သူက လူကောင်းတစ်ယောက်ပဲ
Vol. 26 Ch. 260
ရှန်းယီသည် မျက်လုံးကိုမှိတ်ကာ အာရုံခံကြည့်လိုက်သည်။
နဂါးမီးလျှံကျောက်စိမ်းမှိုကို သိမ်းဆည်းပြီးနောက် သူ၏ နှလုံးသားထဲတွင် အပြင်းထန်ဆုံး ဖြစ်ပေါ်နေသော အရှိန်အဝါဆက်သွယ်မှုကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အခြား ကျန်ရှိနေသော အရာများ မရှိတော့ကြောင်း သူ အတည်ပြုလိုက်၏။
ဤဆေးဥယာဉ်မှာ ဤနဂါးမီးလျှံ ကျောက်စိမ်းမှိုကို စိုက်ပျိုးရန်အတွက်သာ သီးသန့် တည်ဆောက်ထားခြင်း ဖြစ်ပုံရလေ၏။
ထို့နောက် သူသည် လက်ကိုဆန့်ထုတ်ကာ ဝိညာဉ်အမြစ်ကို ထုတ်ယူပြီး သူ၏ လက်ဝါးပေါ်တွင် တင်ကာ ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။
ကောင်းကင်နှင့်မြေကြီး၏ ပြုစုပျိုးထောင်မှုခံထားရသော ရတနာပီပီဆွဲနှုတ်ခံလိုက်ရသည့်တိုင်အောင် ၎င်းသည် လှုပ်ရှားနေသော သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ တက်ကြွလန်းဆန်းနေဆဲပင်။
၎င်း၏ တစ်ကိုယ်လုံးမှာ မီးတောင်ချော်ရည်ကဲ့သို့သော အစေးများဖြင့် ဖုံးလွှမ်းနေသည်။
သို့သော် ရှန်းယီတွင် ရေခဲကျောက်စိမ်းရွှမ်ပိုးချည်လက်၏ အကာအကွယ် ရှိနေသဖြင့် တိုက်ရိုက် ကိုင်တွယ်ရာတွင် ပြဿနာမရှိပေ။
"နှမြောစရာပဲ"
ဤမျှပြင်းထန်သော ယန်ဂုဏ်သတ္တိရှိသည့် အရာသည် မကောင်းဆိုးဝါးစွမ်းအင်များနှင့် လုံးဝ မသက်ဆိုင်ပေ။ ၎င်းမှာ သူနှင့် ကိုက်ညီမှု မရှိလှပေ။
သို့သော် ရှန်းယီ အလွန်အမင်း စိတ်မပျက်မိပါ။ ယခင်က ရှစ်မျက်နှာစားသောက်ခန်းမတွင် ကျင့်ကြံသူ အများအပြား ရတနာများ လဲလှယ်နေကြသည်ကို သူ တွေ့ခဲ့ရသည်။
ဤနေရာမှ ထွက်သွားပြီးနောက် သက်ဆိုင်ရာ သတင်းအချက်အလက်များကို သူ စုံစမ်းကြည့်နိုင်ပါသည်။
ဟွမ်ယွမ် အရှင်သခင်သိုင်းပညာရှင်များ၏ ရှေ့မှောက်တွင် ဝိညာဉ်အမြစ်များသည် လဲလှယ်ရန် အသင့်တော်ဆုံးသော တန်ဖိုးကြီးပစ္စည်းများ ဖြစ်ပေလိမ့်မည်။
"ခုနက မင်းပြောတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ဆိုတာ ဘာကို ဆိုလိုတာလဲ" သူက အားချင်းကို လှည့်ကြည့်ကာ မေးလိုက်၏။
အားချင်းသည် စက္ကူနှင့် စုတ်တံကို ကိုင်လျက် လူငယ်၏လက်ထဲရှိ နဂါးမီးလျှံကျောက်စိမ်းမှို၏ ဝိသေသလက္ခဏာများကို အမြန် မှတ်တမ်းတင်နေသည်။
သူသည် အိမ်တွင် ရတနာများစွာအကြောင်း ဖတ်ဖူးသော်လည်း ကိုယ်တိုင် မြင်တွေ့ရခြင်းမှာ မတူညီသော အတွေ့အကြုံသစ်တစ်ခုပင်။
သူရေးသားပြီးနောက် အံ့သြတကြီး မော့ကြည့်ကာ ပြောလိုက်၏။
"ဒါပေါ့၊ ဆိုလိုရင်း ရှိတာပေါ့။ ဝိညာဉ်အမြစ်အဖြစ် အသုံးချနိုင်တဲ့ ကောင်းကင်နဲ့ မြေကြီးက ရတနာတွေ အများကြီး ရှိပါတယ်။ သူတို့ရဲ့ရှားပါးမှုအပေါ် မူတည်ပြီး အရည်အသွေးကို လေးဆင့် ခွဲခြားထားပါတယ်။ အဲဒီထဲမှာ အစွမ်းအထက်ဆုံး ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်တွေဆိုရင် ကိုယ်ပိုင်အသိဉာဏ်တောင် ရှိတတ်ကြတယ်"
"ဒါပေမဲ့..."
အားချင်းက အားကိုးရာမဲ့စွာဖြင့် နှုတ်ခမ်းကို မဲ့လိုက်ပြီး "အသိဉာဏ် ရရှိပြီးတဲ့နောက်မှာတော့ လမ်းပြပေးမယ့်သူ မရှိတဲ့အတွက် အများစုက ယုတ်ညံ့တဲ့အရသာတွေ၊ မကောင်းဆိုးဝါး စွမ်းအင်တွေနဲ့ ရောနှော ကူးစက်သွားတတ်ကြတယ်။ အဲဒါကြောင့် ကျင့်ကြံသူတွေအတွက် အသုံးမဝင်တော့ဘူး။ ဒါကြောင့်ပဲ ပုံမှန်ရှိတဲ့ ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်တွေဟာ အင်မတန် ရှားပါးနေပြီး ပေါ်ထွက်လာတိုင်း သွေးချောင်းစီးတဲ့ တိုက်ပွဲတွေ ဖြစ်ပေါ်စေတာပေါ့"
"ယုတ်ညံ့ပြီး မကောင်းဆိုးဝါး စွမ်းအင်တွေ ဟုတ်လား"
ရှန်းယီ ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပင် ဆက်မေးလိုက်၏။
"အဲဒီလို အရာတွေက အများကြီး ရှိသလား"
အခြားသူများအတွက် အသုံးမဝင်သော အရာမှာ သူ့အတွက်မူ အကောင်းဆုံးသော စားဖွယ်ရာ ဖြစ်နေသည်။
"အဲ... အများကြီးတော့ မရှိနိုင်ဘူး ထင်တယ်"
အားချင်း ခဏမျှ စဉ်းစားလိုက်ပြီး "ဘယ်သူမှ အသုံးမဝင်တဲ့ အရာတစ်ခုအတွက်နဲ့ အသက်စွန့်ပြီး သွားနှောင့်ယှက်မှာ မဟုတ်ဘူးလေ။ ပုံမှန် ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်တွေ ဆိုရင်တော့ ပြောနေစရာတောင် မလိုဘူး၊ ရပြီဆိုတာနဲ့ ချက်ချင်း အသုံးချကြတာပဲ"
သူ စကားပြောနေစဉ် သူ၏မျက်လုံးများက ဝေ့ဝဲနေ၏။ အမှန်စင်စစ် သူသည် မကောင်းဆိုးဝါး စွမ်းအင်များ ကူးစက်ခံထားရသော ထိပ်တန်းအဆင့်ဝိညာဉ်အမြစ်တစ်ခုအကြောင်း သိထားသည်။
၎င်းက သူ၏ ဆွေမျိုးသားချင်းများကို အတော်လေး ခေါင်းခဲစေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ပြင်ပလူတစ်ယောက်ကို ထိုနေရာသို့ လုံးဝ ခေါ်သွား၍ မဖြစ်ပေ။
"ဒါဆိုရင်လည်း ဟုတ်ပြီလေ"
ရှန်းယီသည် လူငယ်၏ မျက်နှာအမူအရာကို ရိပ်မိလိုက်ပြီး ခပ်မှိန်မှိန် ပြုံးကာ "နယ်လှည့်ကျင့်ကြံသူ ရှန်းယီ ပါ" ဟု မိတ်ဆက်လိုက်၏။
အားချင်းသည် တစ်ဖက်လူက မိမိကိုယ်ကိုယ် မိတ်ဆက်နေခြင်း ဖြစ်ကြောင်း မသိလိုက်ဘဲ ခဏမျှ ကြောင်သွားသည်။
ထို့နောက်မှ ပျာပျာသလဲ ဖြစ်သွားကာ စိုးရိမ်တကြီးဖြင့် "ရွှီချင်းအာ့ ပါ၊ အာ ... အာ့ မပါဘူး" ဟု ပြောလိုက်မိ၏။
ဟွမ်ယွမ် အရှင်သခင်သိုင်းပညာရှင် တစ်ဦးက မိမိကိုယ်ကိုယ် စတင် မိတ်ဆက်လိမ့်မည်ဟု သူမတစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
အိမ်ကထွက်လာပြီးနောက် သူတွေ့ဆုံခဲ့သော အင်အားကြီး ပညာရှင်များထဲတွင် ရှန့်ထျန်းရှုံး၏ သဘောထားမှာပင် အကောင်းဆုံးဟု ဆိုနိုင်သည်။
စကားပြောပြီးနောက် သူသည် လူငယ်၏ ခါးကြားရှိ ငွေရောင်အိတ်လေးကို ခိုးကြည့်လိုက်မိ၏။
အရှင်သခင်သိုင်းပညာရှင် တစ်ယောက်အနေဖြင့် ချင်းချို နှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနိုင်သော်လည်း သူက နယ်လှည့်ကျင့်ကြံသူဟု ပြောနေသည်။
ထို့ကြောင့် သူ့အနေဖြင့်လည်း အမှန်တရားအားလုံးကို မပြောပြခြင်းမှာ စော်ကားရာမရောက်နိုင်ဘူး မဟုတ်လော။
"ငါ့နောက် လိုက်ခဲ့"
ရှန်းယီ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အပြင်သို့ လျှောက်သွား၏။
တကယ်ပါပင် သူသည် အဓိက အင်အားစု အချို့နှင့်သာ ရင်းနှီးသော်လည်း မဟာချန်မှ ထွက်လာသည်နှင့် ထိုသူအားလုံးနှင့် တန်းတိုးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
အားချင်း၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေ၏။ ဤကဲ့သို့ အစွမ်းထက်သော ပညာရှင်တစ်ဦးနှင့် အတူ သွားလာရခြင်းမှာ သူ၏ အမြင်များကို ကျယ်ပြန့်စေမည်မှာ သေချာသည်။
သူက တကယ်ကို လူကောင်းတစ်ယောက်ပဲ။
သူတို့နှစ်ဦးသည် ဆေးတဲလေးထဲမှ အမြန် ထွက်လာကြ၏။ နဂါးမီးလျှံ ကျောက်စိမ်းမှို မရှိတော့သည့်အတွက် မီးလျှံလှိုင်းများမှာလည်း ၎င်းတို့၏ ဝိညာဉ်စွမ်းအားများ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ရှန်းယီသည် အားချင်းကို ဆွဲကိုင်ကာ သူ၏ အရှိန်အဝါကို အသုံးမပြုဘဲ တိုက်ရိုက် ခုန်ကူးလိုက်၏။
သူ၏ရတနာရှာဖွေခြင်း စွမ်းရည်၏ကောင်းချီးကြောင့် အရှိန်အဝါ မြောက်မြားစွာသည် သူ၏ စိတ်ထဲသို့ စီးဝင်လာသည်။
သို့သော် ၎င်းတို့မှာ များပြားလွန်းလှသဖြင့် ရောထွေးနေပြီး ထူးထူးခြားခြား ပြင်းထန်သော တည်ရှိမှုမျိုး မတွေ့ရပေ။
ရှန်းယီသည် ဘေးရှိ ပညာရှိကို စောင်းကြည့်ကာ "မင်း လမ်းသိလား" ဟု မေးလိုက်၏။
"ကျွန်တော့်အဖေက ဒီဂူဗိမာန်ရဲ့ အတွင်းပိုင်း တည်ဆောက်ပုံကို အရမ်းစိတ်ဝင်စားပြီး လေ့လာခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဉာဏ်နည်းတဲ့အတွက် သူ့ဘေးမှာနေရင်း ကြားခဲ့ရသမျှ အချို့ကိုပဲ မှတ်မိတာပါ"
အားချင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး "ဒီလောက်ကြီးမားတဲ့ အတိုင်းအတာဆိုရင် ဒါဟာ အနည်းဆုံးတော့ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဂူဗိမာန် ဖြစ်ရမယ်။ အခုလို အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ဆိုတာ သူ့အတွက် သိပ်တန်ဖိုးမရှိဘူး။ ဒါကြောင့် ဒါကို ဂူဗိမာန်အစစ်ရဲ့ အပြင်ဘက်မှာပဲ စိုက်ထားတာ ဖြစ်ရမယ်"
သူကမျက်လုံးကိုမှိတ်ကာ ယခင်က မြင်ခဲ့သမျှကို ပြန်လည် စဉ်းစားလိုက်ပြီး အရှေ့ဘက်ကို ညွှန်ပြလိုက်၏။
"ဒီဘက်ကနေ ဝင်သွားမယ်ဆိုရင် သူ့ရဲ့ ပုံမှန်အနားယူတဲ့ ခန်းမကို တွေ့နိုင်တယ်။ အဲဒီလို နေရာမျိုးမှာ ရတနာတွေ အများကြီး မရှိနိုင်ပေမဲ့ သူ့ရဲ့ အမူအကျင့်အချို့ကို သိနိုင်လိမ့်မယ်။ အဲဒါကနေတစ်ဆင့် သူ့ရဲ့ ကျင့်စဉ်တွေနဲ့ ရတနာတွေ သိမ်းထားတဲ့ နေရာကို ခန့်မှန်းနိုင်ပါလိမ့်မယ်"
ဦးတည်ချက်မရှိဘဲ ယင်ကောင်တစ်ကောင်လို လျှောက်သွားနေခြင်းထက်...
အားချင်းတွင် ပိုမိုကောင်းမွန်သော အစီအစဉ် ရှိနေသည်မှာ ထင်ရှားသည်။ သူက ထပ်လောင်း သတိပေးလိုက်၏။
"ကျွန်တော် ဝင်လာတုန်းက သတိထားမိတာက တည်နေရာရွေ့ပြောင်းအစီအရင် မှာ ပြဿနာကြီးတစ်ခု ရှိနေတယ်။ အဲဒါက တခြားသူတွေပြောသလို တစ်လအထိ ခံမှာ မဟုတ်ဘူး။ အလွန်ဆုံး ၁၀ ရက်လောက်နေရင် ပိတ်သွားလိမ့်မယ်"
"အကယ်၍ ကျွန်တော်တို့ ကျမ်းစာခန်းမ ဒါမှမဟုတ် လက်နက်သွန်းလုပ်တဲ့ခန်းမကို ရှာတွေ့ရင်တောင် အဲဒီက အစီအရင်တွေကို ဖျက်ဖို့ အချိန်လောက်မှာ မဟုတ်ဘူး။ ဒါကို အသေအချာ စဉ်းစားသင့်ပါတယ်"
အကယ်၍ အသိပညာ ဗဟုသုတ ရယူရန်သက်သက်ဆိုလျှင် လမ်းကြောင်းအတိုင်း သွားခြင်းက ပိုကောင်းပေလိမ့်မည်။
သို့သော် ရတနာရှာရန်အတွက် ဆိုလျှင်မူ ဦးတည်ချက်မရှိဘဲ စမ်းတဝါးဝါး သွားခြင်းက ပို၍ ထိရောက်နိုင်ပါသည်။
"..."
ရှန်းယီသည် တိတ်ဆိတ်စွာ နားထောင်နေရင်း သူ၏ နှလုံးသားမှာ အနည်းငယ် ခုန်သွား၏။
အားချင်း အရေးမကြီးဟု ယူဆထားသော သတင်းမှာ အခြားသူများအတွက်မူ အသက်အန္တရာယ်နှင့် ဆိုင်သော သတင်းပင်။
အကယ်၍ တည်နေရာရွေ့ပြောင်းခြင်းအစီအရင်သာ စောစီးစွာ ပိတ်သွားပါက ဟွမ်ယွမ်အဆင့်ဖြစ်စေ၊ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်ဖြစ်စေ အားလုံး ဤနေရာတွင် ပိတ်မိသွားပေလိမည်။
ရာစုနှစ်များစွာ သို့မဟုတ် ထောင်စုနှစ်များစွာ ကြာသွားပါက ကျင့်ကြံသူ အများစု၏ သက်တမ်းမှာ ကုန်ဆုံးသွားပေလိမည်။
"သွားကြစို့၊ အထဲကို အရင်ဝင်ကြည့်ရအောင်"
ရှန်းယီသည် အနီရောင်တိမ်တိုက်ကို တိုက်ရိုက်ဆင့်ခေါ်လိုက်ပြီး အခြားသူများ၏ အာရုံစိုက်မှုကို ခံရမည်ကို မစိုးရိမ်တော့ပေ။
သူသည် သတိကြီးသူဖြစ်သော်လည်း စွန့်စားရမည့် အချိန်တွင်မူ အလွန်အမင်း ကြောက်ရွံ့မနေသင့်ပေ... ဂူဗိမာန်၏နက်ရှိုင်းသော နေရာတစ်ခုတွင် ခန့်ညားသော ခန်းမတစ်ခုမှာ ၎င်း၏ အစီအရင် အကာအကွယ်များ ဆုံးရှုံးနေပြီ ဖြစ်သည်။
၎င်းကို ဝိညာဉ်ပင်များဖြင့် တည်ဆောက်ထားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆွေးမြည့်နေသည့် လက္ခဏာများ ပြသနေသည်။
တစ်ကိုယ်လုံး တောက်ပနေသော ဝတ်ရုံရှည်နှင့် လူတစ်ယောက်သည် ယခုအခါ လေထဲတွင် ပျံဝဲနေပြီး သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ဒေါသတကြီး ဖြစ်နေ၏။
သူ၏ နောက်ကွယ်တွင် ကာကွယ်ပေးထားသော လူမှာမူ ခန္ဓာကိုယ်ပျက်စီးနေပြီး သူ၏တာအိုဝိညာဉ် မှာ အပြင်သို့ ထွက်လုနီးပါး ဖြစ်နေကာ ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည်မှာ ထင်ရှား၏။
"ကျန်းဇီရှန့် မင်း လွန်လွန်းနေပြီ"
ထိုလူနှစ်ဦးမှာ မျိုးရိုးအမည် ယွီဖြစ်ပြီး အမြွှာညီအစ်ကိုများ ဖြစ်ကြသည်။
ပြင်းထန်စွာ ဒဏ်ရာရထားသူမှာ အစ်ကိုဖြစ်သူ ယွီယွဲ့လုံဖြစ်ပြီး အဆင့်မြင့် ဟွမ်ယွမ်ကျင့်ကြံသူတစ်ဦးပင်။
ညီဖြစ်သူ ယွီယွဲ့ဟူမှာ အနည်းငယ် အစွမ်းနိမ့်သော်လည်း အလယ်အဆင့် ဟွမ်ယွမ် အရှင်သခင်သိုင်းပညာရှင် တစ်ဦးပင် ဖြစ်သည်။
သူတို့နှစ်ဦးကို ရင်ဆိုင်နေသူမှာ ယခင်က အစစ်အမှန်ပုဂ္ဂိုလ်ကျန်း၏နောက်သို့ လိုက်ပါလာသော ရွှမ်ကွမ်းဂူ တပည့် ကျန်းဇီရှန့် ပင် ဖြစ်သည်။
ကျန်းဇီရှန့်မှာလည်း အခြေအနေ သိပ်မကောင်းပုံရသော်လည်း သူက လှောင်ပြုံးပြုံးလျက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
"မင်းတို့ ရူးနေတာလား ငါ့ကိုတောင် လက်ပြန်တုံ့ပြန်ရဲတယ်ပေါ့" ဟု ပြောလိုက်၏။
သူ၏ ပတ်ဝန်းကျင်တွင် အခြားသော ဟွမ်ယွမ် အရှင်သခင်သိုင်းပညာရှင် သုံးဦးသည် လက်နက်များကို ကိုင်ဆောင်ကာ သူ့ကို အေးစက်စွာ စိုက်ကြည့်နေကြ၏။
ကိစ္စမှာ မရှုပ်ထွေးလှပေ။
ယွီညီအစ်ကိုများမှာ ကံကောင်းခဲ့ကြသည်။ သူတို့သည် အစီအရင် ပျက်စီးနေသော ခန်းမတစ်ခုနှင့် တိုက်ရိုက် တိုးခဲ့ကြ၏။
အခြားသူများ တွေ့ရှိချိန်တွင် သူတို့ညီအစ်ကိုနှစ်ဦးမှာ ရရှိထားသော အရာများကို ယူဆောင်ကာ အပြင်သို့ ထွက်လာနေကြပြီ ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင်၊ ထို့ပြင် သူတို့အားလုံးမှာ ရင်းနှီးပြီးသား ပညာရှင်များ ဖြစ်ကြသည့်အတွက်...
သူတို့၏ စိတ်ထဲတွင် မနာလိုမှု အချို့ရှိသော်လည်း ထူးထူးခြားခြား ဆိုးဆိုးရွားရွား မလုပ်ကြဘဲ လက်သီးဆုပ်ကာ ဂုဏ်ပြုခဲ့ကြသည်။
ယွီယွဲ့လုံမှာလည်း စည်းကမ်းရှိသူဖြစ်ပြီး အတူတူ ဆက်လက် ရှာဖွေရန် သဘောတူခဲ့၏။ နောက်ထပ် ရတနာများ ထပ်တွေ့ပါက သူတို့ညီအစ်ကိုများက ကူညီပေးမည်ဖြစ်ပြီး မည်သည့်အရာကိုမျှ ထပ်မယူတော့ကြောင်း ကတိပေးခဲ့ကြ၏။
ရောင်းရင်းတို့ရေ ပြောရမှာအားနာပေမဲ့ မနေ့က အသိ မင်္ဂလာကိုသွားကူရပါတယ် မနက်ဖြန်လဲထပ်ကူရမယ်ဗျ စာစဉ် ၂၇ကို ၃၁ရက်နေ့မှရမယ်ထင်ပါတယ်။
လေးစားစွာဖြင့်_ zydra zin.