အလောင်းပျိုးမြေ
Vol. 6 Ch. 62
အသက် ခြောက်နှစ်အရွယ်သာရှိသော ဝမ်ရှောက်ထျန်းသည် ထူးဆန်းစွာပင် ခွန်အားရှိလှပြီး သူ့ အဘိုး ၏ နောက်သို့ လိုက်ကာ တောင်ပေါ်သို့ တက်ခဲ့သည်။ ချိုင့်ဝှမ်းသို့ ရောက်သောအခါ သူ အလွန်အမင်း မောပန်းနွမ်းနယ်နေခဲ့ပြီး ငိုလိုက်မိရာမှ အဘိုးဖြစ်သူက သတိထားမိသွားခဲ့သည်။
သူ၏အဘိုးဖြစ်သူသည် သူ့အား မဆူခဲ့သည့်အပြင် ကျောပိုး၍ သစ်ပင်မြစ်တစ်ခုပေါ်တွင် နားနေ စေခဲ့ သည်။ ထို့နောက် အဘိုးဖြစ်သူသည် ချိုင့်ဝှမ်းအတွင်း အချိန်အတော်ကြာ လျှောက်သွားပြီးနောက် ကျောက်ဆောင်များပေါသည့် မြေပြောင်နေရာတစ်ခုကို ရွေးချယ်လိုက်သည်။ သူသည် ပေါက်ပြားကိုယူ ၍ တူးဆွလိုက်ရာ မကြာမီမှာပင် အလောင်းတစ်ခု ပေါ်လာခဲ့သည်။
ထိုအလောင်းမှာ မဲနက်နေသော်လည်း ပုပ်သိုးသွားခြင်း မရှိပေ။ နေရောင်ခြည်နှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ထိုအလောင်းသည် အလိုအလျောက် မီးလောင်ကျွမ်းသွားခဲ့သည်။
ထိုမြင်ကွင်းက အလွန်တရာ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသဖြင့် ဝမ်ရှောက်ထျန်း မေ့လဲသွား ခဲ့သည်။ သူ ပြန်နိုးလာချိန်တွင် သူ၏ ကုတင်လေးပေါ်သို့ ရောက်နေပြီး အဘိုးနှင့် ရွာသူကြီးတို့ တိုးတိုး လေးပြောနေသည်ကို ခပ်ရေးရေး ကြားလိုက်ရသည်။
"အလောင်းပျိုးမြေကနေ မိုးခေါင်စေတဲ့ ဘီလူးတစ်ကောင် ထွက်လာတာပဲ။ ဒါပေမဲ့ ငါ ကျိန်စာကို ဖျက်ဆီးလိုက်ပြီ။ မနက်ဖြန် မိုးရွာလိမ့်မယ်….။"
ထိုအချိန်က ဝမ်ရှောက်ထျန်းသည် 'အလောင်းပျိုးမြေ' နှင့် 'မိုးခေါင်ဘီလူး' ဆိုသည်မှာ ဘာကိုဆိုလဲ ဆိုသည် ကို နားမလည်ခဲ့သော်လည်း ယခုမူ သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ကျောက်ဆောင်ကြီး၏ ပတ်ပတ်လည်တွင် မည်သည့်အပင်မျှ ပေါက်ရောက်ခြင်းမရှိသည်ကို မြင်သော အခါ ဝမ်ရှောက်ထျန်းသည် အဘိုးယွမ် ပြောခဲ့ဖူးသော 'ယင်နတ်ဆိုးနယ်မြေ' ကို ချက်ချင်း သတိရလိုက် သည်။ သူသည် ပတ်ဝန်းကျင် အနေအထားကို မြန်မြန်ဆန်ဆန်ပင် အကဲခတ်ကြည့်လိုက်ရာ ထိုကျောက် ဆောင်ရှိသော နေရာသည် အဘိုး၏ စကားအရ 'အလောင်းပျိုးမြေ' ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
"ရှင် ကျွန်မကို ဘယ်လို ပြန်ပေးဆပ်မှာလဲ…။"
ဝမ်ရှောက်ထျန်း စဉ်းစားနေစဉ်မှာပင် သူ၏ လည်ပင်းဆီမှ အေးစိမ့်သော အထိအတွေ့ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ ခေါင်းကို အမြန်လှည့်ကြည့်လိုက်ရာ သူ့အား လမ်းပြလာခဲ့သော သရဲမသည် သူ့ ဘေးနားမှာပင် ရှိနေပြီး သူ့နားထဲသို့ အေးစက်သော လေများကို မှုတ်နေသည်ကို တွေ့လိုက်ရသည်။
"ဒါကတော့... မင်းကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး။"
ဝမ်ရှောက်ထျန်းသည် မခန့်လေးစား မပြောရဲသော်လည်း သရဲမတစ်ယောက်၏ အလဲအလှယ်လုပ်ရန် တောင်းဆိုခြင်းကိုလည်း သဘောမတူနိုင်ပေ။
သရဲမ၏ မေးစေ့မှာ ဝမ်ရှောက်ထျန်း၏ ပခုံးပေါ်တွင် တင်ထားပြီး သူမ၏ နီရဲသော လျှာကြီးမှာ အပြင် သို့ ထွက်နေကာ သူ၏နားနှင့် လက်သီးတစ်ဆုပ်စာခန့်သာ ကွာတော့၏။ သူသည် အေးစက်သော အငွေ့ အသက်ကို နီးကပ်စွာ ခံစားနေရသဖြင့် ကြောက်လန့်လွန်းသောကြောင့် တုန်ယင်နေခဲ့သည်။
ဤသရဲမက သူ့အား ကပ်တွယ်နေပြီ ဖြစ်သည်။
"ရှင် ကျွန်မအတွက် မိသားစုကောင်းကောင်းလေး ရှာပေးတာ ပိုကောင်းလိမ့်မယ်နော်….။"
ဟု သရဲမက ခြောက်ခြားဖွယ် လေသံဖြင့် ပြောလိုက်သည်။
ဝမ်ရှောက်ထျန်းသည် သဘောတူရမလားဟု ဝေခွဲမရ ဖြစ်နေသည်။ လိုအပ်လာပါက သူမအတွက် တစ္ဆေလက်ထပ်ပွဲ စီစဉ်ပေး၍ ရပေသည်။ နောက်ဆုံးတွင် ဤအရာအားလုံးမှာ ချင်ရှီးရှီးအတွက် ဖြစ်နေ သဖြင့် ချင်ဟုန်ခိုင်ကလည်း ငွေကြေးစိုက်ထုတ်ပေးရန် ဝန်လေးနေမည် မဟုတ်ပေ။
သူ စဉ်းစားနေစဉ်အချိန်မှာပင် သူ့ဘေးနားရှိ အေးစက်ခြောက်ခြားဖွယ် အငွေ့အသက်များ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ လှည့်ကြည့်လိုက်သောအခါ သရဲမမှာ မရှိတော့ပေ။
"ပျောက်သွားပြီ... ဒီလိုပဲလား….။"
ဝမ်ရှောက်ထျန်း မယုံနိုင်အောင် ဖြစ်သွားသည်။ သရဲဆိုသည်မှာ အလွန်လောဘကြီးသော သတ္တဝါများ ဖြစ်ကြရာ သူ့အား ဤမျှလွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ နောက်ကွယ်တွင် တစ်ခုခု ကြံစည်နေသလားပင်။
သူ့လက်ထောက်မှာ ငိုတော့မည့်ရုပ်ဖြင့် ပြောလာသည်။
"ဆရာဝမ်…။ သရဲမ ထွက်သွားတာ မကောင်းဘူးလားဗျာ…။ ကျွန်တော်တို့ အလုပ်ကို မြန်မြန်လုပ်လို့ ရတာပေါ့….။"
အစောပိုင်းက ပြဇာတ်ကြည့်နေသည့် လူအုပ်ကြီးကို မြင်ရစဉ်ကတည်းက ကြောက်လန့်နေခဲ့သော လက်ထောက်ဖြစ်သူမှာ သရဲမ ရုတ်တရက် ပျောက်ကွယ်သွားမှုကြောင့် စိတ်ဓာတ်များ လုံးဝပြိုလဲ လုနီးပါး ဖြစ်နေရှာသည်။
“မင်းပြောတာ မှန်တယ်…။”
ဝမ်ရှောက်ထျန်းသည် ခေါက်သိမ်း၍ရသော ပေါက်ပြားကို ထုတ်လိုက်ပြီး ချင်ဟုန်ခိုင်ကိုပါ မြေဝိုင်းတူး ရန် အချက်ပြလိုက်သည်။ အမျိုးသား သုံးဦးသည် ကျောက်ခဲများကို ဖယ်ရှားကာ နာရီဝက်ခန့် တူးနေရာ မီတာဝက်ခန့်အနက်အထိ ကျင်းတစ်ခု ဖြစ်လာသော်လည်း ဘာမှ မတွေ့ရသေးပေ။
လက်ထောက်ဖြစ်သူက အမောတကောဖြင့် မေးလိုက်သည်။
"ဆရာဝမ်၊ ဒီနေရာ ဟုတ်လို့လား။ ကျွန်တော်တို့ မှားနေတာများလား….။"
ချင်ဟုန်ခိုင်က ဘာမှမပြောသော်လည်း သူ၏ မျက်ဝန်းများထဲတွင် သံသယများ ပြည့်နေပြီး သူလည်း ယုံကြည်မှုမရှိတော့ကြောင်း ထင်ရှားနေသည်။
ဝမ်ရှောက်ထျန်းသည် သူကိုယ်တိုင်လည်း မသေချာသဖြင့် ခေါင်းကို ကုတ်လိုက်သည်။ သူ၏အဘိုးမှာ နေရာအတိအကျကို သိရန် အချိန်အတော်ကြာ တိုင်းတာခဲ့ရသော်လည်း သူကမူ မည်သည့် နည်းလမ်း ကိုမျှ မသိဘဲ စိတ်အာရုံပေါ်မူတည်၍ ရမ်းတူးနေခြင်းသာ ဖြစ်သည်။
"ဒါကတော့ တကယ် အဆင်မပြေဘူး။ အချိန်ကလည်း သိပ်မရှိဘူး။ ကျွန်တော် တစ်ခုခု စဉ်းစားကြည့် ဦးမယ်….။"
ကျိုးရှောင်ဝေမှာ မူလကတည်းက အငြိုးကြီးသော နတ်ဆိုးသရဲတစ်ကောင် ဖြစ်ပြီး၊ ဤနေရာတွင် သရဲ ဇာတ်ပွဲ ကပြနေသဖြင့် သရဲရာပေါင်းများစွာ စုဝေးနေရာ နေ့ခင်းကြောင်တောင်မှာပင် အလွန်တရာ ခြောက်ခြားစရာ ကောင်းနေသည်။ လူသားများ ဤနေရာသို့ ဝင်လာပါက ဝိညာဉ်ပင် အနှုတ်ခံရနိုင် သည်။
သူတို့နှင့်အတူ ပါလာခဲ့သောသူများမှာလည်း သေချာပေါက် ပြုစားခံထားရပြီ ဖြစ်သည်။ သူတို့သည် ကျိုးရှောင်ဝေ ၏ အလောင်းကို မြန်မြန်တူးထုတ်ပြီး ဤနေရာမှ အမြန်ဆုံး ထွက်ခွာကြရမည်ဖြစ်သည်။
"ငါ သိပြီ… မင်းတို့ ငါ့ကို ကာကွယ်ပေးထား…။"
ဝမ်ရှောက်ထျန်း ရုတ်တရက် အကြံတစ်ခုရသွားသည်။ ယင်စွမ်းအင်ရှိသော နေရာသည် ဝိညာဉ်များကို မွေးမြူပေးသည်။ ထို့ကြောင့် ကျိုးရှောင်ဝေ၏ အလောင်းကို တူးထုတ်ရန် မလိုအပ်ဘဲ ယင်စွမ်းအင်ကို ဖျက်ဆီးပစ်လိုက်လျှင်ပင် လုံလောက်ပြီ ဖြစ်သည်။ သူ ယနေ့ လာရဲခြင်းမှာလည်း သူ့ကိုယ်သူ ကာကွယ် ရန် တစ်ခုခု ပါလာသောကြောင့် ဖြစ်သည်။
ဝမ်ရှောက်ထျန်းသည် သူ၏ အင်္ကျီကို မလိုက်ပြီး အချိန်အတော်ကြာ မွှေနှောက်ရှာဖွေကာ အဆောင် လက်ဖွဲ့ဝါ တစ်ခုကို ထုတ်လိုက်သည်။
လက်ထောက်က စပ်စုကာ မေးသည်။
"အဲ့ဒါက ဘာလဲ…။"
"မိုးကြိုးဆင့်ခေါ် အဆောင်လက်ဖွဲ့လေ….။"
မိုးကြိုးနှင့် မီးသည် ဤကမ္ဘာပေါ်တွင် ယန်စွမ်းအင် အရှိဆုံး အရာများ ဖြစ်ကြသည်။ ဝမ်ရှောက်ထျန်း သည် ဤအဆောင်လက်ဖွဲ့ကို အဘိုးယွမ်ထံမှ အနိုင်နိုင် တောင်းဆိုထားရခြင်း ဖြစ်ပြီး အရေးပေါ် အခြေ အနေတွင် မိုးကြိုးဆင့်ခေါ်ကာ မကောင်းဆိုးဝါးများကို ချေမှုန်းနိုင်သည်ဟု ပြောသည်။
"ဒါက တကယ်ပဲ အလုပ်ဖြစ်လောက်လား….။"
ဟု လက်ထောက်က သံသယဖြင့် မေးသည်။
ဝမ်ရှောက်ထျန်း မျက်လုံးလှန်ကြည့်လိုက်ပြီး ရိုးသားစွာ ပြန်ဖြေလိုက်သည်။
"အမှန်အတိုင်း ပြောရရင် အလုပ်ဖြစ်မလား ငါလည်း မသိဘူး...။"
အကြောင်းမှာ မီးသဂြိုလ်စက်တွင် သူ အပင်ပန်းခံ ရေးဆွဲခဲ့သော အဆောင်လက်ဖွဲ့များမှာ လုံးဝ အသုံး မဝင်ခဲ့ဘဲ ချင်ရှီးရှီး၏ ကျောက်စိမ်းဆွဲပြားကြောင့်သာ ယင်နတ်ဆိုးကို နှင်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သော ကြောင့်ပင်။
ထို့ကြောင့် ဤမိုးကြိုးဆင့်ခေါ် အဆောင်လက်ဖွဲ့ အလုပ်ဖြစ်မည်ဟု သူ လုံးဝ အာမမခံနိုင်ပေ။
"ငါ ဘာမဆို စမ်းကြည့်ရမှာပဲ။ အောင်မြင်မလားဆိုတာကတော့ ကံတရားပေါ့….။"
ဝမ်ရှောက်ထျန်း ပခုံးတွန့်လိုက်သည်။ သူ့မှာ တခြားရွေးချယ်စရာ မရှိသဖြင့် စမ်းကြည့်ရုံသာ ရှိတော့ သည်။
အဆောင်လက်ဖွဲ့သည် သူ့အလိုလို မီးမလောင်သွားခြင်းက ဝမ်ရှောက်ထျန်းကို ယုံကြည်မှု အပြည့်အဝ ပေးလိုက်သည်။
"ဂျိမ်း….."
မိုးကြိုးစ အသေးစားလေးတစ်ခုသည် အလောင်းပျိုးမြေပေါ်သို့ ရုတ်တရက် ကျရောက်သွားပြီး တစ်စုံ တစ်ခု မီးလောင်ကျွမ်းသွားသကဲ့သို့ ဖြစ်သွားကာ ပြန်လည် ငြိမ်သက်သွားသည်။
"ဒါပဲလား..."
ဝမ်ရှောက်ထျန်း၏ မျက်စိမျက်နှာ ပျက်သွားပြီး -
"အဟမ်း... မိုးကြိုးဆင့်ခေါ်အဆောင်လက်ဖွဲ့က အလုပ်မဖြစ်ဘူး ထင်တယ်။ ငါလည်း တခြားနည်းလမ်း မရှိတော့ဘူး။ သခင်ကြီးချင်၊ တခြားတစ်ယောက်ယောက်ကိုပဲ ရှာလိုက်ပါတော့။ ကျိုးရှောင်ဝေလို အငြိုးကြီးတဲ့ သရဲကို ကျွန်တော် မနိုင်ဘူး…။"
ချင်ရှီးရှီးက သူ့အပေါ် ကြင်နာခဲ့ဖူးသဖြင့် ကျေးဇူးဆပ်ချင်သည်မှာ မှန်သော်လည်း သူ၏ တတ်နိုင်စွမ်း အတွင်းမှသာ လုပ်ဆောင်ရမည် ဖြစ်သည်။ သူ အစွမ်းကုန် ကြိုးစားခဲ့ပြီးလေပြီ။
ချင်ဟုန်ခိုင်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး
"တကယ်ပဲ ဘာမှလုပ်လို့ မရတော့ဘူးလား…။"
"တကယ်ပါ သခင်ကြီးချင်။ အမှန်အတိုင်း ပြောရရင် ဒါက ယင်စွမ်းအင်တွေ စုနေတဲ့ အလောင်းပျိုးမြေ ပဲ။ ဒီမှာ မြှုပ်ထားတဲ့ အလောင်းတွေက မပုပ်သိုးဘူး ယင်စွမ်းအင်တွေက အလောင်းကို အားဖြည့်ပေး နေတော့ သရဲတွေက ပိုပြီး အစွမ်းထက်လာကြတာ….။"
သူ တကယ်ကို မတတ်နိုင်တော့ပေ။
ဝမ်ရှောက်ထျန်းသည် သူ၏အဘိုးက ထိုစဉ်က မိုးခေါင်ဘီလူးကို လွယ်လွယ်ကူကူ တူးထုတ်နိုင်ခဲ့ပုံကို ပြန်စဉ်းစားမိရာ သူ၏အဘိုးမှာ သာမန်လူ မဟုတ်ကြောင်း သိသာလှသည်။
ထိုအချိန်မှာပင် လက်ထောက်ဆီမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ သူတို့နှစ်ဦး လှည့်ကြည့် လိုက်ရာ လက်ထောက်ဖြစ်သူမှာ မြေကြီးပေါ်တွင် ဒူးထောက်ကာ တစ်ကိုယ်လုံး တုန်ရီလျက် နာကျင်စွာ အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။
ဝမ်ရှောက်ထျန်းနှင့် ချင်ဟုန်ခိုင်တို့ ချက်ချင်းပင် ပြေးသွားလိုက်ကြသည်။ ဝမ်ရှောက်ထျန်းက လက်ထောက်ကို ထူပေးရန် ကြိုးစားသော်လည်း လက်ထောက်က သူ့အား သရဲမြင်လိုက်ရသလိုမျိုး ထိတ်လန့်တကြား မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့သည်။
"မင်း ဘာဖြစ်တာလဲ….။"
ဝမ်ရှောက်ထျန်းက စိုးရိမ်တကြီး မေးလိုက်သည်။ လက်ထောက် သရဲဝင်ပူးခံရမှာကို သူ စိုးရိမ်နေမိ သည်။ ယခုအချိန်တွင် သရဲများကို သွားမနှောင့်ယှက်မိဖို့ လိုသည် သို့မဟုတ်ပါက သူတို့ သုံးယောက်လုံး အသက်ရှင်လျက် ပြန်ထွက်နိုင်မည် မဟုတ်ပေ။
လက်ထောက်က ထိတ်လန့်တကြား ခေါင်းခါပြပြီး ဝမ်ရှောက်ထျန်းကို တုန်တုန်ယင်ယင် ကြည့်ကာ မျက်လုံးများက တောင်ကြည့်မြောက်ကြည့်ဖြင့် လည်နေသည်။
သူ၏ အပြုအမူကြောင့် ဝမ်ရှောက်ထျန်း အလွန် ဇဝေဇဝါ ဖြစ်သွားသည်။ သူက လက်ထောက်၏ နောက်ကွယ်ကို ကျော်ကြည့်ရန် ကြိုးစားသော်လည်း လက်ထောက်က ဝမ်ရှောက်ထျန်း၏ ရှေ့တွင် ဓာတ်လိုက်ခံရသလို ရုတ်တရက် ရပ်လိုက်ပြီး -
"ဟင့်အင်း၊ ငါ ဘာမှမမြင်ဘူး….။" ဟု ပြောလိုက်သည်။
ဤသည်က သိသာလွန်းလှသည်။ လက်ထောက် သတိလက်လွတ် ဖြစ်နေခိုက် ဝမ်ရှောက်ထျန်းက သူ့ကို ဘေးသို့ တွန်းဖယ်လိုက်ရာ နောက်ကွယ်တွင် ရှိနေသော အုတ်ဂူ ကျောက်စာတိုင်တစ်ခု ပေါ်လာခဲ့ပြီး ၎င်းကို မြင်လိုက်ရချိန်တွင် ဝမ်ရှောက်ထျန်းမှာ ဆွံ့အသွားရလေတော့သည်။