ဆရာနတ်မင်း… ကျုပ်တို့တွေ ဆရာ့ကို အရမ်းလွမ်းနေတာဗျ
Vol. 1-5 Ch. 44
အခန်း (၄၄) : ဆရာနတ်မင်း… ကျုပ်တို့တွေ ဆရာ့ကို အရမ်းလွမ်းနေတာဗျ
လက်သီးချက်တွင် ဘာနက်နဲမှုမှ ပါမနေသလို မြန်လည်း မမြန်ပေ။
သို့သော် ရှန်ထျန်း လက်သီးနှင့် ထိုးလိုက်သည့်အချိန်၌ ကွေ့ကုန်းကုန်းက ဆွဲငင်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
ရှန်ထျန်း၏ လက်သီးက အလွန်အားကောင်းသည့် ဆွဲငင်အားတစ်ခုကို ထုတ်လွှတ်နေလေသည်။
ဒီဆွဲငင်အားက ကွေ့ကုန်းကုန်းအား လက်သီးနားသို့ နီးလာအောင် ဆွဲငင်နေကာ သူ့ရှောင်တိမ်းနှုန်းကိုလည်း ထိန်းချုပ်ကန့်သတ်နေသည်။
ကွေ့ကုန်းကုန်း မသိသော တခြားကမ္ဘာတစ်ခု၌ ကမ္ဘာ့ဆွဲအား ပုံသေနည်းတစ်ခု ရှိသည်။
ထုထည်သိပ်သည်းဆ လုံလုံလောက်လောက် ရှိသည့် အရာဝတ္ထုတစ်ခုက တခြားအရာဝတ္ထုတွေအား ဆွဲငင်နိုင်သည့် ပြင်းထန်သော ဆွဲအားတစ်ခုကို ထုတ်လုပ်နိုင်သည်။ ထို့ကြောင့် အရာဝတ္ထုတစ်ခု၏ သိပ်သည်းဆ များလေလေ၊ ၎င်း၏ ဆွဲအားက ပိုအားကောင်းလေလေ ဖြစ်သည်။
ရှန်ထျန်း၏ ညာဘက်လက်သီးကို လေးလံရေစင်နှင့် ဖုံးအုပ်လွှမ်းခြုံထားခြင်းက ဒီလက်သီးချက်ကို ရှောင်ဖို့ အရမ်းကို ခက်ခဲစေသွားသည်။
သို့သော် ရှောင်ဖို့ခက်သည်ဆိုတာက မခုခံနိုင်ဘူးဟုတော့ ဆိုလိုမနေပေ။
ကွေ့ကုန်းကုန်းက ရှန်ထျန်းထိုးလိုက်သည့် နောက်ထပ် လက်သီးချက်၏ ကြောက်လန့်ဖွယ်စွမ်းအားကို ခံစားလို့ရသည်။
ဒီလက်သီးချက်သာ သူ့ကို ထိသွားပါက ကိုယ်လုပ်တော်လန်နှင့် သွားတွေ့လို့ရနေလောက်ပြီ။
“သိပ်သည်းစေ”
ကွေ့ကုန်းကုန်း၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီတို့က နတ်ဆိုးနေကြာပန်းဆီသို့ တရှိန်ထိုး စီးဆင်းဝင်ရောက်သွားသည်။
လုံလောက်သည့် ဝိညာဉ်ချီတို့ကို ရရှိပြီးသည့်နောက် သွေးရောင်ရဲနေသော နေကြာပန်းက ပိုပြီး စိုစိုလွင်လွင်နှင့် စွဲမက်စရာကောင်းသွားသည်။
အရာအားလုံးကို ဝါးမြိုရန် ပါးစပ်ပေါက်ကြီးကို ဖွင့်ဟလိုက်သည့်အလား ပန်းပွင့်က ဖြည်းဖြည်းချင်း ပွင့်အာလာသည်။
သို့သော် ရှန်ထျန်း၏ ရှေးဦးအဆီအနှစ် လေးလံရေစင် ဖုံးအုပ်ထားသည့် ညာလက်သီးက ထိုပန်းပွင့်ဆီသို့ ကျရောက်လာသည်။ သွေးနီရောင် နေကြာပန်းပွင့်၏ ပွင့်ဖတ်တို့အပေါ်တွင် အက်ကွဲကြောင်းများ လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
ထို့နောက် ပွင့်ဖတ်တစ်ဖတ်ချင်းစီက အစအနမကျန် တစ်စစီ ကွဲကြေသွားလေ၏။
.....................
ကွေ့ကုန်းကုန်းက နတ်ဆိုးနေကြာပန်း အကာအကွယ်ကို အားကုန်သုံး၍ ဖန်တီးပြုလုပ်ထားသော်လည်း ရှန်ထျန်းဆီမှ လက်သီးချက်ကို ခုပင်မခုခံနိုင်လိုက်ပေ။
ပွင့်ဖတ်နီနီတို့က လက်သီးချက်၏ လေအဟုန်ကြောင့် မုန့်မုန့်ညက်ညက် ကြေမွသွားကာ ရှန်ထျန်း၏ လက်သီးက ကွေ့ကုန်းကုန်းနှင့် သုံးလက်မအကွာတွင် ရပ်တန့်သွားသည်။
ဒီတိုက်ခိုက်မှုတွင် ရှန်ထျန်းက အနိုင်ရရှိသွားသည်။
သူက ကိုယ်ထည်မာ စတုတ္ထအဆင့်၌ (၈)ဆင့်မြောက်ချီသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက်ကို တိုက်ကွက်တစ်ကွက်တည်းနှင့် အပြတ်အသတ် အနိုင်တိုက်နိုင်လိုက်သည်။
ငွေရောင်အရည်က သူ့ကိုယ်ထဲ ဖြည်းဖြည်းချင်း ပြန်လည်စိမ့်ဝင်သွားသည်။ လေထုအား ဖိနှိပ်ထားသည့် အရှိန်အဝါကလည်း ပျောက်ကွယ်သွားသည်။
ရှန်ထျန်းက အပြုံးတစ်ခုကို ဆင်မြန်းရင်း ခေါင်းကို အသာကုတ်လိုက်သည်။
“ခုနတုန်းက ကျွန်တော့်တစ်ကိုယ်လုံး အားအင်တွေ ပြည့်နှက်နေတာပဲဗျ။ အဲဒီအားတွေကို ထုတ်မှ မသုံးပစ်လိုက်ဘူးဆိုရင် ကျွန်တော့်မှာ နေသာထိုင်သာ ရှိမှာမဟုတ်ဘူး…
ထိခိုက်သွားသေးလား… ဦးလေးကွေ့”
ကွေ့ကုန်းကုန်းက ခေါင်းခါပြလိုက်ပြီးနောက် ခံစားမှုအပြည့်နှင့် သက်ပြင်းချလိုက်သည်။
“အရှင့်သား အမြန်ထိန်းလိုက်လို့ ကျွန်တော်မျိုး ဘာမှဖြစ်မသွားပါဘူး…
ဒါပေမဲ့ အရှင့်သား… အရှင့်သားရဲ့ လက်သီးချက်က တကယ်ကို အားကောင်းတာပဲ။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် အသက်အန္တရာယ်အထိ ခြိမ်းခြောက်လို့ ရနေလောက်ပြီ။
တကယ်လို့ ကိုယ်လုပ်တော်လန်သာ အရှင့်သား ဘယ်လိုထိ အားကောင်းနေပြီလဲ ဆိုတာကို သိရင် သခင်မတော့ တမလွန်မှာ ပျော်နေတော့မှာပဲ”
ကွေ့ကုန်းကုန်း၏ စကားများက မြှောက်ပင့်ဖားယား ပြောနေခြင်း မဟုတ်ပေ။
သူက ဟရူးဂါနတ်ဆိုးကျမ်းကို (၈)ဆင့်မြောက်ချီသန့်စင်ခြင်းအဆင့် အထိရောက်အောင် ကျင့်ကြံပြီးသွားပြီ ဖြစ်သည်။
တကယ်တမ်းတွင် သူ့အစွမ်းအင်အားမှာ သာမန်လုံးဝမဟုတ်ချေ။ အသေအကြေတိုက်ပွဲမျိုးတွင် သူက အဆင့်တူ နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများကိုပင် ယှဉ်တိုက်နိုင်နေပြီ ဖြစ်သည်။
သူ့တိုက်ကွက်များအရ သူက အားနည်းသည့် အခြေတည်အဆင့် ကျင့်ကြံသူများကိုပင် ယှဉ်တိုက်နိုင်လေသည်။
သို့သော် ရှန်ထျန်းအရှေ့တွင်မူ သူက လက်သီးတစ်ချက်ကိုပင် မခုခံနိုင်လိုက်ချေ။
ငွေရောင်အရည်ကို ဖုံးအုပ်စေလိုက်သည့် အခြေအနေမျိုးတွင် ရှန်ထျန်းက လက်သီးတစ်ချက်နှင့်ပင် ပြိုင်ဖက်ကင်း နေလေပြီ။
.....................
“ရှေးဦးအဆီအနှစ် လေးလံရေစင်က အစစ်အမှန်ရေစာရင်းမှာ အဆင့်(၁၂) ချိတ်တယ်လေဗျာ… သူ့ရဲ့အစွမ်းက တကယ့်ကို သာမန်မဟုတ်ဘူး” ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည် “စောနက ကျွန်တော့်လက်သီးအားက ဒီရေကြောင့် ပိုပြီး အားများသွားတာ”
ကွေ့ကုန်းကုန်း၏ မျက်နှာမှာ ဝင်းလက်သွားကာ “အရှင့်သား… အရှင့်သားက လေးလံရေစင်ကို ထိန်းတောင် ထိန်းချုပ်နိုင်နေပြီလား”
ရှန်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။
“ကျွန်တော်လည်း ဘာကြောင့်မှန်း မသိဘူး။ ဒီရေက မီးစာကျမ်းနဲ့ တော်တော်လေး လိုက်ဖက်ပြီး သဟဇာတ ဖြစ်နေတဲ့ပုံပဲ။
မီးစာကိုယ်ထည်မာကျမ်းကို နိုးဆော်လိုက်တဲ့အခိုက်မှာ ရှေးဦးအဆီအနှစ် လေးလံရေစင်ကို ကျွန်တော့်ရဲ့ အားထဲ ထည့်သုံးလို့ ရသွားတယ်ဗျ။
ဒီအားကနေတဆင့် လေးလံရေစင်က ခန္ဓာကိုယ်တစ်လျှောက်လုံးကို စီးဆင်းသွားပြီး ကျွန်တော့်ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေကို မာကျောလာစေတယ်။
သူ့အကူအညီကြောင့် ကျွန်တော့်ကိုယ်ကို မာကျောအောင် လုပ်ဖို့ အသုံးပြုနိုင်တဲ့ ဝိညာဉ်ချီပမာဏက အဆပေါင်းများစွာ တိုးသွားတယ်ဗျ။ အဲ့ဒီအပြင်ကို ကိုယ်ထည်မာကျောလာစေတဲ့ နှုန်းကိုလည်း အဆများစွာ တိုးသွားစေသေးတယ်။
စောနတုန်းက လေးလံရေစင်ကို ကျွန်တော့်လက်သီးပေါ်မှာ စုစည်းကြည့်ဖို့ ကြိုးစားကြည့်လိုက်တာလေ… မထင်မှတ်ဘဲ အဲ့လို လုပ်လို့ရမှန်း သိလိုက်ရတယ်ဗျ”
ငွေငါးစသာ ပေးခဲ့ရသော မီးစာကိုယ်ထည်မာကျမ်းက ဒီလိုအံ့မခန်းအကျိုးကျေးဇူးတွေ ရှိနေလိမ့်မည်လို့ ရှန်ထျန်းက မထင်ထားမိချေ။
မီးစာကျမ်းကို သုံးပြီး ရှေးဦးအဆီအနှစ် လေးလံရေစင်ကို စုပ်ယူသန့်စင်ဖို့ ဘယ်သူကမှ မကြိုးစားကြည့်ဖူးတာများလား…
ဒါမှမဟုတ် ငါ မသိတဲ့ တခြားလျို့ဝှက်ချက်တွေ ရှိနေတာများလား…
ရှန်ထျန်းက မျက်မှောင်ကျုံ့လိုက်သည်။ အကြောင်းအရာများမှာ ထိုမျှလောက် မရိုးရှင်းဘူးဟု ခံစားနေရသည်။
ထားပါ… ဒီအကြောင်း ဆက်တွေးမနေတော့ဘူး… နောင်ကျရင် အခွင့်ကြုံတဲ့အခါ သိရမှာပါလေ…
ရှန်ထျန်းက သံသယအတွေးတို့ကို ခဏခေါက်ထားလိုက်ပြီး သူ့ရဲ့ အသေတိုက်ကွက်ကို နာမည်ကောင်းကောင်းလေး ပေးဖို့ စဉ်းစားလိုက်သည်။
မီးစာကျမ်းထဲတွင် သင့်တော်ကိုက်ညီသည့် တိုက်ကွက်မျိုး မရှိချေ။
အခုမူ ရှေးဦးအဆီအနှစ် လေးလံရေစင်ကို စုပ်ယူပြီးသွားသည့်နောက်တွင် ရှန်ထျန်း၏ မီးစာကျမ်းက ဗီဇပြောင်းသွားလေပြီ။
လေးလံရေစင်က ရှန်ထျန်းအား ပြိုင်ဖက်ကင်း လက်သီးတိုက်ကွက်တစ်ခုကိုပင် ဖန်တီးနိုင်စေခဲ့သည်။
ထို့ကြောင့် ရှန်ထျန်းက ဒီပြိုင်ဖက်ကင်းလက်သီးချက်နှင့် သင့်တော့်မည့် သြဇာအာဏာအပြည့်နှင့် နာမည်အမိုက်စားတစ်ခုကို မှည့်ပေးချင်သည်။
ဒါကို ဘယ်လိုခေါ်ရင်ကောင်းမလဲ…
မီးစာ နတ်ရေစင်လက်သီး…
ပြိုင်ဖက်ကင်း မီးစာလက်သီး…
ပြိုင်ဖက်ကင်း နတ်ရေစင်လက်သီး…
စအိတမ ရေ လက်သီး…
ငါ့အလှပြန်ပေးလက်သီး…
.....................
နာမည် ဆယ်ခုကျော်လောက်ထိ စဉ်းစားပြီးသောအခါ၌ သူက နာမည်ပေးရာတွင် ညံ့ဖျင်းသူ တစ်ယောက်ဖြစ်ကြောင်းကို ရှန်ထျန်းတစ်ယောက် လက်ခံလိုက်ရလေတော့သည်။
ထားပါ… ဒါကို “ရှေးဦးအဆီအနှစ် နတ်လက်သီးချက်” လို့ပဲ ခေါ်ကြရအောင်…
ရှေးဦးအဆီအနှစ် လေးလံရေစင်ကို သူ့ခြေထောက်တွေဆီသို့ ပို့နိုင်သည့်အချိန်ရောက်လျှင် ထိုသိုင်းကွက်ကို “ရှေးဦးအဆီအနှစ် နတ်ကန်ချက်” ဟု ခေါ်လို့ ရသည်။
လက်ဝါးနှင့် ရိုက်လို့ရသွားသည့် အချိန်ရောက်လျှင် “ရှေးဦးအဆီအနှစ် နတ်လက်ဝါးချက်” ဟု ခေါ်လို့ရသည်။
သူ့တစ်ကိုယ်လုံးကို ဖုံးနိုင်သွားသည့် အချိန်ရောက်လျှင် “ရှေးဦးအဆီအနှစ် ဖျက်ဆီးမရ နတ်ပညာရပ်” ဟု ခေါ်လို့ရသည်။
ဒါမှမဟုတ် ဒီရေနှင့် သူ့တစ်ကိုယ်လုံးကို ထိုးဖောက်မရနိုင်သည့် ရေသံချပ်ကာတစ်ခု လုပ်နိုင်သွားပါက “ရှေးဦးအဆီအနှစ် ကြံ့နက်” ဟု ခေါ်လိုက်မည်။
အွန်း… ဒီအကြံလေး မဆိုးဘူးပဲ…
ဘာပဲဖြစ်ဖြစ် အစွမ်းအရမ်းထက်နေပါက သူလုပ်ချင်တာလုပ်ပြီး သူပြောချင်တာ ပြောလို့ ရသည်လေ…
ဘယ်လိုထူးခြားဆန်းကြယ်တဲ့ လျို့ဝှက်ပညာရပ်ပဲ ဖြစ်ဖြစ်၊ ဘယ်လိုစွမ်းတဲ့ မှော်ရတနာလက်နက်တွေပဲ ဖြစ်ဖြစ်၊ အကုန်လုံးကို ဖျက်ဆီးပစ်နိုင်တယ်လေ…
သြော် ဟုတ်သားပဲ… ဒီဟာကို ရေသေနတ်လိုမျိုး ရေတွေပန်းထွက်လာအောင် လုပ်လို့ရမလား မသိဘူး…
လုပ်လို့သာရပါက ဒီလေးလံရေစင်ကို မျက်နှာတည့်တည့် ဖြန်းပစ်လိုက်မည့် အချိန်ကျလျှင် တင့်ကားဖျက် တာပြေးပစ် ဒုံးကျည်တွေထက်တောင် ပိုပြီး ပျော်စရာကောင်းလောက်သည်။
ဟုတ်ပြီ… ဒီလို ရေသေနတ်လုပ်လို့ ရသွားလျှင် “ရှေးဦးအဆီအနှစ် နတ်သေနတ်” ဟု ခေါ်ရမည်။
လုံလောက်သည့် အရှိန်နှုန်းကိုသာ သူထုတ်လွှတ်နိုင်ပါက ထိုသေနတ်ကို ရေဖျက်စက် အဆင့်ထိရောက်အောင်တောင် တိုးမြှင့်နိုင်သေးသည်။
ထိုရေဖျက်စက်ကို “ရှေးဦးအဆီအနှစ် နတ်စစ်ဓား” ဟု ခေါ်လိုက်မည်။
သည်ဟာက သူ့အနာဂတ် ကျင့်ကြံရေးလမ်းစဉ်ပဲဟု ရှန်ထျန်းတစ်ယောက် ခံစားလိုက်ရသည်။ သူ ကြိုးစားကြည့်လို့ရသည့် သုတေသနလုပ်စရာ လမ်းကြောင်းတွေ အများကြီး ရှိနေသည်ဟု သူက တွေးလိုက်၏။
သည်ဟာက စိတ်ဝင်စားပြီး ပျော်စရာကောင်းနေသည်။ သူဖန်တီးလိုက်မည့် တိုက်ကွက်တွေက အရမ်းကို အစွမ်းထက်သွားလိမ့်မည်ဟုလည်း သူခံစားလိုက်ရသည်။
ဒီရှေးဦးအဆီအနှစ် လေးလံရေစင်က (၉၆)ပါး ရောဂါပျောက်ဆေးဝါး တစ်ခုလိုပဲ စွယ်စုံသုံးလို့ရတယ်…
ငါလေးက တကယ့်ပါရမီရှင်တစ်ယောက်ပဲ…
.....................
ရှန်ထျန်းက သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် ကွေ့ကုန်းကုန်းတို့က သူ့အား စိုက်ကြည့်နေကြတာကို တွေ့လိုက်ရ၏။
သူက ခပ်တည်တည်ပဲ ချောင်းနှစ်ချက်လောက် ဟန့်လိုက်ကာ “အဟမ်း အဟမ်း… ကျွန်တော်တို့ ပြန်သင့်နေပြီ”
ကွေ့ကုန်းကုန်းက ခေါင်းငြိမ့်ကာ “မစိုးရိမ်ပါနဲ့ အရှင့်သား… တောင်ကြားထဲက မျိုးသန့်ကြာဖြူတွေ အကုန်လုံးကို ကျွန်တော်မျိုးတို့ ဆွတ်ခူးယူပြီးသွားပါပြီ”
ရှန်ထျန်း သတိမေ့နေသည့် သုံးရက်အတွင်း သူတို့သုံးယောက်က ဝေလေလေလုပ်ပြီး အချိန်ဖြုန်းနေသည်တော့ မဟုတ်ချေ။
တောင်ကြားထဲရှိ ဆေးဖက်ဝင်အပင်များနှင့် ကြာပန်းဖြူများကို ခူးဆွတ်ယူထားပြီးသွားလေပြီ။
အစောပိုင်းက ပြောထားသည့် ဝေစုခွဲမည့်နည်းအရ ရှန်ထျန်းနှင့် ဝိညာဉ်နတ်မိမယ်လေးတို့က တစ်ယောက်တစ်ဝက်စီ ရရှိလိုက်ကြသည်။
ဝိညာဉ်နတ်မိမယ်လေး၏ သိုလှောင်လက်စွပ်က သိပ်မကြီးချေ။ သိုလှောင်နယ်တစ်ခုသာ ပါသည်။
သူမခမျာ ဝေစုရသည့် ဆေးဖက်ဝင်အပင်များနှင့် မျိုးသန့်ကြာပန်းဖြူများ အားလုံးကို ထိန်းသိမ်းဖို့ မနည်း ကြိုးစားထည့်လိုက်ရရှာသည်။
.....................
“အော် ဟုတ်သားပဲ… ကျွန်တော့်ကို ကြေးမုံပေးပါဦး ဦးလေးကွေ့”
ရှန်ထျန်းက ရုတ်တရက် သတိရသွားကာ သူ့ရောင်ဝါစက်ဝန်းကို ကြည့်မလို့လုပ်လိုက်သည်။
ကွေ့ကုန်းကုန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ သူက ရှန်ထျန်းဆီသို့ ကြေးမုံကို ပေးလိုက်သည်။
သူ့မင်းသားလေးဟာ သည်လောက် ဂုဏ်ဆာတတ်လိမ့်မည်လို့ သူလုံးဝမသိခဲ့ပေ။
မိန်းကလေး လင်းအာ ရှိနေလို့ အရှင့်သားက သူ့ရုပ်ရည်ပုံစံကို ပိုဂရုစိုက်နေတာများလား….
အိမ်း… အဲ့လိုပဲ ဖြစ်လောက်တယ်…
မင်းသားလေးသာ မိန်းကလေး လင်းအာကို လက်ထပ်လိုက်မယ်ဆိုရင် ကိုယ်လုပ်တော်လန်တစ်ယောက် တမလွန်မှာ ပျော်နေရှာတော့မယ်…
…………………
ရှန်ထျန်းက မျှော်လင့်တကြီးနှင့် ကြေးမုံထဲမှ သူ့ပုံရိပ်ကို ကြည့်လိုက်၏။
ဟုတ်ပြီ… သူ့ဆံပင်တွေက အနည်းငယ် ဖရိုဖရဲဖြစ်နေသော်လည်း သူ့ချောမောခန့်ညားမှုကို မဖုံးဖိနိုင်ပါချေ။
ရှန်ထျန်းအား အံ့သြသွားစေသည်မှာ သူ့ခေါင်းပေါ်မှ ရောင်ဝါစက်ဝန်းက အဖြူရောင် ဖြစ်တော့မည့်ကိစ္စ ဖြစ်သည်။
တချို့နားလေးတွေမှာတော့ အမည်းကွက် နည်းနည်း ရှိနေသေးသည်။ ကြည့်ရသည်မှာ ကျားသစ်ကွက်လေးတွေနှင့် တူနေလေသည်။
ရောင်ဝါစက်ဝန်းအား ဝန်းရံနေသည့် အလင်းရောင်မှာလည်း တော်တော်လေး ဖြူနေလေပြီ။
အင်မတန့်အင်မတန်ကို ပါးလွှာလွန်းသည့် အနက်ရောင်မြူခိုး တချို့ကသာ တောင့်ခံကျန်ရှိနေဆဲ ဖြစ်သည်။
သူ့ရောင်ဝါစက်ဝန်းတစ်ခုလုံးကို အဖြူရောင်ပြောင်းနိုင်ဖို့ သိပ်မလိုတော့ပေ။
.....................
ကြေးမုံကို ပြန်သိမ်းလိုက်ပြီးနောက် ရှန်ထျန်းနှင့် တခြားသူများက ကြိုးအတိုင်း ကမ်းပါးစွန်းပေါ်သို့ ပြန်တက်သွားလိုက်ကြသည်။
သူက သူ့တာအိုဝတ်ရုံအား သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်ပြီး ပြုတ်ကျသွားသည့် နှုတ်ခမ်းမွေးအတု နှစ်ခုကို ပြန်တပ်ထားလိုက်၏။
ရှန်ထျန်းက သူ့ “ဆရာနတ်မင်း ရှန်အောင်းထျန်း” ၏ သရုပ်သဏ္ဍာန် ပြန်ပေါ်လာအောင် လုပ်လိုက်သည်။
သူသည်ကား တစ်လောကလုံးက အမျိုးသမီးများကို ဆွဲဆောင်ဖမ်းစားနိုင်သည့် ခန့်ချောကြီးတစ်ယောက်ပေါ့…
သူတို့အဖွဲ့က အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ဆီသို့ အမြန် ပြန်လာလိုက်ကြသည်။
အံ့သြစရာပင်… ရှန်ထျန်း အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ထဲသို့ ခြေချလိုက်သည့်အခိုက်… လူဒါဇင်ကျော်က သူ့ဆီ တဟုန်ထိုး ပြေးထွက်လာကြသည်။
“မြန်မြန်… မြန်မြန် လာကြဟေ့… ကြည့်လိုက်စမ်း… ဆရာနတ်မင်း အောင်းထျန်း ပြန်လာပြီကွ”
“ဆရာနတ်မင်း… ဆရာ နောက်ဆုံးတော့ ပြန်လာပြီပေါ့… ကျုပ်တို့တွေ ဆရာ့ကို သုံးရက်လုံးလုံး စောင့်နေကြတာဗျ”
“သုံးရက်… ဒီသုံးရက်ကို ကျွန်တော်တို့ ဘယ်လိုအသက်ဆက်ခဲ့ရသလဲဆိုတာ သိရဲ့လားဗျ ဆရာနတ်မင်းရဲ့”
.....................
လူအုပ်ကြီးက ရှန်ထျန်းဆီသို့ အပြေးရောက်လာကြသည်။
လူအုပ်၏ ရှေ့ဆုံးတွင် ဦးဆောင်နေသူများမှာ တခြားသူမဟုတ်၊ ကံကောင်းသူ နံပတ်(၁)နှင့် ကံကောင်းသူ နံပတ်(၂)တို့ပင်တည်း။
သူတို့က အပြေးရောက်လာကြပြီး ရှန်ထျန်း၏ ခြေထောက်ကို ဖက်ကာ အော်ငိုလိုက်ကြလေတော့သည်။
“ဆရာနတ်မင်း… နောက်ဆုံးတော့ ဆရာ ပြန်လာပြီပေါ့နော်… ကျုပ်တို့…”
“ကျုပ်တို့တွေ ဆရာ့ကို အရမ်းလွမ်းနေတာဗျ”