← Chapters

သင်္ချိုင်းတူးခြင်း

Vol. 6 Ch. 59

သင်္ချိုင်းတူးခြင်း

Vol. 6 Ch. 59

အစ်မလီသည် သူမ၏ တင်ပါးကြီးများကို လှုပ်ခါရင်း ဝမ်ရှောက်ထျန်း၏ အိမ်ရှေ့သို့ လျှောက်လာကာ သူမရှေ့ရှိ စတိုင်ကျကျ ဝတ်စုံပြည့် ဝတ်ထားသော အမျိုးသားကို သံသယဖြင့် ကြည့်လိုက်သည်။

"ရှင် ဘာလာလုပ်တာလဲ။ ဝမ်ရှောက်ထျန်းနဲ့ ဘာကိစ္စ ရှိလို့လဲ….။"

မျက်မှန်နှင့် ဝတ်စုံပြည့်ဝတ်ထားသူက ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့ ဝမ်ရှောက်ထျန်းနဲ့ အရေးကြီးကိစ္စလေး ရှိလို့ပါ။ သူ့ကို သိပါသလား…။"

"အို... သိတာပေါ့။ အဲဒီကောင်လေးက ကျွန်မကို အိမ်လခ တစ်လစာတောင် ပေးဖို့ ကျန်သေးတာ။ ရှင် တို့က ဘာကိစ္စလဲ။ အကြွေးလာတောင်းတာလား…"

အစ်မလီက ထိုသူကို အကဲခတ်လိုက်သည်။

ထိုအမျိုးသား ဝတ်ထားသော ဝတ်စုံမှာ အဆင့်မြင့် အထည်သားဖြစ်ကြောင်း သိသာလှသည်။ သူမအနေ ဖြင့် တံဆိပ်ကို မသိသော်လည်း သူမရှေ့ရှိ အမျိုးသားနှစ်ဦးမှာ အကြွေးတောင်းသည့် အဖွဲ့မှ လူမိုက် များနှင့်တော့ မတူသည်ကိုတော့ သိလိုက်သည်။

လက်ထောက်စွန်းက သူ၏မျက်မှန်ကို ပင့်တင်လိုက်ရင်း ချင်ဟုန်ခိုင်ဘက်သို့ လှည့်ကာ စိတ်ဓါတ်ကျ စွာမေးလိုက်သည်။

"ဥက္ကဋ္ဌချင်... ဘယ်လိုလုပ်မလဲခင်ဗျာ….။"

ချင်ဟုန်ခိုင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဝမ်ရှောက်ထျန်း ဒီမှာနေတာ သေချာရဲ့လား…။"

"သေချာတာပေါ့ရှင်။ ဒီကောင်လေးက ညဘက် အပြင်စာပို့တဲ့ အလုပ်လုပ်တာ။ နေ့ဘက်ဆို အခန်းထဲ မှာ အိပ်နေတာပဲ။ အခုလည်း အထဲမှာ ရှိမှာ သေချာတယ်….။"

စကားပြောရသည်ကို ဝါသနာပါပြီး ဝမ်ရှောက်ထျန်း ဒုက္ခရောက်သည်ကို ပိုမြင်ချင်သော ဒေါ်လီက သော့တွဲကို ထုတ်ကာ ခဏရှာလိုက်ပြီး တံခါးကို ဖွင့်လိုက်တော့သည်။

"တွေ့ပြီ…။"

သော့အိုကြီးမှာ သံချေးတက်နေသဖြင့် အတန်ကြာအောင် လှည့်လိုက်ရပြီး တံခါးပွင့်သွားသောအခါ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များနှင့် အိပ်ချင်မူးတူး မျက်လုံးများဖြင့် ဝမ်ရှောက်ထျန်း ထွက်လာသည်။

"အစ်မလီ... ကျွန်တော် ခင်ဗျားကို ဘယ်နှစ်ခါ ပြောရမလဲ။ တခြားလူတွေ ပါနေတာကို ကျွန်တော့် တံခါးကို အဲ့လို ဇွတ်မဖွင့်ပါနဲ့ဗျာ။ ကျွန်တော်က လူပျိုလူလွတ်လေ ဒါက နည်းနည်းတော့ လွန်လွန်းတယ် မဟုတ်ဘူးလား….။"

ဝမ်ရှောက်ထျန်းက အံကြိတ်ကာ ပြောလိုက်သည်။

ဤသည်က ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ အစ်မလီက အိမ်ရှင်ဖြစ်သော်လည်း သူ၏ ခွင့်ပြုချက် မရှိဘဲ၊ အထူးသဖြင့် တခြားလူစိမ်းများ ပါနေချိန်တွင် ဤသို့ တံခါးကိုမဖွင့်သင့်ပေ။

အစ်မလီက မျက်စောင်းထိုးကြည့်လိုက်ကာ ပြန်ငေါက်လေ၏။

"ဒါက ငါ့အိမ်ပဲလေ ငါ ကြိုက်တဲ့အချိန် ဖွင့်မှာပေါ့။ မင်းက အိမ်ငှားလေ၊ ငါ့ကို လာပြီး ဆရာလုပ်စရာ ဘာအကြောင်းရှိလို့လဲ။ ငါ့ကို စိတ်တိုအောင် လာမလုပ်နဲ့ မင်းကို အိမ်ပေါ်က နှင်ချလိုက်မှာနော်…။"

ဝမ်ရှောက်ထျန်း သက်ပြင်းချလိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။

"ကဲ... ထားပါတော့ဗျာ၊ အစ်မလီ ပြောတာ မှန်ပါတယ်…။"

"စကားလမ်းကြောင်း လွှဲမနေနဲ့။ ဒီလအတွက် အိမ်လခ ရယ်၊ မီးဖိုး ရေဖိုး (၃၀၀) ရယ် ပေးတော့။ ငါ့မှာ တခြား အိမ်ခြံမြေကိစ္စတွေ အများကြီး ရှိသေးတယ်။ မင်းဆီကို နေ့တိုင်း လာပြီး ပိုက်ဆံတောင်းနေဖို့ အချိန်မရှိဘူး"

အစ်မလီက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။

အစ်မလီ အိမ်လခ လာတောင်းသည်ကို ကြားလိုက်ရသည်နှင့် ဝမ်ရှောက်ထျန်း မျက်နှာ ပျက်သွားပြီး ခေါင်းကို ကုတ်လိုက်သည်။

"အစ်မလီ... ကျွန်တော်တို့က လကုန်မှ ပေးမယ်လို့ သဘောတူထားတာ မဟုတ်လား။ ကြိုပေးရမယ်လို့ မရှိပါဘူး….။"

"ဒါ ငါ့အိမ်ပဲ၊ ငါပြောတာ အတည်ပဲ။ အခုချက်ချင်း အိမ်လခ ပေးမလား၊ ဒါမှမဟုတ် အခုပဲ အိမ်ပေါ်က ဆင်းမလား…။"

ဝမ်ရှောက်ထျန်းမှာ အိမ်ငှားကောင်း တစ်ဦးဖြစ်သော်လည်း အစ်မလီက သူ့အား ဆက်မငှားချင်တော့ပေ ။ ထိုအခန်းတွင် မာကျောက်ဝိုင်းလေး ဖွင့်ရန် စိတ်ကူးရှိနေသည်။ သူမ ကိုယ်တိုင်လည်း ကစားနိုင်သလို စတိုးဆိုင်လေးတစ်ခုပါ တွဲဖွင့်ချင်နေခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် အစ်မလီက ဝမ်ရှောက်ထျန်းအား နည်းမျိုးစုံဖြင့် အကျပ်ကိုင်နေခြင်းသာ ဖြစ်လေသည်။ ဝမ်ရှောက်ထျန်း မှာ ပိုက်ဆံမရှိကြောင်း လစာလည်း မရသေးကြောင်းနှင့် အိတ်ထဲတွင် တစ်ပြားမှ မရှိ ကြောင်းကို သူမ ကောင်းကောင်း သိနေပေသည်။

"အစ်မလီ... နည်းနည်းလောက် လျှော့ပေးပါဦးဗျာ။ ကျွန်တော် ခင်ဗျားကို အိမ်လခ ဘယ်တုန်းကများ အကြွေးထားဖူးလို့လဲဗျာ…။"

ဝမ်ရှောက်ထျန်း ငိုချင်သလို ဖြစ်နေသည်။ သူ့အိတ်ထဲတွင် တကယ့်ကို ပြားစေ့တစ်စေ့မှ မရှိပေ။

ထိုအချိန်တွင် ချင်ဟုန်ခိုင်က ဝင်ပြောလိုက်သည်။

"သူ့ရဲ့ အိမ်လခက ဘယ်လောက်လဲ….။"

"ကိုးရာ"

အစ်မလီက ချင်ဟုန်ခိုင်ကို စွေကြည့်ကာ မေးလိုက်သည်။

"ဘာလဲ... ရှင်က သူ့အတွက် အိမ်လခကို ပေးမလို့လား….။"

ဝမ်ရှောက်ထျန်း ချက်ချင်း ဒေါသထွက်သွားပြီး အော်လိုက်သည်။

"မလီ... ခင်ဗျား ဘယ်လိုလုပ်ပြီး ဈေးတက်လိုက်တာလဲ။ ခုနစ်ရာပဲ ရှိတာ မဟုတ်လား…..။"

အစ်မလီ မပြောနိုင်ခင်မှာပင် ဝမ်ရှောက်ထျန်းက ဆက်ပြောလိုက်သည်။

"ခင်ဗျား ဘာပြောမလဲ ကျွန်တော် သိတယ်၊ 'ဒါ ငါ့အိမ်ပဲ၊ ငါ ကြိုက်သလို လုပ်မယ်' ဆိုတာ မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့မှာ စာချုပ်ရှိတယ်လေ…."

ချင်ဟုန်ခိုင်မှာ ပုံမှန်အားဖြင့် ငွေသား ဆောင်လေ့မရှိပေ။ သူက လက်ထောက်ကို တစ်ချက်ကြည့် လိုက်ရာ လက်ထောက်စွန်းက အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ကာ နှစ်ဆယ်တန် အုပ်လိုက်ကို ရေတွက်ပေးလိုက်သည်။

"ဒါက နှစ်လစာထက် ပိုပါတယ်….။"

"ဝမ်ရှောက်ထျန်း... မင်း ငါ့သမီးကို ကယ်ခဲ့တယ်။ ကျေးဇူးတင်တဲ့အနေနဲ့ ဝမ်ဟယ် အိမ်ရာက တိုက်ခန်း မှာ မင်း တစ်သက်လုံး နေလို့ရတယ်…."

ဟု ချင်ဟုန်ခိုင်က ပြောလိုက်သည်။

ဝမ်ရှောက်ထျန်း အံ့သြတုန်လှုပ်သွားချိန်မှာပင် အစ်မလီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ရှင် ဘာပြောလိုက်တာလဲ။ ဝမ်ဟယ် အိမ်ရာလားဟုတ်လား…။ နောက်နေတာ မလား….။ အဲဒီက အိမ်ခန်းတွေက တစ်စတုရန်းမီတာကို ငါးသောင်း ခြောက်သောင်းလောက် တန်တာနော်….။"

ထိုနေရာမှာ ကျောင်းများဖြင့် ဝန်းရံထားသော အကောင်းဆုံး လူနေအိမ်ရာ ဖြစ်သည်။ ငါးသောင်း ခြောက်သောင်းဆိုသည်မှာ အစောပိုင်း ဈေးနှုန်းဖြစ်ပြီး ယခုဆိုလျှင် တစ်စတုရန်းမီတာကို တစ်သိန်း ကျော်နေပြီ ဖြစ်သည်။ အိမ်ငှားခဆိုလျှင်ပင် တစ်လကို တစ်သောင်းကျော် ပေးရသည်။

ဝမ်ရှောက်ထျန်းကို အပိုင်မပေးလျှင်တောင် အလကား နေခွင့်ရခြင်းမှာ အလွန်တန်ဖိုးရှိလှပေသည်။

"ဥက္ကဋ္ဌချင်... ဒါက ဘာမှ မဟုတ်ပါဘူး၊ ဒီလောက်အထိ မလိုပါဘူး..."

ဝမ်ရှောက်ထျန်း အားနာနေမိသည်။ အကယ်၍ ချင်ရှီးရှီးပေးခဲ့သော ကျောက်စိမ်းသာ မရှိလျှင် သူသည် ယင်နတ်ဆိုး လက်ချက်ဖြင့် အူတွေထွက်၊ ကလီစာတွေ စားခံရပြီး သေနေလောက်ပြီ ဖြစ်သည်။

ထို့ကြောင့် ဝမ်ရှောက်ထျန်းက ချင်ရှီးရှီးကို အလွန်ကျေးဇူးတင်နေခြင်း ဖြစ်ပြီး သူမကို ကယ်တင်ခြင်း မှာ သူ လုပ်သင့်လုပ်ထိုက်သော အလုပ်သာ ဖြစ်လေသည်။

ချင်ဟုန်ခိုင်က အော်ဟစ်နေသော အစ်မလီကို ဂရုမစိုက်ဘဲ လေးလေးနက်နက် ပြောလိုက်သည်။

"ငါ့မှာ မင်းကို အကူအညီတောင်းစရာ တစ်ခု ကျန်သေးတယ်…။"

"ဥက္ကဋ္ဌ ဘာမှ ပြောမနေပါနဲ့တော့။ ဘာဖြစ်လဲဆိုတာ ကျွန်တော် သိပါတယ်။ ဥက္ကဋ္ဌကို ဘယ်လို ဆက်သွယ် ရမလဲလို့တောင် ခုပဲစဉ်းစားနေတာ။ ချင်ရှီးရှီး ဆေးရုံမှာ ရှိနေသေးလား…။"

မနေ့က ချင်ရှီးရှီး၏ ဝိညာဉ်ကို ပြန်သွင်းပေးခဲ့သည်မှာ ယာယီသာဖြစ်ပြီး ပြဿနာက ထပ်ဖြစ်လာဦး မည်ဟု အဘိုးယွမ်က ဝမ်ရှောက်ထျန်းကို ပြောပြထားပြီးသား ဖြစ်သည်။

ဝမ်ရှောက်ထျန်း၏ စကားကို ကြားသောအခါ ချင်ဟုန်ခိုင် မျက်လုံးများ တောက်ပသွားပြီး စိုးရိမ်နေ သည့် မျက်နှာမှာ အနည်းငယ် လျော့ပါးသွားသည်။

"ရှီးရှီးက အိပ်ပျော်သွားပြန်ပြီ။ ကျေးဇူးပြုပြီး သူမကို ကူညီပေးပါဦး….။"

သူသည် စီးပွားရေးသမားတစ်ဦး ဖြစ်သည့်အလျောက် ကြိုးစားအားထုတ်မှုတိုင်းတွင် အကျိုးအမြတ် ရှိရ မည်ဟု နားလည်ထားသဖြင့် ချက်ချင်း ကမ်းလှမ်းလိုက်သည်။

"မင်းသာ ငါ့သမီးရဲ့ ရောဂါကို အမြစ်ပြတ်အောင် ကုပေးနိုင်မယ်ဆိုရင် River Bay ရပ်ကွက်က အိမ်ကို မင်းနာမည်နဲ့ လွှဲပေးပါ့မယ်…။"

River Bay ရပ်ကွက်ရှိအိမ်များသည် သန်းနှင့်ချီ တန်သော အိမ်များ ဖြစ်သည်။

ဝမ်ရှောက်ထျန်း ခဏမျှ စိတ်လှုပ်ရှားသွားသော်လည်း သူ၏ လောဘကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး ချင်ဟုန်ခိုင်ကို အမှန်အတိုင်း ပြောပြလိုက်သည်။

"ကျွန်တော် သူမကို ကယ်တာက သူမ ကျွန်တော့်ကို ကူညီခဲ့ဖူးလို့ပါ။ ဒါပေမဲ့ တစ်ခုတော့ ပြင်ဆင်ထား ပါ၊ ကျွန်တော့်ရဲ့ အစွမ်းက အကန့်အသတ် ရှိပါတယ်။ ကယ်နိုင်မလား၊ မကယ်နိုင်ဘူးလား ဆိုတာက တော့ တစ်ပိုင်းပေါ့။ ဖြစ်နိုင်ရင် တခြား ကျွမ်းကျင်တဲ့ဆရာတွေကိုလည်း ဆက်သွယ်ထားတာ အကောင်း ဆုံးပါပဲ….။"

ချင်ဟုန်ခိုင်က ခါးခါးသီးသီး ပြုံးလိုက်ရင်းပြောလိုက်သည်။

"သူတို့တွေက ဘာမှ မတတ်နိုင်ကြတော့ဘူး။ ငါ့ကို လက်လျှော့လိုက်ဖို့ကိုပဲ ပြောနေကြတယ်…။"

သူ့မှာ အဖိုးတန်သမီးလေး တစ်ယောက်တည်း ရှိသည်ကို လက်လျှော့ခိုင်းနေကြသည်ကို သူ မည်ကဲ့သို့ လက်ခံပေးနိုင်မည်နည်း။

ချင်ဟုန်ခိုင် ထိုသို့ပြောသည်ကို ကြားရသောအခါ ဝမ်ရှောက်ထျန်း ပို၍ အားနာသွားမိသည်။ သူကိုယ် တိုင်မှာလည်း အတွေ့အကြုံမရှိသော အညတရတစ်ဦးသာ ဖြစ်ပြီး စိတ်ဓာတ်သာ ရှိသော်လည်း စွမ်းရည်မှာ မပြည့်ဝသေးပေ။ ချင်ရှီးရှီး၏ ကျေးဇူးကို ဆပ်ချင်ရုံသက်သက်ဖြင့်သာ ကူညီချင်နေခြင်း ဖြစ်သည်။

"ကျွန်တော် အစွမ်းကုန် ကြိုးစားကြည့်ပါ့မယ်…။"

ဝမ်ရှောက်ထျန်းက အစ်မလီကို တစ်ချက်ကြည့်လိုက်ပြီး ချင်ဟုန်ခိုင်ကို ကျေးဇူးတင်လိုက်သည်။

"တကယ်လို့ အဆင်ပြေသွားခဲ့ရင် အခုပေးတဲ့ နှစ်လစာ အိမ်လခကပဲ ကျွန်တော့်အတွက် လုံလောက်ပါ တယ်…။"

ချင်ဟုန်ခိုင်က ဘာမှ ထပ်မပြောတော့ပေ။ သူ့သမီး၏ အသက်မှာ တန်ဖိုးဖြတ်၍ မရပေ။ သူမကို ကယ် နိုင်မည်ဆိုလျှင် ပိုက်ဆံ နှစ်ထောင်မကလို့ သန်းနှစ်ဆယ်ပေးရလျှင်တောင် သူ တွန့်ဆုတ်နေမည် မဟုတ် ပေ။

"ဥက္ကဋ္ဌချင်... အထဲဝင်ပြီး စကားပြောရအောင်….။"

ဝမ်ရှောက်ထျန်းက ချင်ဟုန်ခိုင်ကို အခန်းထဲသို့ ဖိတ်လိုက်သည်။ အဓိကမှာ သင်္ချိုင်းတူးသည့် ကိစ္စမှာ အကျင့်စာရိတ္တအရ မကောင်းသဖြင့် လူပုံအလယ်တွင် ပြော၍ မရသောကြောင့် ဖြစ်သည်။

All Chapters