တော့တော့လေသံဖြင့် ပြောဆိုသည်။ သူ၏လေသံတွင် အလျင်လိုသော အရိပ်အယောင်များ ပါဝင်နေသည်။
မူလက သူတို့သည် အဆင့်ခြောက်သို့ ရောက်လုနီးပါးရှိသော ဆေးလုံးတစ်လုံးကို ဖော်စပ်ရာတွင် ကူညီရန်နှင့် တခြားနယ်မြေများတွင် ဈေးကွက်ဖွင့်ရန်အတွက် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ကို ရှာဖွေလိုခဲ့ခြင်း ဖြစ်သည်။ သို့သော် မကြာသေးမီက ရုံးချုပ်မှ သတင်းပေးပို့လာသည်မှာ နှစ်ဝက်အတွင်း ဤနေရာ၌ စာမေးပွဲတစ်ခု ပြုလုပ်မည်ဟု ဆိုသည်။
တန်ထင်းခန်းမဆောင်သည် အရှေ့ပိုင်းဒေသတွင် တခြားအင်အားစုများထက် ကျော်လွန်သော မြင့်မြတ်နယ်မြေတစ်ခုဟု ဆိုကြသည်။ သို့သော် လူသိနည်းသော အချက်မှာ အရှေ့ပိုင်းဒေသရှိ တန်ထင်းခန်းမဆောင်သည် တန်ကျွင်းခန်းမဆောင်၏ ဌာနခွဲတစ်ခုမျှသာ ဖြစ်ခြင်းပင်။ ထိုအင်အားစု၏ စစ်မှန်သောအင်အားနှင့် ဩဇာအာဏာလွှမ်းမိုးမှုသည် လောကကြီး၏မျက်နှာပြင်ပေါ်တွင် မြင်တွေ့ရသည်ထက် များစွာပို၍ကြီးမားသည်။
ရုံးချုပ်မှ စာမေးပွဲစစ်ဆေးရန် လူများ စေလွှတ်တော့မည် ဖြစ်သောကြောင့် သူတို့သည် ဆေးဘုရင်နှစ်ယောက်၏ အကူအညီကို ရယူရန် ပို၍စိတ်အားထက်သန်လာကြသည်။
ခန်းမဆောင်သခင်ငါးယောက်သည် စိုးရိမ်ပူပန်မှုများဖြင့် မျက်မှောင်ကြုတ်နေကြ၏။
ယဲ့ချင်းရှန်က ဝင်ရောက်ပြောဆိုသည်။
"ဒီစာမေးပွဲက ငါတို့ တန်ထင်းခန်းမဆောင်အတွက် အရမ်းအရေးကြီးပြီးတော့ ကျရှုံးလို့ မဖြစ်ဘူး... စာမေးပွဲရလဒ်တွေက အထက်လူကြီးတွေ ထုတ်ပေးမယ့် ကျင့်ကြံခြင်းအရင်းအမြစ်တွေကို သက်ရောက်စေရုံတင်မကဘူး ငါတို့ ရာထူးတိုးနိုင်မယ့် လမ်းကြောင်းနဲ့လည်း သက်ဆိုင်နေတယ်"
"တခြားဌာနခွဲတွေက အဆင့်ခြောက် ဆေးလုံးတွေကို ဖော်စပ်နိုင်ပြီလို့ ငါ ကြားထားတယ်... ငါတို့ကတော့ သာမန် အဆင့်ငါးဆေးလုံးတွေကိုပဲ ဖော်စပ်နိုင်သေးတယ်... တကယ်လို့ ငါတို့ကသာ ဒီလိုရလဒ်တွေနဲ့ အဖြေတွေကို တင်ပြမယ်ဆိုရင် ဒီစာမေးပွဲမှာ ငါတို့ တန်ထင်းခန်းမဆောင်က အောက်ဆုံးအဆင့်ကို ထပ်ရောက်သွားမယ်ဆိုတာ သံသယဖြစ်ဖို့ မလိုဘူး"
သူ၏စကားကြောင့် တခြားခန်းမဆောင်သခင်များ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပို၍တိုးလာသည်။
ခန်းမဆောင်သခင်တစ်ယောက်က ခါးသည်းသော အမူအယာဖြင့် ပြောဆိုသည်။
"ဒီအကြောင်းပြချက်ကို လူတိုင်း နားလည်ပြီးသားပါ... ဒါပေမဲ့ အခုက သူတို့ကို ဆက်သွယ်လို့တောင် မရတာ... ငါတို့က ဘာလုပ်နိုင်မှာလဲ"
သူတို့သည် တန်ထင်းခန်းမဆောင်၏ အင်အားစုများကို စေလွှတ်ပြီး ထိုလူနှစ်ဦးကို ရှာဖွေရန် မစဉ်းစားခဲ့ကြပေ။ မည်သို့ပင်ဆိုစေကာမူ အခြေအနေသည် ထူးခြားနေပေ၏။ ထိုသို့လုပ်ဆောင်ခြင်းသည် ထိုလူနှစ်ယောက်ကို မလေးစားရာ ရောက်ပေလိမ်မည်။ အကယ်၍ ထိုလူနှစ်ယောက်သာ သိရှိသွားပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်။
ခန်းမဆောင်သခင်များ သက်ပြင်းချပြီး အကြံကုန်နေချိန်တွင် ပုံရိပ်တစ်ခုက အလျင်အမြန် ရောက်ရှိလာသည်။
"ခန်းမဆောင်သခင်ကျွင်းကို သတင်းပို့ပါတယ်... ဒီလက်အောက်ငယ်သားမှာ တင်ပြစရာ ရှိပါတယ်"
ဤလူသည် တန်ပေါင်ခန်းမသခင် ကျွင်းရှောင်ယောက်၏ ယုံကြည်ရသော နောက်လိုက်တစ်ဦးပင်။
"ဘာကိစ္စလဲ"
ကျွင်းရှောင်ယောက်သည် ကုလားထိုင်ရှည်ပေါ်တွင်ထိုင်နေရာမှ စိတ်မပါသော လေသံဖြင့် မေးမြန်းလိုက်သည်။
"ခန်းမဆောင်သခင်ငါးယောက်က မကြာသေးခင်က လူနှစ်ယောက်ကို ရှာမတွေ့လို့ စိတ်ညစ်နေကြတယ်ဆိုတာ လက်အောက်ငယ်သား သတိထားမိတယ်... ဒီနေ့ ဝမ်လန်ဝိုင်အရက်ဆိုင်မှာ အဲ့ဒီလူနှစ်ယောက် ဝိုင်အရက်ဝယ်နေတာကို ကျွန်တော် တွေ့ခဲ့တယ်"
"ဒီသတင်းက ခန်းမဆောင်သခင်အတွက် အသုံးဝင်မယ်ထင်လို့ အထူးလာရောက် သတင်းပို့တာပါ"
ဤသတင်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သေလုမြောပါး ဖြစ်နေသော လူငါးယောက်လုံး ချက်ချင်းတက်ကြွလာကြသည်။ စိတ်ကြွဆေး ထိုးသွင်းလိုက်သည့်အလား သူတို့၏မျက်လုံးများ ပြူးကျယ်လာပေ၏။ ဤသတင်းသည် သူတို့အတွက် ကောင်းကင်ဘုံမှ အသံအလားပင်။
"အဘိုးကြီးရှောင်ယောက်... အခု အဲ့ဒီလူနှစ်ယောက် ထွက်ပေါ်လာပြီဆိုတော့ ဒါက ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးပဲ... နောက်ထပ် စကားများမနေဘဲနဲ့ ဝိုင်အရက်ဆိုင်ကို မြန်မြန်သွားပြီး စောင့်ကြည့်ကြရအောင်... သူတို့ အဲ့ဒီနေရာမှာ တစ်ကြိမ် ထွက်ပေါ်လာနိုင်ရင် ဒုတိယအကြိမ်လည်း သေချာပေါက် ထွက်ပေါ်လာအုံးမှာပဲ"
ယဲ့ချင်းရှန်က ထိုသို့ပြောတိုလိုက်သည်နှင့် တခြားခန်းမဆောင်သခင်များ၏ သဘောတူညီမှုကို ချက်ချင်းရရှိလိုက်သည်။
"နောက်ထပ် စကားများမနေဘဲ မြန်မြန်ထွက်သွားကြစို့"
ခန်းမဆောင်သခင်တစ်ဦးသည် ထွက်ခွာသွားရန် စိတ်မရှည်တော့ချေ။ ဤကိစ္စတွင် သူတို့သည် မကြုံစဖူး မြင့်မားသော စွမ်းဆောင်ရည်ကို ပြသခဲ့ကြသည်။
ဝမ်လန်ဝိုင်အရက်ဆိုင်သည် ဆေးမြို့တော်တွင် အတော်သင့် နာမည်ကြီးသော ဝိုင်အရက်ဆိုင်ကြီးတစ်ဆိုင်ပင်။ ဆေးဘုရင်နှစ်ယောက် ဤနေရာတွင် ထွက်ပေါ်လာကြောင်း သတင်းရရှိကတည်းက ခန်းမဆောင်သခင်ငါးယောက်သည် နေ့ရောညပါ စောင့်ဆိုင်းနေခဲ့ကြသည်။
သူတို့သည် နေ့မှည ညမှနေ့အထိ စောင့်နေခဲ့ကြ၏။ ဤသည်မှာ မိုးကောင်းကင်ယံတွင် ကြယ်များ လင်းလက်နေချိန်မှ နေမင်းကြီး မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော်လာချိန်အထိပင်။ နောက်ဆုံးတွင် ထိုလူနှစ်ယောက်၏ပုံရိပ်များကို သူတို့ မြင်တွေ့လိုက်ရသည်။
ဝိုင်အရက်ဆိုင်ဝင်ပေါက်၏ အပြင်ဘက်တွင် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် အေးအေးလူလူ လျှောက်လှမ်းလာကြ၏။ တံခါးစောင့်နတ်ဘုရားများအလား ဝိုင်အရက်ဆိုင်ဝင်ပေါက်တွင် စောင့်ကြပ်နေသော လူငါးယောက်သား ချက်ချင်းစိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြပြီး နောက်ဆုံးတွင် ထိုလူနှစ်ယောက် ရောက်ရှိလာခဲ့လေပြီ။
ကျွင်းရှောင်ယောက်သည် အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး လျင်မြန်စွာ ရှေ့တိုးကာ ပြုံးရွှင်သော မျက်နှာဖြင့် နှုတ်ဆက်လိုက်သည်။
"လူကြီးမင်းတို့... မတွေ့တာ ကြာပြီပဲ"
ထိုလူငါးယောက်ကို မြင်တွေ့ချိန်၌ ရှီရှောင်ထျန်းသည် အေးစက်စက်နှာမှုတ်လိုက်ပြီး မည်သည့် ကောင်းမွန်သော အမူအရာကိုမျှ မပြသချေ။ ဝူယွဲ့ကမူ ခံစားချက်ကင်းမဲ့စွာဖြင့် ပြောဆိုလိုက်သည်။
"ခင်ဗျားတို့ ငါးယောက်က ဘာသဘောလဲ... ငါတို့က တန်ထင်းခန်းမဆောင်ကို မဝင်ချင်တာကြောင့် ခင်ဗျားတို့ ငါးယောက်က ဒေါသထွက်ပြီးတော့ ဒီနေရာမှာ စောင့်နေပြီး ငါတို့ကို သတ်ပစ်ဖို့ ကြံစည်နေကြတာလား"
ထိုစကားကို ကြားလိုက်ရသည်နှင့် ခန်းမဆောင်သခင်ငါးယောက်၏မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားသည်။
"ကျွန်တော်တို့ကို ရှင်းပြခွင့်ပြုပါ လူကြီးမင်းတို့... ကျွန်တော်တို့မှာ လူကြီးမင်းတို့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး... ကျွန်တော်တို့က စိတ်ရင်းမှန်နဲ့ ဒီနေရာမှာ စောင့်နေတာပါ... လူကြီးမင်းတို့နှစ်ယောက်ကို ကျွန်တော်တို့က တန်ထင်းခန်းမဆောင်ကို ဝင်ရောက်ပြီးတော့ ဂုဏ်ထူးဆောင် အကြီးအကဲတွေ ဖြစ်လာဖို့ ဖိတ်ခေါ်ချင်ရုံ သက်သက်ပါပဲ"
"တကယ်လို့ လူကြီးမင်းတို့က အရင်စည်းကမ်းချက်တွေနဲ့ အကျိုးခံစားခွင့်တွေကို မကျေနပ်ဘူးဆိုရင် အရာအားလုံးက ညှိနှိုင်းလို့ ရပါတယ်"
ကျွင်းရှောင်ယောက်က မျက်နှာချိုသွေးကာ ပြောလိုက်သည်။
"မလိုပါဘူး... ကျွန်တော်တို့က တန်ထင်းခန်းမဆောင်ဆိုတဲ့ တောင်ကြီးကိုတက်ဖို့ မမှန်းရဲပါဘူး"
ဝူယွဲ့က စဉ်းစားခြင်းပင် မရှိဘဲ ငြင်းဆန်လိုက်သည်။
ကျွင်းရှောင်ယောက်က အလွန်စိတ်ရှုပ်ထွေးစွာဖြင့် ပြောဆိုလိုက်၏။
"လူကြီးမင်းတို့က ကျွန်တော်တို့ တန်ထင်းခန်းမဆောင်အပေါ် အမြင်မကြည်လင်မှုတွေ ရှိနေပုံရတယ်... လူကြီးမင်းတို့ မနှစ်သက်ရတဲ့ အကြောင်းရင်းက ဘာများလဲ... ကျွန်တော်တို့ကို နည်းနည်းလောက် ပြောပြလို့ ရမလား"
ဤအချိန်တွင် ရှီရှောင်ထျန်းက ရှေ့သို့တိုးလာသည်။ သူက အေးစက်စက် နှာတစ်ချက်မှုတ်ပြီး ပြောဆိုသည်။
"ခင်ဗျားတို့ တန်ထင်းခန်းမဆောင်က တကယ့်ကို တစ်ခုခုပဲ ... ကျွန်တော်တို့ရဲ့တောင်သခင် ဒီကို စာမေးပွဲလာဖြေတုန်းက ခင်ဗျားတို့က သူ့ရဲ့မိတ်ဆွေက ခန်းမဆောင်က လူတစ်ယောက်ကို လက်ဆောင်ပေးတဲ့ ကိစ္စလေးတစ်ခုကြောင့် သူရော သူ့မိတ်ဆွေကိုပါ စာမေးပွဲဖြေဆိုခွင့် ပယ်ဖျက်လိုက်တယ်"
"ကျွန်တော်တို့ရဲ့တောင်သခင်က ပျော်ရွှင်ဖို့အတွက်လာတာ ဖြစ်ပြီးတော့ စာမေးပွဲက ဟန်ပြသက်သက် ဆိုပေမယ့် သူက ဘယ်လိုလူမျိုးလဲ... ခင်ဗျားတို့က သူ့ကို စာမေးပွဲဖြေဆိုခွင့် ပယ်ဖျက်ရဲတဲ့ သတ္တိမျိုး ရှိတယ်ပေါ့... ကျွန်တော်တို့က ခင်ဗျားတို့ တန်ထင်းခန်းမဆောင်မှာ ပြဿနာအကြီးအကျယ် မရှာခဲ့တာပဲ ကံကောင်းတယ် မှတ်ပါ... အခု ခင်ဗျားတို့က ကျွန်တော်တို့ကို ဝင်စေချင်သေးတယ်ပေါ့"
"ခင်ဗျားတို့ အိပ်မက်မက်နေကြတာလား... အဲဒီ စိတ်ကူးကို စွန့်လွှတ်လိုက်စမ်း"
ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် ခန်းမဆောင်သခင်ငါးယောက်ကို ကျော်ဖြတ်ပြီး လမ်းလျှောက်သွားကာ သူတို့၏ဝိုင်အရက်ကို ဝယ်ယူပြီး နောက်သို့လှည့်မကြည့်ဘဲ ထွက်ခွာသွားကြသည်။