← Chapters

အမှားများ

Vol. 6 Ch. 68

အမှားများ

Vol. 6 Ch. 68

ချင်ဟုန်ခိုင်က ဝမ်ရှောက်ထျန်းကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။

"ငါ့ရဲ့ ချင်မိသားစုက မင်းအပေါ်မှာ ကျေးဇူးကြွေး တင်သွားပြီ။ ငါ ချင်ဟုန်ခိုင်ရဲ့ အကူအညီ လိုအပ်တဲ့ အခါမျိုးရှိရင် ဘယ်အချိန်မဆို ငါ့ကို ဆက်သွယ်လိုက်ပါ….။"

ဝမ်ရှောက်ထျန်းသည် စီးပွားရေးလောကထဲတွင် ကျင်လည်နေသူ မဟုတ်သော်လည်း ချင်ဟုန်ခိုင်၏ အဆင့်အတန်းကို ကောင်းကောင်းသိသည်။ သူသည် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဆယ်ဦးစာရင်းဝင် တစ်ဦးဖြစ်ပြီး ချင်မိသားစုမှာ အလွန်ကြွယ်ဝချမ်းသာရုံသာမက ချင်ဟုန်ခိုင်ကိုယ်တိုင်မှာလည်း ပရဟိတစိတ်ရှိသူ၊ သိက္ခာရှိသူနှင့် ကတိတည်သူတစ်ဦးအဖြစ် ကျော်ကြားလေသည်။

ချင်ဟုန်ခိုင်၏ ကတိစကားတစ်ခွန်းမှာ လူအများ မက်မောရသည့် အရာပင်ဖြစ်သည်။

"မစ္စတာချင်၊ အဲဒီလောက်အထိ မလိုပါဘူး။ ကျွန်တော်က ခင်ဗျားနဲ့ ယှဉ်ရင် ဘာမှမဟုတ်တဲ့သူပါ….။" ဟု ဝမ်ရှောက်ထျန်းက ပြန်ပြောလိုက်သည်။

သူ့ကဲ့သို့သော သာမန်လူတစ်ယောက်၏ အကူအညီမှာ ချင်ဟုန်ခိုင် အတွက် အရေးပါလိမ့်မည်ဟု သူ မထင်ပေ။

"မင်းက ငါ့သမီးကို ကယ်ခဲ့တာပဲ အဲဒါ ငါ့ကို ကယ်ခဲ့တာနဲ့ အတူတူပါပဲ….။"

ချင်ဟုန်ခိုင်၏ မျက်နှာမှာ အလွန်တည်ကြည်နေသည်။

ဝမ်ရှောက်ထျန်းမှာ အနည်းငယ် အနေရခက်သွားသည်။ ချင်ဟုန်ခိုင်၏ မြင့်မားသောအဆင့်အတန်း ကြောင့် ကြောက်ရွံ့ခြင်းမဟုတ်ဘဲ ဤမျှ လေးလေးနက်နက် ကျေးဇူးတင်ခံရခြင်းမျိုး တစ်ခါမျှ မကြုံဖူး သောကြောင့် ဖြစ်သည်။ ချင်ရှီးရှီးက သူ့ကို ကျောက်စိမ်းဆွဲသီး လွယ်လွယ်ကူကူပင် ပေးခဲ့သည်ကို ပြန် တွေးမိပြီး သူ အပြစ်မကင်းသလို ခံစားနေရသည်။

"စိတ်မပူပါနဲ့၊ ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါ့မယ်….။"

မိန်ပေါ်ထောင်း ရောက်လာသည်မှာ မြန်လှသည်။ သူသည် ဆေးရုံသို့ရောက်သည်နှင့် မိန်းကလေး၏ ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်း သတိပြုမိသွားသည်။

"ဒါက ဝိညာဉ်ခွဲထုတ်ခံထားရတာပဲ။ သူမမှာ လိပ်ပြာတစ်ပါးနဲ့ ဝိညာဉ်သုံးခု ပျောက်ဆုံးနေတယ်….။"

ဝမ်ရှောက်ထျန်းက မိန်ပေါ်ထောင်းကို မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်၍ ပြောပြလိုက် သည်။ အဘိုးယွမ်အကြောင်းကိုမူ ဖုံးကွယ်ထားပြီး မီးသင်္ဂြိုလ်စက်တွင် ယင်နတ်ဆိုးနှင့် တွေ့ခဲ့ရပုံများ ကိုသာ အကုန်ပြောပြလိုက်သည်။

"ယင်နတ်ဆိုးလားဟုတ်လား…..။ မင်း သေချာလို့လား…။"

ဝမ်ရှောက်ထျန်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"လီရွှယ်က အဲဒီ ယင်နတ်ဆိုးကို ဖမ်းသွားတာ….။"

မိန်ပေါ်ထောင်း၏ မျက်နှာထားမှာ တင်းမာသွားသည်။ ထိုစဉ် မိန်ပေါ်ထောင်း၏ ပခုံးပေါ်ရှိ ကျီးနက်က အက်ကွဲစွာ အော်လိုက်သည်။

"အား... အား... ယင်နတ်ဆိုး..။ အား... အား... အဲဒီမိန်းမက ဘာလုပ်ချင်နေတာလဲ…"

ကျီးကန်းတစ်ကောင် စကားပြောသည်ကို ဝမ်ရှောက်ထျန်းက မအံ့ဩသော်လည်း အခန်းထဲရှိ အခြားလူ များမှာမူ မတူပေ။ လောကအတွေ့အကြုံများသော ချင်ဟုန်ခိုင်ပင်လျှင် ကျီးကန်းနက်စကားပြောသည် ကို မြင်လိုက်ရသောအခါ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"ဒါ... ဒါကြီးက စကားပြောတယ်ဟုတ်လား…..။"

လက်ထောက်ရှင်းမှာလည်း မှင်တက်နေမိသည်။

ကျီးနက်၏ မျက်လုံးများတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားကာ ပြောလိုက် သည်။

"မင်းတို့ကလည်း မမြင်ဖူးတာကျလို့….။"

ဝမ်ရှောက်ထျန်းက ခေါင်းကို ကုတ်ရင်း အနေရခက်စွာဖြင့် ဝင်ပြောလိုက်သည်။

"ခင်ဗျားတို့ စိတ်အေးအေးထားပါဦး။ ကျွန်တော်ဆိုရင် သရဲပုံပြင်တွေလည်း ကြားဖူးတယ်၊ သရဲမျိုးစုံ ကိုလည်း တွေ့ဖူးတယ်။ စကားပြောတဲ့ ကျီးကန်းတစ်ကောင်က ဘာများထူးဆန်းလို့လဲ….။"

"ဖြန်း…."

ဝမ်ရှောက်ထျန်း စကားမဆုံးသေးခင်မှာပင် ကျီးနက်က သူ၏တောင်ပံဖြင့် ဝမ်ရှောက်ထျန်း၏ ခေါင်းကို ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်လေတော့သည်။

"အား... အား... ကျီးကန်း... ဘာကျီးကန်းလဲ… ငါက မင်းရဲ့ အဘိုးကွ…။"

"အဘိုး….၊အဘိုးကျီးကန်းကြီး ကျွန်တော် မှားသွားပါတယ်…."

ဝမ်ရှောက်ထျန်းမှာ ခေါင်းကိုကာရင်း ထွက်ပြေးကာ အသနားခံတောင်းပန်တော့မှ ကျီးနက်က လွှတ်ပေး လိုက်သည်။

ရုတ်တရက် ကျီးနက်သည် ဝေဟင်မှ မြေပြင်သို့ ဘုတ်ခနဲ ကျလာပြီး ဝမ်ရှောက်ထျန်းကို ကြောင်ကြည့် နေသည်။ ဝမ်ရှောက်ထျန်းသည် ကျီးနက်၏ မျက်နှာတွင် အံ့ဩတုန်လှုပ်နေသည့် အမူအရာကို မြင် လိုက်ရသည်။

"ဘာ... ဘာဖြစ်လို့လဲ…."

ဟု ဝမ်ရှောက်ထျန်းက မေးလိုက်သည်။

မိန်ပေါ်ထောင်းက ချက်ချင်း ဆောင့်ကြောင့်ထိုင်ချကာ ဝမ်ရှောက်ထျန်းကို ခြေဆုံးခေါင်းဆုံး စစ်ဆေး ကြည့်သည်။ နောက်ဆုံးတွင် ဝမ်ရှောက်ထျန်းကို ကြည့်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"မင်း ကျီးကန်းတစ်ကောင် မွေးချင်သလား….။"

ဝမ်ရှောက်ထျန်းမှာ ရုတ်တရက်ကြောင်သွားပြီး ပြန်ပြောလိုက်သည်။

"ဘာဖြစ်တယ်…. နောက်မနေနဲ့ဗျာ…။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်တောင် ဝအောင်မကျွေးနိုင်တာ…။"

ဤကျီးနက်မှာ သာမန်ငှက်မဟုတ်ဘဲ အလွန်ထူးဆန်းပေသည်။ သူကိုယ်တိုင်ပင် တစ်နေ့လုံး ပေါက်စီ တောင် ဝအောင်မစားနိုင်သည့်အခြေအနေတွင် ဤကျီးကန်းကို မည်သို့ဝအောင်ကျွေးနိုင်မည်နည်း။

မြေပြင်ပေါ်တွင် သေချင်ယောင်ဆောင်နေသော ကျီးနက်သည် ဝမ်ရှောက်ထျန်း၏ စကားကို ကြားသည် နှင့် ပြန်၍ ပျံတက်လာပြီး ဝမ်ရှောက်ထျန်း၏ ပါးကို နှုတ်သီးဖြင့် ဆိတ်လိုက်သည်။

ဝမ်ရှောက်ထျန်းက အလိုလို ခေါင်းကိုကာလိုက်သော်လည်း ထင်သလောက် နာကျင်ခြင်းတော့မရှိပေ။ မော့ကြည့်လိုက်သောအခါ ကျီးနက်၏ ခေါင်းမှာ မိုးကြိုးအပစ်ခံရသကဲ့သို့ အမွှေးအမျှင်များ ထောင်နေ သည်ကို တွေ့လိုက်ရသည်။

"မင်းတို့နှစ်ယောက်က သွေးချင်းလဲပြီး ပဋိညာဉ် ပြုမိသွားပြီ။ အဲဒါကြောင့် သူ မင်းကို နာအောင် မလုပ် နိုင်တော့ဘူး….။"

ဟု မိန်ပေါ်ထောင်းက ရှင်းပြလိုက်သည်။

ဝမ်ရှောက်ထျန်း၏ မျက်စိလည်သွားသည်။ စောစောက ကျီးနက်က သူ့ကိုရိုက်လိုက်စဉ်က သူကလည်း ပြန်ကိုက်လိုက်မိသည်ကို သတိရသွားသည်။ ထိုအခါမှ မတော်တဆ ပဋိညာဉ် ဖြစ်သွားခြင်းပင်။ မည် သည့်အတွက်ကြောင့်မှန်း မသိသော်လည်း ကျီးနက်က သူ့အား ထပ်ပြီး ရိုက်နှက်၍ မရတော့သည်က တော့ သေချာလေသည်။

"ကျီးနက်လေး... အခုတော့ ငါ့အလှည့်ပဲ။ ငါ့ကို ထပ်ရိုက်ဖို့ စိတ်တောင်မကူးနဲ့တော့….။"

ကျီးနက်သည် မိန်ပေါ်ထောင်းက ဝမ်ရှောက်ထျန်းကို အမှန်အတိုင်း ပြောပြလိုက်သဖြင့် အလွန်ဒေါသ ထွက်ကာ မိန်ပေါ်ထောင်း၏ နဖူးကို ခြေသည်းဖြင့် ကုတ်ခြစ်လိုက်လေတော့သည်။ ကျီးနက်မှာ လူကြီး တစ်ယောက်၏ လက်မောင်းခန့်သာ ရှိသော်လည်း ရန်လိုပုံမှာ လင်းယုန်တစ်ကောင်ထက်ပင် မနိမ့်ပေ။

မိန်ပေါ်ထောင်း၏ နဖူးမှ သွေးများ ချက်ချင်း စိမ့်ထွက်လာသည်။

မိန်ပေါ်ထောင်းကမူ ဘာမှမဖြစ်သကဲ့သို့ပင် ပြောလိုက်သည်။

"အချိန်သိပ်မရှိတော့ဘူး။ လူတစ်ယောက် သေသွားရင် လိပ်ပြာခုနစ်ပါးက ကွဲလွင့်သွားတတ်တယ်။ တစ်ပါးက သင်္ချိုင်းကိုသွားတယ်၊ တစ်ပါးက ဘိုးဘွားဝိညာဉ်ထံသွားပြီး တတိယတစ်ပါးကတော့ ငရဲဘုံ မှာ စီရင်ချက်ခံဖို့ သွားရတယ်။ အခု ဝိညာဉ်တွေ ပျောက်ဆုံးနေတာဆိုတော့ မိုးမလင်းခင် ပြန်မရှာနိုင်ရင် ဒီမိန်းကလေး သေဖို့ပဲ ရှိတော့တယ်…။"

"အငြိုးကြီးတဲ့ သရဲတစ်ကောင်က ဖမ်းထားတာ ဖြစ်ရမယ်။ ဝိညာဉ်အားလုံးကို ပြန်မခေါ်လာနိုင်တာ ကျွန်တော့်အမှားပါ….။"

ဝမ်ရှောက်ထျန်းမှာ အလွန် အပြစ်မကင်းသလို ခံစားနေရသည်။ အကယ်၍ သူသာ ပိုသတိထားခဲ့လျှင် ချင်ရှီးရှီး ဤကဲ့သို့ ဖြစ်လာလိမ့်မည်မဟုတ်ပေ။

"အား... အား... အသုံးမကျတဲ့ကောင်….။" ဟု ကျီးနက်က ခနဲ့လိုက်သည်။

ဝမ်ရှောက်ထျန်းက သက်ပြင်းချကာ ပြောလိုက်သည်။

"ငါက အားနည်းတဲ့သူပါကွာ။ အခုထိ အသက်ရှင်နေတာကိုပဲ ကံကောင်းလှပါပြီ…"

ကျီးနက်၏ မျက်လုံးများက လှုပ်ရှားသွားပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

"ကိုယ့်ရဲ့ စွမ်းရည်ကိုတောင် ကိုယ်မသုံးတတ်တဲ့ အသုံးမကျတဲ့ကောင်….။"

"..."

သူ အနည်းငယ် ဝမ်းသာသွားသည်။ ကျီးနက်က သူ့ကို တစ်ခုခု သတိပေးနေခြင်း ဖြစ်နိုင်သည်။ သူ၏ ကိုယ်ထဲတွင် ကြီးမားသော စွမ်းအားများ ရှိနေခြင်းများလား၊ သူက ရွေးချယ်ခံရသူများလား….။

မိန်ပေါ်ထောင်းက ကျီးနက်ကို အေးစက်စက် တစ်ချက် ကြည့်လိုက်သည်။

ကျီးနက်က တောင်ပံကို ခါလိုက်ပြီး ပါးစပ်ပိတ်ကာ ဝမ်ရှောက်ထျန်း၏ ပခုံးပေါ်သို့ မကျေမချမ်းဖြင့် ဆင်းနားလိုက်သည်။

"အား... အား... ဝမ်ရှောက်ထျန်း၊ လမ်းပြစမ်း။ ငါတို့ ယင်နတ်ဆိုးနယ်မြေကို သွားကြမယ်။ အဲဒီမှာ ငါ့ရဲ့ အစွမ်းကို မင်းကို ပြရသေးတာပေါ့…။"

ကျီးနက်က တောင်ပံကို ခတ်လိုက်သည်။ ဝမ်ရှောက်ထျန်းနှင့် မတော်တဆ ပဋိညာဉ်ပြုမိခြင်းကလည်း ဆိုးလှသည်တော့ မဟုတ်ပေ။

...

လူနှစ်ယောက်နှင့် ကျီးကန်းတစ်ကောင်သည် နန်ရှန်သုသာန်၏ အဝင်ဝတွင် ရပ်နေကြသည်။ နေဝင်သွား ပြီဖြစ်၍ မှောင်ရီပျိုးစချိန်သို့ ရောက်နေပြီဖြစ်သည်။

"အခုချိန်ကြီး တကယ်ပဲ အထဲကိုဝင်မှာလား….။"

ဝမ်ရှောက်ထျန်းက ချမ်းစိမ့်စိမ့်ကြီး ခံစားနေမိသည်။ ကျိုးရှောင်ဝေက သာမန်သရဲမဟုတ်ပေ။ သူသည် သရဲရာပေါင်းများစွာကို ခေါ်ယူနိုင်သူ ဖြစ်သည်။

ဤကဲ့သို့ ညဉ့်နက်သန်းခေါင်တွင် ဝင်သွားခြင်းမှာ ထောင်ချောက်ထဲသို့ ကိုယ်တိုင်တိုးဝင်သွားသကဲ့သို့ ဖြစ်နေပေသည်။

"ဝင်မယ်…."

ဟု မိန်ပေါ်ထောင်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

ဝမ်ရှောက်ထျန်းလည်း အံကြိတ်ကာ နောက်မှလိုက်ရတော့သည်။ သူ၏လက်ထဲတွင် ဧကရာဇ်ငါးပါး ဒင်္ဂါးကို တင်းတင်းဆုပ်ထားရင်း ကျီးနက်ကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ငါတို့က တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြတာနော်။ ငါ အန္တရာယ်ဖြစ်ရင် မင်း ငါ့ကို ကယ်ရ မယ်….။"

"အား... အား... အသုံးမကျလိုက်တာ။ မင်းကတော့ ဧကရာဇ်ငါးပါးဒင်္ဂါးတွေကို အလဟဿ ဖြစ်အောင် လုပ်နေပြီ….။"

ဟု ကျီးနက်က လှောင်လိုက်သည်။

"ငါက ဒါတွေကို ဘယ်လိုသုံးရမှန်းမှ မသိတာ….။"

ဝမ်ရှောက်ထျန်းက အားကိုးရာမဲ့စွာ ပြောလိုက်သည်။ အခုမှ စာကျက်ရသကဲ့သို့ ဖြစ်နေသော်လည်း တစ်ခုခုတော့ သင်ယူရမည် မဟုတ်ပါလား။

ကျီးနက်က ရှေ့မှ လျှောက်သွားသော မိန်ပေါ်ထောင်းကို တစ်ချက်ကြည့်ကာ ဝမ်ရှောက်ထျန်းကို ဂါထာ တစ်ခု တိုးတိုးလေး သင်ပေးလိုက်သည်။

"ငါ ဂါထာတစ်ခု သင်ပေးမယ်။ မင်း နားလည်နိုင်မလား ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ် …။"

ဝမ်ရှောက်ထျန်းက ကျီးနက်ပြောသော ဂါထာကို အမြန်မှတ်သားလိုက်ပြီး စိတ်ထဲမှ အကြိမ်ကြိမ် ရွတ်ဆိုနေမိသည်။

ထိုစဉ် ဝမ်ရှောက်ထျန်းသည် သူ၏ ခြေထောက်အောက်တွင် တစ်ခုခု နင်းမိသည်ကို ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သောအခါ လက်မောင်းပြတ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုလက်မောင်းမှာ ဖြူဖျော့နေပြီး ပဲပြားဖတ်များကဲ့သို့ ပျော့ဖတ်နေသည်။

"အား... အု…"

ဝမ်ရှောက်ထျန်းမှာ လန့်သွားသော်လည်း သူ၏ စိတ်ကို ထိန်းကာ အော်သံကို အမြန်ပြန်မြိုချလိုက်သည်။

လမရှိ၊ လေတိုက်နေသော ဤညမျိုးတွင် တိတ်ဆိတ်နေသည့် သုသာန်ထဲ၌ ဤကဲ့သို့သော အရာမျိုးကို နင်းမိခြင်းမှာ သေလောက်အောင် လန့်ဖို့ကောင်းလှသည်ပင်။ လန့်လွန်းသဖြင့် အသက်မထွက်သွား သည်ကိုပင် သူ ကျေးဇူးတင်ရမည်။

All Chapters