← Chapters

ဧည့်အကြီးအကဲ တံဆိပ်ပြားကို တောင်းခံခြင်း

Vol. 13 Ch. 122

ဧည့်အကြီးအကဲ တံဆိပ်ပြားကို တောင်းခံခြင်း

Vol. 13 Ch. 122

ယဲ့ချင်းရှန်၏အမိန့်ပေးသံအဆုံးတွင် ယဲ့ကျန်းကို ပင်မခန်းမဆောင်ထဲသို့ အလျင်အမြန် ခေါ်ဆောင်လာခဲ့ကြသည်။

"အဘိုး"

ယဲ့ကျန်းက ထိုင်ခုံပေါ်တွင် ထိုင်နေသော ယဲ့ချင်းရှန်ကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။

သူ အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။ အဘိုးသည် မည်သည်ကြောင့် သူ့ကို ခေါ်သနည်း။ အိမ်မှာဆိုလျှင် သူသည် အဘိုး၏ မျက်နှာသာပေးမှုကို မရရှိခဲ့ပေ။ သာမန်အချိန်များတွင် အဘိုးနှင့် စကားတစ်ခွန်းပြောရန်ပင် သူ့အတွက် ခက်ခဲလှသည်။ ယခုကဲ့သို့ ရုတ်တရက် အခေါ်ခံရခြင်းက သူ့ကို မျက်နှာသာပေးခံရသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်စေခဲ့သည်။

"အင်း... မင်း ရောက်လာပြီကိုး"

ယဲ့ချင်းရှန်၏ တည်ငြိမ်လေးနက်သော အသံက ခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ထို့နောက် သူသည် စားပွဲပေါ်မှ အဆင့်သုံးဆေးပညာရှင်၏ မှတ်တမ်းစာရွက်ကို ထုတ်ယူပြီး ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ရာ ယဲ့ကျန်း၏လက်ထဲသို့ ရောက်ရှိသွားသည်။

"ဒါက အဆင့်သုံးဆေးပညာရှင် တန်ချန်ကျီးပဲ... ငါ သူ့ကို မင်းဆီမှာ တာဝန်ပေးဖို့ စီစဉ်ထားတယ်"

ထိုစကားကို ကြားချိန်၌ ယဲ့ကျန်း၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။ အိမ်တွင် ကောင်းသောအရာ တစ်ခုခုရှိလျှင် အဘိုးသည် သူ၏အစ်ကိုအတွက်သာ အစဥ်အမြဲ ဦးစားပေးလေ့ရှိသည်။ သူ့အတွက်ဆိုလျှင် မိထွေးက ကောက်ယူလာခဲ့သော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ပုံမှန်အားဖြင့် အဘိုးက သူ့ကို ကြည်ကြည်ဖြူဖြူပင် ဆက်ဆံလေ့မရှိပေ။

ယခုချိန်၌ အဘိုးသည် အဆင့်သုံး ဆေးပညာရှင်တစ်ယောက်ကို သူ၏လက်အောက်၌ ခန့်အပ်ခဲ့သည်။ ဤကိစ္စက သူ့ကို အမှန်တကယ် ဝမ်းသာပီတိဖြစ်စေခဲ့သည်။

"ကျေးဇူးတင်ပါတယ် အဘိုး"

သူသည် တက်ကြွနေသော စိတ်ခံစားချက်များကို ထိန်းချုပ်ပြီး သူ၏လက်ကိုပူးဆုပ်ကာ ကျေးဇူးတင်စကား ပြောဆိုလိုက်၏။

"မင်းရဲ့ပစ္စည်းက မင်းအပိုင်ပါပဲ... ဘယ်သူမှ လုယူသွားလို့ မရဘူး... ဘာလို့ ငါ့ကို ကျေးဇူးတင်နေတာလဲ"

ယဲ့ချင်းရှန်က ယဲ့ကျန်းကိုကြည့်ပြီး ပြောဆိုသည်။

"မင်းရဲ့ ဧည့်အကြီးအကဲတံဆိပ်ပြားကို ထုတ်ပေးလိုက်စမ်း... ဒီလူရဲ့ပါရမီက မနိမ့်ပါးဘူး... မင်းက သူ့ရဲ့စိတ်ကို ဖမ်းစားချင်ရင် သူ့ကို အကျိုးခံစားခွင့်တွေ အများကြီး ပေးရလိမ့်မယ်... ဒီတော့ ဧည့်အကြီးအကဲတံဆိပ်ပြားက အသင့်တော်ဆုံးပဲ"

ယဲ့ကျန်းက မူလက ပြုံးနေသော်လည်း တဖြည်းဖြည်း တောင့်တင်းသွားသည်။ ဧည့်အကြီးအကဲ တံဆိပ်ပြားကို သူ ကျုံးချင်အား ပေးပြီးသွားပြီဖြစ်ရာ ယခုချိန်၌ သူ မည်သည်ကြောင့် ထုတ်ပေးနိုင်မည်နည်း....

သူ၏တွန့်ဆုတ်နေသော အမူအယာက ယဲ့ချင်းရှန်၏ မျက်နှာထားကို ချက်ချင်းမည်းမှောင်သွားစေသည်။

"ငါ မင်းကို ထုတ်ခိုင်းရင် ထုတ်လိုက်လေ... ဘာတွေ တုံ့ဆိုင်းနေတာလဲ... မင်းရဲ့ ဒီလိုပုံစံနဲ့ နောင်ကျရင် အရေးကြီးတဲ့ ကိစ္စတွေကို ငါ ဘယ်လိုလုပ်ပြီး လွှဲအပ်ရဲမှာလဲ"

"အဘိုး... အဘိုး... အဲ့ဒီ ဧည့်အကြီးအကဲ တံဆိပ်ပြားကို ကျွန်တော် ပေးလိုက်မိပြီ"

"ဘာ...."

ယဲ့ချင်းရှန်၏အသံက ချက်ချင်းကျယ်လောင်သွားသည်။ သူသည် ဒေါသတကြီး မတ်တတ်ထရပ်ပြီး ယဲ့ကျန်းကို ရိုက်နှက်လိုက်သည်။

"အသုံးမကျတဲ့ကောင်... မင်းက ဘာမှအောင်မြင်အောင် မလုပ်နိုင်တဲ့အပြင် ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်တဲ့နေရာမှာတော့ တော်တယ်... ဧည့်အကြီးအကဲ တံဆိပ်ပြားက ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ မင်း မသိဘူးလား"

"မင်းက အဲ့ဒါကို ပေးလိုက်တယ်ပေါ့"

"မင်း ဘယ်သူ့ကို ပေးလိုက်တယ်ဆိုတာ ငါ ဂရုမစိုက်ဘူး... အခုချက်ချင်းသွားပြီး ငါ့အတွက် ပြန်ယူခဲ့... အဲ့ဒီလိုမှ မဟုတ်ရင် ငါ့မှာ မင်းလို မြေးမရှိဘူးလို့ပဲ သတ်မှတ်လိုက်မယ်"

ယဲ့ကျန်းသည် ပင်မခန်းမဆောင်ထဲမှ မည်သို့ ထွက်လာခဲ့သည်ကို သူကိုယ်တိုင်ပင် မသိတော့ပေ။ သူ၏အဘိုးဖြစ်သူက သူ့အပေါ် သဘောထား ပြောင်းလဲသွားပြီဟု သူ မူလက ထင်မှတ်ထားခဲ့သည်။ ယခုကဲ့သို့ ဖြစ်လာမည်ဟု မည်သူက ထင်မိမည်နည်း။

"ဟူး..."

အဆုံးမရှိသော ခါးသီးမှုနှင့် အထီးကျန်ဆန်မှုများ ပြည့်နှက်နေသည့် သက်ပြင်းချသံတစ်သံထွက်ပေါ်လာသည်။ သူ၏မျက်နှာပေါ်တွင် ကြည်လင်သော မျက်ရည်စီးကြောင်းနှစ်ကြောင်းက တိတ်တဆိတ် ယိုစီးကျလာခဲ့သည်။

လူများအားလုံးသည် ထိပ်တန်းမြင့်မြတ်နယ်မြေတစ်ခုဖြစ်သည့် တန်ထင်းခန်းမဆောင်၌ မွေးဖွားလာပြီး ငယ်စဉ်ကတည်းက ခမ်းနားထည်ဝါသောဘဝနှင့် အဆုံးမရှိသော ကျင့်ကြံခြင်း အရင်းအမြစ်များကို ခံစားနေရသည့် သူ့ကို အားကျကြသည်။ သို့ရာတွင် သူ၏စိတ်နှလုံးသားအတွင်းမှ ခါးသည်းမှုကို မည်သူ သိနိုင်မည်နည်း...

သူ၏အစ်ကိုကြီးသည် သူ့ကို ဖယ်ကြဉ်ထားပြီး သူ၏အဘိုးက သူ့ကို မနှစ်သက်ပေ။ အဘိုးဖြစ်သူ၏သဘောထားကြောင့် သူသည် ဒုတိယမျိုးဆက် အသိုင်းအဝိုင်းထဲတွင် ဘေးဖယ်ခံရသူတစ်ယောက် ဖြစ်လာပြီး တခြားလူများ၏ မနှစ်သက်ခြင်းကို ခံခဲ့ရသည်။ တခြားခန်းမဆောင်များမှ မျိုးဆက်သစ်လူငယ်များသည် သူ့ကို လှောင်ပြောင်ရယ်မောခြင်းဖြင့် ပျော်ရွှင်မှုကို ရှာဖွေလေ့ရှိကြ၏။ ထိုကဲ့သို့ အသိုင်းအဝိုင်းထဲတွင် နေထိုင်ရသည်မှာ သူ့ကို မွန်းကြပ်စေသည်။

ယခု သူ ပိုင်ဆိုင်ထားသည့် ဧည့်အကြီးအကဲ တံဆိပ်ပြားကိုပင် သူ၏သဘောဆန္ဒအတိုင်း စီမံခန့်ခွဲခွင့် မရှိချေ။

ဤသည်မှာ မည်မျှထိ ဆိုးရွားလိုက်သနည်း....

"သခင်လေး... သခင်ကြီးက သခင်လေးကို ဒုက္ခမပေးဘူးဆိုတာ ယုံကြည်ပါ... သူလုပ်သမျှ အရာအားလုံးက သခင်လေး ကောင်းဖို့အတွက်ချည်းပါပဲ....ကျွန်တော်တို့ မြန်မြန် သွားသင့်တယ်....ကျွန်တော်တို့ နှေးကွေးနေရင် သခင်ကြီး စိတ်မကျေမနပ် ထပ်ဖြစ်မှာ စိုးရိမ်ရတယ်"

သူ၏နံဘေးမှနေ၍ အိမ်တော်ထိန်းဖူက အကြံပေးလိုက်သည်။ ဤလူသည် ယဲ့ကျန်း၏အိမ်တော်ထိန်းဖြစ်ပြီး ယဲ့ချင်းရှန်၏ လက်အောက်ငယ်သားဟောင်းလည်း ဖြစ်သည်။ သူ ယဲ့ကျန်းနောက်ကို လိုက်ရခြင်းမှာ ရည်ရွယ်ချက် နှစ်ခုရှိသည်။ ပထမတစ်ခုမှာ ယဲ့ကျန်းကို ချက်ချင်းထွက်ခွာရန်အတွက် ကြီးကြပ်တိုက်တွန်းရန်ဖြစ်ပြီး ဒုတိယရည်ရွယ်ချက်မှာ တစ်ဖက်လူက ပြန်ပေးရန် ဆန္ဒမရှိပါက အင်အားသုံးရန် လိုအပ်လာမည် ဖြစ်သောကြောင့်ပင်။

"ငါ နားလည်ပါတယ်"

ယဲ့ကျန်းက ခါးသည်းစွာ ပြုံးလိုက်၏။ မူလက သူသည် ဧည့်အကြီးအကဲ တံဆိပ်ပြားကို တခြားလူတစ်ဦးအားပေးပြီး မိတ်ဆွေဖြစ်ရန် အရှက်မဲ့စွာ တောင်းဆိုခဲ့သည်။ ယခုချိန်၌ သူ ထိုလူထံသို့သွားပြီး ပြန်တောင်းရတော့မည်ရာ သူ မည်သို့ ပြောထွက်နိုင်မည်နည်း။

သို့သော် ဆန္ဒမရှိမှုတစ်ထောင်နှင့် မကျေနပ်မှု တစ်သောင်းရှိနေလျှင်ပင် သူ မည်သို့ ပြုလုပ်နိုင်မည်နည်း။ ယဲ့မိသားစုတွင် ယဲ့ချင်းရှန်၏စကားသည် အမှန်တရားပင်။ သူသည် အဘိုး၏အမိန့်ကို ဘယ်သောအခါမျှ မလွန်ဆန်ရဲသည့်အပြင် မေးခွန်းထုတ်ရဲခြင်းလည်း မရှိခဲ့ချေ။

သူ ချက်ချင်းပြင်ဆင်ပြီး လင်းမြို့သို့ အပြေးသွားရန် ထွက်ခွာခဲ့သည်။ သို့သော် စိတ်ဝိညာဉ်ရတနာဆောင်မှ ထွက်ခွာပြီးသည်နှင့် သူ၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။ ဤသည်မှာ သူ ဧည့်အကြီးအကဲတံဆိပ်ပြား၏ အငွေ့အသက်ကို ခံစားလိုက်ရခြင်းကြောင့်ပင်။

ဧည့်အကြီးအကဲတံဆိပ်ပြားသည် သာမန်သစ်သားပြားတစ်ခု မဟုတ်ပေ။ ထိုအရာကို အကောင်းဆုံး ကောင်းကင်သစ်တော်သားဖြင့် ပြုလုပ်ထားခြင်းပင်။ ဤသစ်သားအမျိုးအစားတွင် ထူးခြားသော မွှေးပျံ့သည့်ရနံ့ရှိပြီး လူအများစုသည် ထိုအနံ့ကို မရနိုင်ကြချေ။ သူသည် ထိုတံဆိပ်ပြားကို နှစ်ပေါင်းများစွာ ဆောင်ထားခဲ့ဖူးသဖြင့် ထိုအနံ့နှင့် အလွန်ရင်းနှီးကျွမ်းဝင်နေသည်။

"ဒါဆို စီနီယာကျုံးလည်း ဆေးမြို့တော်ကို ရောက်နေတာလား... ပြီးတော့ သူက ငါ့အနားမှာ ရှိနေတာပဲ"

ယဲ့ကျန်းက ရေရွတ်လိုက်စဉ်မှာပင် နံဘေးရှိ အိမ်တော်ထိန်းဖူက သူ့ကို တိုက်တွန်းလိုက်သည်။

"သခင်လေး... ထွက်ခွာဖို့ အချိန်တန်ပြီ...မိတ်ဆွေတစ်ယောက်ဆီ သွားလည်ချင်ရင် နောက်ရက်တွေမှာ အချိန်တွေအများကြီး ရှိပါတယ်"

ယဲ့ကျန်း၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

"အိမ်တော်ထိန်းဖူ... ငါ့မှာ အရင်ဆုံး ဖြေရှင်းစရာ အရေးကြီးကိစ္စရှိတယ်... မင်းဘာသာ အရင်ပြန်လိုက်ပါ...ဧည့်အကြီးအကဲ တံဆိပ်ပြားကို ငါ ပြန်ယူလာခဲ့မယ်"

"ဒါပေမဲ့ သခင်လေး... သခင်ကြီးက ကျွန်တော့်ကို သခင်လေးရဲ့နောက်ကို လိုက်သွားဖို့ ပြောထားတယ်"

"မလိုဘူး... တကယ်လို့ ပြဿနာ တစ်စုံတစ်ရာ ရှိခဲ့ရင် အဘိုးကို ငါကိုယ်တိုင် ရှင်းပြလိုက်မယ်"

ယဲ့ကျန်း၏သဘောထားသည် ပထမဆုံးအကြိမ်အဖြစ် အနည်းငယ် ပြတ်သားသွားသည်။ အကြောင်းအရင်းမှာ အိမ်တော်ထိန်းဖူနှင့် ကျုံးချင်တို့ ထိပ်တိုက်တွေ့မည်ကို သူ မလိုလားသောကြောင့်ပင်။

အကြောင်းအရင်းမှာ ကျုံးချင်သည် သာမန်မဟုတ်ကြောင်း သူ ကောင်းစွာသိရှိထားသောကြောင့်ပင်။ သူသည် မြင့်မြတ်နယ်မြေသုံးခု၏ ဘိုးဘေးများပင် ရိုသေလေးစားရသော ပုဂ္ဂိုလ်ဖြစ်ပေ၏။ အကယ်၍ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့လျှင် အိမ်တော်ထိန်းဖူ၏စွမ်းအားသည် မနည်းသော်လည်း မြင့်မြတ်နယ်မြေ သုံးခု၏ဘိုးဘေးများနှင့် နှိုင်းယှဉ်လျှင် အဆင့်တူမဟုတ်သည်မှာ သေချာသည်။

ယဲ့ကျန်း၏ ခေါင်းမာမာဖြင့် ပြောဆိုမှုကို မြင်တွေ့ချိန်၌ အိမ်တော်ထိန်းဖူသည် အတင်းအကြပ် လိုက်သွားရန် ခက်ခဲသွားသည်။

"ဒီလိုဆိုရင်လည်း ဒီအဘိုးကြီးက အရင်ပြန်ပြီး သခင်လေးဆီက သတင်းကောင်းကို စောင့်နေပါ့မယ်"

အိမ်တော်ထိန်းဖူက သူ၏လက်ကိုပူးဆုပ်ကာ နှုတ်ဆက်ထွက်ခွာသွားချိန်တွင် ယဲ့ကျန်းသည် အနီးအနားရှိ ကျုံးချင်၏ပုံရိပ်ကို စတင်၍ရှာဖွေလိုက်သည်။ မကြာမီမှာပင် ကျုံးချင် ရှိနေသည့်နေရာကို သူ အမှန်တကယ် ရှာတွေ့သွားသည်။

ယခုအချိန်တွင် စားသောက်ဆိုင်တစ်ခု၏ ပြတင်းပေါက်ဘေးတွင် ကျုံးချင်သည် ယန်ထျန်းချောင်နှင့် မူးနေသော ကျိုးဆန်းတို့ကို ပြန်လွှတ်လိုက်ပြီး ဝူယွဲ့ ရှီရှောင်ထျန်းတို့နှင့်အတူ ဆက်လက်၍ စားသောက်နေသည်။

"စီနီယာကျုံး... တကယ်ပဲ ခင်ဗျားလား... ယဲ့ကျန်းက စီနီယာကျုံးကို အရိုအသေပြုပါတယ်"

တံခါး၏အပြင်ဘက်မှ ယဲ့ကျန်းက ဝင်ရောက်လာသည်။ သူ၏မျက်နှာပေါ်တွင် အံ့သြဝမ်းသာမှုများဖြင့် ပြည့်နှက်နေပြီး ကျုံးချင်ကို ဦးညွှတ်အရိုအသေပြုလိုက်သည်။ ကျုံးချင်သည်လည်း ယဲ့ကျန်းကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။

"တကယ်ကို လောကကြီးက ကျဉ်းတာပဲနော်... ရှားပါးတဲ့ တွေ့ဆုံမှုပဲ... လာပါ... တစ်ခွက်လောက် လာသောက်ပါအုံး"

ကျုံးချင်သည် ယဲ့ကျန်းအပေါ်တွင် ကောင်းမွန်သော အမြင်ရှိသဖြင့် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

"စီနီယာ တောင်းဆိုတာကို ကျွန်တော်က မငြင်းဆန်ရဲပါဘူး"

ယဲ့ကျန်းက ဝင်ထိုင်လိုက်ပြီး ပြောဆိုသည်။

"စားပွဲထိုး... ဝိုင်အရက်ကောင်းကောင်း တစ်အိုးလောက် ထပ်ချပေးပါ... ပြီးတော့ နာမည်ကြီး ဟင်းပွဲတချို့လည်း ချပေး"

ဝိုင်အရက်နှင့်ဟင်းပွဲများ ရောက်လာပြီးနောက်ကျုံးချင်က ယဲ့ကျန်းကို ကြည့်လိုက်သည်။

"ပြောရရင် ဒီနေရာက မင်းရဲ့ပိုင်နက်ပဲ... ဒီအစားအသောက်အတွက် မင်း ဒကာခံလည်း အဆင်ပြေတယ်မလား"

"ဒါပေါ့... ပြဿနာမရှိပါဘူး"

ယဲ့ကျန်းက အပြုံးနှင့် ပြန်လည်၍ အဖြေပေးလိုက်သည်။ သို့သော် သူ၏အပြုံးသည် အနည်းငယ်အသက်မပါချေ။ ကျုံးချင်၏အပြုအမူမှတဆင့် သူ့အပေါ် ကောင်းမွန်သောအမြင် ရှိနေကြောင်း ရှင်းလင်းစွာ ပြသနေသည်။ ဤသည်က သူ အမြဲတစေ အိပ်မက်မက်ခဲ့သောအရာ မဟုတ်လော။

သို့သော် ယခုချိန်၌ သူသည် ပေးပြီးသားပစ္စည်းတစ်ခုကို ပြန်တောင်းရတော့ပေမည်။ သူ ပါးစပ်ဟလိုက်သည်နှင့် သူ၏ယခင်ကြိုးစားအားထုတ်မှုများအားလုံး အချည်းနှီးဖြစ်သွားနိုင်ပြီး ထိုကိစ္စကြောင့် ကျုံးချင် စိတ်မကျေမနပ်ဖြစ်သွားသည်ကိုပင် ခံရနိုင်သည်။ သို့သော် ဧည့်အကြီးအကဲ တံဆိပ်ပြားကို ပြန်မရလျှင် သူ့အဘိုး၏စိတ်ကို သူ သိထားသည်။ သူတို့အကြားရှိ မိသားစု သံယောဇဉ်ကို ဖြတ်တောက်ပြီး သူ့ကို နှင်ထုတ်ကောင်း နှင်ထုတ်ပေလိမ့်မည်။

မကြာမီမှာပင် ဟင်းပွဲများနှင့်ဝိုင်အရက်များ ရောက်ရှိလာပြီး သူတို့အားလုံး ခွက်ပေါင်းများစွာ သောက်လိုက်ကြ၏။ ခွက်ချင်းတိုက်သံများကြားတွင် ယဲ့ကျန်းသည် စကားပြောရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း နောက်ဆုံးတွင် တံဆိပ်ပြားကို ပြန်တောင်းရန် ပြောမထွက်နိုင် ဖြစ်နေခဲ့သည်။

All Chapters