ဆရာတစ်ပါးကို အလုပ်နှစ်ခု မခိုင်းကောင်း
Vol. 6 Ch. 64
ဝမ်ရှောက်ထျန်းတစ်ယောက် ဤတစ်ကြိမ်တော့ သေပြီဟုသာ တွေးလိုက်မိတော့သည်။ သူ ပညာ မပြည့်ဝ၍မဟုတ်ဘဲ ယခုအခြေအနေမှာ ဒါလော့နတ်မင်းကြီးကိုယ်တိုင် ဆင်းလာလျှင်ပင် သူတို့ အားလုံးကို ကယ်ထုတ်နိုင်ရန် မလွယ်ကူသောကြောင့်ပင်ဖြစ်၏။
လှပသော သရဲမ၏ သီချင်းဆိုသံ ရပ်တန့်သွားခဲ့သည်နှင့်တစ်ပြိုင်နက် ပရိသတ်အားလုံးမှာ သူတို့၏ လည်ပင်းများကို လှည့်ကြည့်လာခဲ့ကြသည်။ ထူးဆန်းသည်မှာ သူတို့၏ကိုယ်ခန္ဓာများမှာ မလှုပ် မယှက် ရှိနေသော်လည်း လည်ပင်းများမှာမူ (၁၈၀) ဒီဂရီအထိ လှည့်လာခဲ့ခြင်းပင်။
ထိုပရိသတ်များသည် သူတို့အား အေးစက်စွာ စိုက်ကြည့်နေကြသည်။ မျက်နှာများမှာ ဖြူဖျော့နေပြီး မျက်လုံးများမှာလည်း အမည်းရောင်အတိ ဖြစ်နေသည်။
လှပသော သရဲမသာမက စင်ပေါ်တွင် သီချင်းဆိုနေသည့် အခြားသရဲများပါ လှုပ်ရှားမှုရပ်သွားခဲ့ကြပြီး ဖြူဖျော့သော သရဲမျက်နှာများဖြင့် သူတို့အား စိုက်ကြည့်နေကြသည်။
ဝမ်ရှောက်ထျန်းမှာ ထိုသရဲများ၏ စိုက်ကြည့်ခြင်းကို ခံနေရသဖြင့် ဦးရေပြားများပင် ကျင်တက်သွား မိသည်။ ဝံပုလွေအုပ်ထဲသို့ ရောက်နေသော သိုးငယ်လေးတစ်ကောင်ကဲ့သို့ ခံစားနေရပြီး ယခုအချိန်၌ သူတို့တွင် ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေလျှင်ပင် ရန်သူအင်အားကို ယှဉ်နိုင်မည်မဟုတ်ပေ။
ချင်ဟုန်ခိုင်မှာ စီးပွားရေးလောကတွင် ကျင်လည်ခဲ့သော မြေခွေးအိုကြီးပီပီ အတွေ့အကြုံရင့်သူ ဖြစ်သဖြင့် လူတိုင်း ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် သူက အော်ဟစ်လိုက်သည်မှာ
"အမြန်ပြေးကြ…."
ထိုသတိပေးသံသည် ဆူပွက်နေသော ဆီအိုးထဲသို့ ရေတစ်စက် ချလိုက်သလိုပင် ရုတ်ရုတ်သဲသဲ ဖြစ် သွားတော့သည်။
ဝမ်ရှောက်ထျန်းနှင့် လက်ထောက်မှာ ပ ထမဆုံး တုံ့ပြန်နိုင်သူများဖြစ်ရာ သူတို့နှစ်ဦးမှာ ဦးအောင် ပြေးကြတော့သည်။ အခြားသက်တော်စောင့်များမှာလည်း လဲကျမတတ် ရှေ့သို့ အလုအယက် ပြေးကြ သည်။ သူတို့သာ သတိဝင်လာသည်မဟုတ်ဘဲ ပြဇာတ်ကြည့်နေသော သရဲများမှာလည်း သူတို့နောက်သို့ အုပ်စုလိုက် လိုက်လာကြတော့သည်။
သရဲ များမှာ မျက်နှာများ ဖြူဖျော့ကာ အလောင်းခြုံထည်များ ဝတ်ဆင်ထားကြသည်။ အချို့၏ မျက်နှာ များမှာ ပုပ်သိုးနေပြီး လှောင်အိမ်ထဲမှ ထွက်လာသော ဖုတ်ကောင်များကဲ့သို့ လက်များကို ဆန့်တန်းကာ သူတို့ထံ ပြေးဝင်လာကြသည်။
ဝမ်ရှောက်ထျန်းသည် သရဲများကို အကြိမ်ကြိမ် မြင်ဖူးသော်လည်း ဤမြင်ကွင်းက သူ၏ တစ်ကိုယ်လုံး တုန်ယင်သွားစေသည်။ သူသည် အသက်လုကာ ပြေးနေမိပြီး ခေါင်းထဲတွင် ဘာမှမရှိတော့ဘဲ ဗလာဖြစ် နေသည်။
"အား….."
ရုတ်တရက် သူ၏နားထဲတွင် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ဝမ်ရှောက်ထျန်း လှည့်ကြည့် လိုက်ရာ လက်ထောက်ဖြစ်သူမှာ မှောက်ရက်လဲကျနေပြီး သူ၏ခြေထောက်များကို သရဲလက်များစွာက ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
"ကယ်ပါဦး….၊ ကျွန်တော့်ကို ကယ်ပါဦး…."
လက်ထောက်က ငိုယိုကာ အော်ဟစ် အကူအညီတောင်းနေသည်။
ဝမ်ရှောက်ထျန်း သွားအံကြိတ်လိုက်မိသည်။ သူသည် လက်ထောက်၏လက်ကို ဆွဲရန် ပြန်လှည့်လာ သော်လည်း သူ၏ခွန်အားမှာ နည်းပါးလှသည်။ ထိုသရဲများသည် လက်ထောက်၏ကိုယ်ပေါ်မှတစ်ဆင့် သူ၏ကိုယ်ပေါ်သို့ပင် တက်လာကြသည်။ ဖြူဖျော့နေသော သရဲလက်များမှာ အလွန်ပင် ခွန်အားကြီး လှသည်။
"တောက်! အဘိုးကြီးတွေ!"
ဝမ်ရှောက်ထျန်း ကျိန်ဆဲလိုက်ပြီး သူ၏ရင်ဘတ်ထဲမှ နာရေးသုံး ငွေစက္ကူ အထပ်လိုက်ကို ထုတ်ကာ လွှင့်ပစ်လိုက်သည်။
ရှေးလူကြီးများ ပြောခဲ့သလိုပင် [ငွေရှိရင် တစ္ဆေကိုတောင် ကြိတ်ဆုံတိုက်ခိုင်းလို့ရသည်] ဆိုသည့် အတိုင်း ဖြစ်သည်။ ဟင်္သာပြဒါးနှင့် အဝါရောင်စက္ကူများကို ဝယ်စဉ်က ဝမ်ရှောက်ထျန်း ဘာတွေးမိသည် မသိဘဲ ဆိုင်ရှင်ထံမှ ထိုငွေစက္ကူများကိုပါ တစ်ခါတည်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ဤလုပ်ငန်းတွင် ကျွမ်းကျင်မှုမှာ အရေးကြီးလှသည်။ ထိုဆိုင်မှ နာရေးသုံး ငွေစက္ကူများမှာ အလွန် အရည် အသွေးကောင်းပြီး ၎င်းပေါ်တွင် ရိုက်နှိပ်ထားသော ဖုန်းတူးဧကရာဇ်၏ ရုပ်ပုံနှင့် အနောက်ကျော ဘက်ရှိ ဖုန်းတူးမြို့တော်ပုံမှာ အလွန်ပင် လက်ရာမြောက်လှသည်။
ပန်းရောင်ငွေစက္ကူများမှာ လေထဲတွင် လွင့်ပျံသွားသောအခါ သူတို့နောက်သို့ လိုက်နေသော သရဲများ သည် လိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး ထိုငွေစက္ကူများကို လောဘတကြီး လုယူကြတော့သည်။
လက်ထောက်မှာ ဆွံ့အသွားသည်။ ဝမ်ရှောက်ထျန်း ဒေါသတကြီး အော်ဟစ်လိုက်စဉ်က အစွမ်းပြပြီး ထိုတစ္ဆေများကို သတ်ပစ်တော့မည်ဟု သူ ထင်ခဲ့သော်လည်း ဝမ်ရှောက်ထျန်းက အိတ်ထဲမှ ပိုက်ဆံ ထုတ်ကျဲလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
"တကယ် တော်တယ်ဗျာ….။"
လက်ထောက်က လက်မထောင်ပြလိုက်မိသည်။
ဝမ်ရှောက်ထျန်းက မျက်စောင်းထိုးလိုက်ပြီး
"မြန်မြန်ပြေးစမ်းပါ…."
ဟု ပြောကာ လက်ထောက်ကို ဆွဲထူလိုက်သည်။ ဤတစ်ကြိမ်တွင်မူ သရဲလက်များ၏ ဆွဲထားခြင်း မရှိ တော့သဖြင့် သူသည် လက်ထောက်ကို ချောချောမောမော ဆွဲခေါ်နိုင်ခဲ့ပြီး သူတို့နှစ်ဦးမှာ မြေပြင်ပေါ် တွင် လူးလိမ့်ကာ ရှေ့သို့ ပြေးကြတော့သည်။
"ဘာဆက်လုပ်ကြမလဲ။ ရှေ့မှာ လမ်းမရှိတော့ဘူး…။"
လူအုပ်စုမှာ သစ်တောလေးထဲသို့ ပြေးဝင်သွားပြီး ရပ်လိုက်ကြသည်။ သရဲများကို ပြန်တိုက်ခိုက်လို၍ မဟုတ်ဘဲ ထိုတောအုပ်မှာ ထူထပ်လွန်းပြီး မြင့်မားသော သစ်ပင်ကြီးများက ကောင်းကင်ကို ဖုံးအုပ် ထားကာ မြေပြင်ပေါ်တွင်လည်း လူသွားလမ်း လုံးဝမရှိသောကြောင့် ဖြစ်သည်။
"သွားစို့…..။ အထဲကိုပဲ ဝင်လိုက်…။"
ဝမ်ရှောက်ထျန်း အံကြိတ်လိုက်သည်။ သူသည် ခြေတစ်လှမ်းမှားလိုက်သည်နှင့် မြေမြှုပ်စရာ နေရာမရှိ ဘဲ သေရမည်ကို သိနေသည်။ ဤကဲ့သို့ သရဲများ ဝိုင်းနေသောနေရာတွင် သူ၏ဝိညာဉ်ကိုပင် ကယ်နိုင် မည်မဟုတ်ပေ။
ထိုစဉ်မှာပင် ဝမ်ရှောက်ထျန်းသည် သက်ပြင်းချသံတစ်ခုကို ခပ်သဲ့သဲ့ ကြားလိုက်ရသဖြင့် ကြည့်လိုက် ရာ ကြက်သီးဖြန်းဖြန်း ထသွားရသည်။ လူနှစ်ဖက်စာခန့်ရှိသော သစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်တွင် အင်္ကျီအနားစတစ်ခု ထွက်နေသည်ကို တွေ့လိုက်ရသည်။
"ဘယ်သူလဲ…။ ငါ့ရှေ့ကို မြန်မြန်ထွက်ခဲ့စမ်း….။"
ဝမ်ရှောက်ထျန်းက ဟောက်လိုက်သည်။
ရုတ်တရက် သစ်ပင်ကြီးနောက်ကွယ်မှ ကျောက်စိမ်းကဲ့သို့ လှပသော လက်တစ်ဖက် ထွက်လာသည်။ နီရဲသော လက်သည်းများရှိသည့် လက်ချောင်းလေးများက အနောက်ဘက်သို့ ညွှန်ပြနေသည်။ သူတို့ကို ထိုနေရာသို့ သွားရန် အချက်ပြနေခြင်းဖြစ်သည်။
ဝမ်ရှောက်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ ယခုကဲ့သို့ အချိန်မျိုးတွင် လူရှိနေမည်ဟု သူ မထင်ပေ။ ဆယ်ပုံကိုးပုံမှာ သရဲသာ ဖြစ်ရမည်။ သို့သော် ဤသရဲက လမ်းပြပေးနေခြင်းမှာ သူတို့ကို သေတွင်းထဲ တွန်းပို့နေခြင်းလား (သို့မဟုတ်) အသက်ရှင်လမ်းကို ပြပေးခြင်းလား။
"သွားစို့…."
အခြားလမ်း မရှိတော့သဖြင့် ဝမ်ရှောက်ထျန်း ဆုံးဖြတ်ချက်ချကာ အနောက်ဘက်သို့ ဦးတည်လိုက် သည်။
"ဝမ်ရှောက်ထျန်း….၊ မင်း တကယ်ပဲ အဲဒီဘက်ကို သွားမှာ သေချာလား….။"
ဟု ချင်ဟုန်ခိုင်က မချင့်မရဲမေးလိုက်သည်။
"သေချာတယ်…."
ယခုအခြေအနေတွင် ရွေးချယ်စရာ မရှိတော့ပေ။
ဝမ်ရှောက်ထျန်း သစ်ပင်ကြီးနားမှ ပြေးအထွက်တွင် နောက်သို့ အမှတ်မထင် လှည့်ကြည့်လိုက်ရာ ဝိုင်းစက်ပြီး အရည်လဲ့နေသော မျက်ဝန်းတစ်စုံနှင့် ဆုံသွားသည်။ ထိုမျက်ဝန်းများက သံယောဇဉ်ရှိသည့် ပုံစံမျိုး ဖြစ်နေသည်။
ဝမ်ရှောက်ထျန်း ရုတ်တရက် ဇဝေဇဝါ ဖြစ်သွားသည်။ ဤသရဲမက သူတို့အား လမ်းပြပေးပြီး ကျိုးရှောင်ဝေ၏ အုတ်ဂူကို ရှာတွေ့အောင် ကူညီပေးခဲ့သည် မဟုတ်ပါလား။
ထိုအချက်ကို သတိထားမိလိုက်သဖြင့် ဝမ်ရှောက်ထျန်း စိတ်အေးသွားရသည်။ ထိုသရဲမ ဘာကိုပဲ ရည်ရွယ်သည်ဖြစ်စေ အနည်းဆုံးတော့ သူမသည် သူတို့အား တစ်ကြိမ် ကူညီခဲ့ဖူးပြီး သူတို့ကို မသေ စေချင်သည်မှာ သိသာပေသည်။
လူအုပ်စုမှာ အလွန်မြန်မြန်ပင် ပြေးခဲ့ကြသည်။ ပြေးရင်းပြေးရင်းနှင့် ဝမ်ရှောက်ထျန်းသည် အလင်း ရောင်မှာ တစ်မျိုးဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ သူ မော့ကြည့်လိုက်ရာ သူတို့ခေါင်းပေါ်တွင် နေရောင်ခြည်ကို တွေ့လိုက်ရသည်။
"ဟူး….. မပြေးကြနဲ့တော့… ငါတို့ အပြင်ရောက်ပြီ….။"
ဝမ်ရှောက်ထျန်းက သူ၏ရင်ဘတ်ကို ပွတ်ကာ သက်ပြင်းချလိုက်သည်။ သူတို့သည် ထိုသရဲနယ်မြေထဲမှ နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီဖြစ်သည်။
ထိုစဉ်မှာပင် ချင်ဟုန်ခိုင်၏ ဖုန်းမြည်လာသည်။ ချင်ရှီးရှီး၏ မိခင်ဖြစ်သူက တစ်ဖက်မှ ပြောလာသည်။
"ရှင် ဘာတွေလုပ်နေတာလဲ။ ဘာလို့ ဖုန်းမကိုင်တာလဲ။ အဖေ ရှာပေးထားတဲ့ ဆရာက အခုပဲ ရောက် တော့မယ်…။"
ချင်ဟုန်ခိုင်သည် ဝမ်ရှောက်ထျန်းကို ဝေခွဲမရစွာ ကြည့်လိုက်သည်။ အစပိုင်းတွင် သူ ဝမ်ရှောက်ထျန်းကို မယုံကြည်ခဲ့သော်လည်း အခြားနည်းလမ်းမရှိသဖြင့် စမ်းသပ်သည့်အနေဖြင့် ခေါ်လာခဲ့ခြင်းဖြစ်သည်။
ယခု ဖြစ်ပျက်ခဲ့သမျှကို ကြုံတွေ့ပြီးနောက် ဝမ်ရှောက်ထျန်း၏ စွမ်းအားမှာ အလွန်မကြီးမားသော် လည်း သူသည် လူလိမ်တစ်ယောက် မဟုတ်သည်ကို ချင်ဟုန်ခိုင် နားလည်သွားသည်။ ဝမ်ရှောက်ထျန်း မှာ ကျိုးရှောင်ဝေ၏ ဂူဗိမာန်ကို ဖျက်ဆီးရန်အတွက် သူ့အသက်ကိုပင် ရင်းခဲ့သည်မဟုတ်ပါလား။
ချင်ဟုန်ခိုင်သည် တစ္ဆေနှိမ်နင်းသည့် လောက၏ စည်းမျဉ်းများကို နားမလည်သော်လည်း [ဆရာတစ်ပါး ကို အလုပ်နှစ်ခု မခိုင်းကောင်း] ဆိုသည့် အမှန်တရားကိုတော့ သူ သိရှိပေသည်။ ဝမ်ရှောက်ထျန်းကို ဖိတ်ထားပြီးမှ အခြားဆရာတစ်ယောက်ကို မဖိတ်သင့်ပေ။
သို့သော်လည်း သူ၏ သမီးဖြစ်သူ၏ အသက်မှာ အရေးကြီးနေသဖြင့် သူသည် ဘက်ပေါင်းစုံမှ ကြိုးစား နေခြင်းသာဖြစ်သည်။
"ချင်ဟုန်ခိုင်… ကျွန်တော်က ပညာသိပ်မပြည့်သေးတဲ့သူပါ။ ခင်ဗျားတို့က ဆရာတစ်ယောက် ဖိတ်ထား တယ်ဆိုရင် မြန်မြန်ပြန်ကြရအောင်ပါ….။"
ဝမ်ရှောက်ထျန်းသည် သူ၏ အရည်အချင်းကို ကောင်းကောင်းသိလေသည်။
"ဆရာဝမ်၊ ကျွန်တော်နဲ့အတူ ဆေးရုံကို လိုက်ခဲ့ပေးပါဦး…"
ဟု ချင်ဟုန်ခိုင်က ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။
ဝမ်ရှောက်ထျန်း၏ စွမ်းအားမှာ အားမကောင်းသော်လည်း သူသည် လူလိမ်မဟုတ်ပေ။ သူ့အဖေ စီစဉ် ပေးလိုက်သော ဆရာနှင့် အဆင်မပြေဖြစ်ပါက အခြေအနေကို ထိန်းနိုင်ရန်အတွက် ဝမ်ရှောက်ထျန်းကို လိုအပ်နေသေးသည်ပင်။