← Chapters

ဝဋ်ကြွေးရှင်များ

Vol. 6 Ch. 65

ဝဋ်ကြွေးရှင်များ

Vol. 6 Ch. 65

ဝမ်ရှောက်ထျန်းသည် အစပိုင်းတွင် ဆေးရုံသို့မသွားလိုသော်လည်း ချင်ရှီးရှီး၏ ကျန်းမာရေးကို စိုးရိမ် သောကြောင့် အတန်ကြာစဉ်းစားပြီးသည့်နောက် ချင်ဟုန်ခိုင်နှင့်အတူ လိုက်သွားရန်ဆုံးဖြတ်ခဲ့သည်။

သမီးဖြစ်သူအတွက် ချင်ဟုန်ခိုင်က ချင်ရှီးရှီးကို ပုဂ္ဂလိကဆေးရုံတစ်ခုသို့ အထူးစီစဉ်၍ ပြောင်းရွှေ့ပေးခဲ့ သည်။ ချင်မိသားစုမှာ ထိုဆေးရုံတွင် ရှယ်ယာများပိုင်ဆိုင်ထားသဖြင့် ချင်ရှီးရှီးကို VIP လူနာဆောင်တွင် ထားရှိလေသည်။ စတုရန်းမီတာ (၁၀၀) ကျယ်ဝန်းသော ထိုအခန်းထဲတွင် ချင်ရှီးရှီးတစ်ဦးတည်းသာ ရှိလေသည်။

ဤဆေးရုံအခန်းကို မြင်လိုက်ရသောအခါ ဝမ်ရှောက်ထျန်းတစ်ယောက် မနာလိုမဖြစ်ဘဲ မနေနိုင် တော့ပေ။ ဆေးရုံအခန်းကပင် သူငှားနေသော တိုက်ခန်းထက် နှစ်ဆမက ပို၍ကျယ်နေသည်ပင်။ ငွေကြေးဆိုသည်မှာ အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။

ချင်ရှီးရှီး၏ မိခင်ဖြစ်သူသည် ခုတင်ဘေးတွင် ထိုင်နေပြီး သူမ၏မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကာ မျက်လုံးများမှာလည်း ငိုထားသောကြောင့် နီရဲနေခဲ့၏။ သူမ၏ မျက်စောင်းထိုး ဆိုဖာပေါ်တွင်မူ တာအိုဝတ်စုံဝတ်ဆင်ထားသော မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦး ထိုင်နေလေသည်။ ထိုသူသည် မျက်လုံးများကိုမှိတ်ကာ ဂါထာမန္တန်များကို တိုးတိုးလေးရွတ်ဆိုနေသည်။

"မင်းတို့ရဲ့ သမီးလေးက သရဲပူးနေတာပဲ…."

ဟု ထိုလူက ရုတ်တရက် မတ်တပ်ရပ်ကာ မျက်လုံးများဝင်းလက်လျက် ပြောလိုက်သည်။ သူ၏လက်ဝဲ ဘက်လက်တွင် သားမြီးယပ်ကို ကိုင်ထားပြီး ခုတင်ပေါ်တွင် လဲလျောင်းနေသော ချင်ရှီးရှီးကို ကြည့်ကာ အလွန်လေးနက်သောလေသံဖြင့် ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုလူ၏ စကားကို ကြားလိုက်ရသောအခါ ဝမ်ရှောက်ထျန်း မျက်မှောင်ကြုတ်သွားသည်။

“သရဲပူးနေတာ ဟုတ်လား။ ဘယ်မှာလဲ သရဲ။ သရဲ ရဲ့အရိပ်အယောင်တောင် မရှိဘဲနဲ့။ ဒါကတော့ အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ…။”

ဝမ်ရှောက်ထျန်း၏ စိတ်ပျက်သွားသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ချင်ဟုန်ခိုင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူစိုးရိမ်သလို ဖြစ်လာခဲ့လေပြီ။ သူဖိတ်ကြားထားသည့် ဤ သူတော်စင်ဆိုသူမှာ လူလိမ်တစ်ယောက် ဖြစ်နိုင်ချေများနေသည်ပင်။

တာအိုဝတ်စုံနှင့် လူက သားမြီးယပ်ကို ဝှေ့ယမ်းကာ ချင်ရှီးရှီး၏ကိုယ်ပေါ်တွင် ခေါက်လိုက်ပြီးနောက် ခေါင်းကိုခါယမ်းကာ တုန်တုန်ရင်ရင်ဖြင့် အော်ဟစ်လိုက်သည်။

"အား... မကောင်းတော့ဘူး။ ဒီသရဲက တော်တော် အစွမ်းထက်တာပဲ။ ငါတော့ ရှန်းချင်းနယ်မြေက မြင့်မြတ်တဲ့အရှင်ကို ပင့်ဖိတ်မှ ရတော့မယ် ထင်တယ်….။"

ဝမ်ရှောက်ထျန်း၏ နှုတ်ခမ်းများ တွန့်သွားသည်။ သူလူလိမ်များစွာကို မြင်ဖူးသော်လည်း ဤမျှအရှက် မရှိသော လူလိမ်မျိုးကိုတော့ တစ်ခါမှမမြင်ဖူးသေးပေ။ ဤအချင်းအရာက အတော်လေး လွန်လွန်းလှ ပြီ။

“ရှန်းချင်းနယ်မြေက အရှင်ကို ပင့်ဖိတ်မယ် ဟုတ်လား။ တစ်ခါတည်း နတ်မင်းကြီးသုံးပါးလုံးကိုပါ ပင့်ဖိတ်လိုက်ပါလား…။”

"နေပါဦး... ငါ ပြောစရာရှိသေးတယ်….။"

"မင်းက ဘယ်သူမို့လို့ ငါ့ရဲ့ အစီအရင်ကို လာနှောင့်ယှက်နေတာလဲ….။"

ဝမ်ရှောက်ထျန်းကလည်း ပြန်မေးလိုက်သည်

"ခင်ဗျားကရော ဘယ်သူလဲ။ ရှန်းချင်းအရှင်ကို ပင့်ဖိတ်ရအောင် ခင်ဗျားက တာအိုဂိုဏ်းဝင်တစ်ယောက် လား…။ ခင်ဗျားရဲ့ ဆရာသခင်သာ ခင်ဗျားပြောတာတွေကို ကြားသွားရင် ဘယ်လိုထင်မလဲဆိုတာ ငါ သိချင်မိသေးတယ်….။"

"ဟေး... မင်း ငါ့ဆရာသခင်ကို စော်ကားရဲတယ်ပေါ့။ ကောင်လေး... ဒီနေ့သာ ငါက ငါ့ရဲ့တာအိုဆရာ တစ်ယောက်ရဲ့ အစွမ်းကို မင်းကိုမပြနိုင်ရင် ငါ့နာမည် ထျန်းလုကို မင်းရဲ့မျိုးရိုးနာမည်နဲ့ လဲလိုက်မယ်….။"

တာအိုဆရာထျန်းလုမှာ အလွန်ဒေါသထွက်သွားလေသည်။

ဝမ်ရှောက်ထျန်းကတော့ မထီမဲ့မြင်ဖြင့် ပြုံးလိုက်မိသည်။ သူ၏ဘက်မှ စိတ်ကိုထိန်းချင်သော်လည်း ဤလူလိမ်က စကားကို အပေါက်အလမ်းမတည့်အောင် ပြောလွန်းနေသည်မဟုတ်ပါလား။

"ဦးလေးချင်.. ဒီလူက လူလိမ်ဗျ….။"

ဝမ်ရှောက်ထျန်းက စကားကိုတည့်တိုး ပြောချလိုက်သည်။

မိန်ဝမ်ယက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"စကားကို လျှောက်မပြောနဲ့။ ဆရာကြီးထျန်းလုက ချင်းရှန်းကျောင်းတော်က တာအိုဆရာကြီးပဲ။ လူ တွေအများကြီးက သူ့ကို ပင့်ဖိတ်ချင်တာတောင် လွယ်လွယ်နဲ့ ရကြတာမဟုတ်ဘူး…။"

ဝမ်ရှောက်ထျန်းက သမီးဖြစ်သူ၏ အသက်ကို ကယ်တင်ခဲ့ဖူးသော်လည်း သူက ဆင်းရဲသားကောင်လေး တစ်ယောက်သာ ဖြစ်လေသည်။ သူတင်ခဲ့သည့် ကျေးဇူးအတွက် ငွေအချို့ပေးလိုက်လျှင် လုံလောက်ပြီ ဟု သူမက ထင်နေသည်။ သူမ၏သမီးကို အစားအသောက်ပို့သည့် ကောင်လေးတစ်ယောက်နှင့် ဒီထက် ပိုသောပတ်သက်မှုမျိုး မရှိစေချင်ပေ။

ချင်ဟုန်ခိုင်သည် အစားအသောက်ပို့သမားတစ်ယောက်ကို မိမိတို့သမီးကို ကယ်တင်နိုင်မည့် လောက ပြင်ပက ပညာရှင်ဟု ယုံကြည်နေခြင်းကို သူမ နားမလည်နိုင်ပေ။ ဤသည်က ရယ်စရာကောင်းသည့် ပြက်လုံးတစ်ခုသာ ဖြစ်လေသည်။

"အန်တီ... ကျွန်တော့်ကို ရှင်းပြခွင့်ပေးပါဦးခင်ဗျ…။"

ဟု ဝမ်ရှောက်ထျန်းက တောင်းပန်လိုက်သည်။

ထျန်းလုဟူသည့် နာမည်ကလည်း ရိုးရှင်းလွန်းလှသည်ပင်။ တာအိုဘုန်းကြီးတစ်ယောက်ဖြစ်ပြီး သားမြီး ယပ်ကို နှစ်ချက်၊ သုံးချက်လောက် ဝှေ့ယမ်းကာ ရှန်းချင်းနယ်မြေက အရှင်ကို ပင့်ဖိတ်နိုင်သည်ဟု ပြောနေခြင်းမှာလည်း ယုတ္တိမရှိပေ။

အကယ်၍ ထိုသူက နတ်ငယ်လေးတစ်ပါးပါးကို ပင့်ဖိတ်သည်ဟုဆိုလျှင် ဝမ်ရှောက်ထျန်း သံသယဝင် မည်မဟုတ်။ သို့သော် ဤတာအိုဆရာထျန်းလုက အစကတည်းက နတ်မင်းကြီးကို လှမ်းဖိတ်နေခြင်းမှာ ရယ်စရာဖြစ်နေခဲ့သည်ပင်မဟုတ်ပါလား။

ဤသည်က[ငါက ဘုရားသခင်ပါ၊ အိမ်ပြန်ဖို့ လေယာဉ်လက်မှတ်ဖိုး (၄၉၉) ကျပ် အရေးပေါ်လိုနေလို့ ပါ]ဆိုသည့် လိမ်လည်လှည့်ဖြားသည့် စာတိုများနှင့် ဘာများကွာနေပါသနည်း။

တာအိုဆရာထျန်းလုသည် မေးကိုမော့ကာ တည်ငြိမ်သောအမူအရာကို ပြသနေသော်လည်း သူ၏ ဝင့်ကြွားနေမှုကတော့ အထင်သားပေါ်လွင်နေ၏။

"တာအိုဆရာထျန်းလုလား။ နာမည်က တော်တော်ကောင်းတာပဲ။ ခင်ဗျားကိုယ်ခင်ဗျား လူလိမ်မဟုတ် ဘူးလို့ ပြောနေမှတော့ ခင်ဗျား သက်သေပြနိုင်မလား….။"

ဝမ်ရှောက်ထျန်းက မေးလိုက်သည်။

သူ အချိန်ကုန်မခံချင်တော့သော်လည်း ချင်ရှီးရှီး၏ မိခင်က တာအိုဆရာထျန်းလုကို အထင်ကြီး လေးစားနေသဖြင့် ကယ်တင်ရမည့်အချိန်ကို ကြန့်ကြာနေရသည်။

"ငါ့အတွက် ဘာသက်သေမှ ပြစရာမလိုဘူး။ မင်းရဲ့ကိုယ်ပေါ်မှာ ယင်စွမ်းအင်တွေ ပြည့်နေတာပဲ။ မင်း သရဲတွေနဲ့ တွေ့ခဲ့တာ ဒါမှမဟုတ် ယင်စွမ်းအင်တွေ ပြည့်နေတဲ့နေရာကို သွားခဲ့တာ ဖြစ်ရမယ်…။"

တာအိုဆရာထျန်းလုက အပိုင်တွက်ချက်ကာ ပြောလိုက်သည်။

ဝမ်ရှောက်ထျန်းက တိတ်ဆိတ်နေသည်ကို မြင်သောအခါ တာအိုဆရာထျန်းလုက ချင်ဟုန်ခိုင်ကို ကြည့် ကာ ပြောလိုက်သည်။

"ခင်ဗျားလည်း သရဲတွေနဲ့ တွေ့ခဲ့တာပဲ… အများကြီးပဲ။ ဟုတ်တယ်မလား….။"

ချင်ဟုန်ခိုင်က တုံ့ဆိုင်းသွားပြီး ဝမ်ရှောက်ထျန်းကို ကြည့်လိုက်သည်။ တာအိုဆရာထျန်းလု ပြောသည် မှာ ကွက်တိပင်။

ယခုအခါ ချင်ဟုန်ခိုင်ကလည်း တာအိုဆရာထျန်းလုသည် လူလိမ်မဖြစ်နိုင်ဟု ခံစားလာရသည်။ ဘာမှ မသိသည့် လူလိမ်တစ်ယောက်က သူတို့ ကြုံတွေ့ခဲ့ရသည်များကို တစ်ချက်တည်းနှင့် မည်ကဲ့သို့ သိမြင် နိုင်မည်နည်း။

ဝမ်ရှောက်ထျန်းမှာ အတော်လေး စိတ်ဓာတ်ကျသွားသည်။

"ခင်ဗျားက ယင်စွမ်းအင်ကို မြင်နိုင်တယ်ပေါ့….။"

သို့သော် တစ်ခုခုတော့ မှားနေသည်ပင်။

"ဒါဆို ခင်ဗျား ပုခုံးပေါ်က ကလေးကိုရော မြင်ရဲ့လား…."

ဝမ်ရှောက်ထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

တာအိုဆရာထျန်းလု၏ ပုခုံးပေါ်တွင် အသက် (၆) နှစ်၊ (၇) နှစ်အရွယ်လောက်ရှိမည့် ကလေးလက်လေး တစ်ဖက်ကို သူ မြင်နေရသည်။

ထို့ကြောင့် ဝမ်ရှောက်ထျန်းက အနီးကပ်ကြည့်ရန် လည်ပင်းကို ဆန့်ကြည့်လိုက်သည်။ သရဲလေးသည် တာအိုဆရာထျန်းလု၏ နောက်ကွယ်မှနေ၍ ကြောက်ရွံ့စွာဖြင့် ချောင်းကြည့်နေသည်။

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ဘယ်ကကလေးလဲ….။"

တာအိုဆရာထျန်းလုသည် ကျောရိုးထဲက စိမ့်တက်သွားကာ တစ်ခုခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ဤလူက သူ့အား ရည်ရွယ်ချက်ရှိရှိ ခြောက်လှန့်နေခြင်းဖြစ်မည်ဟုလည်း သူ တွေးလိုက်မိ သည်။

ဝမ်ရှောက်ထျန်းက ခေါင်းကိုစောင်းကာ အသေအချာကြည့်လိုက်သည်။

"ငါ လိမ်ပြောနေတာ မဟုတ်ဘူး။ သူ့ရဲ့ မျက်ခုံးနှစ်ခုကြားမှာ မှဲ့နက်လေးတစ်ခု ရှိတယ်၊ ပြီးတော့ သူ့ မျက်လုံးတွေက ပြူးနေတာပဲ။ ခင်ဗျား တကယ်ပဲ သူ့ကို မမှတ်မိဘူးလား…။"

ပုံမှန်အားဖြင့် သရဲတစ်ကောင်က လူတစ်ယောက်ကို ခြောက်လှန့်နေသည်ဆိုလျှင် ထိုလူအပေါ် စွဲလမ်းမှု ရှိနေခြင်း သို့မဟုတ် အာဃာတရှိနေခြင်းကြောင့်သာ ဖြစ်သည်။

ထိုသရဲ၏ပုံစံမှာ သူတို့ သေဆုံးချိန်က ပုံစံအတိုင်းပင် ရှိနေတတ်သည်။ ဆိုလိုသည်မှာ ဤကလေးသည် အသက် (၆) နှစ် သို့မဟုတ် (၇) နှစ်အရွယ်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကိုယ်ပေါ်တွင် ဒဏ်ရာအနာတရ များ မရှိသဖြင့် ရောဂါတစ်ခုခုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်နိုင်သည်။

ဝမ်ရှောက်ထျန်းက ထိုကောင်လေး၏ ပုံပန်းသဏ္ဌာန်ကို အသေးစိတ်ပြောပြလိုက်သောအခါ တာအို ဆရာထျန်းလု အသက်ရှူမှားမတတ်ဖြစ်သွားသည်။ သူက ခေါင်းကိုစောင်းကာ မိမိပုခုံးကို ထပ်ခါတ လဲလဲ ကြည့်သော်လည်း ဘာကိုမှတော့မတွေ့ရပေ။

"သူက ခင်ဗျားရဲ့ ဘယ်ဘက်ပုခုံးပေါ်မှာ ရှိနေတာ။ ခင်ဗျားပုခုံးပေါ်က ဝိညာဉ်မီးအိမ် သုံးလုံးက ငြိမ်း တော့မယ့် အခြေအနေပဲ….။"

ဝမ်ရှောက်ထျန်းက စေတနာဖြင့် သတိပေးလိုက်သည်။

"မင်း... မင်း မြင်ရလို့လား။ ငါ့ကျောပေါ်မှာ တကယ်ပဲ သရဲကပ်နေတာလား…။"

တာအိုဆရာထျန်းလု တုန်လှုပ်သွားပြီး မယုံကြည်နိုင်သော မျက်နှာဖြင့် မေးလိုက်သည်။ သူ့ကျောပေါ်မှာ သရဲရှိနေရအောင် သူ ဘာများလုပ်ခဲ့မိသနည်း။

ဝမ်ရှောက်ထျန်းက အားမလိုအားမရဖြစ်စွာ ပခုံးတွန့်ပြလိုက်သည်။

"မင်းနဲ့ငါက ဘာရန်ငြိုးမှ မရှိတာ… ငါက ဘာလို့ မင်းကို လိမ်ရမှာလဲ….။"

တာအိုဆရာထျန်းလုသည် အပြင်ပန်းတွင် တည်ငြိမ်ယုံကြည်မှုရှိပုံ ပြနေသော်လည်း သူ၏ခြေထောက် များမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပြီဖြစ်သည်။ သူ၏ကျောပြင်တွင် အေးစိမ့်စိမ့် ခံစားချက်ကြီး ဖြစ်ပေါ်နေသည်။ သူ့ကျောပေါ်မှာ တကယ်ပဲ တစ်ခုခု ကပ်နေတာများလား။

သို့သော် သူ ဘာကိုမှ မြင်ရခြင်းမှရှိပေ။

"မင်း... မင်း လျှောက်ပြောနေတာပဲ။ ငါ့ပေါ်မှာ ဘယ်လိုလုပ် သရဲရှိနိုင်မှာလဲ….။"

ဝမ်ရှောက်ထျန်းက လှောင်ပြုံးပြုံးကာ မေးလိုက်သည်။

"ကဲပါ... ဟန်ဆောင်မနေပါနဲ့တော့။ ငါ မမှားဘူးဆိုရင် မင်းကျောပေါ်က ကလေးက မင်းရဲ့ ဝဋ်ကြွေးရှင် ဝိညာဉ်ပဲ မဟုတ်လား။ အသေအချာ ပြန်စဉ်းစားကြည့်ဦး၊ မင်းမိသားစုထဲမှာ တစ်ယောက်ယောက် သေဖူးလား….။"

"မင်းမိသားစုကလူတွေသာ အာဃာတအရှိဆုံးပဲ….။"

တာအိုဆရာထျန်းလုက ဗီဇအတိုင်း မျက်လုံးများ ပြူးကျယ်သွားသည်။

သူ့တွင် အရင်က အမြွှာအစ်ကိုတစ်ယောက် ရှိခဲ့ဖူး သော်လည်း မတော်တဆမှုတစ်ခုကြောင့် အသက် (၆) နှစ်၊ (၇) နှစ်အရွယ်တွင် သေဆုံးသွားခဲ့ဖူးသည် ဟူသော သူ၏ အမေ ပြောဖူးသည်ကို သူ သတိရ သွားမိသည်။

All Chapters