← Chapters

စင်မြင့်

Vol. 6 Ch. 60

စင်မြင့်

Vol. 6 Ch. 60

"ဦးလေးချင်….၊ ကျွန်တော် အခုပြောမယ့်စကားတွေက ယုံရခက်မယ်ဆိုပေမယ့် ဒါတွေအားလုံးဟာ အမှန်တရားတွေပါဆိုတာကို ကျွန်တော် ကျိန်ဆိုရဲပါတယ်…"

ဝမ်ရှောက်ထျန်းက ချင်ဟုန်ခိုင်ကို ကြိုတင်၍ စကားပလ္လင်ခံထားလိုက်သည်။

အဓိကအချက်မှာ မနေ့က ဆေးရုံတွင် ဖြစ်ပျက်ခဲ့သည်များကို သူ ကောင်းကောင်းမှတ်မိနေ၍ဖြစ်သည်။ ချင်ဟုန်ခိုင်သည် အထက်လမ်း၊ အောက်လမ်း ပညာရပ်များနှင့် နာမ်လောကများကို လုံးဝမယုံကြည်သူ တစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် သူပြောမည့် စကားများသည် ချင်ဟုန်ခိုင် လိုလူမျိုးအတွက် အကြီး အကျယ် တုန်လှုပ်စရာ ဖြစ်နေပေလိမ့်မည်။

ချင်ဟုန်ခိုင်က အောင့်သက်သက် ပြုံးလိုက်ရင်း ၊

"ရှီးရှီးလေးကို ကယ်တင်နိုင်မယ်ဆိုရင် ဘာမဆို ယုံကြည်ပေးဖို့ ငါအဆင်သင့်ပါပဲ….။"

"ဒီလိုပါ…၊ ဦးလေး သိသလားတော့ မသိဘူး။ ချင်ရှီးရှီးကို လိုက်နှောက်ယှက်နေတဲ့ ကျိုးရှောင်ဝေဆိုတဲ့ လူတစ်ယောက်ရှိတယ် ကျိုးရှောင်ဝေက လွန်ခဲ့တဲ့ တစ်ပတ်ကပဲ သေသွားတာ။ ဒါပေမဲ့ သူ့မိသားစုက သူ့အတွက် တစ္ဆေလက်ထပ်ပွဲ' တစ်ခု စီစဉ်ပေးခဲ့တယ်... သတို့သမီးက ချင်ရှီးရှီးပဲ….။"

ထိုစကားကို ကြားလိုက်ရသောအခါ ချင်ဟုန်ခိုင်၏ မျက်နှာထားမှာ ပို၍ ခက်ထန်သွားပြီး ပြန်ပြော လိုက်သည်။

"ဒီကျိုးရှောင်ဝေကို ငါသိတာပေါ့။ ဒီကောင်က လူမိုက်၊အပေတေကောင်။ သူနဲ့ ရှီးရှီးက အထက်တန်း ကျောင်းတုန်းက အတန်းဖော်တွေလေ။ ကျောင်းသားတွေကို အနိုင်ကျင့်လို့ သူ ကျောင်းထုတ်ခံခဲ့ရသေး တယ်….။"

"အဲဒီ အနိုင်ကျင့်ခံခဲ့ရတဲ့သူက ချင်ရှီးရှီး ပဲမဟုတ်လား…."

ဝမ်ရှောက်ထျန်းက မေးလိုက်သည်။

ချင်ဟုန်ခိုင်က ဝမ်ရှောက်ထျန်းကို တစ်ချက် ကြည့်လိုက်သည်။ သူသည် ကြည့်ကောင်းသော ရုပ်ရည် ရှိပြီး တည်ကြည်သော မျက်လုံးများ ရှိသည်။ ရိုးသားပုံရသော်လည်း ဉာဏ်မနည်းလှပေ။ လျင်မြန် ဖြတ်လတ်သလို ပါးနပ်မှုလည်း ရှိပုံရသည်။

ဤသို့သောသူက အိမ်ငှားခ ရာဂဏန်းကိုပင် မပေးနိုင်လောက်အောင် ဘာကြောင့် ဆင်းရဲနေရသနည်း ဟု သူ တွေးမိသော်လည်း လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိတတ်သည်ဖြစ်ရာ ဝမ်ရှောက်ထျန်း၏ ကိစ္စကို သူ မမေးတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် အဲဒီအတိုင်းပဲ….။"

ကျိုးရှောင်ဝေမှာ အတော်အသင့် ချမ်းသာသော မိသားစုမှ လာသူဖြစ်ရာ နောက်ခံကို အားကိုးပြီး ကျောင်းတွင် ပြဿနာရှာလေ့ရှိသည်။ နောက်ဆုံးတွင် ချင်ရှီးရှီးကို လာ၍ ရန်စမိတော့သည်။

ချင်မိသားစုမှာ အလွန်အမင်း ချမ်းသာသော်လည်း ချင်ရှီးရှီးမှာ သူဌေးသမီးဟူ၍ မည်သည့်အခါမှ မောက်မာခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ချင်ရှီးရှီး၏ မိသားစုမှာ ဂုဏ်သိက္ခာကြီးမားသော ချင်မိသားစု ဖြစ်သည်ကို မည်သူမျှ မသိခဲ့ကြပေ။

ထိုစဉ်က ကျိုးရှောင်ဝေသည် လှပသော ချင်ရှီးရှီးကို သဘောကျပြီး နည်းမျိုးစုံဖြင့် လိုက်ခဲ့သော်လည်း ချင်ရှီးရှီးက ရိုးသားစွာပင် စာကိုသာ အာရုံစိုက်ပြီး ကျိုးရှောင်ဝေ၏ အပြုအမူများကို လုံးဝ လျစ်လျူရှု ခဲ့သည်။ ဤသည်ကို ဒေါသထွက်သော ကျိုးရှောင်ဝေက ချင်ရှီးရှီးကို နည်းမျိုးစုံဖြင့် အနိုင်ကျင့်ခဲ့ပြီး တစ်ခါကဆိုလျှင် လူမိုက်တစ်စုနှင့်အတူ မှောင်မည်းသော လမ်းကြားတစ်ခုတွင် သူမကို ပိတ်ဆို့ထား ခဲ့ဖူး၏။

အကယ်၍ ဆရာတစ်ဦးသာ ထိုနေရာမှ ဖြတ်မသွားဘဲ ချင်ရှီးရှီးကို မကယ်တင်ခဲ့ပါက အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိပေ။ ဤလုပ်ရပ်ကြောင့် ချင်ဟုန်ခိုင် အကြီးအကျယ် ဒေါသထွက်ပြီး သူ၏ အာဏာ ကို အသုံးချကာ ကျိုးမိသားစုကို ဒေဝါလီခံစေခဲ့သဖြင့် ကျိုးရှောင်ဝေမှာ အားကိုးရာမဲ့ ဖြစ်သွားခဲ့သည်။

"ဒီကိစ္စက တော်တော်လေး လက်ဝင်တယ်။ ကျိုးရှောင်ဝေ မိသားစုက ချင်ရှီးရှီးရဲ့ မွေးသက္ကရာဇ်နဲ့ အချိန် ကို ဘယ်လိုရသွားလဲ မသိဘူး။ ဇာတာတိုက်ကြည့်ပြီးတဲ့နောက် သူတို့က တောင်းရမ်းတဲ့ လက်ဆောင် တွေပေး၊ မင်္ဂလာစာချုပ်ရေးပြီးတော့ ကောင်းကင်နဲ့ မြေကြီးကို ကြေညာလိုက်တာ….။"

ဝမ်ရှောက်ထျန်းက သက်ပြင်းချရင်း….

"ဒီလို ကတိစာချုပ်က အခုခေတ် လက်ထပ်စာချုပ်နဲ့ မတူဘူး။ အခုခေတ်မှာတော့ လက်ထပ်စာချုပ်ရှိ ရင် ကွာရှင်းလို့ ရသေးတယ်။ ဒါပေမဲ့ ဒါကတော့...။"

"ဒါဆို သူတို့က ဘယ်နည်းလမ်းကို သုံးခဲ့တာလဲ….။"

ချင်ဟုန်ခိုင်၏ မျက်လုံးအကြည့်များက ဒေါသကြောင့် စူးရှနေသည်။ သူကိုယ်တိုင်က အယူသီးမှုကို မယုံကြည် သော်လည်း မိသားစုထဲရှိ လူကြီးများက အလွန်ယုံကြည်ကြသည်။ ထို့ကြောင့် ကလေးများ ၏ မွေးသက္ကရာဇ်ကို မှတ်ပုံတင်တွင် တမင်တကာ ပြောင်းထားပြီး နီးစပ်သော ဆွေမျိုးများသာ အမှန်ကို သိကြသည်။

ထို့ကြောင့် ချင်ရှီးရှီး၏ မွေးသက္ကရာဇ်ကို ရရှိသွားခြင်းမှာ မိသားစုအတွင်းမှ တစ်စုံတစ်ယောက် ကြောင့် သာ ဖြစ်နိုင်၏။

"ဦးလေးချင်…၊ အခု အရေးကြီးတာက ကျိုးရှောင်ဝေရဲ့ ကိစ္စကို ဖြေရှင်းဖို့ပဲ။ သူ့ရဲ့ အုတ်ဂူက 'ယင်နယ် မြေ' မှာ ရှိနေတယ်၊ အဲဒါက အလောင်းကို စွမ်းအားဖြည့်ပေးသလို ဖြစ်နေတော့ ဝိညာဉ်က အင်အား ကြီးပြီး ကိုင်တွယ်ရ ခက်နေတာ….။"

"အုတ်ဂူကို တူးလိုက်ရင် အဲဒီကျိန်စာ ပျယ်သွားနိုင်မလား….။"

ဝမ်ရှောက်ထျန်းက ချင်ဟုန်ခိုင်ကို လေးစားစွာ ကြည့်လိုက်သည်။ အောင်မြင်သော စီးပွားရေးသမား ဖြစ်သည့်အလျောက် အခြေအနေကို ချက်ချင်း သဘောပေါက်ပြီး အဓိက အချက်ကို တန်းသိလေသည်။

"အဲဒါက ဖြစ်နိုင်ခြေ ရှိပါတယ်…။"

ဝမ်ရှောက်ထျန်းက သတိထား၍ ဖြေလိုက်သည်။ မည်သည့်အရာမှ အပိုင်ပြော၍ မရသလို၊ သူကိုယ်

တိုင်ကလည်း အတွေ့အကြုံနုနယ်သော လူသစ်တစ်ဦးသာ ဖြစ်သောကြောင့်ပင်။

ချင်ဟုန်ခိုင်သည် အလုပ်လုပ်လျှင် စိတ်မြန်သူ ဖြစ်သဖြင့် ချက်ချင်းပင် လူလွှတ်၍ ကျိုးရှောင်ဝေ၏ အုတ်ဂူ နေရာကို စုံစမ်းခိုင်းလိုက်၏။ တစ်နာရီအတွင်းမှာပင် နေရာကို အတည်ပြုနိုင်ခဲ့သည်။

"ဝမ်ရှောက်ထျန်း…. ငါတို့နဲ့ လိုက်ခဲ့ပေးနိုင်မလား…။"

ချင်ဟုန်ခိုင်၏ ခေါ်ဝေါ်ပုံမှာ ပြောင်းလဲသွားခဲ့၏။

ဝမ်ရှောက်ထျန်းက ခေါင်းညိတ်လိုက်ပြီး

"လိုက်ခဲ့ပါ့မယ်။ ဒါပေမဲ့ မသွားခင် လိုအပ်တာလေးတွေ ဝယ်ဖို့ ကျွန်တော်နဲ့ အရင် လိုက်ခဲ့ပေးပါဦး…။"

ဖြစ်လာနိုင်သည့် အခြေအနေများအတွက် ဝမ်ရှောက်ထျန်းသည် စက္ကူဝါနှင့် ပြဒါး အချို့ ဝယ်ရန် ပြင်ဆင်လိုက်သည်။

*အဆက်အသွယ် ရှိတော့ အလုပ်က တကယ် လွယ်ကူသွားတာပဲ….။*

ချင်ဟုန်ခိုင်ကဲ့သို့ လူမျိုးအတွက် ဖုန်းတစ်ချက် ဆက်လိုက်ရုံဖြင့် အကောင်းဆုံး ပြဒါးဆိုင်ကို အလွယ် တကူ ရှာတွေ့သွားသည်။

"ဒါတွေနဲ့ပဲ လုံလောက်ပါ့မလား…။"

ပြဒါး တစ်ဗူးနှင့် စက္ကူဝါတစ်ရွက်က လူတစ်ယောက်ကို ကယ်နိုင်မည်ဟု ချင်ဟုန်ခိုင်က ယခုထိ မယုံနိုင် သေးပေ။

ဝမ်ရှောက်ထျန်းက သေချာ နမ်းကြည့်ပြီးနောက် အတည်ပြုလိုက်သည်။

"ရပါတယ်၊ အဆင်ပြေတယ်…။"

ကားသုံးစီးသည် သုသာန်ရှေ့တွင် ရပ်လိုက်သည်နှင့် ကြည်လင်နေသော ကောင်းကင်မှာ ရုတ်တရက် အကြောင်းရင်း မရှိဘဲ အုံ့မှိုင်းလာခဲ့သည်။

ဝမ်ရှောက်ထျန်းနှင့် ချင်ဟုန်ခိုင်တို့က ရှေ့မှ လျှောက်သွား၍ ရှာနေသော်လည်း အချိန်တော်ကြာ ရှာပြီး သည် အထိ ကျိုးရှောင်ဝေ၏ အုတ်ဂူကို ရှာမတွေ့ခဲ့ကြပေ။ ထိုစဉ် ရုတ်တရက် ဝမ်ရှောက်ထျန်းသည် ဇာတ်ပွဲတစ်ခုမှ မောင်းသံ၊ စည်သံများကို ကြားလိုက်ရသည်။

ဤသည်မှာ ထူးဆန်းလှသည်။ သုသာန်ထဲတွင် မည်သူက ဇာတ်ကပြနေမည်နည်း။

ချင်ဟုန်ခိုင်လည်း ထိုအသံကို ကြားနေရသည်မှာ သိသာပေသည် ။ သမီးဖြစ်သူကို ကယ်တင်ရန် သူ၏ ယုံကြည်ချက်ကို ပြောင်းလဲထားရသော်လည်း အခြေအနေအရပ်ရပ်ကို သူ လုံးဝ လက်မခံနိုင်သေးပေ။ ထို့ကြောင့် သူသည် ကြောက်ရွံ့ခြင်းထက် အံ့သြမှုကိုသာ ခံစားနေရသည်။

"သွားရအောင်…။ ဘယ်သူတွေက ငါတို့ကို လှည့်စားနေတာလဲဆိုတာ သွားကြည့်ကြမယ်…။"

ထိုစကားကို ကြားသောအခါ ဝမ်ရှောက်ထျန်းမှာ အံ့သြသွားရသည်။ ချင်ဟုန်ခိုင်က ရှီးရှီး သတိလစ်နေ ရခြင်းမှာ တစ္ဆေလက်ထပ်ပွဲကြောင့်ဟု မယုံကြည်ဘဲ တစ်စုံတစ်ယောက်က လုပ်ကြံနေသည်ဟုသာ ထင်နေပုံရလေသည်။

ရှီးရှီးကို တစ်စုံတစ်ယောက်က စိတ်ညှို့ထားသည်ဟု သူ ထင်နေပုံရသည်။

ဝမ်ရှောက်ထျန်း၏ ခန့်မှန်းချက်မှာ မှန်ကန်သည်။ ချင်ဟုန်ခိုင်က ထိုသို့ပင် တွေးနေခြင်းဖြစ်သည်။ သူ သည် သမီးအတွက်သာ အလျှော့ပေးနေရခြင်း ဖြစ်ပြီး [အပြစ်ရှိသူ တစ်ယောက်ကို လွတ်သွားစေမည့် အစား အပြစ်မရှိသူ တစ်ထောင်ကို သတ်ဖို့လည်း ဝန်မလေးဘူး] ဆိုသော မူဝါဒကို ကိုင်စွဲထားသူ ဖြစ် သည်။ သူ့တွင် ငွေတွေ အများကြီးရှိသဖြင့် မည်သူ့ကိုမဆို ငှားရမ်း၍ ဖြေရှင်းနိုင်သည်။

ချင်ဟုန်ခိုင်က ကဇာတ်ကနေသည့် ဘက်သို့ အပြေးအလွှား သွားသည်ကို မြင်သောအခါ...

ဝမ်ရှောက်ထျန်းလည်း အသံလာရာဘက်သို့ လိုက်သွားရုံမှတစ်ပါး အခြားမရှိတော့ပေ။ မကြာမီတွင် သူတို့သည် တောအုပ်ငယ်တစ်ခုသို့ ရောက်ရှိလာသည်။ တောအုပ်ရှေ့ရှိ ကွင်းပြင်တွင် စင်မြင့် အသေး စားလေး တစ်ခုရှိပြီး ဇာတ်ဝတ်စုံအပြည့်နှင့် လူအချို့မှာ ကဇာတ်ကနေကြသည်။

ဝမ်ရှောက်ထျန်းမှာ ကဇာတ်အကြောင်း ဘာမှမသိသဖြင့် ထိုသူများ သီဆိုနေသည်ကို ဘာတစ်ခုမျှ နားမလည်ပေ။ သူ၏ အာရုံမှာ ပရိသတ်များထံသို့သာ ရောက်သွားသည်။

ထိုပရိသတ်များမှာ လူများ မဟုတ်ကြပေ။ သူ၏ အမြင်တွင် ထိုသူတို့သည် အသုဘများတွင် မီးရှို့ရန် ပြုလုပ်ထားသော စက္ကူရုပ်များသာ ဖြစ်နေကြသည်။

"ဘာလို့ ဒီမှာ ကဇာတ်အဖွဲ့ ရှိနေတာလဲ…။ ဒီလူတွေအားလုံးက ဘယ်က ရောက်လာတာလဲ….။" ချင်ဟုန်ခိုင်၏ မျက်လုံးများတွင် သံသယများ ပြည့်နေသည်။ သုသာန်ထဲတွင် စင်မြင့်နှင့် ပရိသတ်များ ရှိမနေနိုင်ကြောင်း သူ၏ အသိစိတ်က ပြောနေသည်။

သို့သော် ရှေ့တွင် မြင်နေရသည်များမှာ ငြင်းမရနိုင်အောင် အစစ်အမှန်များ ဖြစ်နေသည်။

ပရိသတ်မှာ အလွန်များပြားပြီး ပြည့်နှက်နေကာ စင်မြင့်ရှေ့တွင် တိုးမပေါက်အောင် ရှိနေကြသည်။

ထိုစဉ် မျောက်မျက်နှာနှင့် မေးစေ့ချွန်ချွန် ပိန်လှီလှီ အဘိုးကြီး တစ်ဦး သူတို့အနားသို့ ချဉ်းကပ်လာပြီး ပြောလိုက်သည်။

"မင်းတို့လည်း ကဇာတ်ကြည့်ဖို့ လာတာလား။ အခု ကပြနေတာ အတော်ကောင်းတယ်ကွာ၊ ငါ ဒီလိုမျိုး မကြည့်ရတာ ကြာပြီ…။"

"ဒီမှာ ဘာလို့ စင်မြင့် ရှိနေတာလဲ…။"

ချင်ဟုန်ခိုင်က နားမလည်နိုင်စွာ မေးလိုက်သည်။

အဘိုးကြီးက အတော်ပင် ဖော်ဖော်ရွေရွေဖြင့် ပြန်ဖြေသည်။

"ဒီနေ့ မင်္ဂလာဆောင် ရှိတယ်လေ။ ဒါကြောင့် သူဌေးကျိုးက အားလုံး ပျော်ပျော်ပါးပါး ဖြစ်အောင်လို့ ဒီစင်မြင့်ကို သီးသန့် ဆောက်ပေးထားတာ….။"

"ကျိုး.. ကျိုးမိသားစုက ဟုတ်လား။..."

ချင်ဟုန်ခိုင် ရုတ်တရက် အံ့ဩသွားပြီး သူ၏မျက်နှာမှာ ထူးဆန်းစွာ ဖြူဖျော့သွားတော့သည်။

All Chapters