အမြစ်ပြတ်အောင် ရှင်းလင်းခြင်း
Vol. 6 Ch. 58
ချင်ရှီးရှီး နိုးနိုးလာချင်း ပထမဦးဆုံး ခေါ်လိုက်သော အမည်မှာ ဝမ်ရှောက်ထျန်း ဖြစ်နေသဖြင့် မိမိသည် ဝမ်ရှောက်ထျန်းအပေါ် အကြီးအကျယ် အထင်လွဲခဲ့မိမှန်း ချင်ဟုန်ခိုင် သဘောပေါက်သွားသည်။ သူ တောင်းပန်ချင်နေသော်လည်း စိတ်ထဲတွင်တော့ ဝန်လေးနေမိ၏။
"အဟမ်း... အချိန်လည်း တော်တော်နှောင်းနေပြီ… ခင်ဗျားတို့လည်း အနားယူကြပါဦး…။" ဝမ်ရှောက်ထျန်းက ထိုသို့ပြောပြီးနောက် ချောက်ကျိဖိန်ကို အမြန်ဆွဲကာ ထွက်လာခဲ့တော့သည်။
ဆေးရုံအပြင်ရောက်တော့မှ ချောင်ကျိဖိန်က တစ်ခုခုကို သတိရသွားပြီး နှမြောတသဟန်ဖြင့် မေးလိုက် သည်။
"ဟေ့ ညီလေး…မင်းက ဘာလို့ ပြေးလာတာလဲ။ အဲဒီလူက ဘယ်သူလဲဆိုတာ မင်းသိလား…။"
"သူ ဘယ်သူဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ပါဘူးဗျာ။ ကျွန်တော်တို့သာ နှေးနေရင် နှစ်ယောက်လုံး အရိုက်ခံရမှာ ကြောက်လို့ပါ….။"
ဝမ်ရှောက်ထျန်းမှာ အခုထိ ရင်တုန်နေဆဲ ဖြစ်သည်။ ထိုလူအုပ်ကြီးကသာ ဝိုင်းထိုးကြလျှင် သူတို့ နှစ်ယောက်မှာ အသက်ရှင်ဖို့ပင် လွယ်မည်မဟုတ်ပေ။
ချောက်ကျိဖိန်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"မင်းကတော့ အူကြောင်ကြောင်ကောင်ပဲ… မင်းသာမရှိရင် ချင်ရှီးရှီးက အသက်ပြန်ရှင်လာပါ့မလား။ သူမက မင်းကို ကျေးဇူးတင်မှာပေါ့၊ ဘာလို့ ရိုက်ရမှာလဲ….။"
"တော်ပါဗျာ၊ ကျွန်တော့်အကြောင်း ကျွန်တော် သိပါတယ်။ ဒါက ကံကောင်းလို့ ဖြစ်သွားတာပါ။ ဆေးရုံ မှာ ဆက်နေ နေရင် ကျွန်တော်တို့ကလူလိမ်ဆိုတာ ပေါ်ကုန်မှာပေါ့…။"
ချင်ရှီးရှီး၏ လွင့်ထွက်သွားသော ဝိညာဉ်ကို သူ မည်သို့တွေ့ခဲ့သည်ဆိုသည်ကို ချင်ဟုန်ခိုင်အား ရှင်းပြ နေရန် ဝမ်ရှောက်ထျန်း၌ စိတ်ကူးမရှိပေ။
"သွားစို့... သွားစို့"
သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြသည်။ ဝမ်ရှောက်ထျန်းမှာ ကုတင်ပေါ်သို့ ပစ်လဲလိုက်ပြီး ခေါင်းကို စောင် ဖြင့် အုပ်ထားလိုက်သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော ညအကြောင်းကို တွေးမိကာ ဟိုလှည့် ဒီလှည့်ဖြင့် အိပ်မပျော်နိုင်ဖြစ်နေခဲ့သည်။
ယနေ့ ဖြစ်ပျက်ခဲ့သမျှကို တစ်စုံတစ်ယောက်က နောက်ကွယ်မှ ကြိုးကိုင်နေသကဲ့သို့ ခံစားနေရသည်။ လီရွှယ် ပေါ်လာတာသည်လည်း တကယ့်ကို 'အချိန်ကိုက်' ပင်။ သူမက အမှောင်ထဲကနေ စောင့်ကြည့် နေပြီး ဝမ်ရှောက်ထျန်းက ယင်နတ်ဆိုးကို ကိုင်တွယ်ပြီးမှ အဆင်သင့် လာသိမ်းသွားသလိုမျိုးပင်။
ဝမ်ရှောက်ထျန်းကို ပို၍ ဇဝေဇဝါ ဖြစ်စေသည်မှာ သူသည် လီရွှယ်နှင့် ယင်နတ်ဆိုးကို အတူတူ တွေ့ခဲ့ရ ပြီး သူတို့နှစ်ဦးမှာ အလွန်ရင်းနှီးနေကြခြင်းပင်။ ထိုမြင်ကွင်းက အစစ်အမှန်လား သို့မဟုတ် သရဲက ဖန်တီးထားသော ထင်ယောင်ထင်မှားဖြစ်ခြင်း လားဆိုသည်ကို သူ မဝေခွဲနိုင်ပေ။
လီရွှယ် ပေါ်လာပြီးနောက် အဘိုးယွမ်မှာလည်း အရိပ်အယောင်ပင် မတွေ့ရတော့ဘဲ ပျောက်ကွယ်သွားခဲ့ သည်။
ဝမ်ရှောက်ထျန်း အကြာကြီး စဉ်းစားနေခဲ့သော်လညး အဖြေထွက်မလာခဲ့ပေ။ သူ အိပ်ပျော်သွားသော် လည်း အိပ်မက်ဆိုးများမက်၍ ဂယောင်ဂယမ်း ဖြစ်နေခဲ့သည်။ မနက် ကိုးနာရီလောက်ခန့်တွင် ရေခဲ တိုက်ထဲ ရောက်နေသလိုမျိုး တဖြည်းဖြည်း အေးစိမ့်လာခဲ့သည်။
ဝမ်ရှောက်ထျန်းက အိပ်ချင်မူးတူးဖြင့် စောင်ကို စမ်းလိုက်သော်လည်း စောင်ကို မစမ်းမိဘဲ အေးစက်နေသော လက်တစ်စုံကို စမ်းမိလိုက်၏။
ဝမ်ရှောက်ထျန်း မျက်လုံးများ ပြူးသွားတော့သည်။ သေချာကြည့်လိုက်သောအခါ ယွမ်အဘိုးယွမ်က ကုတင်ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"မင်းက ဘာလို့ အိပ်နေတာလဲ။ ထတော့လေ ကဲကြမယ်….။"
အဘိုးယွမ်က စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်သည်။
ဝမ်ရှောက်ထျန်း မျက်မှောင်ကြုတ်လိုက်တယ်။ ဒီအဘိုးကြီးက ဘယ်အချိန်ကပင် သူ့နောက်ကနေ အိမ်ကို လိုက်လာသည်နည်း။ သူ ဘာလို့ ဘာမှ မသိလိုက်ရသနည်း။ ထို့ပြင် ယွမ်ဟောင်က သေခဲ့သည် မှာ နှစ်ပေါင်းရာချီနေပြီ မဟုတ်ပါလား။ ‘ကဲတယ်' ဆိုတဲ့ဘန်းစကားကို သူက ဘယ်လိုသိနေသနည်း။
"ဟေ့ လူလေး... အခုချက်ချင်း ထစမ်း…"
ဝမ်ရှောက်ထျန်း နားထင်ကို ပွတ်လိုက်ရင်း အဘိုးကြီးပြောနေသည်မှာ ပျော်ပါးဖို့ မဟုတ်ဘဲ အရေးကြီး ကိစ္စဖြစ်နေမှန်း နားလည်သွားသည်။
"ကျွန်တော် မနေ့ညက တစ်ညလုံး မအိပ်ရသေးဘူးလေဗျာ…။ အခုတော့ ခဏလေး အိပ်ပါရစေဦး" ဝမ်ရှောက်ထျန်း မျက်လုံး ပြန်မှိတ်လိုက်သည်။
"အိပ်မယ်...ဟုတ်လား။ မင်း ဘာလုပ်နေတာလဲ။ မင်း ရူးနေတာလား။ မင်းက အသက်မရှင်ချင်တော့ရင် တောင် ချင်ရှီးရှီးက လှပတဲ့မိန်းကလေးတစ်ယောက်ပါ၊ သူမ သေသွားရင် မနှမြောဘူးလား…။"
အဘိုးယွမ်၏ လက်မှာ သံတူညှပ်ကဲ့သို့ ဝမ်ရှောက်ထျန်း၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ဝမ်ရှောက်ထျန်း အသက်ရှူမှားသွားပြီး ရုတ်တရက် ထထိုင်လိုက်သည်။
"အဘိုး ဘာကို ဆိုလိုတာလဲ…။"
ဝမ်ရှောက်ထျန်း ထလာသည်ကို မြင်သောအခါမှ ယွမ်အဘိုးကြီးက အေးဆေးစွာပင် ပြောလိုက်သည်။
"မင်းက အိပ်ချင်တယ်ဆိုတော့လည်း ဆက်အိပ်လေ။ ချင်ရှီးရှီး လုံးလုံးလျားလျား သေသွားတဲ့အခါမှ သူမသင်္ချိုင်းကိုသွားပြီး ခေါက်ဆွဲတစ်ပွဲ သွားပို့ပေးဖို့ မမေ့နဲ့ဦး…"
သူသည် ချင်ရှီးရှီးကို မနေ့ကတည်းက အမဲသားခေါက်ဆွဲ တစ်ပွဲကြီး ကျွေးရန် အကြွေးတင်နေခြင်း ဖြစ်သည်။
ဝမ်ရှောက်ထျန်း အမြန်တောင်းပန်လိုက်သည်။
"အဘိုး... ကျွန်တော် ခုနက မှားသွားပါတယ်။ လူငယ်ဆိုတာ ခွန်အားတွေ ပြည့်နေရမှာပေါ့။ နေဝင်မှ ဖြစ်ဖြစ်၊ လမင်းကြီး ကွဲထွက်သွားမှဖြစ်ဖြစ် ကျွန်တော် မအိပ်တော့ပါဘူး။ အခု လုံးဝ မအိပ်ချင်တော့ ဘူး….။"
ယွမ်အဘိုးကြီးက မျက်လုံးပင့်ကြည့်ကာ တောင်ဝှေးကို တောက်တောက် ခေါက်ရင်း ပြောလိုက်သည်။
"အေး... မင်း ပင်ပန်းနေတာ ငါသိပါတယ်။ ဒါပေမဲ့ ဒါက အသက်အန္တရာယ်နဲ့ ဆိုင်တဲ့ကိစ္စမို့ မအိပ်နဲ့ဦး"
"တကယ်ပဲ ဘာများဖြစ်လို့လဲဗျ…။"
ဝမ်ရှောက်ထျန်း စိတ်ပူသွားသည်။
"တစ္ဆေလက်ထပ်ပွဲ ဆိုတာ အလွယ်တကူ ဖြေရှင်းလို့ရတယ်လို့ မင်း ထင်နေလား….။"
အဘိုးယွမ်က သက်ပြင်းချလိုက်သည်။
"ဒါက တကယ့်ကို ဝမ်းနည်းစရာပဲ။ အကောင်းပကတိ မိန်းမပျိုလေးကို သေပြီးသား သရဲက လိုက် နှောင့်ယှက်နေတာ။ သူတို့ရဲ့ မွေးသက္ကရာဇ်တွေကလည်း တိုက်ဆိုင်နေတယ်၊ တောင်းရမ်းတဲ့ လက်ဆောင်တွေလည်း လက်ခံပြီးပြီ။ ဒီမင်္ဂလာဆောင်ကို ကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ပြီး ကြေညာပြီးသွားပြီမို့ ပြန်ပြင်လို့ မရတော့ဘူး။"
"ဘယ်သရဲလဲ….။"
ဝမ်ရှောက်ထျန်း တုန်လှုပ်သွားပြီး အမြန်ထရပ်ကာ အဘိုးယွမ်ကို ကြောင်ကြည့်နေမိသည်။
"ဒါကို ဖြေရှင်းလို့ရမယ့် နည်းလမ်း မရှိတော့ဘူးလား။ အဲဒီသေပြီးသား သရဲအတွက် လူပုံစံ ရုပ်တုလေး တစ်ခု လုပ်ပြီး မီးရှို့ပေးရင် မရဘူးလား…။"
သူ၏ ရွာတွင် ကြားဖူးသည့် ပုံပြင်တစ်ပုဒ်ကို သူ သတိရလိုက်သည်။ မိသားစုတစ်ခုမှ သားဖြစ်သူမှာ လွင့်နေသော သရဲတစ်ကောင်နှင့် ငြိစွန်းပြီး သေလုမြောပါး ဖြစ်ခဲ့ဖူးသည်။ ထိုအခါ အဘိုးဖြစ်သူက သား ဖြစ်သူ၏ မွေးသက္ကရာဇ် ရေးထားသော သစ်သားအရုပ်ကလေးတစ်ရုပ်ကို ထွင်းထုပြီး သန်းခေါင်ယံချိန် ၌ လမ်းဆုံတွင် မီးရှို့ပေးလိုက်ရာ သားဖြစ်သူမှာ တဖြည်းဖြည်း ပြန်လည်ကျန်းမာလာခဲ့သည်။
ယွမ်အဘိုးကြီးက ခေါင်းခါလိုက်ပြီး
"ယုတ္တိဗေဒအရ ပြောရရင် မင်းရဲ့နည်းလမ်းက အလုပ်ဖြစ်နိုင်ပါတယ်…။"
အဘိုးယွမ်က ထိုသို့ပြောလျှင် ကိစ္စမှာ အလွန်ရှုပ်ထွေးနေပြီး သာမန်နည်းလမ်းဖြင့် ဖြေရှင်း၍ မရနိုင် တော့ဟု အဓိပ္ပာယ်ရသည်။
"ငါ အဲဒီသရဲကို သိတယ်။ သူ သေတာ တစ်ပတ်ရှိပြီ။ မနက်ဖြန်ဆိုရင် သူသေတာ ခုနစ်ရက်ပြည့်တဲ့နေ့ပဲ။ သူက အသက်ရှင်စဉ်တုန်းကလဲ လူမိုက်တစ်ယောက်။ သေတော့လည်း မကောင်းမှုတွေ ပိုလုပ်နေတဲ့ သရဲယုတ်ပဲ..."
ဟုပြောပြီး အဘိုးယွမ်က သက်ပြင်းချလိုက်သည်။
ဝမ်ရှောက်ထျန်းက အတင်းမေးမြန်းမှသာ သရဲများတွင်လည်း အဆင့်အတန်း အမျိုးမျိုးရှိကြောင်း သိရ သည်။ မိမိအမျိုးအနွယ်ဝင် သရဲများကို ပြန်စားသော သရဲများနှင့် လူသတ်ထားသော သရဲများသည် များသောအားဖြင့် မိုးကြိုးပစ်ခံရတတ်သည်။
သို့သော် ထိုကဲ့သို့သော သရဲကို မိုးကြိုးမပစ်မီ ကိုင်တွယ်ရန်မှာ မလွယ်ကူပေ။
"ဒါဆို ကျွန်တော်တို့ ဘာလုပ်လို့ရမလဲ….။"
ဝမ်ရှောက်ထျန်း စိုးရိမ်တကြီး မေးလိုက်သည်။
ယွမ်အဘိုးကြီးက ပြေလိုက်သည်။
ချင်ရှီးရှီးရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ ကျောက်စိမ်းက ရတနာတစ်ခုပဲ။ အဲဒါက သူမကို ကာကွယ်ပေး ထားတာ။ ဒါပေမဲ့ နှမြောစရာကောင်းတာက သုသာန်ဆိုတာ ယင်ဓာတ်တွေ များတဲ့နေရာလေ။ ဘယ်လောက်ကောင်းတဲ့ ပစ္စည်းဖြစ်ဖြစ် အဲဒီမှာတော့ ညစ်နွမ်းသွားတာပဲ။ မနေ့က မင်းက အဲဒီ ကျောက်စိမ်းကို ယင်နတ်ဆိုးရဲ့ ပါးစပ်ထဲ အတင်းထိုးထည့်လိုက်တော့ အခု အဲဒါက သုံးစားလို့ မရတော့ ဘူး။ ဒီညဆိုရင် အဲဒီသရဲက ချင်ရှီးရှီးရဲ့ ဝိညာဉ်ကို လာဆွဲနှုတ်သွားလိမ့်မယ်…."
ယွမ်ဝမ်ရှောက်ထျန်း အံကြိတ်လိုက်သည်။ သူသည် ချင်ရှီးရှီးကို အကြွေးတင်နေမှန်း သူ သိပါသည်။
"အဘိုးယွမ်... ကျွန်တော် ချင်ရှီးရှီးကို သေချာပေါက်ကယ်ရမယ်။ စေ့စပ်ထားတာကို ဖျက်လို့မရဘူး ဆိုရင် သတို့သားသာ မရှိတော့ရင် ဒီပြဿနာ ပြေလည်သွားမှာ မဟုတ်လား….။"
အေးအေးဆေးဆေး ကွာရှင်းလို့ မရလျှင် အပြတ်ရှင်းသည့် နည်းလမ်းကို သုံးရပေလိမ့်မည်။
ယွမ်အဘိုးကြီးက လက်မထောင်ပြလိုက်သည်။
"မင်း တော်တယ်ကွာ၊ ငါ့ရဲ့ အရင်စတိုင်အတိုင်းပဲ။ ဒါပေမဲ့ ငါ တစ်ခုတော့ သတိပေးပါရစေ။ အဲဒီလူသေ ရဲ့ အုတ်ဂူကက ယင်နတ်ဆိုး စုဝေးတဲ့နေရာမှာ ရှိတာ။ သူ့အလောင်းကနေ သူ့ဝိညာဉ်ကို ခွန်အားတွေ ပေးနေတာဆိုတော့ သူက တော်တော် အစွမ်းထက်တယ်။ မင်းလိုလူ ဆယ်ယောက်ပေါင်းတိုက်ရင် တောင် သူ့ကို မနိုင်လောက်ဘူး…။"
ဝမ်ရှောက်ထျန်းမှာ လူကောင်းဖြစ်သော်လည်း မအပေ။
"အဘိုး ဆိုလိုတာက သူ့သင်္ချိုင်းကို တူးလိုက်ရင် အကုန်အဆင်ပြေသွားမယ်လို့ ပြောချင်တာလား…။"
"မင်းက သဘောပေါက်လွယ်တာပဲ….။"
အဘိုးယွမ်က အလွန်ကျေနပ်သွားပြီး ပြုံးလိုက်သည်။
"ငါ ချန်ထားခဲ့တဲ့ ပစ္စည်းတွေက အကုန် အသုံးဝင်တာတွေချည်းပဲ ယူသွားဖို့ မမေ့နဲ့ဦး။ နေကလည်း တော်တော် ပူလာပြီ ငါ အမြန်သွားမှ ဖြစ်တော့မယ်"
အဘိုးယွမ် အမြန်ထွက်သွားသည်။ နေရောင်ကို ရှောင်ဖို့ ဘယ်ကို ပြေးတာလဲဆိုတာ ဝမ်ရှောက်ထျန်း မသိသကဲ့သို့ မေးရန်လည်း အားနာနေမိ၏။ အခု သူ စဉ်းစားရမည်က ချင်ဟုန်ခိုင်ကို မည်ကဲ့သို့ ဆက်သွယ်ရမလဲ ဆိုခြင်းပင်။
သူ အကြံထုတ်နေစဉ်မှာပင် တံခါးခေါက်သံ ကြားလိုက်ရ၏။
သံတံခါးကြီးကို ဒိုင်းဒိုင်းနဲ့ မြည်အောင် ခေါက်နေသောကြောင့် အိမ်နီးနားချင်း ခွေးများလည်း ဝိုင်းပြီး ဟောင်ကြသကဲ့သို့ ၊ ဘာများဖြစ်သလဲဆိုပြီး လူများကလည်း လည်ပင်းဆန့်ပြီး လှမ်းစပ်စုကြည့် နေကြ တော့သည်။