အပြည့်အဝ ပြင်ဆင်ပြီး
Vol. 26 Ch. 251
ဗဟိုမြို့တော်မှ ထွက်ခွာပြီး လူသူကင်းမဲ့သော မြို့ပြင်ဆင်ခြေဖုံးသို့ ရောက်ရှိမှသာ ရှန်းယီသည် ရွှေရောင်ပုတီးစေ့ကို ဆင့်ခေါ်လိုက်၏။
ရွှေရောင်အမျှင်တန်းလေးများသည် တဖန်ပြန်လည် ပေါင်းယက်သွားကြပြီး တည်ငြိမ်အေးဆေးသော အသွင်ရှိသည့် ၂၃ ပေခန့် မြင့်သော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည် ဖြစ်ပေါ်လာသည်။
ယခင်ကထက် များစွာ ပိုမိုတောင့်တင်းခိုင်မာလာပြီး ကျောဘက်တွင် ထူးဆန်းအံ့သြဖွယ်ကောင်းသော အနီရောင်သင်္ကေတများ ထင်ရှားစွာ ပေါ်ပေါက်နေ၏။
သို့သော် အဆွဲဆောင်နိုင်ဆုံး အရာမှာကား သူ၏ လက်မောင်းတစ်ဖက်တွင် ရစ်ပတ်ထားသော ဧရာမ ရွှေရောင်နဂါးကြီးပင်။
၎င်းသည် အစွယ်များကို ဖော်လျက် ရွှေရောင်မျက်လုံးများမှာလည်း တောက်ပြောင်ကာ အသက်ဝင်နေသကဲ့သို့ ရှိလေသည်။
ရုတ်တရက် ရွှေရောင်ခန္ဓာကိုယ်က လက်တစ်ဖက်ကိုမြှောက်လိုက်ရာ နဂါးသည်လေထဲသို့ ထိုးထွက်သွားပြီးတစ်စုံတစ်ခုအား ရစ်ပတ်ညှစ်မည့် ဟန်ပန်ဖြင့်ဝဲပျံကာ လက်မောင်းဆီသို့ ပြန်လည် ပျံသန်းလာပြီး ပြန်လည်ရစ်ခွေနေလိုက်၏။
"ကျွတ်"
ရှန်းယီ၏ မျက်နှာထားသည် အနည်းငယ် ရှုပ်ထွေးနေသည်။
လွန်ခဲ့သော ခဏကမှ နှစ်ပေါင်းတစ်သောင်း အကုန်အကျခံပြီး စုစည်းထားသော နတ်ဆိုးဝိညာဉ်သည် မည်သည့်အကြောင်းကြောင့်မှန်းမသိ ပျောက်ကွယ်သွားခဲ့သည်။
ထိုအရာသည် ရတနာအဆင့်ရှိသော နတ်ဘုရားအသွင်ပြောင်းလဲခြင်းကျင့်စဉ်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။
ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် ၂၃ပေခန့် မြင့်မားပြီး အဆောက်အအုံငယ် တစ်ခုပမာ ရှိသော်လည်း အသေးစားအောင်မြင်မှုအဆင့်သို့ မရောက်ရှိသေးပေ။ သူ့ဆင်ခြင်တွက်ချက်မှု တစ်နေရာရာတွင် လွဲချော်နေပုံရသည်။
ပုံမှန် ရွှေရောင်ခန္ဓာကိုယ်ကျင့်စဉ်များအတွက် ပေ ၃၀ ခန့် ပြည့်မှသာ ပြီးပြည့်စုံသည်ဟု သတ်မှတ်ကြသည်။
ဤအရာက ကောင်းသည်ကိစ္စဟု ယူဆရမည်လော။
ရှန်းယီသည် မဟာချန်မင်းဆက်တွင် လက်ရှိ ပိုင်ဆိုင်ထားသော အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအား စုစုပေါင်းပမာဏကို သေချာစွာ တွက်ချက်ကြည့်ပြီး စိတ်ထဲတွင် မသေချာမရေရာ ဖြစ်နေသည်။
"ထားလိုက်ပါတော့၊ တစ်လှမ်းချင်း လှမ်းရတာပေါ့"
ရွှေရောင်ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်သည့် အရှိန်အဝါကို ခံစားရင်း ရှန်းယီသည် မကြာမီ သွားရောက်ရမည့် ရှစ်မျက်နှာအစားအသောက် စားသောက်ခန်းမ ခရီးစဉ်အတွက် ယုံကြည်မှု ပိုမိုရရှိလာ၏။
လက်နက်ဂိုဏ်းမှ ရေခဲကျောက်စိမ်းပိုးသားလက်ကို ရယူရန် ရက်ပေါင်း ၂၀ ခန့် ထပ်စောင့်ပြီးလျှင် သူ့ပြင်ဆင်မှုများ ပြီးပြည့်စုံလုနီးပါး ဖြစ်သွားပေလိမ့်မည်။
ဤကြားကာလ အချိန်များကို အလဟဿ အဖြစ်မခံနိုင်ပေ။
ရှန်းယီသည် ရွှေရောင်ခန္ဓာကိုယ်ကို ပြန်သိမ်းပြီး ကျမ်းစာဘဏ္ဍာတိုက်ဆီသို့ တိမ်စီးကာ ပျံသန်းသွားလိုက်၏။
သူသည် လတ်တလောတွင် ကျင့်စဉ်အသစ်တစ်ခုကို မလေ့လာနိုင်သေးသော်လည်း ဝူသိုင်းဘုံကျောင်းတွင် ကျဆုံးသွားခဲ့သော သိုင်းဝိဇ္ဇာများစွာ ရှိခဲ့သဖြင့် ၎င်းတို့ ချန်ထားခဲ့သော သက်ဆိုင်ရာ မှတ်တမ်းများ ရှိနေပေလိမ့်မည်။
ဤသတင်းအချက်အလက်များသည်လည်း အညီအမျှ အရေးကြီးလှပေသည်။
...
ကျမ်းစာဘဏ္ဍာတိုက်ရှိ အခန်းငယ်တစ်ခုတွင်...
ကျူးကျွယ်သည် သူ့ရှေ့တွင် ရပ်နေသော ရှန်းယီကို နားမလည်နိုင်စွာ ကြည့်လိုက်၏။ သူ မှတ်မိသလောက် ဆိုလျှင် သူတို့လမ်းခွဲခဲ့ကြသည်မှာ ၃ နာရီပင် မပြည့်သေးပေ။
"ဂျူနီယာညီလေး... တို့ရဲ့ ရှေ့က ဘိုးဘေးတွေ မဟာချန်မင်းဆက်ကနေ ထွက်ခွာသွားပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရတဲ့ ကိစ္စရပ်တွေကို သိချင်တာလား"
ရှန်းယီထံမှ ဟုတ်မှန်ကြောင်း အဖြေရသောအခါ၊
ကျူးကျွယ်သည် တစ်ဖက်လူ ဘာလုပ်ချင်နေသလဲ ဆိုတာကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်ပြီး ဝူလေး ခံစားခဲ့ရသော ခံစားချက်ကို ကိုယ်ချင်းစာ နားလည်သွား၏။
သူ အခုလေးတင် ပြန်ရောက်လာတယ်၊ အခု ထပ်ပြီး ထွက်သွားဖို့ လုပ်နေပြန်ပြီ။
ဒီနေရာက ဝူသိုင်းဘုံကျောင်း မဟုတ်တော့ဘဲ တစ်ဖက်လူအတွက် ခရီးတစ်ထောက် နားခိုရာ စခန်းတစ်ခုလို ဖြစ်နေပြီ။
"ဂျူနီယာညီလေး၊ ခဏလောက် စောင့်ပါဦး"
ကျူးကျွယ်သည် မတတ်သာသည့် အပြုံးဖြင့် အခန်းငယ်လေးမှ ထွက်ခွာသွားပြီး မကြာမီတွင် စာအုပ်များ အပြည့်ပါသော သေတ္တာတစ်လုံးနှင့် ပြန်ရောက်လာ၏။
"အကုန်လုံး ဒီထဲမှာပဲ"
သူသည် စာအုပ်တစ်အုပ်ကို ပေါ့ပါးစွာ ကောက်ယူလိုက်ပြီး နှစ်ချက်ခန့် ပုတ်လိုက်၏။
"ဒီပစ္စည်းတွေကို မဖတ်တာ ကြာပြီပဲ"
သိုင်းပညာ ဆေးဝါးရတနာများနှင့် ယှဉ်လျှင် ဤ ခရီးသွားမှတ်တမ်းများသည် အင်အားကြီး အဖွဲ့အစည်းတစ်ခု၏ အတိမ်အနက်ကို အမှန်တကယ် ထင်ဟပ်စေသည်။
ဤစာအုပ်များထဲတွင် မှတ်တမ်းတင်ထားသော အဖိုးတန် အတွေ့အကြုံများသည် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ၏ အသက်များနှင့် လဲလှယ်ထားရခြင်းပင်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို"
ရှန်းယီသည် လက်လှမ်းလိုက်ပြီး စာအုပ်တစ်ပုံကို ယူကာ ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်၏။
နားလည်ရခက်သော သိုင်းပညာစာအုပ်များနှင့် ယှဉ်လျှင် ဤစာအုပ်များသည် ပုံပြင်စာအုပ်များ ဖတ်ရသကဲ့သို့ ဖြစ်ပြီး အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။
စာအုပ်ထဲတွင် အသေးစိတ် မပါဝင်သော အကြောင်းအရာများနှင့် ကြုံတွေ့ရပါက သူသည် ဘေးနားရှိ စီနီယာအစ်ကိုကျူးကို တိုက်ရိုက် မေးမြန်းလိုက်၏။
အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်နှင့်အမျှ ရှန်းယီ၏ စိတ်ထဲတွင် မြေပုံကြမ်းတစ်ခု တဖြည်းဖြည်း ပုံဖော်လာနိုင်ခဲ့သည်။
ထို့အပြင် အင်အားစု အသီးသီး၏ ဖြန့်ကျက်တည်ရှိပုံ၊ ၎င်းတို့၏ သီးသန့် သေစေနိုင်သော တိုက်ကွက်များ၊ နှင့် အန္တရာယ်ရှိသော နေရာများစွာအကြောင်း သတိပြုရမည့် အရေးကြီး အချက်အလက်များကို သိရှိလာရသည်။
"စီနီယာအစ်ကို၊ ဘာလို့ စာအုပ်တိုင်းမှာ ရွှီမိသားစု အကြောင်း ပါနေရတာလဲ"
"ကျင့်ကြံသူတွေရဲ့ဂူဗိမာန်ဝင်ပေါက် ပွင့်လာတဲ့အခါ ငါတို့တင် သိတာမဟုတ်ဘဲ နတ်ဆိုးတစ်ထောင်ဂူကကောင်တွေလည်း သိကြတယ်။ သူတို့ရဲ့ ခြုံခိုတိုက်ခိုက်မှုကို ရှောင်ရှားဖို့အတွက် တခြားဝင်ပေါက်တွေကို ရှာဖွေဖို့ လိုအပ်တယ်လေ။ ရွှီမိသားစုက အစီအရင်တွေမှာ အကျွမ်းကျင်ဆုံး မျိုးနွယ်စုပဲ" ကျူးကျွယ်က ညင်သာစွာ ရှင်းပြလေ၏။
"သူတို့က ရွှမ်ကွမ်းဂူ နဲ့ ရန်ငြိုးရှိထားလို့ သူတို့မျိုးနွယ်တွေ အပြင်ထွက်တာ ရှားသွားပြီ။ တကယ်လို့ ဂျူနီယာညီလေးသာ သူတို့နဲ့ တွေ့ခဲ့ရင် မိတ်ဆွေဖွဲ့ဖို့ ကြိုးစားသင့်တယ်"
"ရွှမ်ကွမ်းဂူက သူတို့ရဲ့ကျွမ်းကျင်မှုကို မလိုအပ်လို့လား" ရှန်းယီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
ရွှမ်ကွမ်းဂူ အနေဖြင့် မိမိတို့ ဂိုဏ်းသားများ၏ဘေးကင်းရေးထက် လက်စားချေရေးကို ဦးစားပေးပြီး ထိုမျိုးနွယ်စုကို ဆက်လက် လိုက်လံနှောင့်ယှက်နေရလောက်အောင် မည်သည့် နက်ရှိုင်းသော ရန်ငြိုးများ ရှိနေသနည်း ဟု သူ တွေးမိလိုက်၏။
"သူတို့က အရမ်းအသုံးဝင်လွန်းလို့ ပြဿနာတက်တာလေ။ ရွှမ်ကွမ်းဂူက အကြိမ်တိုင်း ကြီးမားတဲ့ လျော်ကြေးငွေကို မပေးချင်ကြဘူး။ ဒါကြောင့် အစပိုင်းမှာ သူတို့က ရွှီမိသားစုဝင် အယောက်တစ်ရာကျော်ကို ဖမ်းဆီးပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ စွမ်းရည်လျှို့ဝှက်ချက်တွေကို အတင်းအဓမ္မ မေးမြန်းခဲ့ကြတယ်... နောက်ဆုံးမှာ လူနည်းစုလေးပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ ပြောကြတယ်။ ကျန်ရှိတဲ့ ရွှီမိသားစုဝင်တွေက ဒေါသအကြီးအကျယ်ထွက်ပြီး အစီအရင်တစ်ခုတည်ဆောက်ပြီး ရွှမ်ကွမ်းဂူက နတ်ဘုရားအသွင်ပြောင်း အစစ်အမှန်ပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်လိုက်ကြတယ်။ ပြီးတော့ အကုန်လုံး ပုန်းအောင်းသွားကြတာပဲ"
ကျူးကျွယ်သည် ဤကိစ္စကို ပြောပြရသည်မှာ အနည်းငယ် ရှက်ရွံ့နေပုံရ၏။ အမည်ခံအားဖြင့် ဝူသိုင်းဘုံကျောင်းနှင့် ထိုမသေမျိုးဂိုဏ်းတို့သည် မဟာမိတ်များ ဖြစ်နေကြသည် မဟုတ်ပါလော။
"ငါတို့မှာ ဝင်ပါပြီး ဖြေရှင်းပေးနိုင်မယ့် အင်အားမရှိဘူးလေ။ ဝူထုံတောင် ကလည်း ရွှီမိသားစုကို အသုံးမလိုဘူး။ ဘာလို့လဲဆိုတော့ အဲဒီက အစစ်အမှန်ပုဂ္ဂိုလ်တွေက လိုဏ်ဂူတစ်ခုထဲ ဝင်မယ်ဆိုရင်တောင် အဓိကဝင်ပေါက်ကနေ ဟိတ်ဟန်အပြည့်နဲ့ ဝင်လေ့ရှိကြလို့ပဲ"
ဤအရာကိုကြားလျှင် ရှန်းယီ တိတ်ဆိတ်စွာ ခေါင်းခါလိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် ထိုစဉ်က သူ စိတ်မြန်လက်မြန် မလုပ်ခဲ့မိပေ။ ကနဦးအဆင့် ဟွမ်ယွမ် စွမ်းအားဖြင့်သာ ရွှမ်ကွမ်းဂူနှင့် အမှန်တကယ် ထိတွေ့ဆက်ဆံမိပါက...
တပည့်အဖြစ် အခေါ်ခံရဖို့ မပြောနှင့်၊ ဖြစ်နိုင်ခြေ အများဆုံးမှာဖမ်းဆီးခံရကာ နတ်ဆိုးသိုင်းပညာများအား အတင်းအဓမ္မ ထုတ်ဖော်ခိုင်းတာမျိုး ခံရနိုင်ပေသည်။
"ဒါနဲ့ စီနီယာအစ်ကို"
ရုတ်တရက် ရှန်းယီ တစ်စုံတစ်ခုကို သတိရသွား၏။ စာအုပ်များစွာကို လှန်လှောဖတ်ရှုပြီးနောက် ဤနေရာအကြောင်း အကြမ်းဖျင်း နားလည်လာခဲ့ပြီ။
သို့သော် စာအုပ်များထဲတွင် ဧရိယာတစ်ခုလုံးအတွက် သုံးနှုန်းသော အခေါ်အဝေါ်ကို လုံးဝ မတွေ့ရပေ။
"မဟာချန်မင်းဆက်ရဲ့တည်နေရာ အတိအကျက ဘယ်မှာလဲ"
"ဘာတည်နေရာလဲ"
ကျူးကျွယ်၏ မျက်နှာတွင် နားမလည်နိုင်သော အရိပ်အယောင်များ ပေါ်လာပြီး မရေရာစွာဖြင့် ပြန်ဖြေလေ၏။
"အမတဂိုဏ်း လား"
"..."
ရှန်းယီ ခဏစောင့်လိုက်ပြီးမှ တစ်ဖက်လူ၏ စကားဆုံးသွားကြောင်း သဘောပေါက်လိုက်၏။
ရှေ့ဆက် စကားလုံး မရှိ၊ အမတဂိုဏ်းဟူသော စကားလုံး နှစ်လုံးသာ။
"ဂျူနီယာညီလေး ငါ့ကို ရယ်ချင်ရယ်နေလိမ့်မယ်။ ငါက သာမန် ယင်ဝိညာဉ်ကျင့်ကြံသူ တစ်ယောက်ပဲလေ၊ မဟာချန်မင်းဆက်ကနေ အပြင်ထွက်ခဲပါတယ်။ ဒီနာမည်ကိုလည်း ရှေးဘိုးဘေးတစ်ယောက်ရဲ့ ပါးစပ်ကနေ တိုက်ဆိုင်စွာ ကြားဖူးတာပါ"
ကျူးကျွယ်က တောင်းပန်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။
မည်သူမဆို နားထောင်လိုက်လျှင် အမတဂိုဏ်း ဆိုသည်မှာ နေရာဒေသ အမည်တစ်ခုနှင့် မတူပေ။
"ကျွန်တော် နားလည်ပါပြီ"
ရှန်းယီ ခေါင်းညိတ်လိုက်ပြီး သူ့စိတ်ထဲတွင် ချင်းဟွာသခင်မ ပြောခဲ့ဖူးသော စကားများကို အကြောင်းပြချက်မရှိ ပြန်လည်အမှတ်ရလာ၏။
ကျင့်ကြံသူများ ချန်ထားရစ်ခဲ့သော ဂူဗိမာန်အားလုံးတွင် စွေ့သစ်ပင်အား ပျိုးထောင်ထားသော အလေ့အထ ရှိကြပြီး တူညီသော ဂိုဏ်းတစ်ခုမှ ဆင်းသက်လာပုံ ရသည်။
ဂူဗိမာန်အများစုသည် နတ်ဆိုးတစ်ထောင်ဂူ၏ နယ်မြေအတွင်းတွင် တည်ရှိ၏။
မသေမျိုးဂိုဏ်း၏ တပည့်များအတွက် ရှေ့ဆက်ရမည့်လမ်း မရေမရာ ဖြစ်နေသဖြင့် ဂူဗိမာန်များအတွင်းမှ ကျင့်ကြံခြင်းလမ်းစဉ်ကို ရှာဖွေရပေမည်။
ဤအချက်အလက်များကို ပေါင်းစပ်လိုက်သောအခါ...
အံ့သြမှု အရိပ်အယောင် တစ်ခုသည် ရှန်းယီ၏ မျက်ဝန်းထဲတွင် ဖြတ်သန်းသွား၏။ ဝူသိုင်းဘုံကျောင်း၊ မသေမျိုးဂိုဏ်းကြီးနှစ်ခု နှင့် နတ်ဆိုးတစ်ထောင်ဂူ တို့သည် ဧရာမအရာကြီး တစ်ခုအပေါ်တွင် ကပ်ပါးကောင်လို တွယ်ကပ်နေကြသည့် ကြွယ်ဝချမ်းသာလာသော သူများကဲ့သို့ အဘယ်ကြောင့် အမြဲတမ်း ခံစားနေရသနည်း။
အကယ်၍သာ ထိုအရာ အမှန်ဖြစ်ခဲ့လျှင် ဂူဗိမာန်များကို ချန်ထားရစ်ခဲ့သော ကျင့်ကြံသူများက ဘယ်ရောက်သွားကြသနည်း။
ရှန်းယီ ခေါင်းခါလိုက်၏။ ဤကဲ့သို့ ကောလာဟလများနှင့် ဇာတ်လမ်းများသည် လောလောဆယ် သူ အာရုံစိုက်ရမည့် အရာများ မဟုတ်သေးပေ။
သူ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး လက်ထဲရှိ စာအုပ်များကို သေချာစွာ ဖတ်ရှုလိုက်သည်။
အသုံးဝင်မည့် မည်သည့် သတင်းအချက်အလက်ကိုမဆို မှတ်မိအောင် ကြိုးစားပြီး၊သူ့စိတ်ထဲရှိ မြေပုံကြမ်းကို တဖြည်းဖြည်း မွမ်းမံပြင်ဆင်လိုက်သည်။
နောက်ထပ် စာအုပ်တစ်အုပ်ယူရန် လှမ်းလိုက်သောအခါ မည်သည့်အရာမျှ မရှိတော့ပေ။ စာအုပ်များ ပြည့်ကျပ်နေသော သေတ္တာသည် ယခုအခါ လုံးဝ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ပြီ။
"ဂျူနီယာညီလေး၊ ရက်ပေါင်း ၂၀ ကျော်သွားပြီ"
သူ့ဘေးနားတွင် တစ်ချိန်လုံး ရှိနေပေးခဲ့သော ကျူးကျွယ်၏ အကြည့်များတွင် လေးစားအားကျမှုများ ပြည့်နှက်နေလေ၏။
ယခင်က သူ့အတွက် ရှန်းယီသည် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင် သိုင်းဝိဇ္ဇာ တစ်ဦးသာ ဖြစ်သည်။
ယခုတွင်မူ လူငယ်လေး၏ လေးနက်သော သတင်းအချက်အလက် စုဆောင်းမှုသည် သူ၏ ပါရမီနှင့် အင်အားအပေါ် တည်ငြိမ်ရင့်ကျက်မှုများကို ပေါင်းထည့်ပေးလိုက်သကဲ့သို့ပင်။
တည်ငြိမ်အေးဆေးသည်၊ ရဲရင့်ပြတ်သားပြီး မဟာဗျူဟာ ကျွမ်းကျင်သည်။
ဝူလေး၏စိုးရိမ်ပူပန်မှုများသည် လုံးဝ မလိုအပ်ခဲ့ပေ။
ဝူသိုင်းဘုံကျောင်း အနေဖြင့် ဤကဲ့သို့ လူငယ်မျိုး ပိုင်ဆိုင်ထားခြင်းသည် ဝူထုံတောင်ကပင် မနာလိုဖြစ်ရမည့် ကိစ္စဖြစ်သည်။
"သွားကြစို့"
ရှန်းယီ မတ်တတ်ရပ်လိုက်ပြီး ကိုယ်လက်ဆန့်တန်းလိုက်၏။ အပြင်လောကအကြောင်း အတော်အတန် နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။
ထိုအထဲတွင် အန္တရာယ်များနှင့် စိတ်လှုပ်ရှားဖွယ်ရာများ ပါဝင်နေသည်။
ယခုအခါ ထိုကောလာဟလ ဇာတ်လမ်းများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် တွေ့ကြုံခံစားရမည့် အချိန်ရောက်ပြီ ဖြစ်သည်။