ရှစ်မျက်နှာစားသောက်ခန်းမ
Vol. 26 Ch. 253
ပဋိပက္ခဖြစ်ပွားတော့မည့် အရိပ်အယောင်များနှင့် တင်းမာနေသော လေထုအကြားတွင်...
အဆောက်အအုံငယ်၏ တံခါးသည် တစ်ဖန် ပွင့်ဟလာပြန်သည်။
အားလုံး၏အကြည့်များသည် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် သွယ်သွယ်လျလျ လူငယ်တစ်ဦး အေးဆေးစွာ ထွက်လာသည်ကို တွေ့လိုက်ရ၏။
သူသည် ကျောက်စိမ်းသေတ္တာကို လင်းချင်းယန်ထံသို့ ပေါ့ပေါ့ပါးပါး ပြန်ပေးလိုက်ပြီးနောက် အလွန်အမင်း မကြည်မလင် ဖြစ်နေသော လူအုပ်ကြီးကို တည်ငြိမ်သောအကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်သည်။
စကားတစ်ခွန်းမျှ မပြောဘဲ သူသည် အနီရောင်တိမ်တိုက် တစ်ခုကို ဖန်တီးလိုက်၏။
သူ၏ ပုံရိပ်သည် ဖြည်းညှင်းစွာ မြင့်တက်သွားပြီး မဟာချန်မင်းဆက်၏ ပြင်ပသို့ နှေးကွေးစွာပျံသန်းထွက်ခွာသွားလေသည်။
"..."
ဟိုဝမ်ရှန်းမှာ အံ့သြမှင်သက်သွားပြီး အရာရှိရှန်း ဘာတွေ တွေးနေသလဲ ဆိုသည်ကို ကောင်းစွာ နားမလည်နိုင် ဖြစ်နေ၏။
ရတနာကို ရရှိထားပြီးနောက် ဝူသိုင်းဘုံကျောင်းသို့ အလျင်အမြန် ပြန်သွားခြင်း သို့မဟုတ် လီပြည်နယ်တွင် ကြာကြာနေထိုင်ခြင်း မပြုဘဲ... လူတိုင်း၏ မျက်စိရှေ့မှောက်တွင် သိသိသာသာကြီး မဟာချန် ပြင်ပသို့ ထွက်ခွာသွားသည် မဟုတ်လော။
ဤအရာမှာ ဓားပြလာတိုက်ဖို့ ဖိတ်ခေါ်နေသည်နှင့်တူနေသလိုပင်။မျှော်လင့်ထားသည့်အတိုင်း ခေတ္တမျှ အံ့သြသွားပြီးနောက် ဟွမ်ယွမ်အဆင့် အရှင်သခင် အများအပြားသည် သူတို့၏စိတ်ခံစားချက်များကို အလိုအလျောက် ဖုံးကွယ်လိုက်ကြသည်။
သူတို့သည် သားကောင်ကို ချောင်းမြောင်းနေသော သားရဲများကဲ့သို့ သူတို့၏ မျက်ဝန်းထဲမှ လောဘစိတ်များကို ဖုံးကွယ်ရန် အစွမ်းကုန် ကြိုးစားနေကြ၏။
"အာ"
လင်းချင်းယန်သည် ဤမြင်ကွင်းကို တစ်နေရာရာတွင် မြင်ဖူးသလို ခံစားလိုက်ရပြီး အရှင်သခင်များကို စာနာသော အကြည့်ဖြင့် မကြည့်ဘဲ မနေနိုင်တော့ပေ။
ကောင်းကင်ပေါ်ရှိ တိမ်တိုက်နီသည် လမ်းလျှောက်ထွက်နေသကဲ့သို့ ဖြည်းညှင်းစွာရွေ့လျားနေပြီး အခြားသူများ လိုက်မမီမှာကို စိုးရိမ်နေသည့်အလား... ကောင်းကင်ယံတွင် ခေတ္တမျှရပ်တန့်ပေးလိုက်ကာ လူအုပ်ကြီးအား သူ မည်သည့်နေရာသို့ ဦးတည်နေသည်ကို ရှင်းလင်းစွာ မြင်သာစေရန် ပြုလုပ်လိုက်သေး၏။
"ကျွန်တော့်မှာ တခြားကိစ္စတွေ ရှိသေးတယ်၊ အရင် သွားနှင့်တော့မယ်" ဟု အရပ်ပုပုနှင့် လူတစ်ဦးက စိတ်မရှည်စွာ ပြောဆိုပြီး လူအုပ်ကြီးထဲမှ လှည့်ထွက်သွားရန် ပြင်လိုက်၏။
သို့သော် သူ့အား သူငယ်ချင်းဖြစ်သူက အလျင်အမြန် ဆွဲထားပြီး "မင်း ဦးနှောက် နည်းနည်းလောက် သုံးစမ်းပါကွာ" ဟု တီးတိုး သတိပေးလိုက်လေသည်။
အခြားအရာများကို ထားလိုက်ဦး၊ ကောင်းကင်ပေါ်တွင် ရှိနေသော လီပြည်နယ်စစ်သူကြီးသည် နေရာမှပင် မရွေ့လျားသေးပေ။ ထိုအရာဟာ လှည့်ကွက်မှန်းသိသာနေလေ၏။ ထို့အပြင် အနက်ရောင်ဝတ်ရုံနှင့် လူငယ်၏ ညံ့ဖျင်းသော သရုပ်ဆောင်မှုက သူတို့ကို လှောင်ပြောင်နေသကဲ့သို့ပင်။
...
မဟာချန်၏ ပြင်ပတွင်
ရှန်းယီသည် တိမ်တိုက်နီပေါ်တွင် လက်နှစ်ဖက်ကို ဘေးသို့ချ၍ ရပ်နေပြီး ချင်းဟွာသခင်မက သူ့ဘေးတွင် ရှိနေ၏။
သူ ခဏလောက် ငြိမ်သက်စွာ စောင့်နေလိုက်သည်။
နောက်သို့ လှည့်ကြည့်လိုက်ရာ မိုးကုပ်စက်ဝိုင်းသည် ခြောက်ခြားဖွယ်ကောင်းလောက်အောင် ဟာလာဟင်းလင်းဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သူသည် အပိုဝင်ငွေအချို့ ရှာဖွေရန် မျှော်လင့်ခဲ့သော်လည်း ယခုအခါ ထိုအခွင့်အရေး မရှိတော့ပုံ ပင်။
"သူတို့က ရှင်ရဲ့နောက်ခံအကြောင်း စုံစမ်းနေကြတုန်း ဖြစ်လောက်မယ်" ဟု ကျင့်ကြံသူများအကြောင်း ကောင်းစွာ နားလည်ပုံရသော ချင်းဟွာသခင်မက တိုးညှင်းစွာ ပြောလိုက်၏။
"အပြင်လောကမှာဆိုရင် သိသိသာသာကြီး အလွယ်တကူ ရနိုင်မဲ့ သားကောင်မျိုးကို ဘယ်သူကမှ စွန့်စားပြီး မဖမ်းချင်ကြဘူးလေ"
လူတိုင်းက သူတစ်ပါး၏ ကံဆိုးမှုအပေါ် အမြတ်ထုတ်ချင်ကြသော်လည်း သူတို့၏ အသက်ကိုလည်း ထပ်တူ တန်ဖိုးထားကြ၏။
ရှန်းယီသည် အကြည့်လွှဲလိုက်ပြီး သူ့လက်ဝါးများကို မြှောက်လိုက်သည်။ သူ၏ရှည်လျားသော လက်ချောင်းများသည် ဘာမျှ မရှိသကဲ့သို့ ထင်ရသော်လည်း သေချာကြည့်ပါက အေးစက်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွားသည်ကို မြင်တွေ့နိုင်၏။
ဆန်းကြယ်ရေခဲကျောက်စိမ်းပိုးမျှင်လက်
ဒါက ရတနာရဲ့အစစ်အမှန် စွမ်းအားလား။
ရှန်းယီသည် လက်သီးဆုပ်လိုက်ရာ ၎င်း၏ ရှိနေမှုကို မသိမသာလေးသာ ခံစားလိုက်ရ၏။
သူသည် ရတနာများစွာ မမြင်ဖူးသော်လည်း အခြားသူများ၏တုံ့ပြန်မှုများကို ကြည့်ခြင်းအားဖြင့် ဤအရာသည် အလွန် တန်ဖိုးရှိမည့်အရာ ဖြစ်ရမည်။
"ထားလိုက်ပါတော့၊ ဆက်မစောင့်တော့ဘူး"
ရှန်းယီသည် လက်များကို ချလိုက်ပြီး ချင်းဟွာကို ရှေ့မှ လမ်းပြခိုင်းလိုက်၏။
မဟာချန်၏ နယ်မြေကို လုံးဝ စွန့်ခွာပြီးသည်နှင့် လုံးဝ ကွဲပြားခြားနားသော ပတ်ဝန်းကျင်တစ်ခု သူတို့ကို ဝန်းရံလာလေသည်။
မည်သူတစ်ဦးတစ်ယောက်မျှ မရှိသလို လမ်းကြောင်းလည်း မရှိပေ။ခြေတစ်လှမ်း မှားယွင်းသွားပါက မိုင်ပေါင်း ထောင်ချီ လမ်းလွဲသွားနိုင်သည်။
သူ ယခင်က ဖတ်ဖူးသော ခရီးသွားမှတ်တမ်းများအရ ရှစ်မျက်နှာစားသောက်ခန်းမသည် မဟာချန်၏အနောက်ဘက်တွင် ရှိပြီး သိပ်မကြီးမားသော တောင်ကြားတစ်ခုအတွင်း တည်ရှိ၏။
တောင်ကြားတွင် ရှားပါးပြီး အဖိုးတန်သော အပင်မျိုးစုံပေါက်ရောက်နေပြီး ၎င်းတို့ကို ဆေးဖက်ဝင် ဟင်းလျာအမျိုးမျိုး ဖန်တီးရန် ရိတ်သိမ်းကြသည်။
စာစသောက်ခန်းမဟု ခေါ်ဆိုသော်လည်း အခြားအဖွဲ့အစည်းများ၏အမြင်တွင် ၎င်းသည် ဆေးဂိုဏ်းတစ်ခု၏ တည်ရှိမှုနှင့် ပိုမို ဆင်တူလေသည်။
ဆေးဖက်ဝင် ဟင်းလျာတစ်ပွဲသည် ထိပ်တန်းအဆင့် အဖိုးတန်ဆေးလုံးတစ်လုံးနှင့် ညီမျှသည်။
ထို့ကြောင့် စွမ်းအားကြီးသော ပုဂ္ဂိုလ်များစွာက ၎င်းကို အထူး နှစ်သက်ကြ၏။
"အဲဒီကျင့်ကြံသူရဲ့နေအိမ်က တကယ်ပဲ ရှစ်မျက်နှာတောင်ကြားမှာ ရှိတယ်ဆိုရင်... ချင်းဟွာ ခန့်မှန်းရသလောက်တော့... အဲဒါကို သိတဲ့လူ မနည်းလောက်ဘူး"
ချင်းဟွာသခင်မသည် တစ်ခေါက် ရောက်ဖူးသဖြင့် စာအုပ်ထဲတွင် ရေးထားသည်ထက် ပိုမို အသေးစိတ်ကျသော နားလည်မှု ရှိနေသည်။
"သူတို့က ဘယ်သူ့ကိုမဆို ကောင်းမွန်တဲ့ အစားအစာနဲ့ ဟင်းလျာတွေ ကျွေးလေ့မရှိပေမဲ့ ဧည့်သည်တွေကို မောင်းထုတ်တဲ့ အလေ့အထလည်း မရှိဘူး။ သူတို့က အစားအသောက်ခန်းမ ဖြစ်ရတာကို ဂုဏ်ယူကြပြီး ကျင့်ကြံသူတွေရဲ့ ပဋိပက္ခတွေမှာ ဘယ်တော့မှ ဝင်မပါကြဘူး"
"အဲဒီအကြောင်းပြချက်ကြောင့်ပဲ စားသောက်ခန်းမမှာ အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ဓား နီကျွင်း လို စွမ်းအားကြီး ကျင့်ကြံသူတွေ အပါအဝင် မိတ်ဆွေအပေါင်းအသင်း များပြားကြတယ်။ ဒါကြောင့် လူတွေက ယေဘုယျအားဖြင့် အထဲမှာ ပြဿနာရှာဖို့ မရဲကြဘူး"
ဤအချက်ကို ပြောပြီးနောက် ချင်းဟွာသခင်မက ရှန်းယီကို ကြည့်လိုက်၏။
"ရှင့်ရဲ့ ရွှေကိုယ်ခန္ဓာကို ထုတ်မပြရင်တောင် ရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ဂုဏ်အသရေအရှိဆုံး ဧည့်သည်တစ်ယောက် ဖြစ်လာမှာပါ"
"ငါ နားလည်ပါတယ်" ဟု သူမ သတိပေးနေခြင်း ဖြစ်ကြောင်း သိသော ရှန်းယီက ပြောလိုက်၏။
အပြင်လောကတွင် ဖုံးကွယ်သင့်သောအရာကို ဖုံးကွယ်ထားရမည် ဖြစ်ပြီး ထုတ်ပြသင့်သောအရာကို ထုတ်ပြရမည်။
လုံလောက်သော ခွန်အား ရှိမှသာ ကိစ္စရပ်အချို့တွင် အမှန်တကယ် ပါဝင်နိုင်ပြီး ပြဿနာများစွာကို ရှောင်ရှားနိုင်မည်။
သူ့အသံ ဆုံးသွားသည်နှင့် ရှန်းယီ၏ အရေပြားမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
ဟွမ်ယွမ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ပြီးကတည်းက ယခု မဟာချန် ပြင်ပသို့ ရောက်ရှိမှသာ သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခြင်း မပြုဘဲ ထုတ်ဖော်ပြသနိုင်တော့သည်။
သူ ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းသွားလေသည်။
...
လှပသော တောင်ကြားတစ်ခုတွင် တောက်ပသော အနီရောင်ကိုးထပ်ကျောင်းတော်ပုံစံ အဆောက်အအုံကြီး တစ်ခုသည် ခမ်းနားထည်ဝါစွာ တည်ရှိနေလေ၏။
အလွန်အမင်းထည်ဝါခြင်းမရှိသော်လည်း ပျော်ရွှင်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။
မဟာချန်နှင့် မတူဘဲ ဤနေရာကို အုပ်ချုပ်မည့် မင်းဆက် သို့မဟုတ် ဝူသိုင်းဘုံကျောင်း မရှိပေ။ ဤနေရာသည် စည်းမျဉ်းဥပဒေ လုံးဝ ကင်းမဲ့သော နေရာဖြစ်သည်။
ဖုံးကွယ်ထားရန် အစီအရင် မလိုအပ်ဘဲ ဤမျှ ထင်ပေါ်နေခြင်းကပင် ရှစ်မျက်နှာစားသောက်ခန်းမ၏ နက်ရှိုင်းသော နောက်ခံကို သက်သေပြရန် လုံလောက်လေ၏။
လက်ရှိအချိန်တွင် ထိုနေရာသည် ဆူညံသံများဖြင့် ပြည့်နှက်နေပြီး အတော်လေး စည်ကားနေပုံရသည်။ အနီရောင်တိမ်တိုက် တစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး မကြာမီ အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုသည် အဆောက်အအုံ၏ ဝင်ပေါက်တွင် ဆင်းသက်လာကာ သူ၏တာအိုဝိညာဉ်ကို ပြန်လည် သိမ်းဆည်းလိုက်သည်။
အစေခံနှစ်ဦးသည် ပျင်းရိစွာဖြင့်မျက်ခွံများကို ပင့်လိုက်ကြ၏။
ဟွမ်ယွမ်အဆင့် အရှင်သခင် တစ်ဦး၏ ရောက်ရှိလာမှုကို မည်သည့်နေရာတွင်မဆို လျစ်လျူရှု၍ မရနိုင်ပေ။
သို့သော် သူတို့၏အမူအရာကို စိတ်အားထက်သန်သည်ဟု ယူဆ၍ မရနိုင်ဘဲ လေးလံထိုင်းမှိုင်းစွာဖြင့် ပြောလိုက်ကြ၏။
"အကယ်၍ ထမင်းစားဖို့ လာတာဆိုရင် တတိယထပ်ကို တက်ပြီး မိန်းကလေးမေ့ ကို ရှာလိုက်ပါ။ တခြားကိစ္စအတွက် လာတာဆိုရင်တော့... ပထမထပ်မှာ ထိုင်စောင့်ပေးပါ"
...
ချင်းဟွာသခင်မသည် လေထဲတွင် ဝဲပျံနေပြီး သူမ၏ သခင်ကို စိုးရိမ်တကြီး ကြည့်လိုက်မိ၏။
ရှစ်မျက်နှာစားသောက်ခန်းမက ဆရာသခင်တစ်ဦးကိုတောင် လျစ်လျူရှုရဲလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့မိပေ။
"အင်း"
ရှန်းယီသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အံ့သြသည့် လက္ခဏာ မပြပေ။ သူ အထဲသို့ ဝင်လိုက်၏။
အတွင်းဘက်သည် လုံးဝ အခြားကမ္ဘာတစ်ခု ဖြစ်နေပြီး အလွန် ကျယ်ဝန်းသော ခန်းမကြီးထဲတွင် စားပွဲငယ် နှစ်ရာ သုံးရာခန့် ပြန့်ကျဲနေလေ၏။
ချင်းဟွာ မှင်သက်သွား၏။
အစေခံနှစ်ဦး အဘယ်ကြောင့် ထိုသို့ ပြုမူခဲ့သည်ကို သူမ နောက်ဆုံးတွင် နားလည်သွားလေသည်။
စားပွဲ နှစ်ရာ သုံးရာခန့်သည် လူပြည့်လုနီးပါး ဖြစ်နေသော်လည်း မည်သည့် စားပွဲပေါ်တွင်မှ အစားအစာ မရှိပေ။
ဧည့်သည်အားလုံးသည် မသိမသာ အုပ်စုများ ဖွဲ့ထားကြပြီး တစ်ဦးနှင့်တစ်ဦး အေးစက်စွာ ကြည့်နေကြသည်။
သူတို့အထဲတွင် ဟွမ်ယွမ်စွမ်းအင်ထုတ်လွှတ်နေသော ကျင့်ကြံသူများသည် လက်နှစ်ဖက်ဖြင့် ရေတွက်၍ပင် မရနိုင်လောက်အောင် များပြားလှသည်။
တစ်ချိန်က ကောင်းမွန်သော စားသောက်ဆိုင် ဖြစ်ခဲ့သော နေရာသည် ယခုအခါ ယမ်းငွေ့အနံ့များဖြင့် ပြည့်နှက်နေလေ၏။
ဒါက လူသိနည်းတဲ့ ကိစ္စမဟုတ်တော့ဘူး... လူပြည့်လုနီးပါး ဖြစ်နေပြီ။
ရှန်းယီသည် မျက်ခုံးပင့်လိုက်ပြီး ထောင့်တစ်နေရာရှိ စားပွဲတစ်လုံးကို ပေါ့ပေါ့ပါးပါး ရွေးချယ်ကာ ဝင်ထိုင်လိုက်၏။
သူ့ကို စိုက်ကြည့်နေကြသူများသည် သူ တစ်ယောက်တည်း ဖြစ်ကြောင်း သိလိုက်ရသောအခါ အကြည့်များကို လျင်မြန်စွာ ပြန်ရုပ်သိမ်းသွားကြသည်။
နောက်ထပ် လူ ၅ ဦးပါသော အဖွဲ့တစ်ဖွဲ့ ဝင်ရောက်လာသောအခါမှသာ လူတိုင်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး အားလုံး ချက်ချင်း မတ်တတ်ရပ်လိုက်ကြ၏။
"စီနီယာကျန်း ကို ဂါရဝပြုပါတယ်"
ခေါင်းဆောင်ဖြစ်သူမှာ သန်စွမ်းတက်ကြွသော အနည်းငယ်အသက်ကြီးသော အမျိုးသားတစ်ဦး ဖြစ်ပြီး မည်းနက်သောမုတ်ဆိတ်မွေးများနှင့် ရွှမ်ဝတ်ရုံကို ဝတ်ဆင်ထား၏။
သူ့နောက်တွင် ရွှမ်ဝတ်ရုံဝတ်ဆင်ထားသော အခြား ၃ ဦး ပါရှိပြီး မီးခိုးရောင် အဝတ်အစားတို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသာ နေရာလွဲမှားနေသကဲ့သို့ ဖြစ်နေလေသည်။
"ရွှမ်ကွမ်းဂူက လူတွေပဲ" ဟု ချင်းဟွာက တိုးညှင်းစွာ သတိပေးလိုက်၏။
ထောင့်တွင် ထိုင်နေပြီး မတ်တတ်မရပ်သော ရှန်းယီကို မည်သူမျှ သတိမထားမိကြပေ။
သူသည် မီးခိုးရောင်ဝတ် အဘိုးအိုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ရွှေရောင်ဝံပုလွေ ကျောက်စိမ်းပြားတစ်ခု အဘိုးအို၏ခါးတွင် ချိတ်ဆွဲထားလေသည်။
ဟွမ်ယွမ်အဆင့် အရှင်သခင်တစ်ဦးကို နတ်ဆိုးများကိုတိုက်ခိုက်ရန်အတွက် မဟာချန်မှ ဆင့်ခေါ်နေရသော်လည်း... ထိုသူမှာတော့ ဤနေရာတွင် အစောင့်လုပ်ခိုင်းထားသည်လော။
ဆရာသခင်တစ်ဒါဇင်ကျော် အပါအဝင် လူအုပ်ကြီးသည် အဆက်အသွယ် ရယူရန် ကျယ်လောင်စွာ ကြိုးပမ်းကြသော်လည်း အစစ်အမှန်ပုဂ္ဂိုလ်ကျန်းသည် ဘေးဘီဝဲယာသို့ တစ်ချက်မျှပင် မကြည့်ဘဲ တည်ငြိမ်အေးဆေးစွာ ရှိနေ၏။
ထိုအချိန်တွင် အနီရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုသည် လှေကားထိပ်တွင် ဖြည်းညှင်းစွာ ပေါ်လာလေသည်။
သူမသည် ရွှမ်ကွမ်းဂူမှ လူများကို ကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်၏။
"အစစ်အမှန်ပုဂ္ဂိုလ်နီ အပေါ်ထပ်မှာ သုံးဆောင်နေပါတယ်၊ ကျေးဇူးပြုပြီး အသံတိုးပေးကြပါ"
ထိုစကားလုံးများသည် တစ်စုံတစ်ရာသော ဘုန်းတန်ခိုး ပါဝင်နေသကဲ့သို့ပင်။ တစ်ခဏချင်းတွင် ခန်းမကြီးတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။
...
အစစ်အမှန်ပုဂ္ဂိုလ်ကျန်း၏ မျက်လုံးများ လှုပ်ရှားသွားပြီး ထိုနေရာတွင် ဆက်လက် မရပ်တော့ဘဲ သူ၏အဖွဲ့ကို ဦးဆောင်၍ လှေကားပေါ်သို့ လျင်မြန်စွာ တက်သွားလိုက်သည်။
ထို့နောက် သူသည် ခေါင်းလှည့်ကာ အေးစက်သော အသံဖြင့် ပြောလိုက်၏။
"ဒီမှာ နေခဲ့၊ ညီအစ်ကိုနီနဲ့ ငါ ထမင်းစားနေတုန်း ဘယ်သူမှ မနှောင့်ယှက်စေနဲ့"
ထိုစကားကို ကြားသောအခါမီးခိုးရောင်ဝတ် အဘိုးအိုသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး လှေကားအဝင်ဝတွင် နေရာယူလိုက်လေသည်။
"ဟွမ်ယွမ်အဆင့် အရှင်သခင်တစ်ယောက်ကို တံခါးစောင့် ခိုင်းထားတာလား..."
"တကယ့်ကို အထင်ကြီးစရာရှိုးပဲ"
အောက်ထပ်တွင် ပိတ်ဆို့ခံထားရသော်လည်း...
ကျင့်ကြံသူ အများအပြားသည် မကျေနပ်မှု တစ်စုံတစ်ရာ မပြသကြဘဲ ကြည်ညိုလေးစားသော မျက်နှာထားများနှင့် အလွန်အမင်း တုန်လှုပ်နေကြလေ၏။
အမှန်တကယ်ပင်၊ ရွှမ်ကွမ်းဂူ၏ ကြီးကျယ်ခမ်းနားမှုက ထိုသို့ပင် ရှိပေသည်။