← Chapters

သရဲမက လမ်းပြပေးခြင်း

Vol. 6 Ch. 61

သရဲမက လမ်းပြပေးခြင်း

Vol. 6 Ch. 61

စင်ပေါ်ရှိ ကပြဖျော်ဖြေသူများသည် မနားတမ်း သီဆိုနေကြသလို စင်အောက်မှ ပရိသတ်များမှာလည်း စိတ်ဝင်တစား နားထောင်နေကြသည်။ ချင်ဟုန်ခိုင်သည် ဤမြင်ကွင်းကို ကြည့်ရင်း ကျောရိုးတစ် လျှောက် အေးစိမ့်လာပြီး ကြက်သီးများပင် ထလာခဲ့သည်။ သူသည် မေးခွန်းများ ထပ်မေးရန် ပြင်လိုက် သော်လည်း ဝမ်ရှောက်ထျန်းက သူ၏ လက်ကောက်ဝတ်ကို ဖမ်းစုပ်လိုက်သည်။

"နေဦး….။"

ဝမ်ရှောက်ထျန်းသည် ချင်ဟုန်ခိုင်ကို အနောက်သို့ အသာဆွဲလိုက်ပြီး ပရိသတ်များကို အကဲခတ်ကြည့် လိုက်သည်။ ထိုသူများသည် ထူးဆန်းစွာ ဝတ်ဆင်ထားကြပြီး အချို့မှာ တန်ဝတ်စုံများ၊ အချို့မှာ မန်ဒရင်ရိုးရာ ဂျာကင်များ ဝတ်ထားကြကာ လူကြီးလူငယ်မရွေး အားလုံး၏ မျက်နှာအမူအရာများမှာ ခံစားချက်ကင်းမဲ့သော မျက်နှာများဖြင့် ဖြစ်နေကြသည်။

"သူတို့ကို စကားမပြောနဲ့……"

ဝမ်ရှောက်ထျန်းက တိုးတိုးလေး သတိပေးလိုက်ပြီး ချင်ဟုန်ခိုင်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။

"ကျွန်တောတို့နဲ့အတူ လာတဲ့သူတွေ အားလုံး ပျောက်ကုန်ပြီ။ ဒီမှာ တစ်ခုခု မှားနေတယ် ကျွန်တော်တို့ သတိထားမှရမယ်….။"

သူတို့နှစ်ဦး တီးတိုးပြောနေစဉ်မှာပင် ဇာတ်ဝတ်စုံ ဝတ်ထားသော အမျိုးသမီးတစ်ဦးသည် ရုတ်တရက် ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လေသံဖြင့် ပြောလိုက်သည်။

"ရှင်တို့ ဘာလို့ အော်ပရာကို နားမထောင်တာလဲ။ ကျွန်မ သီချင်းဆိုတာ ညံ့နေလို့လား….။"

ဝမ်ရှောက်ထျန်း၏ မျက်နှာ အေးခဲသွားသည်။ ဇာတ်ဝတ်စုံ ဝတ်ထားသည့် သရဲမတစ်ဦးက အော်ပရာ နားထောင်ရတာ ညံ့သလားဟု လာမေးလျှင် မည်သို့ ပြန်ဖြေရမည်နည်း….။

သူ စဉ်းစားနေမိသည်မှာ ‘ညံ့တယ်’ ဟု ဖြေလိုက်ပါက ထိုသရဲမက စင်ပေါ်က အဖွဲ့နှင့် တစ်ဖွဲ့တည်းဆို ပါက စိတ်ဆိုးပြီး ပါးရိုက်ခံရမည်ပင်။ သို့ပေမဲ့ ‘ကောင်းတယ်’ ဟု ဖြေပြန်လျင်လည်း ထိုသရဲမက ဘယ်လိုသရဲမျိုးလဲ သူမသိပေ။ သူမကိုယ်တိုင်က စင်ပေါ်တွင် ဖျော်ဖြေနေခြင်း မဟုတ်သဖြင့် သူမ၏ မေးခွန်းမှာ ပြိုင်ဘက်တစ်ဦး၏ မေးခွန်းလည်း ဖြစ်နိုင်ပေသည်။

ဝမ်ရှောက်ထျန်းသည် ဤအချိန်တွင် 'ကောင်းတယ်' ဖြစ်စေ 'ညံ့တယ်' ဖြစ်စေ ဖြေဆိုရန် အန္တရာယ်ရှိ မှန်း သိသဖြင့် ရေငုံနှုတ်ပိတ်သာ နေလိုက်သည်။

"ရှင် ဘာလို့ ဘာမှမပြောတာလဲ။ ဖျော်ဖြေပွဲက ပြီးသွားပြီလေ ရှင် ဆုချပေးသင့်တယ်မဟုတ်လား၊ ဘာလို့ မပေးတာလဲ…။"

ထိုသို့ပြောရင်း ထိုအမျိုးသမီးသည် သူမ၏ ရင်ဘတ်ထဲမှ တစ်စုံတစ်ခုကို နှိုက်ယူကာ စင်ပေါ်သို့ ပစ်တင် လိုက်သည်ကို မြင်လိုက်ရသည်။

ဝမ်ရှောက်ထျန်းသည် မျက်စိလျင်သူဖြစ်သဖြင့် ထိုအမျိုးသမီး ပစ်လိုက်သောအရာမှာ ရွှေတုံးနှစ်တုံး ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ဝမ်ရှောက်ထျန်းသာမက ချင်ဟုန်ခိုင်၏ မျက်လုံးများပါ ပြူးကျယ်သွားခဲ့သည်။

ချင်မိသားစုမှာ အလွန်ကြွယ်ဝသော်လည်း လက်ဝါးခန့်ရှိသော ရွှေတုံးကြီးများကို သူ တစ်ခါမျှ မမြင်ဖူး ခဲ့ပေ။

ပရိသတ်များသည် စင်ပေါ်သို့ ဆုလာဘ်များ ပစ်ပေးနေကြသဖြင့် ကပြသူများမှာလည်း ပို၍ တက်ကြွစွာ သီဆိုလာကြသည်။ သူတို့၏ သာယာလှပသော သီဆိုနေသံများသည် အဝေးသို့ ပျံ့လွင့်နေလျက်ရှိပြီး ဝမ်ရှောက်ထျန်း ၏ ဦးခေါင်းမှာ တစီစီ မြည်လာသကဲ့သို့ ခံစားလိုက်ရသည်။

"ရှင် ဘာလို့ ဆုမချတာလဲ….။"

ဟု အမျိုးသမီးက ထပ်မေးလာပြန်သည်။

ဝမ်ရှောက်ထျန်းသည် ဒေါသထွက်ထွက်ဖြင့် အံကြိတ်လိုက်သည်။ သူ၏ အိတ်ကပ်ထဲတွင် တစ်ပြား တစ်ချပ်မျှ မရှိပေ။ ဖောင်းနေသော အိတ်ကပ်ထဲတွင် ရှိနေသည်မှာ သရဲနှင်ရန် အဆောင်လက်ဖွဲ့ စက္ကူ အဝါများသာ ဖြစ်သည်။ အကယ်၍ ထိုအရာများကို ထုတ်ပေးလိုက်လျှင် ဖျော်ဖြေပွဲ ပျက်သွားပေလိမ့် မည်။

"ငါက အိမ်ရှင်က ကူညီဖို့ ဖိတ်ထားတဲ့သူမို့လို့ပါ…။"

ဝမ်ရှောက်ထျန်းသည် သရဲများကို မနှောင့်ယှက်မိစေရန် ဆင်ခြေတစ်ခု ချက်ချင်း ပေးလိုက်သည်။

"ရှင်က ကျိုးမိသားစုက ဖိတ်ထားတာဆိုတော့ ကျိုးသခင်ကြီး ဘယ်မှာလဲဆိုတာ ရှင် သိမှာပေါ့….။" မိန်းမသရဲသည် ဝမ်ရှောက်ထျန်းကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်ရင်း သံသယမကင်းသည့်ပုံဖြင့် မေးလိုက်သည်။

ဝမ်ရှောက်ထျန်း၏ မျက်လုံးများ ဟိုဒီကစားသွားပြီး -

"သူက သတို့သမီးကို သွားကြိုနေတာလေ။ ဒီလို ထူးခြားတဲ့နေ့မှာ မင်းက သတို့သားကို ဘာလုပ်ဖို့ ရှာနေ တာလဲ….။"

"ကျွန်မ သူရှာထားတဲ့ သတို့သမီးက ဘယ်သူလဲဆိုတာ မေးချင်လို့ပါ။ ကျွန်မလည်း လက်ထပ်ချင် လို့ပါ…။"

ထိုအမျိုးသမီးသည် ရှက်ကိုးရှက်ကန်းပုံစံဖြင့် မျက်လွှာချကာ ပြောလိုက်သည်။

"ဒါကတော့... ငါ လဲသေချာ မသိဘူး။ ငါတို့ သွားမေးကြည့်ကြမလား…။"

ဝမ်ရှောက်ထျန်းသည် ကျိုးရှောင်ဝေက ဤနေရာတွင် ဇာတ်အဖွဲ့ ငှားရမ်းထားခြင်းမှာ သူ၏ ကြွယ်ဝမှု ကို ပြလိုခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ သူတို့အား တားဆီးရန်လည်း ဖြစ်နိုင်ကြောင်း ခန့်မှန်း လိုက်သည်။ သရဲတစ္ဆေများစွာ စုဝေးနေပြီး ယင်စွမ်းအင်များ ထူထပ်နေသဖြင့် မည်သူမျှ သရဲရာပေါင်း များစွာကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

"ကောင်းပြီလေ… သွားမေးကြည့်ကြတာပေါ့…။"

ထိုအမျိုးသမီးသည် သူမ၏ စကတ်အနားသတ်ကို လက်ချောင်းလေးများဖြင့် အသာအယာ မလိုက်ပြီး ဝမ်ရှောက်ထျန်း၏ ရှေ့မှ ဦးဆောင်ကာ လျှောက်သွားသည်။

ဝမ်ရှောက်ထျန်းသည် ချင်ဟုန်ခိုင်ကို မျက်ရိပ်ပြလိုက်ပြီး အရွယ်ရောက်ပြီးသား အမျိုးသား သုံးဦး (ဝမ်ရှောက်ထျန်း၊ ချင်ဟုန်ခိုင်နှင့် လက်ထောက်) တို့သည် ထိုသရဲမ၏ နောက်မှ လိုက်သွားခဲ့ကြသည်။

ချင်ဟုန်ခိုင်သည် စိုးရိမ်နေသည့်ပုံဖြင့် အခွင့်အရေးကို စောင့်ကာ ဝမ်ရှောက်ထျန်းကို ဘေးသို့ ဆွဲထုတ် ပြီး နားနားသို့ကပ်၍ တိုးတိုးလေး ကပ်မေးလိုက်သည်။

"ဒီမိန်းမက သရဲများလား….။"

ဝမ်ရှောက်ထျန်း၏ နှုတ်ခမ်းများ တွန့်သွားသည်။ ဤနေရာသည် သုသာန်ဖြစ်ပြီး နေ့ခင်းဘက် ဖြစ်နေ သော်လည်း နေရောင်ကို တိမ်တိုက်များက ဖုံးကွယ်ထားကာ အေးစက်သော လေများ တိုက်ခတ်ပြီး သရဲအော်သံများ လွှမ်းမိုးနေသည်။ လူသားတစ်ယောက်သည် ဤနေရာတွင် မည်သို့ ရှိနေနိုင်မည်နည်း။

ထို့ကြောင့် ဝမ်ရှောက်ထျန်းသည် ခေါင်းကို ငြိမ်သက်စွာ ညိတ်ပြလိုက်ပြီး နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင် ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

ချင်ဟုန်ခိုင်သည် တစ်သက်လုံး နေလာခဲ့သော်လည်း ဤကဲ့သို့ ထူးဆန်းသော အခြေအနေနှင့် ပထမဆုံး အကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သော်လည်း သူသည် အတန်အသင့် တည်ငြိမ်နေသေးသည်။ သို့သော် သူ၏ လက်ထောက်မှာမူ ကြောက်လန့်လွန်းသဖြင့် မျက်နှာဖြူလျော့ကာ ခြေထောက်များ တုန်ရီနေပြီ ဖြစ်သည်။

လက်ထောက်၏ ကြောက်ရွံ့မှုကို မြင်လိုက်ရသောအခါ ဝမ်ရှောက်ထျန်းသည် ထူးဆန်းသော ယုံကြည် မှုတစ်ခု ရရှိလာသည်။ လူတိုင်းသည် သရဲကို ကြောက်ကြသည်မှာ မှန်ပေ၏။ သူ၏ တုန်တုန်ယင်ယင် သရုပ်ဆောင်ချက်မှာလည်း အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။

ဆယ်မိနစ်ခန့် လျှောက်ပြီးနောက် အမျိုးသားသုံးဦး၏ ရှေ့တွင် အိမ်ကြီးတစ်လုံး ရုတ်တရက် ပေါ်လာ သည်။ ၎င်းအိမ်တွင် အနီရောင် မီးပုံးကြီးများ ချိတ်ဆွဲထားပြီး အနီရောင်နှင့် အစိမ်းရောင် ဝတ်ဆင်ထား သော လူများမှာလည်း ဟိုဒီ ကူးလူးသွားလာနေကြသည်။

"သတို့သား ဘယ်မှာလဲ"

အမျိုးသမီးသည် သူတို့ထဲမှ တစ်ဦးကို တားလိုက်ကာ တိုးတိုးလေး မေးလိုက်သည်။

အကြောင်းရင်းတစ်ခုကြောင့် ထိုအမျိုးသမီး တားလိုက်သော အမျိုးသားမှာ တုန်လှုပ်သွားပြီး - "သ...သတို့သားက သတို့သမီးကို သွားကြိုနေပါတယ်…။"

အမျိုးသမီးသည် သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး စိတ်ပျက်သွားသည့်ပုံပင်။ သူမ၏ သေးငယ်လှပသော မျက်နှာလေးမှာ သနားစဖွယ် ဖြစ်နေသဖြင့် ကြည့်ရသူကို ကြင်နာစိတ်ဖြစ်ပေါ်စေသည်။ ကံဆိုးသည်မှာ ထိုနေရာရှိ အမျိုးသားသုံးဦးလုံးမှာ သူမသည် သရဲမဖြစ်ကြောင်း သိနေခြင်းပင်။ သူမကို သနားဖို့နေနေ သာသာ တစ်ချက်ကြည့်ရုံနှင့်ပင် သူတို့ ခြေဖျားလက်ဖျားများ အေးစက်ကုန်ကြသည်ပင်။

ဝမ်ရှောက်ထျန်းမှာမူ ဤအရာများကို ကျင့်သားရနေပြီ ဖြစ်သည်။ သူသည် ဤကဲ့သို့သော သရဲများစွာ ကို တွေ့ဖူးပြီး ဖြစ်ရာ သူကပင် အသာအယာ နှစ်သိမ့်ပေးလိုက်သေးသည်။

"စိတ်မပူပါနဲ့၊ စိတ်ရှည်တဲ့သူအတွက် ကောင်းတာတွေ ဖြစ်လာမှာပါ။ မင်းရဲ့ ဖူးစာရှင်က တစ်နေ့နေ့မှာ ပေါ်လာမှာပါ….။"

"ရှင် ပြောတာ မှန်ပါတယ်….။"

ထိုအမျိုးသမီးသည် ဝမ်ရှောက်ထျန်းကို စူးရှသော မျက်လုံးများဖြင့် မော့ကြည့်ရင်း ပြောလိုက်သည်။

ဝမ်ရှောက်ထျန်းသည် မြွေဟောက်တစ်ကောင်၏ အကြည့်ကို ခံလိုက်ရသလို ကျောရိုးထဲထိစိမ့်သွားပြီး သူကိုယ်တိုင်မှာ သားကောင်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ကျွန်မ ရှင်တို့ကို တစ်နေရာ ခေါ်သွားပေးမယ်"

ရုတ်တရက် ကူညီလိုစိတ်ဖြင့် သရဲမက ပြောလိုက်သည်။

ဝမ်ရှောက်ထျန်း တုန်သွားသည်။ မိန်းမသရဲက သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိသွားပြီဟု ခံစားရသဖြင့် ချက်ချင်း ငြင်းဆိုလိုက်သည် -

"ဟင့်အင်း၊ မလိုပါဘူး။ ဒီနေ့က ကျိုးသခင်ကြီးရဲ့ မင်္ဂလာနေ့ဆိုတော့ ငါတို့ ဝိုင်းကူပေးရဦးမယ်…။"

"ရှင် ကျွန်မနဲ့ တကယ် မလိုက်ချင်ဘူးလား…."

မိန်းမသရဲက ခဏ ရပ်လိုက်ပြီး -

"ကူညီမယ့်သူတွေ အများကြီး ရှိပါတယ်၊ ရှင်တို့ လူသုံးယောက် မရှိလဲရပါတယ်….။"

မိန်းမသရဲသည် 'လူသား' ဆိုသည့် စကားလုံးကို တမင်တကာ ဖိပြောသွားခဲ့သဖြင့် ဝမ်ရှောက်ထျန်းသည် သူမက သူတို့သည် လူသားတွေဆိုတာ သိသွားပြီး သိနေပြီး ခြိမ်းခြောက်နေမှန်း ချက်ချင်း နားလည် လိုက်သည်။

ထို့ကြောင့် ဝမ်ရှောက်ထျန်းက သတ္တိမွေးကာ

"မင်း ပြောတာ မှန်တာပဲ" ဟု ပြောလိုက်ရတော့သည်။

သူတို့သုံးဦးသား သရဲမနောက်သို့ အားကိုးရာမဲ့စွာ လိုက်သွားကြရသည်။ ဝမ်ရှောက်ထျန်းသည် လှုပ်ရှား ရန်ပင် မဝံ့ရဲတော့ပေ။ အကယ်၍ ကျိုးရှောင်ဝေ တစ်ဦးတည်းသာဆိုလျှင် သူက ရှေ့သို့ ပြေးထွက်ကာ တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်မည်ဖြစ်သော်လည်း ယခုမူ ၎င်းသည် သရဲရာပေါင်းများစွာ၏ ကြားထဲ တွင် ရှိနေခြင်းထက် မလျော့သော အန္တရာယ်မျိုး ဖြစ်နေပေသည်။

"ဒီနေရာက ဘယ်နေရာလဲဟင်…။"

အေးစက်သောလေများ ပတ်လည်တွင် တိုက်ခတ်နေသဖြင့် ဝမ်ရှောက်ထျန်းက မနေနိုင်ဘဲ မေးလိုက် သည်။

သရဲမသည် ရှေ့မှ ကျောက်ဆောင်တစ်ခုကို ရုတ်တရက် ညွှန်ပြကာ

"အဲဒီနေရာပဲ" ဟု ပြောလိုက်သည်။

ဝမ်ရှောက်ထျန်း လန့်သွားသည်။ ထိုကျောက်ဆောင်သည် မြေနိမ့်ပိုင်းတွင် ရှိနေပြီး မည်သည့်အပင်မျှ မပေါက်ဘဲ ကြောက်မက်ဖွယ်ကောင်းအောင် ခြောက်ကပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ငယ်စဉ်က သူ၏အဘိုးနှင့်အတူ ကြုံတွေ့ခဲ့ဖူးသော ထူးဆန်းသည့် အဖြစ်အပျက်တစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။

ထိုစဉ်က သူသည် ခြောက်နှစ်သားသာ ရှိသေးသည်။ ရွာတွင် နှစ်နှစ်ဆက်တိုက် ပြင်းထန်သော မိုးခေါင်မှု ဒဏ်ကို ခံခဲ့ရပြီး မိုးတစ်ပေါက်မျှ မကျသဖြင့် သီးနှံများ အကုန်ပျက်စီးခဲ့သည်။ တစ်ညတွင် ရွာသူကြီး သည် ကောင်းမွန်သော ဝိုင်အရက်များကို ယူဆောင်ကာ အဘိုးထံ လာရောက်တွေ့ဆုံခဲ့ပြီး ညဦးပိုင်း အထိ စကားပြောခဲ့ကြ၏။ နောက်တစ်နေ့တွင် အဘိုးဖြစ်သူသည် အိမ်မှ ကြက်ဖတစ်ကောင်ကို ယူကာ အပြင်သို့ ထွက်သွားခဲ့သည်။

ကလေးဘဝ ဝမ်ရှောက်ထျန်းသည် အလွန် စပ်စုတတ်သူဖြစ်သဖြင့် အဘိုးနောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့သည်။ သူ၏ အဘိုးသည် ထူးဆန်းသော အရာများကို ကိုင်တွယ်လျက် တောင်များကိုကျော်၊ မြစ်များကို ဖြတ်ကာ နောက်ဆုံးတွင် ချိုင့်ဝှမ်းတစ်ခုကို ရောက်ခဲ့လေသည်။

All Chapters