အစွမ်းကုန် ကြိုးပမ်းအားထုတ်ခြင်း
Vol. 13 Ch. 129
ကြွင်းကျန်ခဲ့သော လူငါးယောက်သည် ပျက်ယွင်းနေသော မျက်နှာထားများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ချက်ချင်းကြက်သေသေသွားကြသည်။ ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့၏ သဘောထားများ မည်သည်ကြောင့် ဤမျှထိ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သနည်းဟု ယခင်က သူတို့ တွေးတောခဲ့ဖူးသည်။
ယခုချိန်၌ အမှန်တရား ပေါ်ပေါက်လာလေပြီ။ သို့သော် ဤအမှန်တရားက သူတို့၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခုကဲ့သို့ လှုပ်ခတ်စေခဲ့သည်။ သူတို့၏စကားများကို ကြည့်လျှင် သူတို့ အလွန်ရိုသေလေးစားသော ပုဂ္ဂိုလ်တစ်ဦးကို တန်ထင်းခန်းမဆောင်ဘက်မှ ပြစ်မှားမိခဲ့ပုံရသည်။ ထိပ်တန်းဆေးပညာရှင် နှစ်ဦးကို ဤမျှ ထိ ရိုသေလေးစားမှုမျိုးအား ပြသစေနိုင်သူသည် မည်သူ ဖြစ်နိုင်မည်နည်း။
ကျွင်းရှောင်ယောက်သည် သူ၏စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ပြီး ဝူယွဲ့တို့နောက်သို့ အလျင်အမြန်လိုက်သွားကာ အရှက်မဲ့စွာဖြင့် မေးမြန်းလိုက်၏။
"လူကြီးမင်းတို့... ခဏလောက် စောင့်ပါအုံး... ခင်ဗျားတို့ ပြောတဲ့ တောင်သခင်က ဘယ်သူလဲ ဆိုတာ မေးလို့ရမလား"
ရှီရှောင်ထျန်းက ရပ်တန့်လိုက်ပြီး သူ့ကို ကြည့်ကာ ခက်ထန်တင်းမာစွာ ပြောဆိုသည်။
"ကျွန်တော်တို့ရဲ့ တောင်သခင်က ရှန်ကျန်းဂိုဏ်း မူဖူတောင်က ကျုံးချင်ပဲ"
ကျုံးချင်ဟု ဆိုသလော....
ခန်းမဆောင်သခင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကျုံးချင်ဆိုသည့် နာမည်ကို သူတို့ တစ်ကြိမ်တစ်ခါမျှ မကြားဖူးချေ။ ထို့ပြင် သူတို့ မှတ်မိသလောက် ဤှလူနှစ်ဦးသည် ဝူကျီဂိုဏ်းမှ အကြီးအကဲများ မဟုတ်လော။ သူတို့သည် မည်သည်ကြောင့် ရှန်ကျန်းဂိုဏ်းသို့ ရောက်ရှိသွားသနည်း။
သူတို့ စကားအနည်းငယ် ထပ်ပြောချင်သော်လည်း ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့က စကားပြောခွင့် မပေးဘဲ သူတို့ကို တိုက်ရိုက် ကျော်ဖြတ်ကာ ထွက်ခွာသွားကြသည်။ ဤကိစ္စက ခန်းမဆောင်သခင်ငါးယောက်၏မျက်နှာကို အလွန်မည်းမှောင်သွားစေသည်။
အမှန်အားဖြင့် ကျုံးချင်အကြောင်း သူတို့ မကြားဖူးခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။ တန်ထင်းခန်းမဆောင်သည် မည်သည့်နေရာတွင်မဆို သာလွန်ထူးကဲသော အင်အားစုဖြစ်ပြီး ဂိုဏ်းအဖွဲ့အစည်းများကြားရှိ ပဋိပက္ခများတွင် ပါဝင်လေ့မရှိပေ။ ထို့ပြင် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ကို ပြစ်မှားမိမည်အား စိုးရိမ်သောကြောင့် သူတို့ နက်နက်ရှိုင်းရှိုင်း မစုံစမ်းရဲခဲ့ကြချေ။ ထို့ကြောင့် ဤကိစ္စအပေါ် သူတို့ မသိနားမလည် ဖြစ်ခဲ့ရသည်။
ထိုနည်းတူစွာ သူတို့ကို စိတ်ရှုပ်ထွေးစေသည်မှာ ဆေးဘုရင်နှစ်ပါးကို ဤမျှထိ ရိုသေလေးစားစေနိုင်သော ပုဂ္ဂိုလ်တစ်ဦး ရှိနေသည့်တိုင် သူတို့၏တန်ထင်းခန်းမဆောင်က မည်သည်ကြောင့် စာမေးပွဲဖြေဆိုခွင့် ပယ်ဖျက်လိုက်ရသနည်း။ ဤကိစ္စတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။
ခန်းမဆောင်သခင်ငါးယောက်သည် သံသယများဖြင့် ပြည့်နှက်နေပြီး တန်ထင်းခန်းမဆောင်သို့ ချက်ချင်းပြန်လာခဲ့ကြသည်။ အမိန့်တစ်ခုနှင့်အတူ မကြာမီ သူတို့သည် ဇာတ်လမ်းစုံကို သိရှိသွားကြ၏။
ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ ပြောဆိုသော ကျုံးချင်သည် သူတို့၏တန်ထင်းခန်းမဆောင်မှ မည်သည်ကြောင့် စာမေးပွဲဖြေဆိုခွင့် ပယ်ဖျက်ခံလိုက်ရသည်ကိုလည်း နောက်ဆုံးတွင် နားလည်သွားကြသည်။ ကျိုးဆန်းအမည်ရှိသော လူတစ်ယောက်က ခန်းမဆောင်မှ အကြီးအကဲတစ်ယောက်ကို တံစိုးလက်ဆောင်ပေးချင်ပြီး စဉ်းစားပေးရန် တောင်းဆိုရာတွင် ကျုံးချင်၏အမည်ကို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူတို့နှစ်ယောက်လုံးကို လိမ်လည်သည်ဟု သတ်မှတ်ပြီး စာမေးပွဲဖြေဆိုခွင့် အရည်အချင်းများကို ပယ်ဖျက်လိုက်ခြင်းပင်။
အကြောင်းစုံကို နားလည်ပြီးနောက် ခန်းမဆောင်သခင်ငါးယောက်သည် မျက်မှောင်ကြုတ်ကာ ဆွေးနွေးမှုကို စတင်လိုက်ကြ၏။
"ဒီကိစ္စက ကိုင်တွယ်ရ နည်းနည်း ခက်တယ်"
ခန်းမဆောင်သခင်တစ်ယောက်က မျက်မှောင်ကြုတ်ပြီး စဥ်းစားတွေးတောနေသည်။
တင်းတင်းကြပ်ကြပ် ပြောရလျှင် ကျုံးချင်က လက်ဆောင်ပေးခဲ့ခြင်း မဟုတ်ချေ။ တခြားလူတစ်ဦးက သူ၏ကိုယ်စား ပေးခဲ့ခြင်းဖြစ်ပြီး သူ၏စာမေးပွဲဖြေဆိုခွင့် အရည်အချင်း ပယ်ဖျက်ခံလိုက်ရခြင်းပင်။ ဤပြစ်ဒဏ်သည် တိကျမှု မရှိသည့်အပြင် ပေါ့ဆလွန်းသည်။ ထို့ပြင် ဤကိစ္စတွင် ကြီးမားသော ဟာကွက်တစ်ခု ရှိနေပေ၏။
စဉ်းစားကြည့်ပါက တစ်စုံတစ်ယောက်သည် စာမေးပွဲဖြေဆိုသော ဆေးပညာရှင်တစ်ဦးကို ဒုက္ခပေးချင်ပါက လာဘ်ထိုးရန် လူတစ်ယောက် လွှတ်လိုက်ပြီး သူ၏နာမည်ကို သုံးလိုက်ရုံနှင့် သူ၏စာမေးပွဲဖြေဆိုခွင့် ပယ်ဖျက်ခံရနိုင်သည် မဟုတ်လော။
ဤပြစ်ဒဏ်၏ဟာကွက်အပြင် အရေးအကြီးဆုံးအချက်မှာ ကျုံးချင်၏အထောက်အထားပင်။ ဤလောကတွင် စည်းမျဉ်းဆိုသည်မှာ အားနည်းသူများအတွက်သာ ရှိသည်ကို သိထားရပေမည်။
ဆေးဘုရင်နှစ်ယောက်ကို ဤမျှထိ ရိုသေလေးစားစေနိုင်ခြင်းက ကျုံးချင်သည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ညွှန်ပြနေသည်။ ကျုံးချင်၏ စာမေးပွဲရည်မှန်းချက်မှာ အဆင့်တစ် ဆေးပညာရှင်သာ ဖြစ်သော်လည်း ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့ ပြောခဲ့သည်မှာ ကျုံးချင်သည် စိတ်ဝင်စားမှုသက်သက်ဖြင့် စာမေးပွဲလာဖြေခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် သူတို့သည် တစ်ဖက်လူကို လျှော့တွက်လောက်အောင် မိုက်မဲမည် မဟုတ်ချေ။
အတိုချုပ်ပြောရလျှင် ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး တန်ထင်းခန်းမဆောင်သို့ စာမေးပွဲ လာဖြေသည်ဆိုလျှင် တခြားအရာများကို ဘေးဖယ်ထားပြီး ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ကို ထောက်ထားသောအားဖြင့်ပင် သူ့ကို လေးလေးနက်နက် ဆက်ဆံသင့်သည်။ သို့သော် ယခုချိန်၌ ထိုလူသည် တန်ထင်းခန်းမဆောင်၏ စာမေးပွဲဖြေဆိုခွင့် အရည်အချင်းအား တိုက်ရိုက်ရုတ်သိမ်းခံလိုက်ရသည်။ အကယ်၍ ဤကဲ့သို့ကိစ္စမျိုး သူတို့ထံ၌ ကြုံတွေ့ခဲ့ရပါက သူတို့သည်လည်း သေချာပေါက် မကျေမနပ် ဖြစ်မိကြပေလိမ့်မည်။
ကျွင်းရှောင်ယောက်သည် စားပွဲပေါ်သို့ သူ၏လက်ချောင်းများဖြင့် အဆက်မပြတ် ခေါက်နေသည်။
"ခက်ခဲတာပဲဖြစ်ဖြစ် မခက်ခဲတာပဲဖြစ်ဖြစ် ဒီကိစ္စက လုပ်ကိုလုပ်ရမယ်... ရုံးချုပ်ရဲ့စာမေးပွဲက နီးကပ်လာပြီ... ဆေးဘုရင်နှစ်ပါးကို စည်းရုံးဖို့က အရေးကြီးတဲ့ကိစ္စပဲ"
"ဒါပေမဲ့ ငါတို့က မှန်ကန်တဲ့ ကုထုံးကို ပေးဖို့ လိုသေးတယ်... ဝူယွဲ့နဲ့ရှီရှောင်ထျန်းတို့ကို ရှာတာက အသုံးဝင်မှာ မဟုတ်ဘူး... ငါတို့က အဓိကသော့ချက်ဖြစ်တဲ့ ကျုံးချင်ကို ရှာမှပဲ ရမယ်"
"အဆိုးဆုံးကတော့ ငါတို့ အရှက်သိက္ခာကို ဘေးဖယ်ပြီးတော့ သူ့ကို တောင်းပန်လိုက်ရုံပဲ... ပြီးတော့ သူ့ကို လက်ဆောင်ကြီးကြီး ပေးပြီး စာမေးပွဲ ပြန်ဖြေခိုင်းရမယ်"
"တစ်ဖက်လူက အဆင့်တစ်ဆေးပညာရှင် လက်မှတ်အတွက် စာမေးပွဲ လာဖြေတာဆိုတော့ ဒီဆေးပညာရှင်လက်မှတ်က သူ့အတွက် ဆွဲဆောင်မှု ရှိနေတုန်းပဲ ဖြစ်လောက်တယ်... ဒီနည်းလမ်းက အံ့အားသင့်ဖို့ကောင်းတဲ့ ရလဒ်တွေ ထွက်လာနိုင်တယ်"
"အဲဒီအချိန်ကျရင် ကျုံးချင်သာ စကားပြောလိုက်တာတဲ့ ဝူယွဲ့နဲ့ရှီရှောင်ထျန်းရဲ့ သူ့အပေါ်ထားတဲ့ သဘောထားအရ ညှိနှိုင်းစရာ လမ်းကြောင်းတစ်ခု ပေါ်လာလိမ့်မယ်"
ဤစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူများအားလုံး စိတ်ရှုပ်ထွေးသကဲ့သို့ ခံစားလိုက်ရသည်။
ဤနေရာတွင် စာမေးပွဲဖြေဆိုရန် လူများက ငွေပေးရသည်မှာ ထုံးစံဖြစ်သော်လည်း ယခုအချိန်၌ တစ်စုံတစ်ယောက်အား စာမေးပွဲ လာရောက်ဖြေဆိုရန်အတွက် သူတို့က လက်ဆောင်ကြီးကြီး ပေးအပ်ရမည့်အခြေအနေ ဖြစ်နေသည်။ ထို့ပြင် သူတို့၏ အဆင့်အတန်းက မည်သို့နည်း။ သူတို့က တစ်စုံတစ်ယောက်ကို တောင်းပန်ရမည် ဆိုသည်မှာ အမှန်တကယ်ပင် နေသားမကျသကဲ့သို့ ခံစားရစေသည်။
သို့သော် အစွမ်းထက်သော ဆေးဘုရင်နှစ်ယောက်ကို စည်းရုံးနိုင်ရန်အတွက် ဤသည်မှာ လတ်တလော သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပုံရသည်။ အသေးစိတ်အစီအစဥ်များကို ချမှတ်ပြီးသည်နှင့် ခန်းမဆောင်သခင်ငါးယောက်သည် အလျင်အမြန် လှုပ်ရှားလိုက်ကြ၏။
...
မကြာသေးမီက ကျုံးချင်သည် သူ၏ အားလပ်ချိန်များတွင် ဆေးမြို့တော်တခွင် လျှောက်လည်ရသည်အား သဘောကျနှစ်သက်နေသည်။ ဆေးမြို့တော်၏စည်ကားမှုသည် ရှန်ကျန်းဂိုဏ်းအနီးရှိ လင်းမြို့ထက် ဆယ်ဆမျှ ပို၍စည်ကားသိုက်မြိုက်သည်။ ဤနေရာရှိ အစားအသောက်နှင့်ရှုခင်းများသည် အလွန် ကောင်းမွန်ပေ၏။
လူသားဆန်သော တက်ကြွမှုများနှင့် ပြည့်နှက်နေသည့် ဤခံစားချက်က သူ့အတွက် အတော်လေး ဆွဲဆောင်မှု ရှိသည်။ စည်ကားသိုက်မြိုက်သော လမ်းမပေါ်တွင် ကျုံးချင်က အေးအေးလူလူ လျှောက်လှမ်းနေသည်။ ရုတ်တရက် လမ်းမပေါ်တွင် ပုံရိပ်ငါးခု ထွက်ပေါ်လာသည်။ ဤလူငါးယောက် တန်ထင်းခန်းမဆောင်၏ ခန်းမဆောင်သခင်ငါးယောက် ဖြစ်ပြီး ထိုနေရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူတို့ပိုင်နက် ၏ပိုင်နက်ဖြစ်သော ဆေးမြို့တော်ပင်။ တစ်ဖက်လူများကို ပြစ်မှားမိမည်အား စိုးရိမ်သဖြင့် သူတို့သည် နက်နက်နဲနဲ မစုံစမ်းရဲသော်လည်း အနည်းငယ်မျှ စုံစမ်းမေးမြန်းလိုက်ရုံဖြင့် တစ်စုံတစ်ယောက်၏တည်နေရာကို ရှာဖွေရန်မှာ အလွန်ရိုးရှင်းပေ၏။
"လူကြီးမင်း..."
သူတို့ငါးယောက်သည် ကျုံးချင်၏ရှေ့သို့ ရောက်လာကြပြီး သူတို့၏သဘောထားမှာ အတော်လေး စိတ်အားထက်သန်နေသည်။ သူတို့သည် ကျုံးချင်၏ကျင့်ကြံဆင့်ကို မခန့်မှန်းနိုင်သောကြောင့် သို့မဟုတ် သူ ငယ်ရွယ်သောကြောင့် အထင်သေးခြင်း မရှိကြချေ။ တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့၏ သဘောထားသက်သက်ဖြင့် ကျုံးချင်သည် သာမန်မဟုတ်ကြောင်း ပြသရန် လုံလောက်နေပေ၏။
"ခင်ဗျားတို့က ဘယ်သူတွေလဲ"
ကျုံးချင်က ရပ်တန့်လိုက်ပြီး သူတို့ကို ကြည့်လိုက်ကာ သူ၏မျက်လုံးများထဲတွင် မေးခွန်းထုတ်လိုမှုများဖြင့် ပြည့်နှက်နေသည်။
"ကျွန်တော်တို့က တန်ထင်းခန်းမဆောင်ရဲ့ ခန်းမဆောင်သခင်ငါးယောက်ပါ... ကျွန်တော်တို့ ဒီနေရာကို ရောက်လာတာက အဓိကပြောရရင် ဆေးပညာရှင်စာမေးပွဲမှာ ဖြစ်သွားတဲ့ လိမ်လည်မှု ကိစ္စကြောင့်ပါ"
ကျွင်းရှောင်ယောက်က ရှေ့သို့တိုးပြီး ပြောဆိုလိုက်သည်။
"အရင်က လိမ်လည်မှုကိစ္စကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီးတဲ့အချိန်မှာ တန်ထင်းခန်းမဆောင်က အတွင်းလူတွေရဲ့ မှားယွင်းစွာ ကိုင်တွယ်မှုကြောင့် ဖြစ်ရတာလို့ တွေ့ရှိခဲ့တယ်... ကျွန်တော်တို့က လူကြီးမင်းကို တရားမျှတမှု ပေးဖို့အတွက် သီးသန့်လာခဲ့တာပါ"
ထိုစကားများကိုပြောဆိုရင်း သူက သိုလှောင်အိတ်တစ်ခုကို လက်ကမ်းပေးလိုက်၏။
"ဒီအိတ်အထဲမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း ပါပါတယ်... ဒါက ကျွန်တော်တို့ တန်ထင်းခန်းမဆောင်ရဲ့ စေတနာလေးကို ပြသတာပါ... လူကြီးမင်းက လက်ခံပေးဖို့ ကျွန်တော် မျှော်လင့်မိတယ်"
အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းဆိုသည်မှာ မနည်းလှချေ။ လိမ်လည်မှု ကိစ္စတွင်ရှိသော အမှားတစ်ခုအတွက် လျော်ကြေးငွေက ဤမျှထိ များပြားလိမ့်မည်ဟု ကျုံးချင် မယုံကြည်ချေ။ ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းအတွက် ဤစိတ်ဝိညာဉ်ကျောက်တုံး ပမာဏသည် ကြီးမားသောပမာဏပင်။
ကျုံးချင်း၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူက ဗြောင်ကျကျ ပြောဆိုလိုက်၏။
"ခင်ဗျားတို့မှာ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောကြပါ"
ကျုံးချင်၏သဘောထားက သူတို့ငါးယောက်ကို တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်စေခဲ့သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် အမှန်အတိုင်းပြောပြရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် စိတ်ရင်းမှန်ဖြင့် လာခဲ့ကြခြင်းပင်။ သူတို့ အလွန်အကျွံ ဟန်ဆောင်ပါက အတုအယောင်ဆန်ပြီး ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများပင် ဖြစ်ပေါ်လာနိုင်သည်။
ဤသည်ကို တွေးတောမိသဖြင့် ခန်းမဆောင်သခင်တစ်ယောက်က တိုက်ရိုက်ပြောဆိုလိုက်သည်။
"ရိုးရိုးသားသား ပြောရရင်..."
"ကျွန်တော်တို့က ဆေးဘုရင် ဝူယွဲ့နဲ့ ရှီရှောင်ထျန်းတို့နှစ်ယောက်ကို တန်ထင်းခန်းမဆောင်ကို ဝင်ရောက်ပြီး ဂုဏ်ထူးဆောင်အကြီးအကဲတွေ ဖြစ်လာဖို့ စိတ်ရင်းမှန်နဲ့ ဖိတ်ခေါ်ချင်ပါတယ်"
"ဒါပေမဲ့ လူကြီးမင်းက ကျွန်တော်တို့ တန်ထင်းခန်းမဆောင်မှာ မတရားမှု ခံခဲ့ရတဲ့အတွက် ဆေးဘုရင်နှစ်ပါးက ကျွန်တော်တို့ တန်ထင်းခန်းမဆောင်အပေါ် အငြိုးအတေး ထားနေကြပါတယ်"
"လူကြီးမင်းကို ပြစ်ဒဏ်ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို ကျွန်တော်တို့က သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးပါ့မယ်"
"ဒါတင်မကဘူး... လူကြီးမင်း အနေနဲ့ ကျွန်တော်တို့ရဲ့ရှေ့မှာ နောက်ထပ် စာမေးပွဲတစ်ခုကို ဖြေဆိုနိုင်ပါတယ်"
"လူကြီးမင်းအနေနဲ့ ကျွန်တော်တို့ တန်ထင်းခန်းမဆောင်ရဲ့ အမှားကို ခွင့်လွှတ်ပေးနိုင်မလား ဆိုတာ မေးလို့ရမလား... ပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်စား ဆေးဘုရင်နှစ်ပါးကို ကျွန်တော်တို့ တန်ထင်းခန်းမဆောင်ရဲ့ စေတနာကို ပြောပြပေးနိုင်မလား"
ကျုံးချင် အံ့အားသင့်သွားသည်။ သူ၏အပြင်စည်းတပည့်နှစ်ယောက်က အပြင်လောကတွင် ဤမျှထိ ဂုဏ်သတင်းကြီးလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။ သူသည် ပြုံးလိုက်ပြီး ဂရုမစိုက်သည့်လေသံဖြင့် ပြောဆိုလိုက်၏။
"ခန်းမဆောင်သခင်တို့... ဒီလောက်ထိ ဒုက္ခခံနေစရာ မလိုပါဘူး"
"ဆေးပညာက ကျွန်တော့်အတွက် ဝါသနာ တစ်ခုပါပဲ... စာမေးပွဲကလည်း စိတ်ကူးပေါက်လို့ လာဖြေကြည့်တာပါ"
"ကျွန်တော် အောင်တာ မအောင်တာ စာမေးပွဲရလဒ်က ဘာလဲဆိုတာက ကျွန်တော့်အတွက် အရေးမကြီးပါဘူး"
"ခင်ဗျားတို့ ဒီလောက်ထိ လုပ်စရာ မလိုပါဘူး"
"ဝူယွဲ့နဲ့ ရှီရှောင်ထျန်းတို့က ခင်ဗျားတို့ တန်ထင်းခန်းမဆောင်ကို ဝင်ချင်လား ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်ချင်လား ဆိုတာက သူတို့ရဲ့လွတ်လပ်ခွင့်ပါ... ကျွန်တော်က ဝင်စွက်ဖက်လို့ မရဘူး"
"ခင်ဗျားတို့က သူတို့ကို ကိုယ်တိုင်ကိုယ်ကျ သွားပြောသင့်တယ်"
ထိုသို့ပြောပြီးသည်နှင့် ကျုံးချင်သည် သူတို့ကို စကားပြောခွင့် မပေးတော့ဘဲ တိုက်ရိုက်ထွက်ခွာသွားသည်။ ထိုလူငါးယောက်၏ မျက်နှာအမူအယာများသည် အနည်းငယ် ပျက်ယွင်းနေပေ၏။ ကျုံးချင်သည် ဤမျှထိ ပြတ်ပြတ်သားသား ငြင်းဆန်လိမ့်မည်ဟု သူတို့ လုံးဝထင်မှတ်မထားခဲ့ကြချေ။
"ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ"
ခန်းမဆောင်သခင်တစ်ယောက်က မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။
ကျုံးချင်သည် သူတို့၏နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပြီး သူ၏ငြင်းဆန်မှုက သူတို့၏စိတ်နှလုံးသားကို လေးလံသွားစေသည်။ ရိုးရိုးသားသားပြောရရင် ခန်းမဆောင်သခင်ငါးယောက်သည် ယခုအချိန်တွင် ကျုံးချင်၏ စာမေးပွဲဖြေဆိုခွင့်ကို ပယ်ဖျက်ခဲ့သော အကြီးအကဲအား သတ်ဖြတ်ချင်စိတ် ပေါက်နေကြသည်။ ထိုလူ၏လုပ်ရပ်သာ မရှိခဲ့လျှင် ဆေးဘုရင်နှစ်ယောက်ကို သူတို့ ဖိတ်ခေါ်ရသည်မှာ ဤမျှထိ ခက်ခဲမည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ဤကိစ္စများကို တွေးတောနေခြင်းသည် အဓိပ္ပါယ်မရှိချေ။ ကျွင်းရှောင်ယောက်သည် အချိန်တခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် သူ၏မျက်လုံးများ တောက်ပလာကာ ပြောဆိုလိုက်သည်။
"မင်းတို့ အမှတ်ရကြလား... ဒီကိစ္စမှာ နောက်ထပ် အဓိကကျတဲ့ လူတစ်ယောက် ရှိနေသေးတယ်"
ဤသည်ကို ကြားလိုက်ရချိန်၌ ခန်းမဆောင်သခင်တစ်ယောက်၏မျက်လုံးများ တောက်ပလာသည်။
"မင်း ဆိုလိုတာက..."
"ဟုတ်တယ်... ကျိုးဆန်းပဲ... ကျိုးဆန်းက အရေးမပါတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပေမယ့် လက်ဆောင်ပေးတုန်းက ကျုံးချင်အကြောင်း ထည့်ပြောတယ် ဆိုကတည်းက သူတို့ရဲ့ဆက်ဆံရေးက တော်တော်ရင်းနှီးပုံရတယ်"
"ကျွန်တော်တို့က သူကနေတဆင့် အဖြေရှာဖို့ ကြိုးစားကြည့်လို့ ရနိုင်တယ်"
လူများအားလုံး စဉ်းစားကြည့်လိုက်ပြီးနောက် အစောပိုင်းက ပျက်စီးသွားသော မျှော်လင့်ချက်များတွင် အလင်းရောင်တစ်ချက် ပြန်လည် တောက်ပလာသကဲ့သို့ ခံစားလိုက်ရသည်။
...
မကြာသေးမီက ကျိုးဆန်းအကြောင်း ပြောဆိုရလျှင်....
သူ အမှန်တကယ်ကို အပြည့်အဝ ပျော်ရွှင်နေသည်။ ကျုံးချင်နှင့် တွေ့ဆုံပြီးကတည်းက သူ၏ဘဝတစ်ခုလုံး ထူးခြားလာသကဲ့သို့ ခံစားနေရသည်။ တစ်ချိန်က သူ မော့ကြည့်ခဲ့ရသော အဆင့်သုံး ဆေးပညာရှင်သည် ယခု၌မူ သူ့ကို မျက်နှာလုပ်ရန် အပြေးအလွှား ရောက်လာသည်။ လက်ဆောင်များအပြင် သူ၏မြေးမလေးကိုလည်း ကျိုးဆန်းထံသို့ ပို့ပေးသည့်အထိပင်။ ဤသည်က သူ့ကို ဘဝင်မြင့်စေပြီး အဆင့်သုံးဆေးပညာရှင်၏ မြှောက်ပင့်မှုများကြားတွင် မိုးတိမ်များပေါ်သို့ သူ လွင့်မျောနေသကဲ့သို့ ခံစားနေရသည်။
အခန်းထဲတွင်...
ကျိုးဆန်းက ယန်ထျန်းချောင် ပေးပို့လိုက်သော စိတ်ဝိညာဉ်ကျောက်တုံးများကို ရေတွက်နေသည်။
"ကိုးထောင့် ကိုးရာ တစ်ဆယ့်ရှစ်..."
"ကိုးထောင့် ကိုးရာ တစ်ဆယ့်ကိုး..."
သူ ထူးဆန်းသော စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။
အိုး ဘုရားရေ...
သူကဲ့သို့ လူငယ်လေးတစ်ယောက်သည် ဤမျှထိများပြားသည့် စိတ်ဝိညာဉ်ကျောက်တုံးများကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ထို့ပြင် ဤစိတ်ဝိညာဥ်ကျောက်တုံးများ အားလုံးသည် အလယ်အလတ်အဆင့်များပင်။ ဤအရာများကို သူ၏ရည်းစားဟောင်းထံ ယူသွားပြပါက သူမသည် ပါးစပ်ပိတ်မရအောင် စိတ်လှုပ်ရှားသွားနိုင်သည်။
ထိုအချိန်တွင် သူ၏အခန်းတံခါးကို ခေါက်သံအား ကြားလိုက်ရသည်။
"ဘယ်သူလဲ"
ကျိုးဆန်းသည် စိတ်ဝိညာဉ်ကျောက်တုံးများကို စောင်ဖြင့် အလျင်အမြန် ဖုံးအုပ်လိုက်၏။ သူက ကျယ်လောင်စွာ အော်ဟစ်၍ မေးမြန်းလိုက်သည်။ သို့ရာတွင် အပြင်ဘက်မှနေ၍ မည်သည့်အသံမျှ မကြားရချေ။ ဤသည်က ကျိုးဆန်းကို မျက်မှောင်ကြုတ်သွားစေသည်။
သူ ကုတင်ပေါ်မှ အလျင်အမြန်ဆင်းကာ တံခါးကို သတိထား၍ဖွင့်ပြီး ပြင်ပသို့ ချောင်းကြည့်လိုက်သည်။ နောက်ထပ်အချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။