ကျိုးကြောင်းဆီလျော်တယ်
Vol. 26 Ch. 257
မုတ်ဆိတ်နက်နှင့် ကျင့်ကြံသူ မီးလျှံလှိုင်းများကြား ဝါးမြိုခံလိုက်ရသည့် မြင်ကွင်းက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။
ပညာရှိလူငယ်လေး အပြေးအလွှား သွားရောက်ကြည့်ရှုသည်ကို မြင်သောအခါ အားလုံးက သူ့နောက်ရှိ ဝတ်ရုံနက်နှင့် လူငယ်ကို လှမ်းကြည့်လိုက်ကြ၏။
သို့သော် ထိုလူငယ်သည်ကား မည်သည့် စိတ်လှုပ်ရှားမှုမှ မရှိဘဲ ဝိညာဉ်သစ်သီးကိုသာ ဆက်လက် ကိုက်ဝါးနေပြီး လုံးဝ တည်ငြိမ်နေလေ၏။
လူတိုင်းသည် စိတ်ထဲမှ ကြိတ်၍ ငိုကြွေးနေကြ၏။
ဤဟွမ်ယွမ်အဆင့်အရှင်သခင်သည် ဤကဲ့သို့သော မြင်ကွင်းများကို ကျင့်သားရနေပြီ ဖြစ်ပုံရသည်၊ သူ ဝင်ရောက် စွက်ဖက်ပေးလိမ့်မည်ဟု မျှော်လင့်ခြင်းမှာ ဖြစ်နိုင်ခြေ မရှိသလောက်ပင်။
"ရတနာတွေမှာ အစောင့်အရှောက်တွေ ရှိတယ်၊ ဒါကို အင်အားသုံးရုံနဲ့ ဖြတ်ကျော်လို့ မရနိုင်ဘူး"
ပညာရှိလူငယ်လေးသည် လူအုပ်ရှေ့သို့ ပြေးထွက်သွားကာ ပျစ်ခဲနေသည့် မီးလှိုင်းများကို သေချာစွာ စူးစမ်းလိုက်ပြီးနောက် ရှန့်မျိုးနွယ် မောင်နှမများဘက်သို့ လှည့်၍ ပြောလိုက်သည်။
"သူတို့ကို ထပ်ပြီး အသေမခံပါနဲ့တော့၊ ကျွန်တော့်ကို အချိန်နည်းနည်း ပေးပါ၊ ဖြေရှင်းနည်း တစ်ခု စဉ်းစားပါရစေ"
ထိုစကားကို ကြားလိုက်ရသည့်အခါမှ စိတ်ဓာတ်ကျနေသော ထိုလူအုပ်၏ နှလုံးသားထဲတွင် မျှော်လင့်ချက် အနည်းငယ် ပြန်လည် နိုးထလာသည်။
သူတို့အားလုံးက တောင့်တသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
"ညီလေး... ကျေးဇူးပြုပြီး မြန်မြန်လုပ်ပေးပါ"
တစ်ဖက်လူ ပြောသည့်အရာက အမှန်ဖြစ်စေ၊ အမှားဖြစ်စေ... အနည်းဆုံးတော့ သူတို့၏ အသက်မှာ ခေတ္တမျှ ဘေးကင်းသွားပြီ မဟုတ်ပါလော။
အမှန်စင်စစ် ရှန့်ထျန်းရှုံးသည် ပညာရှိလူငယ်ကို သေချာစွာ စစ်ဆေးကြည့်ပြီး ခဏမျှ စဉ်းစားကာ နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီ၊ ငါ မင်းကို ဒီတစ်ကြိမ်တော့ ယုံကြည့်မယ်"
သူ ပြောလိုက်သည်နှင့် တပြိုင်နက် လူငယ်လေးသည် နဖူးမှ ချွေးများကို သုတ်လိုက်ရ၏။
ကျင့်ကြံသူ အများအပြားလည်း ချက်ချင်းပင် သက်ပြင်းချနိုင်တော့သည်။
သို့သော် သူတို့ အသက်ပြင်းပြင်း မရှူနိုင်ခင်မှာပင် ရှန့်ထျန်းရှုံးက အေးစက်စွာ ထပ်မံ ကြည့်လိုက်ပြန်သည်။
"သူက သူ့နည်းလမ်းကို စဉ်းစားနေပါစေ၊ မင်းတို့ကတော့ မင်းတို့အလုပ်ကို ဆက်လုပ်ကြ"
"စီနီယာရှန့်"
စိတ်မရှည်သော ကျင့်ကြံသူအချို့က အံ့သြတုန်လှုပ်စွာ ကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။
"ခင်ဗျားက ကျုပ်တို့ကို တမင် သေခိုင်းနေတာလား"
ထိုလူက နည်းလမ်းရှိတယ်လို့ ပြောပြီးပြီပဲ၊ ဒါဆို သူတို့ စိတ်ရှည်လက်ရှည် စောင့်သင့်တာပေါ့။ အကယ်၍ မအောင်မြင်ခဲ့ရင်မှ တခြားနည်းလမ်းတွေ စဉ်းစားလို့ ရတာပဲ။
ထို့အပြင် မုတ်ဆိတ်နက်နှင့်လူ မည်သို့ သေဆုံးသွားသည်ကို အားလုံး မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။
ယခုအချိန်တွင် မည်သူက ရှေ့သို့ လှမ်းရဲပါတော့မည်နည်း။
"ကျုပ် ဟွမ်ယွမ်နယ်ပယ်ကို မရောက်သေးပေမဲ့ ကျုပ်မျိုးနွယ်စုထဲက လူကြီးတွေက ခင်ဗျားတို့ ရှန့်မောင်နှမထက် မနိမ့်ကျလှပါဘူး"
အရပ်ရှည်ရှည် ပိန်ပိန်နှင့်လူက ရှေ့သို့ လှမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်၏။
"ခင်ဗျား သေချာ စဉ်းစားသင့်တယ်"
ရှန့်ထျန်းရှုံက သူ့ကို မည်သည့် ခံစားချက်မှမပါဘဲ ကြည့်လိုက်သည်။
"မင်း ငါ့ကို သတိပေးဖို့ မလိုပါဘူး... မင်းကပဲ အရင်စလိုက်တော့"
ဂူဗိမာန်အတွင်းတွင် အချိန်ထက် တန်ဖိုးရှိသော အရာမရှိပေ။
အကယ်၍ အခြားသော ဟွမ်ယွမ်အဆင့် အရှင်သခင်များ ရောက်ရှိလာပါက ဆေးဖက်ဝင်တဲငယ်အတွင်းရှိ ပစ္စည်းများသည် သူတို့ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်တော့မည်။
ပညာရှိလူငယ်လေးက ဖြေရှင်းနည်း ရှာတွေ့နိုင်သော်လည်း ၎င်းက အခြားသူများကို နည်းလမ်းရှာဖွေခြင်းမှ တားဆီးထားခြင်း မဟုတ်ပေ။
ဤနှစ်ခုသည် ပဋိပက္ခ ဖြစ်နေစရာ မလိုပေ။ ထို့အပြင် ယခုလူ ပြောသွားသကဲ့သို့ပင် ဤနေရာတွင် ရွေးချယ်ခံရသူတိုင်း၌ နောက်ခံအင်အား အချို့ ရှိနေနိုင်ပါသည်။
သို့သော် လုပ်ငန်းစတင်ပြီး ဖြစ်သဖြင့် သူတို့သည် အဆုံးအထိ ဆက်သွားရပေလိမ့်မည်။
တွေဝေတုံ့ဆိုင်းနေခြင်းက ကိုယ့်ကိုယ်ကိုယ်သာ ထိခိုက်စေလိမ့်မည်။
"ဒါတွေ မလိုအပ်ပါဘူး၊ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်..."
ပညာရှိလူငယ်လေး၏ဖြူလျော့နေသော မျက်နှာတွင် ဒေါသအရိပ်အယောင် အချို့ ပြသနေသော်လည်း သူက အသံကိုနှိမ့်ကာ ရှင်းပြနေဆဲပင်။
ကံမကောင်းစွာဖြင့် သူ စကားမဆုံးခင်မှာပင် ရှန့်ထျန်းရှုံးက ဖြည်းညှင်းစွာ ပြောလိုက်၏။
"ငါ မင်းကို တစ်ကြိမ် ယုံကြည်တဲ့အတွက် မင်းကို နောက်ဆုံးမှ ထားပေးမယ်။ ဒါပေမဲ့ အဲဒါက မင်း ဘေးကင်းတယ်လို့ မဆိုလိုဘူး၊ မင်းလည်း အကောင်းဆုံး ကြိုးစားဖို့ လိုတယ်"
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်"
အရပ်ရှည်ရှည် ပိန်ပိန်နှင့်လူက နှစ်ကြိမ်မျှ ရယ်မောလိုက်၏၊ သူ၏ မျက်နှာမှာ နီမြန်းနေပြီး လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် တိုတောင်းသော ဓားမြှောင်နှစ်စင်က သူ၏ လက်ဝါးထဲတွင် ပေါ်လာ၏။
"အားလုံးပဲ... ဒီမောင်နှမတွေရဲ့ မျက်နှာအစစ်ကို မြင်ကြပြီလား။ ခင်ဗျားတို့မှာ ကံကောင်းလိမ့်ဦးမယ်လို့ မျှော်လင့်နေကြတုန်းပဲလား"
ချွမ် ချွမ်
လက်နက်များ ထိတွေ့သံက ဆက်တိုက် ထွက်ပေါ်လာသည်။ လူတစ်ဒါဇင်ကျော်မှာ ကျောချင်းကပ် ရပ်လိုက်ကြပြီး ရှန့်မောင်နှမကို ဒေါသတကြီး စိုက်ကြည့်နေကြ၏။
ဤအရာကို မြင်သော်လည်း ရှန့်ထျန်းရှုံးက လှုပ်ရှားခြင်း မရှိသေးပေ။
သူ့ဘေးရှိ သာမန်ကာလျှံကာဟု ထင်ရသော အလယ်အလတ်အရွယ် အမျိုးသမီးသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ရုံမျှဖြင့် သူမ၏ ခန္ဓာကိုယ်မှ တောက်ပသော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
သူမ၏ ကြောက်မက်ဖွယ်ကောင်းသော အော်ရာမှာ ရှန့်ထျန်းရှုံထက်ပင် များစွာ သာလွန်နေလေ၏။
ထိုပြင်းထန်လှသော ဖိအားအောက်တွင် လက်နက်များကို ဆုပ်ကိုင်ထားသော လူတစ်ဒါဇင်၏ လက်များမှာ အားနည်းသွားကြပြီး သူတို့၏ အေးစက်တောက်ပသော ဓားမြှောင်များမှာ မည်သည့် ခြိမ်းခြောက်မှုမျှ မပေးနိုင်တော့ပေ။
ဟွမ်ယွမ်အဆင့် အလယ်အလတ်
ရှန့်ထျန်းယန်က လူတိုင်းကို အေးစက်စွာ ဝေ့ကြည့်လိုက်၏။
"မင်းတို့ရဲ့အကောင်းဆုံး စွမ်းရည်တွေကို ထုတ်ပြလိုက်ကြ။ တစ်ဖက်ကမ်းကို ရောက်နိုင်သရွေ့ ငါ မင်းတို့အသက်ကို ချမ်းသာပေးမယ်"
ထို့နောက် သူမက မေးစေ့ကို အနည်းငယ် မြှင့်ကာ ခေါင်းညိတ်ပြလိုက်၏။
"ဖိတ်ခေါ်ပါတယ်"
"..."
အရပ်ရှည်ရှည် ပိန်ပိန်နှင့်လူသည် အသက်ကို ပြင်းပြင်းရှူလိုက်၏၊ သူ၏ လက်ချောင်းများမှာ ဒေါသကြောင့် တုန်ရင်နေသည်။
သူသည် သူ၏ ဓားမြှောင်နှစ်စင်ကို ပြန်သိမ်းလိုက်ပြီး ဇိမ်ခံလှေငယ်ပုံသဏ္ဍာန် ရတနာတစ်ခုကို ထုတ်ယူလိုက်၏။
သူသည် ရေစပ်သို့ ဖြည်းညှင်းစွာ လျှောက်သွားရင်း ဝတ်ရုံနက်နှင့်လူငယ်ကို လှည့်ကြည့်ရန် မအောင့်နိုင်တော့ပေ။
"အရှင်သခင်... ဒီမောင်နှမတွေက အရမ်းကို အနိုင်ကျင့်လွန်းနေပြီ။ ငါတို့အားလုံး သေသွားရင် ခင်ဗျားလည်း ကောင်းကောင်းနေရမှာ မဟုတ်ဘူး"
ဤသည်မှာ ထင်ရှားသော ရန်တိုက်ပေးမှု ဖြစ်သလို အမှန်တရားလည်း ဖြစ်သည်။
အင်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သည့်အခါ အားနည်းသူအားလုံး ကုန်သွားလျှင်... အင်အားကြီးသူများထဲမှ အားအနည်းဆုံးသူက နောက်ထပ် ပစ်မှတ် ဖြစ်လာစမြဲပင်။
"ဆူညံလိုက်တာ"
ရှန့်ထျန်းယန်က အေးစက်စွာ ကြိမ်းမောင်းလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ရှန်းယီကို လှမ်းကြည့်ပြီး ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်၏။
"သူငယ်ချင်းလေး... စိုးရိမ်စရာ မလိုပါဘူး။ မင်းနဲ့ ငါတို့က ဟွမ်ယွမ်အဆင့်တွေချည်းပဲ၊ မင်း ရသင့်ရထိုက်တဲ့ အကျိုးအမြတ်တွေကို လက်လွတ်ခံရမှာ မဟုတ်ပါဘူး"
ရှန့်ထျန်းရှုံးသည်လည်း ပြုံးလျက် ဖြည်းညှင်းစွာ လျှောက်လာသည်။
"ဒီလမ်းက အမြဲတမ်း လမ်းပြသူတွေ လိုအပ်တယ်။ သိုင်းပညာမြင့်မားတဲ့သူတွေက အားနည်းတဲ့သူတွေအတွက် လမ်းပြပေးရမယ်ဆိုတဲ့ စကားက တကယ်ပဲ ရှိလို့လား၊အဲဒီလိုဆိုရင် ငါတို့ ဒီလောက် ကျင့်ကြံခဲ့တာတွေက အလကား ဖြစ်ကုန်မှာပေါ့။ ဒါ့အပြင် အချိန်ကလည်း သိပ်မရှိဘူး။ တခြားလူတွေ အရင်ရောက်သွားရင် နှမြောစရာကြီး မဟုတ်လား။ မိတ်ဆွေလေး... ငါပြောတာ ကျိုးကြောင်းဆီလျော်တယ် မထင်ဘူးလား"
ထိုစကားကို ကြားသောအခါ အားလုံးက ဝတ်ရုံနက်နှင့် လူငယ်ကို လှမ်းကြည့်လိုက်ကြ၏။
ပညာရှိလူငယ်လေးသည် လက်သီးကို တင်းတင်းဆုပ်ကာ စိုးရိမ်နေသော်လည်း ဘာမှ မတတ်နိုင်ပေ။
ရှန်းယီသည် သစ်သီး၏နောက်ဆုံးတစ်ကိုက်ကို မျိုချလိုက်ပြီး လက်မောင်းကို ဆန့်ထုတ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
"ကျိုးကြောင်းဆီလျော်တယ်"
သူသည် မဟာချန်ထဲမှ ထွက်လာကာစဖြစ်သဖြင့် အနည်းငယ် ထိန်းသိမ်းနေဆဲပင်။
ဤမောင်နှမများက ဤမျှအထိ အသိတရားရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထိုစကားကို ကြားလိုက်ရသည့်အခါ ပညာရှိလူငယ်လေးမှာ အားကိုးရာမဲ့စွာ မျက်လုံးများကို အောက်ချလိုက်ပြီး အရပ်ရှည်ရှည် ပိန်ပိန်နှင့်လူသည်လည်း ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံး ပြုံးလိုက်ရသည်။
လူတိုင်းက ဤသဘောတရားအား နားလည်ကြသော်လည်း ကိုယ့်အလှည့် မရောက်သေးသရွေ့ မည်သူက နားထောင်ပါမည်နည်း။
"မိတ်ဆွေလေး နားလည်ပေးတာ ဝမ်းသာပါတယ်..."
ရှန့်ထျန်းရှုံး၏ အပြုံးမှာ ပိုမို ကျယ်ပြန့်လာ၏။ သူသည် ကမ်းခြေဘက်သို့ လှည့်ကာ စကားပြောရန် ပြင်လိုက်စဉ် ဘေးမှ အေးစက်သော အသံတစ်သံက ကြားဖြတ် ထွက်ပေါ်လာ၏။
"ဒါဆို ဘာစောင့်နေတာလဲ"
ရှန်းယီသည် သစ်သီးစားထားသဖြင့် ပေကျံနေသော လက်ကို ရှန့်ထျန်းရှုံး၏ ပခုံးပေါ်တွင် ပွတ်သုတ်လိုက်ပြီးနောက် အနည်းငယ် ခေါင်းညိတ်ပြကာ
"ငါ့မှာ အချိန် သိပ်မရှိဘူး။ သွားတော့။"
အားလုံးက လမ်းပြရမည်ဆိုလျှင် ကျင့်ကြံခြင်း အဆင့်နိမ့်သောသူများ သေဆုံးနေသည်ကို ထိုင်ကြည့်ပြီး အချိန်ဖြုန်းနေရန် ဘာလိုအပ်သနည်း။
ဟွမ်ယွမ်အဆင့် အရှင်သခင်က တိုက်ရိုက် စတင်လိုက်ခြင်းက ပို၍ ထိရောက်သည် မဟုတ်ပါလော။
"..."
ရှန့်ထျန်းရှုံး၏ မျက်လုံးများထဲတွင် အံ့သြမှုများ ဖြစ်ပေါ်သွားပြီးမှ တစ်ဖက်လူ၏ ဆိုလိုရင်းကို သူ နားလည်သွားသည်။
သူ၏ မျက်နှာမှာ အနည်းငယ် အေးစက်လာ၏။
"မိတ်ဆွေလေး... မင်း ငါ့ကို သောက်ခွက်ပြောင်နေတာလား"
သူ ပြောလိုက်သည်နှင့် တပြိုင်နက် သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။
သူသည် ဤလူငယ်ကို ဘေးတွင် ထားခဲ့ခြင်းမှာ အသုံးချရန် အခွင့်အရေးရှိမရှိ ကြည့်ရန်သာ ဖြစ်ပြီး၊ တစ်ဖက်လူက သူ့ကို အသာစီးရယူရန် မဟုတ်ပေ။
"တောက်"
ရှန်းယီသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး နောက်ထပ် စကားပြောရန် ပျင်းရိနေပုံရသည်။
သူသည် ရှန့်ထျန်းရှုံး၏ဦးခေါင်းနောက်စေ့ကို လက်တစ်ဖက်ဖြင့် ခပ်ပေါ့ပေါ့ပင် ရိုက်ချလိုက်၏။ နတ်ဆိုးဘုရင် ငါးပါး၏ထောက်ပံ့ပေးမှုအောက်တွင် သူသည် မည်သည့် အရှိန်အဝါကိုမျှ ထုတ်ဖော်ပြရန် မလိုအပ်ပေ။
ဘုန်း
ရှန့်ထျန်းရှုံးသည် ခုခံရန် နေနေသာသာ၊ သူ၏ မျက်နှာအမူအရာ ပြောင်းလဲရန်ပင် အချိန်မရလိုက်ပေ။
သူ၏ တစ်ကိုယ်လုံးသည် မြေပြင်ပေါ်သို့ အရှက်တကွဲ မှောက်ခုံကျသွားတော့သည်။
ရှန်းယီသည် သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သိုလှောင်အိတ်ကို အေးအေးလူလူပင် သိမ်းယူလိုက်ပြီးနောက် သူ့လည်ပင်းမှ ဆွဲကာ ဟုန်းဟုန်းတောက်နေသည့် မီးလှိုင်းများထဲသို့ ပေါ့ပေါ့ပါးပါးပင် လွှင့်ပစ်လိုက်လေတော့သည်။
ရွှေရောင်အလင်းတန်းများ တောက်နေသော ပုံရိပ်သည် လူတိုင်း၏အာရုံကို ဖမ်းစားသွားသည်။
အဖြစ်အပျက်တစ်ခုလုံးမှာ မြန်ဆန်လွန်းသဖြင့် ရှန့်ထျန်းယန်ပင် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ သူမ မြင်လိုက်ရသည်မှာ သူမ၏မောင်ဖြစ်သူ လေပေါ်တွင် ပျံသန်းသွားခြင်းသာ ဖြစ်သည်။
သူသည် တစ်ဖက်ကမ်းသို့ ချဉ်းကပ်သွားသည့် ခဏချင်းမှာပင် သူ၏ အရှိန်အဝါများမှာ လုံးဝ ပိတ်ဆို့ခံလိုက်ရသည်။
မီးလှိုင်းများက သူ့ကို ချက်ချင်းပင် ဝါးမြိုလိုက်တော့၏။
"အားးးးးး"
နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ရွှေရောင်တာအိုဝိညာဉ်တစ်ခုသည် မီးထဲမှ ရုန်းထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် ကုန်းပေါ်သို့ တက်ရန် ကြိုးစားနေ၏။
သို့သော် မီးလျှံများသည် သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခြေလက်များနှင့် လည်ပင်းကို လျင်မြန်စွာ ရစ်ပတ်ကာ တကျွတ်ကျွတ် မြည်သံနှင့်အတူ သူ့ကို အောက်သို့ ဖြည်းဖြည်းချင်း ပြန်လည် ဆွဲချသွားလေတော့သည်။
"အမယန်... ငါ့ကို ကယ်ပါဦး"
မျှော်လင့်ချက်မဲ့သော အော်ဟစ်သံများမှာ ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားသော်လည်း သူ မီးလှိုင်းများကြား ဆွဲချခံရခြင်းကိုမူ မတားဆီးနိုင်ခဲ့ပေ။
အရာအားလုံး ပြန်လည် တိတ်ဆိတ်သွားသည်အထိပင်။