အုတ်ဂူကျောက်စာတိုင်
Vol. 6 Ch. 63
စကျင်ကျောက်ဖြင့် ပြုလုပ်ထားသော အုတ်ဂူကျောက်စာတိုင်မှာ အလွန်ပင်ရိုးရှင်းလှပြီး ၎င်းပေါ်တွင် ဓာတ်ပုံတစ်ပုံနှင့် အမည်တစ်ခုကို ထွင်းထုထားသည်။
"ဒါက..."
ချင်ဟုန်ခိုင်သည် အသက်ရှူမှားသွားပြီး ဝမ်ရှောက်ထျန်းကို အံ့ဩသောမျက်လုံးများဖြင့် ကြည့်ကာ မေး လိုက်မိသည်မှာ
"ဘာလို့ ဒီပေါ်မှာ မင်းရဲ့ဓာတ်ပုံ ရှိနေရတာလဲ။ ပြီးတော့ မင်းနာမည်လည်း ထိုးထားတယ်….။"
"တောက်…"
ဝမ်ရှောက်ထျန်း၏ နှလုံးသားမှာ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသကဲ့သို့ တစ်ကိုယ် လုံး တုန်ရီသွားပြီး ခြေထောက်များပင် ခွေယိုင်သွားတော့သည်။
"ငါ့ရဲ့ အုတ်ဂူကျောက်စာတိုင်လား။ ဒါက ငါ့ရဲ့ နာရေးဓာတ်ပုံ ဖြစ်နေတာလား။ ငါ သေသွားပြီပေါ့ လေ…။"
သူသည် ချင်ဟုန်ခိုင်ဘက်သို့ လှည့်ကြည့်လိုက်ရာ ချင်ဟုန်ခိုင်မျက်လုံးအပြူးသားဖြင့် ထိတ်လန့်ကာ အံ့ဩနေသည်ကို တွေ့လိုက်ရသည်။
"ဒါဟာ အတုပဲဖြစ်ရမယ်….။ ကျွန်တော်က အကောင်းပကတိ အသက်ရှင်နေတာပဲ….။ ဘယ်လိုလုပ် သေနိုင်မှာလဲ…..။ ဒါဟာ ကျိုးရှောင်ဝေရဲ့ လှည့်ကွက်..သရဲက မျက်စိမှောက်အောင် ပြုစားထားတာပဲ ဖြစ်ရမယ်….။"
ဝမ်ရှောက်ထျန်းသည် သူသေဆုံးသွားပြီဆိုသည်ကို မယုံကြည်နိုင်ဘဲ အော်ဟစ်လိုက်သည်။
သို့သော်လည်း သူ၏စိတ်ကို တုန်လှုပ်စေသော အခြားအချက်တစ်ခု ရှိနေသည်။ ၎င်းမှာ ယခုတစ်လော သူကြုံတွေ့ခဲ့ရသမျှ အရာအားလုံးသည် ထူးဆန်းလွန်းနေသောကြောင့်ပင်။
ကြောက်လန့်လွန်း၍ သွားများ တဂတ်ဂတ် ရိုက်နေရင်း ဝမ်ရှောက်ထျန်းသည် ဝမ်းနည်းပက်လက် ငိုကြွေးမိသည်။
"ငါ တကယ်မသေသေးပါဘူး၊ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ငါ ဘယ်လိုလုပ် သေရမှာလဲ….။"
ချင်ဟုန်ခိုင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်ရှောက်ထျန်းထံမှ နောက်သို့ နှစ်လှမ်းခန့် ဆုတ်ကာ ခပ်ခွာခွာ နေလိုက်သည်။ အကယ်၍ သူ့ရှေ့မှ လူသည် လူမဟုတ်ဘဲ သရဲသာဆိုပါက သူတို့သည် ရန်သူ ၏ ထောင်ချောက်ထဲသို့ ကျရောက်နေပြီ ဖြစ်သည်။
ဝမ်ရှောက်ထျန်းသည် အုတ်ဂူကျောက်စာတိုင်နားသို့ ရုတ်တရက် တိုးကပ်သွားပြီး အသေအချာ ကြည့်ရှု စစ်ဆေးရာမှ သဲလွန်စတစ်ခုကို တွေ့လိုက်ရသည်။
"တစ်ခုခု မှားနေပြီ၊ ဒီဓာတ်ပုံက ငါ့ရဲ့ အခုပုံစံအတိုင်းပဲ….။ ငါက သေလုမတတ် ဆင်းရဲတဲ့သူပါ ဓာတ်ပုံ ရိုက်ဖို့ ဘယ်မှာ ပိုက်ဆံရှိမှာလဲ…။"
"ဒါဟာ မီးသင်္ဂြိုဟ်စက်က ပြင်ဆင်ပေးထားတဲ့ ရုပ်အလောင်းပုံစံ ဖြစ်နိုင်တာပဲ......"
ဟု လက်ထောက်ဖြစ်သူက တုန်တုန်ရီရီဖြင့် ခန့်မှန်းလိုက်သည်။
"ဒါဆိုရင် ပိုတောင် မဖြစ်နိုင်သေးတယ်။ ငါ့အိတ်ထဲမှာ တစ်ပြားမှ မရှိတာ မီးသင်္ဂြိုဟ်စက်ကလည်း ပရဟိတ လုပ်နေတာ မဟုတ်ဘူး ပိုက်ဆံမပေးဘဲ မင်းရဲ့ ရုပ်သွင်ကို ပြင်ဆင်ပေးမှာ မဟုတ်ဘူး။ ဒါဟာ အတုပဲ ဖြစ်ရမယ်.. နန်ရှန်သုသာန်က သုသာန်ဆိုပေမဲ့ ငါက အဲဒီမှာ နေနိုင်လောက်အောင် ပိုက်ဆံမရှိ ပါဘူး..။"
ဆင်းရဲသားတစ်ဦးအနေဖြင့် သူသည် အသက်ရှင်စဉ်မှာရော သေဆုံးချိန်မှာပါ နေရာမရှိပေ။ သုသာန် ဖြစ်သော်လည်း အခကြေးငွေ ပေးဆောင်ရမည် ဖြစ်ရာ သူ့တွင်မူ တစ်ပြားတစ်ချပ်မှ မရှိနေပေ။
"ဆင်ခြေမပေးနဲ့တော့….။ ငါတို့ကို လိမ်ပြီး မင်း ဘာလုပ်ချင်နေတာလဲ…."
လက်ထောက်ဖြစ်သူက အံကြိတ်ကာ ပြောလိုက်သည်။
ထိုလူနှစ်ဦးသည် ဝမ်ရှောက်ထျန်းအပေါ် ရန်လိုလာပြီး အချိန်မရွေး တိုက်ခိုက်တော့မည့် အနေအထား ဖြစ်နေသည်။ လက်ထောက်ဖြစ်သူသည် ခေါက်ဂေါ်ပြားကို တင်းတင်းဆုပ်ကိုင်ကာ ဝမ်ရှောက်ထျန်းကို ဖမ်းချုပ်ရန် အသင့်ပြင်နေသည်။
"နေဦး….။ ငါပြောတာ နားထောင်ကြပါဦး......။"
သို့သော် ထိုလူနှစ်ဦးမှာ လုံးဝ မယုံကြည်နိုင်တော့ဘဲ ဝမ်ရှောက်ထျန်းရှိရာသို့ တပြိုင်နက် ခုန်အုပ်လိုက် ကြသည်။ ချင်ဟုန်ခိုင်မှာ အသက်ကြီးသော်လည်း သူ၏ လှုပ်ရှားမှုများမှာ သွက်လက်လွန်းလှသည် ။ သူတို့နှစ်ဦးမှာ ဘယ်နှင့်ညာ ညှပ်၍ တိုက်ခိုက်သဖြင့် ဝမ်ရှောက်ထျန်းမှာ ထွက်ပြေးစရာ လမ်းမရှိတော့ ပေ။
"ဟေး…. ချင်ဟုန်ခိုင်၊ ကျွန်တော်က ခင်ဗျားသမီးကို ကယ်ဖို့ ခင်ဗျားကိုယ်တိုင် ဖိတ်ခေါ်ခဲ့တဲ့သူလေ…။" ဝမ်ရှောက်ထျန်းသည် ချင်ဟုန်ခိုင်၏ ယုံကြည်မှုကို ရရှိရန် အော်ဟစ်ပြောဆိုလိုက်သည်။
မြူနှင်းများကြားတွင် အုတ်ဂူကျောက်စာတိုင်များစွာမှာ ဘယ်အချိန်က ပေါ်လာမှန်းမသိဘဲ ရုတ်တရက် ပတ်ပတ်လည်တွင် ပြည့်နှက်နေသည်။ ချင်ဟုန်ခိုင်နှင့် လက်ထောက်မှာ ဘာမှမရိပ်မိဘဲ သူ့ကိုသာ တိုက်ခိုက်နေသဖြင့် ဝမ်ရှောက်ထျန်းမှာ ပို၍ ထိတ်လန့်လာသည်။
"ဖြန်း…."
ဝမ်ရှောက်ထျန်းသည် အခွင့်အရေးကို အရယူကာ ချင်ဟုန်ခိုင်၏ ကျောကို ရိုက်ချလိုက်သည်။
ချင်ဟုန်ခိုင်သည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားသည်။ ထို့နောက် သူ၏မျက်လုံးများမှာ တဖြည်း ဖြည်း ပြန်လည်ကြည်လင်လာပြီး ပတ်ဝန်းကျင်ရှိ အုတ်ဂူများကို ကြည့်ကာ အသက်ရှူ မြန်လာသည်။
"ဒါတွေက ဘယ်တုန်းက ပေါ်လာတာလဲ….."
အစောပိုင်းကအထိ တောအုပ်ဖြစ်နေပြီး ပတ်ဝန်းကျင်မှာ ဟာလာဟင်းလင်း ဖြစ်နေခဲ့သော်လည်း ယခု မူ အဘယ်ကြောင့် အုတ်ဂူများစွာ ပေါ်လာရသနည်း။
ဝမ်ရှောက်ထျန်းက ခေါင်းခါပြလိုက်သည်။
"ခင်ဗျားက ကျွန်တော့ကိုမေးတော့ ကျွန်တော်က ဘယ်သူ့ကို သွားမေးရမှာလဲ။ သေချာတာတော့ ဒါက ကျိုးရှောင်ဝေ ဆင်ထားတဲ့ ထောင်ချောက်ပဲ ဖြစ်ရမယ်။ ခင်ဗျားတို့ နှစ်ယောက် ခုနက ကျွန်တော့ကို သတ်မိတော့မလို့….။"
"ဘာ...... ဘာတွေ ဖြစ်ကုန်တာလဲ….။"
ချင်ဟုန်ခိုင်မှာ ကြောက်လန့်လွန်း၍ ဘာလုပ်ရမှန်း မသိတော့ပေ။
ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်နေပြီး တစ်ခုခု ပုပ်သိုးနေသည့် အနံ့ဆိုးကြီးတစ်ခု ရရှိ နေသည်။ လူမနေသည်မှာ ကြာပြီဖြစ်သော အိမ်ဟောင်းကြီးတစ်လုံးမှ ထွက်ပေါ်လာသည့် အပုပ်နံ့နှင့် ဆင်တူလှသည်။
"ကျွန်တော် ခုနက ဒီယင်နယ်မြေကို လှုပ်လိုက်လို့ ဖြစ်ရမယ်။ ကျိုးရှောင်ဝေကလည်း ဒီတိုင်းတော့ ငြိမ်နေမှာ မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မြန်သွားကြရအောင်….။"
ဝမ်ရှောက်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ လက်ရှိ အခြေအနေမှာ သူသည် ယင်နယ် မြေကို တူးဆွလိုက်မိသောကြောင့် တိုက်ခိုက်ခံနေရခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။
ဝမ်ရှောက်ထျန်းသည် သူ၏လက်ဖြင့် ဂါထာလက်ကွက်တစ်ခု ပြုလုပ်လိုက်ပြီး နည်းဟောင်းအတိုင်း လက်ထောက်ဖြစ်သူ၏ ကျောကို ပုတ်လိုက်သည်။
လက်ထောက်ဖြစ်သူမှာ ခွေခွေလေးလဲကျသွားသော်လည်း သူသည်လည်း ပြန်လည်သတိရလာပြီး သူ ကိုယ်တိုင် အုတ်ဂူနှစ်ခုကြားတွင် လဲနေသည်ကို တွေ့လိုက်ရသဖြင့် လန့်အော်ကာ ဝမ်ရှောက်ထျန်း၏ နောက်ကွယ်သို့ ပြေးကပ်လိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက် ကျွန်တော့်နောက်က လိုက်ခဲ့….။"
ဝမ်ရှောက်ထျန်းသည် ထိုလူနှစ်ဦးနှင့်အတူ စမ်းတဝါးဝါးဖြင့် ထွက်လာခဲ့ရာ လမ်းမှန်ကို အမှန်တကယ် ပင် ရှာတွေ့သွားခဲ့သည်။ သူတို့ သုံးဦးသည် ပြဇာတ်စင်မြင့် ရှိရာသို့ ပြန်ရောက်ရှိလာကြခဲ့သည်။ ဝမ်ရှောက်ထျန်းက လက်ဟန်ခြေဟန်ဖြင့် ထိုလူနှစ်ဦးအား နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ထားရန် လူနံ့ မထွက်စေရန်နှင့် ထိုအရာများ သတိမထားမိစေရန် အချက်ပြလိုက်သည်။
လမ်းခုလတ်တွင် ဝမ်ရှောက်ထျန်းမှာ ရပ်တန့်သွားသည်။ အကြောင်းမှာ ပွဲကြည့်ပရိသတ်ထဲတွင် အချို့ သော ထူးခြားသည့် လူများကို သူတွေ့လိုက်ရသောကြောင့် ဖြစ်သည်။
မှန်ပေသည် ပြဇာတ်ကြည့်နေသော ပရိသတ်အများစုမှာ သရဲများဖြစ်သော်လည်း အချို့သော လူသား များလည်း ရောနှောနေကြသည်။ အချို့မှာ သူတို့နှင့်အတူ ပါလာသည့် သက်တော်စောင့်များ ဖြစ်ကြပြီး အချို့မှာမူ ဝိညာဉ်လွင့်နေသကဲ့သို့ ငေးငိုင်နေကြသည်။
ဤကဲ့သို့ လွင့်နေသော ဝိညာဉ်နှင့် သေပြီးသား သရဲတို့အကြား ကွာခြားချက် ရှိသည်။ဝမ်ရှောက်ထျန်းမှာ အစက ခွဲခြားနိုင်ခြင်း မရှိသော်လည်း ချင်ရှီးရှီးကို တွေ့ပြီးကတည်းက ထိုကွာခြားချက်ကို သူ သတိပြု မိလာခဲ့သည်။
ထိုလူများမှာ သူ့အပေါ် ရိုင်းစိုင်းခဲ့ကြသော်လည်း အကယ်၍ သူတို့ကို ဤအတိုင်း စွန့်ပစ်ခဲ့ပါက သရဲ ပြဇာတ်၏ လှည့်စားမှုကို ခံနေရသူများမှာ သေချာပေါက် အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
ဝမ်ရှောက်ထျန်းသည် စိတ်ထဲမှ ကြောက်ရွံ့မှုကို အောင့်အီးထားကာ ချင်ဟုန်ခိုင်အား အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက် အမြန်ပြေးကြတော့….။ နားကိုလည်း ပိတ်ထား။ ခင်ဗျားတို့ နာမည်ကို ဘယ်သူ ခေါ်ခေါ် မထူးနဲ့။ နောက်လည်း လှည့်မကြည့်နဲ့….။"
ထိုလူနှစ်ဦးကို သတိပေးပြီးနောက် ဝမ်ရှောက်ထျန်းသည် အသက်ကို အောင့်ထားကာ ပြန်လှည့်သွား ခဲ့သည်။ သက်တော်စောင့်များသည် စင်အောက်တွင် စင်ပေါ်သို့ ငေးငိုင်၍ ကြည့်နေကြသည်ကို သူ တွေ့လိုက်ရသည်။
ဝမ်ရှောက်ထျန်းသည် အံကို တင်းတင်းကြိတ်လိုက်မိသည်။ ဤသူများမှာ ကြေးစား သက်တော်စောင့် များ ဖြစ်ကြပြီး ယောကျ်ားရင့်မာကြီးများ ဖြစ်သဖြင့် သရဲပြဇာတ်၏ လှည့်စားမှုကို မခံရသင့်ပေ။ ဤကဲ့ သို့ ဖြစ်ရခြင်းမှာ စင်ပေါ်မှ မင်းသမီးမှာ အလွန်လှပသောကြောင့် ထိုသက်တော်စောင့်များမှာ ကာမဂုဏ် စိတ် ဖြစ်ပေါ်သွားခဲ့ကြပြီး သရဲများ၏ အခွင့်ကောင်းယူခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
ထိုလူများကို သတိပြန်ဝင်လာစေရန်အတွက် ဝမ်ရှောက်ထျန်းသည် ယွမ်အဘိုးကြီး သင်ပေးထားသော တရားထိုင်ရာတွင် အသုံးပြုသည့် လက်ကွက်ကို ချက်ချင်း ပြုလုပ်လိုက်သည်။ ၎င်းမှာ အလွန်ရိုးရှင်း သော်လည်း ကြောက်ရွံ့မှုကို နှိမ်နင်းရန်နှင့် ပြုစားခံရခြင်းများကို မောင်းထုတ်ရန် အစွမ်းရှိသည်။
ဝမ်ရှောက်ထျန်း အံ့အားသင့်သွားရသည်မှာ သူသည် သက်တော်စောင့်များ၏ ကျောကို ပြင်းပြင်း ထန်ထန် ပုတ်လိုက်သောအခါ သူတို့အားလုံး တုန်တက်သွားကြပြီး ငေးငိုင်နေသော မျက်လုံးများမှာ တဖြည်းဖြည်း ကြည်လင်လာကာ ထိတ်လန့်တုန်လှုပ်သည့် အမူအရာများ ပေါ်လာကြသည်။
ကံကောင်းသည်မှာ ထိုသက်တော်စောင့်များမှာ ကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် စင်ပေါ်က ထူးဆန်း သော အခြေအနေကို မြင်သော်လည်း အော်ဟစ်ခြင်း မပြုခဲ့ကြပေ။ သို့သော်လည်း သူတို့၏ ခြေထောက်များမှာ တုန်ယင်နေပြီး အလွန်အမင်း ကြောက်လန့်နေကြသည်။
မ်ရှောက်ထျန်းသည် ထိုအရာများကို လန့်သွားမှာ စိုးသဖြင့် သူတို့ကို တိတ်တိတ်နေရန် အချက်ပြလိုက် သည်။ ကံကောင်းထောက်မစွာဖြင့် ထိုသက်တော်စောင့်များသည် သူတို့သခင်က ဆရာတစ်ယောက် ငှားထားသည်ကို သိကြပြီး ဝမ်ရှောက်ထျန်းကိုလည်း မြင်ဖူးကြသည်။
ယခုအချိန်တွင် သူတို့သည် အားကိုးရာ ရှာတွေ့သွားသကဲ့သို့ ဝမ်ရှောက်ထျန်းကို ကြည့်နေကြသည်။
ဝမ်ရှောက်ထျန်းသည် လက်ညှိုးဖြင့် လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်ပြီး သက်တော်စောင့် အချို့ နှင့်အတူ ခိုးကြောင်ခိုးဝှက် ထွက်လာခဲ့သည်။ သို့သော် လွတ်မြောက်ခါနီးတွင် သက်တော်စောင့် တစ်ဦး က သစ်ကိုင်းခြောက်တစ်ခုကို နင်းမိသွားခဲ့၏။
လူတိုင်းမှာ စိတ်လှုပ်ရှားနေကြသဖြင့် ထိုရုတ်တရက် ထွက်ပေါ်လာသော အသံမှာ သူတို့၏ စိတ်ကို ပြတ်တောက်သွားစေသည်။
"အား…."
အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
အဖွဲ့၏ နောက်ဆုံးတွင် ပါလာသော သက်တော်စောင့် လူငယ်လေးမှာ ထိတ်လန့်တကြား အော်ဟစ် လိုက်ပြီး ချက်ချင်းပင် ပါးစပ်ကို ပြန်ပိတ်လိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ စင်ပေါ်မှ လှပသော သရဲမမှာ အောက်သို့ ပျံဆင်းလာခဲ့လေပြီ။
"သွားပြီ….သူတို့တွေ့သွားပြီ…။"