အားစိုက်မှုနည်းနည်းဖြင့် အကျိုးထူးရရှိခြင်း
Vol. 6 Ch. 66
"မင်း... မင်း ဒါတွေ လုပ်ကြံပြီး လျှောက်ပြောနေတာ မဟုတ်လား….။"
တာအိုဆရာထျန်းလုမှာ ငိုတော့မည့်ရုပ်ဖြစ်နေသည်။ သူကသာ မယုံဘူးဟု ပြောနေသော်လည်း သူ၏ စိတ်ထဲ တွင်မူ (၇၀) ရာခိုင်နှုန်းခန့် ယုံကြည်နေပြီဖြစ်သည်။
ဝမ်ရှောက်ထျန်းက နှာခေါင်းရှုံ့လိုက်ပြီးနောက် ချင်ဟုန်ခိုင်ကို ကြည့်ကာ ပြောလိုက်သည်။
"ဦးလေးချင်…၊ ဦးလေးကတော့ အမှားအမှန်ကို ခွဲခြားနိုင်မှာပါ။ ဒီနေ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဦးလေး ကိုယ်တိုင် မြင်ခဲ့တာပဲ။ အကယ်၍ ကျွန်တော်တို့သာ တကယ့်ဆရာကောင်းတစ်ယောက်ကို မရှာနိုင်ခဲ့ရင် ချင်ရှီးရှီးရဲ့ အသက်က အန္တရာယ်ရှိသွားနိုင်တယ်…။"
ချင်ဟုန်ခိုင်လည်း နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။ ဤတာအိုဆရာထျန်းလုဆိုသူမှာ အစကတည်းကပင် လူလိမ်သက်သက်သာ ဖြစ်သည်။
မိန်ဝမ်ယမှာလည်း အံကြိတ်ကာ ဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။
"အော်... ရှင်က လူလိမ်လူညာကောင်…။ကျွန်မသမီးသာ တစ်ခုခုဖြစ်သွားရင် ရှင့်ကို အရှင်မထားဘူး မှတ်…။"
"အဟမ်း... မဒမ်ချင်…ကျွန်တော့စကားကို နားထောင်ပါဦး။ ကျွန်တော်က တကယ်လူလိမ်မဟုတ်ပါဘူး။ ကျွန်တော် ချင်းရှန်းကျောင်းတော်မှာ ကျင့်ကြံလာတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ ကျွန်တော် သရဲတွေကို မမြင်ရပေမဲ့ အာရုံခံနိုင်ပါတယ်…။ မဒမ်ရဲ့သမီးက သရဲအငွေ့အသက်တွေ ဝန်းရံခံထားရတာ သရဲပူးနေ တာ သေချာပါတယ်….။"
ဟု တာအိုဆရာထျန်းလုက ချက်ချင်း ငြင်းဆိုကာ ရှင်းပြလိုက်သည်။
ဝမ်ရှောက်ထျန်းကလည်း သတိပေးလိုက်သည်။
"ဒီအခန်းထဲမှာ သရဲတစ်ကောင်ပဲ ရှိတာပါ…။"
"တွေ့လား... ကျွန်တော်ပြောသားပဲ…။မဒမ့် သမီး သရဲပူးနေတာပါဆို….။"
ဟု တာအိုဆရာထျန်းလုက ထောက်ခံကာ ပြန်ပြောလိုက်သည်။
ဝမ်ရှောက်ထျန်း သက်ပြင်းချလိုက်မိသည်။ ဤထျန်းလုမှာ လူလိမ်မဟုတ်သည်မှာတော့ သေချာသည်။ အကယ်၍ လူလိမ်တစ်ယောက်သာ ဤမျှ ဉာဏ်နည်းနေလျှင် ငတ်ပြတ်သွားမည် သို့မဟုတ် အလုပ် ပြောင်းသွားရမည်ဖြစ်သည်။
*ဒီလူ့ဦးနှောက်က တကယ်ကို အလုပ်မလုပ်တော့တာပဲ….။*
"ဒီအခန်းထဲမှာရှိတဲ့ တစ်ကောင်တည်းသော သရဲက ခင်ဗျားရဲ့ ကျောပေါ်မှာ ရှိနေတာဗျ….။"
ဝမ်ရှောက်ထျန်းက ထျန်းလု၏ကျောပေါ်ရှိ သရဲလေးကို လက်ယပ်ခေါ်လိုက်သည်။ သရဲလေးမှာ တုန်လှုပ်နေပြီး ကြောက်လန့်နေပုံရသည်။ ဝမ်ရှောက်ထျန်းက သူ့အိတ်ထဲမှ မသုံးရသေးသော နာရေး ငွေစက္ကူအချို့ကို ထုတ်ယူကာ သရဲလေးကို ပြလိုက်သည်။
"လာပါ... လာပါ... ဒါတွေအားလုံးက မင်းအတွက်ပဲ…။"
သရဲလေး၏ မျက်လုံးများမှာ လိုချင်တပ်မက်မှုဖြင့် အရောင်တောက်သွားသည်။ ရက်စက်စွာ သတ်ဖြတ် ခံခဲ့ရသော သရဲတစ်ကောင်သည် ပွဲတော်ရက်များတွင် အလှူအတန်းများကို လက်ခံရရှိနိုင်မည် မဟုတ် ပေ။ ထို့ကြောင့် သူသည် အလွန်ဆင်းရဲနေပေလိမ့်မည်။
တာအိုဆရာထျန်းလုသည် ကျောရိုးထဲက စိမ့်တက်သွားကာ တုန်တုန်ရင်ရင်ဖြင့် ကြောက်လန့်ကာ ခြေထောက်များ ပျော့ခွေမတတ်ဖြစ်သွားသည်။
ဝမ်ရှောက်ထျန်းက ကောက်ကျစ်စွာ ပြုံးလိုက်ပြီးနောက် သရဲလေး၏ လက်ကိုဆွဲကာ တာအိုဆရာ ထျန်းလု၏ မျက်လုံးများပေါ်တွင် သုံးစက္ကန့်ခန့် ဖိကပ်ပေးလိုက်သည်။ ဤသည်မှာ သရဲအငွေ့အသက် များကို မျက်လုံးထဲသို့ ဝင်ရောက်စေကာ လူသားတစ်ဦးက ဝိညာဉ်လောကကို မြင်နိုင်အောင် ပြုလုပ် ပေးသည့် "သရဲမြင်နိုင်စွမ်း" ပင် ဖြစ်သည်။
"ခင်ဗျားရဲ့ ဘယ်ဘက်မျက်လုံးကိုမှိတ်ပြီး ညာဘက်မျက်လုံးနဲ့ ကြည့်လိုက်…။"
ဝမ်ရှောက်ထျန်းက ညွှန်ကြားလိုက်သည်။
တာအိုဆရာထျန်းလုသည် သံသယဖြင့် ဘယ်ဘက်မျက်လုံးကို မှိတ်လိုက်ပြီးနောက် ချက်ချင်းပင် ကြောက်လန့်တကြား ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက်လဲကျသွားသည်။ သူက ဝမ်ရှောက်ထျန်းရှိရာ ဘက်သို့ တုန်ယင်ယင်ဖြင့် လက်ညှိုးဖြင့် ထိုးပြကာ အော်ဟစ်တော့သည်။
"အား... သရဲ….၊ သရဲကြီး…..။"
ဝမ်ရှောက်ထျန်းက ပျက်ရယ်ပြုကာ ပြောလိုက်သည်။
"သူသာ မရှိရင် ခင်ဗျား ခုလောက်ဆို အရေခွံအနွှာခံနေရပြီ….။"
သူသည် တာအိုဆရာထျန်းလုကို အရင်က မသိခဲ့သော်လည်း အခြေအနေကို ခန့်မှန်းနိုင်သည်။ လမ်း မှောင်မှောင်တွင် မကြာခဏ သွားလာနေလျှင် သရဲနှင့်တွေ့ရန် နီးစပ်ပေသည်။ တာအိုဆရာထျန်းလု၏ လိမ်လည်လှည့်ဖြားမှုများက သရဲများကို ဆွဲဆောင်နေခြင်းဖြစ်သည်။ အကယ်၍ ဤသရဲလေးသာ မရှိ လျှင် တာအိုဆရာထျန်းလုမှာ အရေခွံနွှာခံရသည်မှာ ကြာပြီဖြစ်သည်။
ဤသည်က အလကားပြောနေခြင်းမဟုတ်။ သရဲလေးသည် တာအိုဆရာထျန်းလု၏ ပုခုံးတွင် ကပ်နေ သည်မှာ ကြာပြီဖြစ်ကြောင်း သူ၏ မှေးမှိန်နေသော ဝိညာဉ်မီးအိမ်များက သက်သေပြနေသည်။ ပုခုံး ပေါ်မှ ဝိညာဉ်မီးအိမ် သုံးလုံးသည် ဝိညာဉ်ကို ကာကွယ်ရန်ဖြစ်သည်။
ဝိညာဉ်မီးအိမ်များ မှေးမှိန်သွားသည်နှင့် မကောင်းဆိုးဝါး ဝိညာဉ်များကို ဆွဲဆောင်တော့သည်။
ဝမ်ရှောက်ထျန်းက ထိုသို့ပြောသော်လည်း တာအိုဆရာထျန်းလုမှာ ကြောက်လန့်တကြား တုန်ရင်နေဆဲ ဖြစ်သည်။ သူ၏ရှေ့တွင် ဖြူဖျော့သော မျက်နှာနှင့် မီးခိုးရောင် မြူခိုးများ ဝန်းရံနေသည့် အသက် (၆) နှစ် ၊ (၇) နှစ်အရွယ် ကလေးတစ်ယောက်ကို ဝိုးဝါး မြင်နေရသည်။
"အား..."
တာအိုဆရာထျန်းလုက ထိတ်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားသော်လည်း သရဲလေး က ပိုမြန်နေသည်။ သရဲလေးက တစ်ချက်တည်းနှင့် သူ၏ပုခုံးပေါ်သို့ ခုန်တက်လိုက်သည်။
မည်သည့်အလေးချိန်မှ မရှိသလို ခံစားရသော်လည်း တာအိုဆရာထျန်းလုမှာ ပုခုံးပေါ်တွင် အလွန် အေးစိမ့်သော လေးလံမှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ထုံကျင်တုန်ယင်သွားတော့သည်။
"ကယ်... ကယ်ကြပါဦး…."
အေးစက်သော သရဲလက်ကလေးက သူ၏နားရွက်ကို ဆွဲလိုက်သဖြင့် တာအိုဆရာထျန်းလု၏ တစ်ကိုယ်လုံးမှာ ထုံကျင်အေးစက် သွားတော့သည်။
ဝမ်ရှောက်ထျန်းက မဲ့ပြုံးပြုံးကာ မေးလိုက်သည်။
"ခင်ဗျားက လူလိမ်လား…."
"ဟုတ်... ဟုတ်ကဲ့…။ကျွန်တော် လူလိမ်ပါ ဆရာကြီးရယ်... ကျွန်တော့်ကို ကယ်ပေးပါဦး…။"
သူသာ ကြောက်လန့်ပြီး မလှုပ်ရှားနိုင်ဖြစ်မနေလျှင် ဝမ်ရှောက်ထျန်းကို ဒူးထောက်၍ တောင်းပန်မိမှာ သေချာပေသည်။
ချင်ဟုန်ခိုင် ဇနီးမောင်နှံ၏ မျက်နှာများမှာ ပျက်သွားသည်။ မိန်ဝမ်ယမှာလည်း အလွန်ရှက်ရွံ့ကာ နောင်တရသွားမိသည်။ လူလိမ်တစ်ယောက်ကြောင့် တကယ့်အစွမ်းထက်သည့် ဝမ်ရှောက်ထျန်းကို သူမ စော်ကားမိခဲ့သည်မဟုတ်ပါလား။
အကယ်၍ ဝမ်ရှောက်ထျန်းက သူမ၏ မလေးမစားပြုမူမှုနှင့် သံသယဝင်မှုအပေါ် အာဃာတထားပြီး ထွက်သွားမည်ဆိုပါက သူမသမီး၏ အသက်က အန္တရာယ်ရှိသွားပေလိမ့်မည်။
ထိုသို့တွေးမိသောအခါ မိန်ဝမ်ယ၏ မျက်လုံးများမှာ တွေဝေသွားသည်။ ဝမ်ရှောက်ထျန်းကို တောင်းပန် ရန်အတွက် သူမက ရှေ့သို့ပြေးထွက်ကာ တာအိုဆရာထျန်းလု၏ မျက်နှာကို လက်သည်းများဖြင့် ကုတ်ခြစ်လိုက်သည်။
သူမ၏ အသစ်စက်စက် လက်သည်းအလှပြင်ထားမှုမှာ အလွန်ထက်မြက်လှသဖြင့် တာအိုဆရာ ထျန်းလု၏ မျက်နှာအရေပြားကို စုတ်ပြဲသွားစေသည်။
"ဒီလူလိမ်ကြီး….။ ရှင်နဲ့ ကျွန်မနဲ့ မပြီးသေးဘူး…..။"
ဝမ်ရှောက်ထျန်းက နောက်သို့ ဆုတ်လိုက်မိသည်။ ချင်ရှီးရှီးက ဖော်ရွေသော်လည်း သူမမိခင်မှာ ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အလွန်ထိတ်လန့်စရာကောင်းလှသည်။ ပြောရင်း ဆိုရင်းနှင့် လူတစ်ယောက်မျက်နှာကို ကုတ်ခြစ်ပစ်သည် မဟုတ်ပါလား။
သူသည် မိမိပါးပြင်ကို အလိုလိုပင် စမ်းကြည့်လိုက်မိသည်။ သူက တစ်နေကုန် အစားအသောက်ပို့နေရ သဖြင့် အသားအရေက ကြမ်းတမ်းနေသော်လည်း ချင်ရှီးရှီးမိခင်၏ ကုတ်ခြစ်မှုကိုတော့ ခံနိုင်ရည်ရှိ မည်မဟုတ်ပေ။
ထို့ကြောင့် မိန်ဝမ်ယက ဝမ်ရှောက်ထျန်းကို တောင်းပန်သောအခါ သူက ချက်ချင်းပင် ပြန်ပြောလိုက် သည်။
"နားလည်မှုလွဲတာပါ…။ နားလည်မှုလွဲသွားတာပဲ ရှိတာပါ…။"
ဝမ်ရှောက်ထျန်း၏ အပြုံးက တည်ငြိမ်သွားပြီး အဓိကအချက်ကို မြန်မြန်ပြန်ပြောလိုက်သည်။
"အန်တီ... အသေအချာ ပြန်စဉ်းစားကြည့်ပါဦး။ချင်ရှီးရှီးက ထူးဆန်းတဲ့ အရာတစ်ခုခုကို လက်ခံရရှိ ထားသေးလား။ တင်တောင်းတဲ့ပစ္စည်းတွေနဲ့ လက်ထပ်စာချုပ်က ချင်ရှီးရှီးကိုယ်တိုင် လက်ခံမှသာ အတည်ဖြစ်တာဗျ…။"
မိန်ဝမ်ယက သေသေချာချာ စဉ်းစားပြီးနောက် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကာ ပြောလိုက် သည်။
"ဒါလည်း ကျွန်မအမှားပါပဲ။ လွန်ခဲ့တဲ့ရက်ပိုင်းက ရှီးရှီးရဲ့မွေးနေ့မို့လို့ မွေးနေ့လက်ဆောင်အချို့ကို လက်ခံခိုင်းမိတယ်။ ပစ္စည်းတွေက အရမ်းများနေတော့ ကျွန်မ အကုန်လုံးကို မစစ်ဆေးမိဘူး…”
"ရှာလိုက်ပါ…၊ တင်တောင်းတဲ့ ပစ္စည်းတွေကို ရှာရမယ်။ အဲဒါတွေကို ပြန်ပေးပြီး လက်ထပ်စာချုပ်ကို ဖျက်ဆီးလိုက်ရင် ချင်ရှီးရှီးရဲ့ သရဲလက်ထပ်ပွဲက ပျက်ပြယ်သွားလိမ့်မယ်….။"
စေ့စပ်မှုကို ဖျက်သိမ်းရန်အတွက် ပထမဆုံး လိုအပ်သည်မှာ ကျိုးရှောင်ဝေကို နှိမ်နင်းရန်ဖြစ်သည်။ အတင်းအကျပ် အရင်လုပ်ပြီးမှ ညှိနှိုင်းရမည်။ ဤသည်က တစ်ခုတည်းသော နည်းလမ်းပင်။
သူက အေးအေးဆေးဆေး အညံခံမလား သို့တည်းမဟုတ် အားလုံး ပျောက်ကွယ်သွားမလားဆိုတာ သူကိုယ်တိုင် ရွေးချယ်ရလိမ့်မည်။
သို့သော် ကျိုးရှောင်ဝေကို နှိမ်နင်းရန် နောက်ထပ်လူတစ်ယောက် လိုအပ်နေသည်။
"အဟမ်း... ဦးလေးချင်၊ ကျိုးရှောင်ဝေရဲ့ အစွမ်းက အတော်လေး စွမ်းတယ်။ သူက သူခိုင်းစေဖို့အတွက် သရဲတစ်ရာလောက်ကို ဆင့်ခေါ်နိုင်တယ်။ ဒါကို ကျွန်တော်တစ်ယောက်တည်းနဲ့ ကိုင်တွယ်ဖို့ မလွယ် ဘူး။ဦးလေးဘက်က ကူညီပေးမယ့်သူတစ်ယောက်ကို ရှာပေးဖို့ လိုမယ်…။"
ချင်ဟုန်ခိုင်၏ မျက်နှာမှာ တည်ငြိမ်သွားသည်။ ဤကိစ္စမှာ မည်မျှ ဒုက္ခများကြောင်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
"ဒီလိပ်စာကို သွားလိုက်ပါ။ အဲဒီလူရဲ့ နာမည်က မိန်ပေါ်ထောင်းတဲ့။ သူ့ကိုသာ ခေါ်လာနိုင်ရင် ဒီတိုက်ပွဲရဲ့ တစ်ဝက်က အောင်နိုင်သွားပြီပဲ….။"
ထိုတည်ငြိမ်အေးဆေးသည့် လူ၏အစွမ်းက လီရွှယ်ထက်ပင် သာလွန်ပေသည်။
ဝမ်ရှောက်ထျန်းက လီရွှယ်ကို မရှာချင်သည်မဟုတ်။ သို့သော် ဤကိစ္စတွင် သူမကို မပတ်သက်စေချင် ကြောင်း သူ၏စိတ်ကူးထဲတွင် ခံစားနေမိသည်။ နန်ရှန်သုသာန်မှာ သူမ ဘာကြောင့်ရှိနေသလဲဆိုသည့် သူမ၏ ရည်ရွယ်ချက်ကို သူ သံသယရှိနေဆဲပင်။
ချင်ဟုန်ခိုင်သည် လူငယ်လေးဖြစ်သော ဝမ်ရှောက်ထျန်းကို အလွန်လေးစားစွာဖြင့် ဆက်ဆံကာ လူလွှတ်၍ ချက်ချင်း ရှာခိုင်းလိုက်သည်။
နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ အလေးထားမှုကို ခံရသဖြင့် ဝမ်ရှောက်ထျန်းမှာ အားနာ မိသလို တစ်ဖက်ကလည်း အလွန်ကျေနပ်မိသည်။ အမှန်ပင် အစွမ်းအစရှိသူများသည် မည်သည့်နေရာ သို့သွားသည်ဖြစ်စေ လေးစားမှုကို ခံရစမြဲပင်ဖြစ်သည်။