← Chapters

အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ဓား နီကျွင်း

Vol. 26 Ch. 254

အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ဓား နီကျွင်း

Vol. 26 Ch. 254

အနီရောင်ဝတ်စုံနှင့် မိန်းကလေးသည် လှေကားထစ်များပေါ်တွင် ရပ်လျက် မီးခိုးရောင်ဝတ် အဘိုးအိုကို တိတ်ဆိတ်စွာ ကြည့်နေ၏။ သူမ၏လှပသော မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေသည်။

မေ့ရှီးယောင် သည် ရှစ်မျက်နှာစားသောက်ခန်းမ၏ ဧည့်သည်များကို နှစ်ပေါင်းရာချီ ကိုင်တွယ်လာခဲ့သူ ဖြစ်ရာ အတွေ့အကြုံ ရင့်ကျက်သည်ဟု သေချာပေါက် ပြောနိုင်သည်။

အနည်းငယ် စဉ်းစားလိုက်ရုံဖြင့် အဘိုးအို၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို သူမ သိရှိသွား၏။

သူသည် ဟွမ်ယွမ်အဆင့် အရှင်သခင် တစ်ဦး ဖြစ်ရုံသာမက ရွှမ်ကွမ်းဂူမှ တာဝန်ပေး စေလွှတ်ခြင်း ခံထားရသူလည်း ဖြစ်သည်။

မဟာချန်ဝူသိုင်းဘုံကျောင်းသည် တစ်ချိန်က ထိပ်တန်း လူသားအင်အားစုကြီး ၃ ခုတွင် အဆင့်သတ်မှတ်ခြင်း ခံခဲ့ရသော်လည်း ယခုအခါ အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ဆိတ်သုဉ်းမည့် အရိပ်အယောင်များ ပြသနေလေပြီ။

အတိအကျ ပြောရလျှင် သူတို့၏ယခင် ဂုဏ်သတင်းကျော်ကြားမှုကပင် ဝန်ထုတ်ဝန်ပိုး ဖြစ်လာခဲ့သည်။

သူတို့သည် ရှစ်မျက်နှာစားသောက်ခန်းမကဲ့သို့ အင်အားစုငယ်လေးများ လွတ်လပ်ပေါ့ပါးစွာ နေထိုင်သကဲ့သို့ မနေထိုင်နိုင်ကြပေ။

"ရှင် တစ်ခုခု လိုအပ်ရင် သူတို့ကို ခိုင်းလိုက်ပါ"

မေ့ရှီးယောင် ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်၏။ မီးခိုးရောင်ဝတ် အဘိုးအိုက မည်သည့် စိတ်ခံစားမှုမှ မပါဘဲ ပြန်လှည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

အနီရောင်ဝတ်စုံနှင့် မိန်းကလေး အပေါ်ထပ်သို့ ပြန်လှည့်သွားသည်အထိ စောင့်လိုက်သည်။

ထိုအခါမှသာ အဘိုးအိုသည် အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး အောက်ထပ်မှ တီးတိုး ပြောဆိုသံများကို နားထောင်ကာ... ယင်းအခြေအနေကို ကျင့်သားရနေပြီ ဖြစ်သည့်အလား မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်လေ၏။

ထောင့်ရှိ စားပွဲတွင်

ချင်းဟွာသည် ဂရုမစိုက်သော ပုံစံဖြင့် ရပ်နေ၏။ ရှန်းယီကို တမင်တကာ အတုခိုးနေခြင်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်၊ ယခုအခါ သူမ၏ လှုပ်ရှားမှုတိုင်းသည် တစ်ဖက်လူ၏ ထင်ရှားသော ပုံရိပ်ကို ဆောင်ကြဉ်းနေလေသည်။

"သခင်ကြီး... ရွှမ်ကွမ်းဂူက ကျင့်ကြံသူ အုပ်စုကို ချင်းဟွာ ရှင်းပစ်ပေးဖို့ လိုမလား"

"..."

ရှန်းယီသည် အစေခံ လာချပေးထားသော လက်ဖက်ရည်ကို ယူ၍ တစ်ငုံမျှ သောက်လိုက်၏။

သူ သူမကို တိတ်ဆိတ်စွာ တစ်ချက် ကြည့်လိုက်သည်။

သူ စိတ်ချင်း ပြန်ဖြေလိုက်၏။ "မင်း သူတို့ကို နိုင်လို့လား"

ချင်းဟွာသခင်မ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လေးနက်စွာ ပြန်ဖြေ၏။

"မနိုင်ပါဘူး၊ ဒါပေမဲ့ ချင်းဟွာက သခင်ကြီးအတွက် သေသည်အထိ တိုက်ခိုက်ပေးလိုပါတယ်"

"အသံတိုးတိုးနေစမ်းပါ၊ မင်းရဲ့ စေတနာကို ငါ ကျေးဇူးတင်ပါတယ်"

ရှန်းယီ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အဘိုးအိုကို ပေါ့ပေါ့ပါးပါး တစ်ချက် လှမ်းကြည့်လိုက်၏။

ရိုးရိုးသားသား ပြောရလျှင် သူ အနည်းငယ် နေရခက်သလို ခံစားနေရသည်။

မည်သို့ပင်ဆိုစေကာမူ ထိုနေရာတွင် တံခါးစောင့်အဖြစ်ရပ်နေသူမှာ စစ်ဆေးရေးမှူးတစ်ဦး ဖြစ်နေပြီး ဒုတိယစစ်ဆေးရေးမှူး ဖြစ်သော သူ့အတွက်လည်း ပုံရိပ်ကောင်းတစ်ခု မဟုတ်ပေ။

သို့သော် ဤနေရာသို့ ရောက်ကာစ ဖြစ်သဖြင့် အခြေအနေကို သူ ကောင်းစွာ သဘောမပေါက်သေးပေ။

ခဏတာ မာန်မာနကြောင့် စိတ်လိုက်မာန်ပါ ပြုမူခြင်းသည် သူ၏ စရိုက်မဟုတ်ပေ။

ဤခရီးစဉ်၏အရေးအကြီးဆုံး ရည်မှန်းချက်မှာ ကျင့်ကြံသူများ၏ ဂူဗိမာန်ဖြစ်နေဆဲပင်။

ဝိညာဉ်အမြစ်နှင့် ဆင်တူသော ပစ္စည်းတစ်ခု ရရှိနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ရွှမ်ကွမ်းဂူမှ လူများနှင့် ပတ်သက်၍မူ...

အခွင့်အရေးရပါက မသေမျိုးဂိုဏ်း၏နက်ရှိုင်းမှုကို သိရှိနိုင်ရန် သူတို့၏ သိုလှောင်ရေးရတနာများကို ယူဆောင်ရမည် ဆိုလျှင်လည်း ရှန်းယီ ဝန်လေးနေမည် မဟုတ်ပေ။

ထိုအတွေးဖြင့် သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

အပြင်မထွက်ခင် စာအုပ်များစွာ ဖတ်ခဲ့သော်လည်း တစ်ချက်ကြည့်ရုံဖြင့် အခြားသူများ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို သူ မခွဲခြားနိုင်သေးပေ။

ဤလူများအားလုံးသည် အနည်းဆုံး အမြုတေစုစည်ခြင်းအဆင့် ကျင့်ကြံခြင်း ရှိကြသည်။

အချို့ဆိုလျှင် အစစ်အမှန်ပုဂ္ဂိုလ်ထက် အနည်းငယ်သာ နိမ့်ကျသော အော်ရာများကို ထုတ်လွှတ်နေကြ၏။

"ပိန်တဲ့ကုလားအုတ်က မြင်းထက်ကြီးနေတုန်းပါပဲ၊ တကယ်တော့ အပြင်လောကက ကျင့်ကြံသူတွေက မဟာချန်က လူတွေထက် ပိုမသန်မာပါဘူး၊ ကျင့်ကြံသူတွေရဲ့ဂူဗိမာန်ကိစ္စတွေမှာ ပါဝင်ရဲတဲ့သူတွေက စွမ်းရည်အချို့ ရှိနေကြလို့ပါ"

ချင်းဟွာသခင်မက သေချာ ရှင်းပြလေ၏။

"ဟိုဘက်က လူတွေ ဘာလုပ်နေကြတာလဲ"

ရှန်းယီသည် ထောင့်တစ်နေရာတွင် ရှိနေသော လူအုပ်စုတစ်စုနှင့် သူတို့ဘေးရှိ စားပွဲပေါ်တွင် တင်ထားသော အဖိုးတန်ကျောက်စိမ်းအများအပြားကို သတိထားမိလိုက်၏။

သူတို့၏ အော်ရာများကို ဖုံးကွယ်ထားသကဲ့သို့ အသံများကိုလည်း လုံးဝ သီးခြားခွဲထုတ်ထားလေသည်။

ချင်းဟွာ ထိုနေရာသို့ လွင့်မျောသွားပြီး ခဏတာ စောင့်ကြည့်လိုက်သည်။ သူတို့၏ နှုတ်ခမ်း လှုပ်ရှားမှုများကို စိုက်ကြည့်ပြီးနောက် ပြန်ရောက်လာပြီး ပြောပြ၏။

"သူတို့က အဖိုးတန်ကိရိယာတွေ အရောင်းအဝယ် လုပ်နေကြတာ၊ သူတို့ထဲက တစ်ယောက်က တန်ဖိုးရှိတာတစ်ခု ဈေးပေါပေါနဲ့ ရလိုက်တယ်လို့ ထင်နေပေမဲ့ တကယ်တော့ ဟိုကလူတစ်ယောက် လှည့်စားပြီး ရောင်းလိုက်တာ၊ သူတို့က အဲဒီလူကို ဝိုင်းရယ်နေကြတာ"

အရောင်းအဝယ် ဟုတ်လား။

ရှန်းယီ သူ ပိုင်ဆိုင်ထားသည်များကို ပြန်တွေးကြည့်လိုက်ရာ တန်ဖိုးအရှိဆုံး အရာမှာ မကြာသေးမီက ရရှိခဲ့သော ဆန်းကြယ်ရေခဲကျောက်စိမ်းပိုးမျှင်လက်ဖြစ်လောက်ကြောင်း သဘောပေါက်လိုက်၏။

အခြားပစ္စည်းများနှင့် ပတ်သက်၍မူ အစားထိုး၍ မရနိုင်သော ပစ္စည်းများ ဖြစ်နေခြင်း၊ ၎င်းတို့၏ တန်ဖိုးကို သူ နားမလည်သောကြောင့် လျှော့တွက်ထားခြင်း၊ သို့မဟုတ် ဟွမ်ယွမ်အဆင့်အထက် ကျင့်ကြံသူများအတွက် အသုံးသိပ်မဝင်ခြင်းတို့ ဖြစ်နိုင်သည်။

သူ၏ အခြေခံအုတ်မြစ်ကို မဖြည့်ဆည်းရသည်မှာ ကြာပြီဖြစ်သည်။

"နောက်ထပ် စုံစမ်းပြီး ပြန်လာသတင်းပို့ပါ"

ချင်းဟွာသခင်မသည် နာခံစွာဖြင့် လွင့်မျောသွား၏။ မည်သို့ပင်ဆိုစေကာမူ သူမသည် ဝိညာဉ်တစ်ခု ဖြစ်သဖြင့် အခြားသူများ မမြင်နိုင်ပေ။

အရှေ့ဘက်သို့ လှည့်လည်သွားလာလိုက်၊အနောက်ဘက်သို့ လွင့်မျောသွားလိုက်။

မကြာမီ သူမ သတင်းအချက်အလက် အစုအဝေးကြီးနှင့်အတူ ပြန်ရောက်လာသည်။

၎င်းတို့အနက် အရေးအကြီးဆုံးမှာ ရှစ်မျက်နှာတောင်ကြားရှိ ကျင့်ကြံသူ၏ ဂူဗိမာန်ကိစ္စပင်။

"သူတို့ ပြောပုံအရဆိုရင် ဒီဂူဗိမာန်က အနည်းဆုံး ၃ ကြိမ်လောက် ပေါ်လာဖူးပြီးပြီတဲ့၊ အရင်က သတိမထားမိခဲ့ကြရုံပဲ။ ရှစ်မျက်နှာစားသောက်ခန်းမက လူတွေပဲ ပါဝင်ပစ္စည်း အသစ်အဆန်းတွေ ရှာဖွေဖို့ ဝင်ရောက်ခဲ့ကြတာ။ နောက်ပိုင်းကျမှ ရွှမ်ကွမ်းဂူက လူတွေ သိသွားပြီး ခရီးသွားမှတ်တမ်းတွေမှာ ရေးမှတ်ခဲ့ကြတာ"

ချင်းဟွာသခင်မ စိတ်ချင်း ဆက်သွယ်ပြီး ပြောပြလေ၏။

"ဒါပေမဲ့ ပြီးခဲ့တဲ့ အကြိမ်တုန်းက သူတို့ အချိန်တွက် မှားသွားပြီး နည်းနည်း နောက်ကျမှ ရောက်သွားကြတယ်။ အထဲမှာ ပိတ်မိမနေအောင်လို့ အလျင်စလို ပြန်ဆုတ်ခွာခဲ့ကြရတော့ သူတို့ရဲ့ စူးစမ်းရှာဖွေမှုက တော်တော် ကြမ်းတမ်းခဲ့တယ်၊ အရေးအကြီးဆုံးဖြစ်တဲ့ ကျမ်းသိုလှောင်ရာခန်းမဆောင်ကိုတောင် မတွေ့ခဲ့ကြဘူး"

"ဒါပေမဲ့ အဲဒီကနေပဲ သူတို့ လက်နက်သန့်စင်ခြင်း နဲ့ ပတ်သက်တဲ့ ခြေရာလက်ရာတွေကို တွေ့ရှိခဲ့ကြတယ်"

"ဒီဂူဗိမာန်ပိုင်ရှင်က လက်နက်သန့်စင်သူ တစ်ယောက် ဖြစ်ဖို့ များတယ်။ အဲဒါကြောင့်ပဲ ရွှမ်ကွမ်းဂူက ဒုတိယအကြိမ် လာရောက် စုံစမ်းရတာ ဖြစ်မယ်"

"ဒီလူတွေက ကံစမ်းကြည့်နေကြရုံပါပဲ။ အင်အားကြီးအဖွဲ့အစည်းတွေက ယေဘုယျအားဖြင့် ရက်ရက်ရောရော ပြုမူတတ်ကြပြီး လက်ကျန်ပစ္စည်းတွေအတွက် သူတို့နဲ့ အငြင်းပွားနေမှာ မဟုတ်ဘူး"

ရှန်းယီ တိတ်ဆိတ်စွာ နားထောင်နေပြီး ချင်းဟွာသခင်မ အလိုအလျောက် အပေါ်ထပ်သို့ လှမ်းကြည့်လိုက်သည်ကို သတိထားမိလိုက်၏။

ထို့နောက် သူမ ဆက်ပြော၏။

"ဒါပေမဲ့ နီကျွင်း ဒီမှာ ရှိနေတော့ သူသာ အဲဒီ ဂူဗိမာန်ကို မျက်စိကျနေရင် သခင်ကြီးကို ထိခိုက်မှာ စိုးရိမ်ရတယ်။ ချင်းဟွာ သွားပြီးတော့..."

သူမ စကားမဆုံးခင်မှာပင်...

ရှန်းယီက သူမကို ဘောင်ကွက်ထဲသို့ တိုက်ရိုက် ပြန်သိမ်းလိုက်လေ၏။

ဒါက သခင်ကြီးကို ထိခိုက်တယ်၊ ဟိုဟာက သခင်ကြီးကို စော်ကားတယ် နဲ့၊ သူမရဲ့အကြံပြုချက်တွေအတိုင်း တကယ် လိုက်လုပ်မိရင် သူရော တခြားသူတွေရော ဒီနေ့ ဒီမှာပဲအသေကောင်ဖြစ်သွားလောက်တယ်။

အဲဒါက ၂ ကျန်း နဲ့ ၃ ပေ ရွှေကိုယ်ခန္ဓာပါ၊ ၂၃ ကျန်း မဟုတ်ဘူး။

အကောင်းဆုံး အခြေအနေမှာတောင် နတ်ဘုရားအသွင်ပြောင်းအဆင့် ဝင်ရောက်ကာစ ကျင့်ကြံသူ တစ်ဦးထက် အနည်းငယ်ပဲပိုသန်မာတာပါ။ အဲဒါကလည်း တစ်ဖက်လူမှာ ဝှက်ဖဲတွေ ရှိမရှိ အပေါ် မူတည်သေးတယ်။

ရှန်းယီ မဆင်မခြင် ပြုမူဖို့ လုံးဝ မလုံလောက်သေးပါဘူး။

သူ အတွေးနက်နေစဉ်...

အရက်နံ့များ ထောင်းထောင်းထနေပြီး တည်ငြိမ်သော ခြေလှမ်းများဖြင့် ပုံရိပ်တစ်ခု အပေါ်ထပ်မှ ဆင်းလာလေ၏။

သူသည် ငယ်ရွယ်ပုံရပြီး ရှုပ်ပွနေသော ဆံပင်များ၊ ရင်ဘတ်ဟနေသော ကြီးမားသည့် စိမ်းပြာရောင်ဝတ်ရုံတို့ဖြင့် စည်းကမ်းမဲ့ လွတ်လပ်သော အငွေ့အသက်ကို ပေးစွမ်းနေသည်။

သူ၏ သွယ်လျသော မျက်လုံးများသည် တည်ငြိမ်နေပုံရသော်လည်း ရှင်းပြ၍မရနိုင်သော အရိုးခိုက်အောင် အေးစက်မှုကို ထုတ်လွှတ်နေလေ၏။

"လမ်းဖယ်"

သူသည် မီးခိုးရောင်ဝတ် အဘိုးအို၏အနောက်သို့ ရောက်သွားသည်။

အဘိုးအိုသည် နေရာတွင် သိသိသာသာ တောင့်ခဲသွားပြီး အပြောခံလိုက်ရမှ အလျင်အမြန် ဘေးသို့ ဖယ်ပေးကာ လေးစားစွာ ပြောလိုက်၏။

"အကြီးအကဲနီ"

နီကျွင်း လှေကားမှ ဆင်းသွားသည်။

အစစ်အမှန်ပုဂ္ဂိုလ်ကျန်း ရောက်ရှိလာစဉ်က ဆူညံပွက်လောရိုက်နေမှုများနှင့် မတူဘဲ ယခု ခန်းမကြီးသည် လုံးဝ တိတ်ဆိတ်ငြိမ်သက်နေ၏။

လှေကားအောက်ခြေသို့ ရောက်မှသာ သူ ရုတ်တရက် နောက်လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ခင်ဗျားခါးက ဟာကြီးကို သိမ်းလိုက်စမ်း၊ ကြည့်ရတာ စိတ်ရှုပ်စရာ ကောင်းတယ်"

ထိုစကားကို ကြားသောအခါ မီးခိုးရောင်ဝတ် အဘိုးအိုသည် ကျောက်စိမ်းပြားကို ကိုင်လိုက်ပြီး ခေတ္တမျှ တွန့်ဆုတ်သွားသည်။

နာကျင်စွာသင်ခန်းစာ ရထားခြင်းမျိုး မဟုတ်လျှင် မည်သူက ကိုယ့်အရှက်ကို ကိုယ်ခွဲပြီး ကိုယ့်အဖွဲ့အစည်းကိုပါ ဆွဲထည့်ချင်ပါ့မလဲ။

သူ မသိမ်းချင်လို့ မဟုတ်ပါ၊ မသိမ်းရဲလို့သာ ဖြစ်သည်။

"ကျုပ် ခင်ဗျားကို သိမ်းလိုက်လို့ ပြောနေတယ်၊ နားလည်လား"

အကြီးအကဲနီ တိုးညှင်းစွာ ပြောလိုက်၏။ သူသည် အဘယ်ကြောင့်ဆိုသည်ကို မေးရန် မလိုသလို အဘိုးအို ဘာကို ကြောက်ရွံ့နေသလဲ ဆိုသည်ကိုလည်း သိရန် မလိုပေ။

မီးခိုးရောင်ဝတ် အဘိုးအို အချိန်ဆွဲမနေရဲတော့ဘဲ ကျောက်စိမ်းပြားကို အလျင်အမြန် သိမ်းလိုက်၏။

"ကျေးဇူးတင်ပါတယ် အကြီးအကဲနီ"

နီကျွင်း ဂိတ်ပေါက်ဝသို့ လှမ်းလိုက်သည်နှင့် နက်နဲသော အလင်းတန်းတစ်ခု သူ၏လက်စွပ်ထဲမှ ပျံထွက်လာပြီး ကြီးမားသော ရွှမ်ဓား ယကြီးအဖြစ် ပြောင်းလဲသွားသည်။

သူသည် ဓားပေါ်သို့ ပေါ့ပါးစွာ တက်လိုက်ပြီး တစ်ခဏချင်းတွင် ထိုနေရာမှ ပျောက်ကွယ်သွားလေ၏။

ထိုအခါမှ ခန်းမကြီးထဲတွင် ပုံမှန် အသက်ရှူသံများ ပြန်လည် ထွက်ပေါ်လာသည်။

ရွှမ်ကွမ်းဂူမှ အစစ်အမှန်ပုဂ္ဂိုလ်ကျန်းပင်လျှင် တတိယထပ်မှ ဆင်းလာပြီး တစ်ဖက်လူ အမှန်တကယ် ထွက်ခွာသွားကြောင်း သေချာမှ သက်ပြင်းချနိုင်တော့သည်။

အကယ်၍ အကြီးအကဲနီသာ ဤဂူဗိမာန်ကို စိတ်ဝင်စားသွားပါက ကျန်းမျိုးရိုးအနေဖြင့် မလိုလားသော်လည်း ယဉ်ကျေးစွာ လမ်းဖယ်ပေးရမည့်အပြင် ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဟုပင် ပြောရပေဦးမည်။

မေ့ရှီးယောင်သည် သူ့အား နှုတ်ဆက်ရန် အဆောက်အအုံ အပြင်ဘက်သို့ ထွက်လာပြီး အသက်ရှူချိန် ရာပေါင်းများစွာ ကြာမြင့်သည်အထိ လေးစားစွာ ရပ်နေလေ၏။

ထိုအခါမှသာ သူမ နောက်လှည့်ပြီး ခန်းမထဲသို့ ဝင်လာသည်။

သူမ ဝင်လာသည်နှင့် တပြိုင်နက် ဟွမ်ယွမ်အဆင့် ဆရာသခင် အများအပြား သူမကို ဝိုင်းရံလိုက်ကြ၏။

"မိန်းကလေးမေ့... အကြီးအကဲနီ စားလို့ ပြီးသွားပြီလား..."

ရှစ်မျက်နှာစားသောက်ခန်းမ၏ ပိုင်ရှင်ဖြစ်သော သူမသည် နီကျွင်းအတွက်သာ ကိုယ်တိုင် ချက်ပြုတ်ပေးလေ့ရှိ၏။ ထိုလူကြီးသည် ပျက်စီးနေသောအရာကို အံ့ဖွယ်အရာအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပြီး ဟင်းတစ်ပွဲသည် အဖိုးတန်ဆေးလုံးများထက် တန်ဖိုးမလျော့နည်းပေ။

မည်သို့ပင်ဆိုစေကာမူ နီကျွင်းသည် အကောင်းဆုံးကိုသာသုံးစွဲလေ့ရှိသည်မှာ လူသိများသော အချက်ပင်။

All Chapters