← Chapters

အရမ်းနောက်မကျသေးခင် ဆရာနတ်မင်းရဲ့ ခြေထောက်ကို ဖက်ကြဟေ့

Vol. 1-5 Ch. 45

အရမ်းနောက်မကျသေးခင် ဆရာနတ်မင်းရဲ့ ခြေထောက်ကို ဖက်ကြဟေ့

Vol. 1-5 Ch. 45

အခန်း (၄၅) : အရမ်းနောက်မကျသေးခင် ဆရာနတ်မင်းရဲ့ ခြေထောက်ကို ဖက်ကြဟေ့

သူတို့နှစ်ယောက် ထိုကဲ့သို့ အသည်းအသန် ငိုယိုနေသည်ကို ကြည့်ကာ ရှန်ထျန်းမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားရ၏။

ငါ့ဘောင်းဘီကို မင်းတို့မျက်ရည်တွေ သုတ်ပစ်ဖို့ မသုံးနဲ့လေ…

ဟာကွာ…

မင်းတို့က ဘယ်သူတွေတုန်းကွ…

ရှန်ထျန်းက သူတို့ကို လုံးလုံး မမှတ်မိသဖြင့် ခေါင်းကုတ်လိုက်သည်။

သို့ပေသည့် သူတို့၏ ရောင်ဝါစက်ဝန်းများကို ကြည့်မိသောအခါ ရှန်ထျန်းက ချက်ချင်းဆိုသလို ပြုံးပြလိုက်လေ၏။

ဝိုး…

စိတ်ဝင်စားစရာပဲ… ငါ မှတ်မိပြီ…

မင်းတို့ဆီကနေ လွန်ခဲ့တဲ့ သုံးရက်တုန်းက ပိုက်ဆံနည်းနည်း ရခဲ့တာပဲ…

အခု မင်းတို့က နောက်တစ်ခါ ထပ်ပြီး အဆင်သင့် ဖြစ်နေပြန်ပြီ… မဆိုးဘူး… မဆိုးဘူး…

ရှန်ထျန်းမျက်နှာပေါ်မှ အပြုံးမှာ တကယ့်အပြုံးအစစ် ဖြစ်သည်။

သူက ကံကောင်းသူနံပတ်(၁)နှင့် နံပတ်(၂)တို့ကို တွဲထူလိုက်ပြီး သူတို့ပခုံးကို ပုတ်လိုက်၏။

“ကျွန်တော်လည်း ခင်ဗျားတို့ကို လွမ်းနေတာဗျ။ တောင်းပန်ပါတယ်ဗျာ… ကျွန်တော် အရင်ရက်တွေက အဝေးရောက်နေလို့ပါ”

.....................

ကံကောင်းသူနံပတ်(၁)နှင့် နံပတ်(၂)တို့က သူတို့၏ မျက်လုံးများထဲတွင် မဖုံးနိုင်မဖိနိုင်သည့် စိတ်လှုပ်ရှားမှုအပြည့်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထင်ထားသည့်အတိုင်းပဲ ဆရာနတ်မင်းက သူတို့ကို မှတ်မိနေတာကိုး…

ကံကောင်းသူနံပတ်(၁)က ဆရာနတ်မင်းနှင့် ပထမဦးဆုံး ကံပါသည့်သူ ဖြစ်သည်။

ကံကောင်းသူနံပတ်(၂)က အကျိုးအမြတ်၏ တစ်ဝက်ကို ဆရာနတ်မင်းအား ဝေစုခွဲပေးရန် အကြံပြုသည့်သူ ဖြစ်သည်။

သူတို့တွေက “နတ်မင်းအသင်းဝင်များ” အဖွဲ့ကို တည်ထောင်သူများ ဖြစ်၏။

ဆရာနတ်မင်းက ငါတို့ကို မမှတ်မိဘဲ နေပါ့မလား…

အခု… အခုတောင်… ဆရာနတ်မင်းက သူလည်းပဲ ငါတို့ကို လွမ်းနေတယ်လို့ ပြောလိုက်သလားလို့…

ဆရာ့မျက်နှာပေါ်မှာလည်း အရမ်းကို နွေးထွေးတဲ့ အပြုံးလေးတစ်ခုနဲ့လေ…

ငါတို့တွေက တကယ့်ကို ဆရာနတ်မင်းအတွက် အထူးအလေးထားရတဲ့သူတွေ ဖြစ်နေတာပဲကိုး…

ကံကောင်းသူနံပတ်(၂)က ပြောလိုက်သည် “ကျုပ်တို့ ဒီရက်တွေမှာ ဆရာ့ကို အရမ်းအရမ်းကို လွမ်းနေတာဗျ”

ကံကောင်းသူနံပတ်(၁)က “ဆရာနတ်မင်း… ဆရာ့အတွက် ကျုပ် အိမ်မှာ နေ့တိုင်း ဆုတောင်းပေးနေခဲ့တာပါ”

ဆုတောင်းတယ်…. ငါ့အတွက်လား…

ကျေးဇူးတင်တယ် ပြောရမှာလား…

ရှန်ထျန်းက သူတို့ခေါင်းကို ပွတ်ကာ ပြောလိုက်သည်

“တော်တယ်… ကျွန်တော့်ဖို့ လုပ်ပေးထားတာတွေအတွက်လည်း ကျေးဇူးပဲဗျာ။ တကယ်တော့… ကျွန်တော်တို့တွေကြား ကံပါနေသေးတယ်ဗျ။ ပြီးရင် ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို သတ္တုရိုင်းတုံး ကောင်းကောင်းလေးတစ်ခု ရနိုင်အောင် ကူညီပေးမယ်”

ထိုစကားကိုကြားပြီးနောက် ချက်ချင်းပဲ သူတို့နှစ်ယောက်သား အချင်းချင်း ပြုံးပြလိုက်ကြလေသည်။

အဓိပ္ပာယ်မှာ “တွေ့လား… ငါပြောတဲ့အတိုင်းပဲကွ” ဟု ဆိုလိုနေမှန်း အလွန်သိသာလှ၏

လူအုပ်ကြီးကတော့ သူတို့အား အရမ်းကို မနာလိုဖြစ်နေလေပြီ။

ဒင်းတို့က နတ်မင်းအသင်းဝင်များရဲ့ တည်ထောင်သူအဖွဲ့ဝင်တွေ ဖြစ်နေတာ မထူးဆန်းတော့ပါဘူး…

တော်တော့်ကို အရှက်မရှိတဲ့ဟာတွေ…

ငါလေး စောစောတုန်းက တွေဝေမနေခဲ့သင့်ဘူး…

နောက်တစ်ခေါက်ကျရင် ငါလည်း သေချာပြင်ဆင်ထားရမယ်…

ရေစက်ရှိပြီး ကံပါလာဖို့အတွက် အရှက်မရှိ တောင်းပန်မှ ရတာကိုး…

.....................

ရုတ်တရက် မိန်းမလှလေးတစ်ဦးက ရှန်ထျန်းဆီသို့ ရောက်လာပြီး သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ သူမက ပြုံးရင်း ပြောလိုက်သည် “ကိုကိုနတ်မင်း… ဒီနေ့ ကျွန်မတို့တွေကြား ကံပါပြီလားဟင်”

ရှန်ထျန်းက သူမခေါင်းပေါ်သို့ ကြည့်ကြည့်လိုက်ပြီးနောက် ခေါင်းခါပြကာ “ဒီနေ့တော့ မပါဘူး။ မနက်ဖြန်ကျမှ တစ်ခေါက် ပြန်လာရင်လာခဲ့လေ။ ဖြည်းဖြည်းချင်းနဲ့ တစ်နေ့နေ့တော့ ကျွန်တော်တို့တွေကြား ကံပါလာမှာပေါ့ဗျာ”

မိန်းမလှလေးက စိတ်ဆိုးသွား၏။ သူမက ခြေကို ဆောင့်ပြီး ပြောလိုက်သည် “ရှင် ဘာလို့…”

သို့သော် သူမစကားပင် မဆုံးသေးခင် သူမဘေးမှလူက သူမအား ဘေးသို့ တွန်းတိုက်ပစ်လိုက်သည်။

“မင်းက ဆရာ့ခြေထောက်ကိုတောင် မဖက်ဘဲနဲ့များ ဆရာနဲ့ ကံပါချင်သေးတယ် ဟုတ်လား”

“ဖယ်စမ်း… ဘေးကို… မင်းရဲ့နောက်မှာ လူတွေရှိသေးတယ်ကွ”

လူထွားကြီးတစ်ယောက်က ရှန်ထျန်းဆီသို့ လျှောက်သွားလိုက်သည်။ သူက အစင်းကျားများပါသည့် ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားကာ လူဝံတစ်ကောင်နှင့် ဆင်တူသည်။

သူ့ကို ကြည့်ရသည်မှာ စိတ်ထဲ၌ လွန်ဆွဲနေသေးပုံ ပေါ်သော်လည်း မျက်နှာအမူအယာကတော့ အလွန်ပြတ်သားခိုင်မာနေသည်။ သူက မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်း ဒူးထောက်ချလိုက်ပြီး ရှန်ထျန်း၏ ခြေထောက်များကို ဖက်ပစ်လိုက်လေ၏။

သူ့ထိုပုံစံက ချစ်စရာလေးတော့ ကောင်းနေပြန်သည်။

သူက ခေါင်းမော့ကာ ရှန်ထျန်းအား စိုက်ကြည့်လိုက်ရင်း “ဆရာနတ်မင်း… နောက်ဆုံးတော့ ဆရာပြန်လာပြီပေါ့။ ရှုန်းမုန့် ဆရာ့ကို အရမ်းလွမ်းနေတာ”

ရှန်ထျန်းလေးမှာ “???”

ချင်ကောင်းက “???”

ဝိညာဉ်နတ်မိမယ်လေးကလည်း “???”

ကွေ့ကုန်းကုန်းမှာလည်း “???”

လူအုပ်ကြီးလည်းပဲ “???”

အခုတော့ အားလုံးက ရှန်ထျန်းအား ဝိုင်းပြီး စိုက်ကြည့်နေကြလေပြီ။

သူတို့က ကိစ္စတစ်ခုကို အတည်ပြုချင်ရုံလေးသာ…

သူတို့က သူ့ခြေထောက်ကို ဖက်လျှင် တကယ်စွမ်းမစွမ်းဆိုတာကို သိချင်မိသည်။

.....................

ရှန်ထျန်းက ငတုံးမဟုတ်ချေ။ သူတို့တွေ ဘာတွေးနေလဲ သူ သိသည်။

သူကလည်း သူတို့အားလုံးကို သူ့ခြေထောက်ကို လာဖက်တာက တကယ်တမ်း အသုံးမဝင်ဘူးဟု ပွင့်ပွင့်လင်းလင်း ပြောပြချင်သည်။

“မင်းတို့တွေအတွက် သတ္တုရိုင်းတုံး ကောင်းကောင်းလေးတွေ ရှာပေးပြီး ကံတက်လာအောင် ငါလုပ်ပေးနိုင်ပေမဲ့ ငါ့ရဲ့ ခြေထောက်ကို လာဖက်တာက မင်းတို့ကို ကံအပြောင်းအလဲ အခွင့်အရေးသစ်တွေ ရရှိလာစေမှာ မဟုတ်ဘူးကွ” လို့ပေါ့…

ကံမကောင်းစွာနှင့် ဒီရှုန်းမုန့်ကလည်း သူ့ခေါင်းပေါ်တွင် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခု ရှိနေလေသည်။

လခွမ်း… ကံအပြောင်းအလဲအခွင့်အရေး ရှိတဲ့လူတွေက အုပ်စုလိုက်ကြီး ရောက်နေကြတာလား အခုက…

ငါ့ခြေထောက်ကို မင်းတို့က တစ်ယောက်ပြီးတစ်ယောက် လာလာဖက်ကြမလို့လား… ဘယ်မှာတုန်း မင်းတို့ရဲ့ ဂုဏ်သိက္ခာတွေ… ဟမ်…

ငါတို့ကို လူတွေ အထင်လွဲကုန်ကြတော့မှာပဲ…

ရှုန်းမုန့်ကို ငါတို့ကြားမှာ ကံမပါဘူးလို့ပဲ ပြောလိုက်ရမလား… အဲ့လိုဆို နောင်ကျရင် လူတွေ ငါ့ခြေထောက်ကို လာဖက်ကြတော့မှာ မဟုတ်ဘူး…

သို့သော် ရှုန်းမုန့်၏ မျက်ဝန်းကို ကြည့်မိလိုက်သောအခါ ရှန်ထျန်းက ရုတ်တရက်ကြီး သူ့ကို သနားသွားသည်။

ဒီလူထွားကြီးခမျာ မြေကြီးပေါ်မှာ ဒူးထောက်ပြီး ငါ့ခြေထောက်ကို ဖက်နေရှာတယ်…

သူ့ရဲ့မျှော်လင့်ချက်ကို ငါဘယ်လိုလုပ် ရိုက်ချိုးပစ်ရက်မှာလဲ… အဲ့လိုလုပ်တာက မသင့်လည်း မသင့်တော်သလို… စာနာမှုမရှိရာလည်း ကျသွားလိမ့်မယ်…

မတော်လို့ သူက ဒေါသထွက်သွားပြီး ငါ့လာ အသေအကြေ တိုက်ရင် ဘယ်နှယ်လုပ်မလဲနော့…

ရှန်ထျန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည် “အစ်ကိုကြီး… ထပါဗျာ… ကျွန်တော်တို့နှစ်ယောက်လည်း ကံပါနေတယ်ဗျ”

ရှုန်းမုန့်က မြူးတူးရွှင်လန်းသွားကာ “ဟားဟားဟား… ဆရာနတ်မင်းကို ကျေးဇူးတင်ပါတယ်။ ကျုပ် ဝိညာဉ်ကျောက်တုံးတွေ ရတဲ့အချိန်ကျရင် ကျုပ်လည်း ဆရာ့အတွက် အိမ်မှာ ဆုတောင်းပေးပါ့မယ်ဗျာ”

ရှန်ထျန်းက “ခင်ဗျား အခု သွားလို့ရပြီ…”

ရှုန်းမုန့် နောက်ဆုတ်လိုက်သောအခါ၌ လူတိုင်းက ရှန်ထျန်း၏ ခြေထောက်ကို ဝိုင်းကြည့်လိုက်ကြသည်။ တချို့ကဆို ကြည့်နေရင်း သွားရည်တွေတောင် ကျနေလေ၏။

ရှန်ထျန်းမှာ ကျောရိုးထဲထိ စိမ့်နေအောင် ကြက်သီးထကာ ကျောချမ်းသွားရသည်။

အကယ်၍ သူတို့အားလုံးသာ သူ့ခြေထောက်ဆီသို့ အလုအယက် အပြေးအလွှား ရောက်လာကြပါက… အမယ်လေး… တကယ့်ဆိုးဆိုးဝါးဝါးတွေ ဖြစ်ကုန်တော့မှာပဲ…

“ရပ်”

ရှန်ထျန်းက အမြန်ပြောလိုက်သည် “တော်လောက်ပြီ… ထပ်ပြီး ခြေထောက်ကို လာမဖက်ကြနဲ့တော့… မဟုတ်ရင် ကျွန်တော်နဲ့ ခင်ဗျားတို့တွေကြား ဘာကံမှ ရှိလာတော့မှာ မဟုတ်ဘူးနော်”

ရုတ်ချည်းဆိုသလို ခြေထောက်ဖက်လိုက်လျှင် ကံပါလာလေမလားဟု စမ်းကြည့်ချင်သူများက ရှေ့တိုးမလာရဲတော့ပေ။

ရှန်ထျန်း၏ စကားများက မိုးတိမ်ကင်းစင်သည့် ကောင်းကင်ပြာပြာမှ ရုတ်ချည်း ကျရောက်လာသော မိုးကြိုးချက်ကြီးအလား သူတို့အားလုံးကို အံ့သြမှင်သက်သွားစေသည်။

အခုတော့ သူတို့က သူတို့၏ တုန့်နှေးနေမှုကို နောင်တရမိသွားသည်။ လူဦးရေအကန့်အသတ် ရှိနေမည်မှန်းသာ သိလျှင် စောစောကတည်းက တွေဝေမနေဘဲ ရှန်ထျန်း၏ ခြေထောက်ကို ပြေးဖက်ခဲ့မည် ဖြစ်သည်။ ယခုမူ ဆရာနတ်မင်းနှင့် ကံပါနိုင်မည့် အခွင့်ကောင်းတစ်ခုကို လွဲချော်ခဲ့ရလေပြီ။

တကယ့်ကို အရှုံးကြီး ရှုံးသွားပြီကွာ…

ငါတို့ မျက်စိရှေ့တည့်တည့်မှာ ဆရာနတ်မင်းရဲ့ ခြေအစုံ ရှိနေခဲ့ပါလျက်နဲ့ ငါတို့တွေက တန်ဖိုးထားရကောင်းမှန်း မသိခဲ့ဘူး…

ဆုံးရှုံးလိုက်ရပြီဆိုမှ နောင်တတွေ တသီကြီး ရနေရပြီလေ…

ဒီလိုအဖြစ်မျိုးထက် ရင်နာဖို့ကောင်းတာ ဒီကမ္ဘာမှာ မရှိနိုင်တော့ဘူး…

ဒီလိုအခွင့်အရေးမျိုး နောက်တစ်ခါ ထပ်ရခွင့်ကိုသာ မိုးနတ်မင်းကြီးက ပေးသနားမယ်ဆိုရင်… ငါလည်း ဆရာနတ်မင်းရဲ့ ခြေထောက်ကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး “ကျွန်တော် ဆရာ့ကို အရမ်းလွမ်းနေတာ…ဆရာနတ်မင်းရဲ့” လို့ ပြောပစ်လိုက်မယ်…

.....................

လူအုပ်ကြီး စိတ်ဓာတ်ကျ အားငယ်သွားသည်ကို မြင်သောအခါ ရှန်ထျန်းက ပြောလိုက်သည်။

“အားလုံး အာလုံးပဲ… အရမ်းလည်း စိတ်ဓာတ်ကျမနေပါနဲ့။

ဒီနေ့ ကျွန်တော်တို့တွေကြား ကံမပါပေမယ့် ရှေ့လျှောက် အချိန်တွေ အများကြီး ရှိပါသေးတယ်ဗျာ…

ကျွန်တော့်ဆိုင်ကို မကြာခဏ လာလည်နေသရွေ့တော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သေချာပေါက် ကံပါလာပါလိမ့်မယ်”

ရှန်ထျန်း၏ စကားများကို ကြားသောအခါ လူအုပ်ကြီးမှာ အနည်းငယ် စိတ်သက်သာရာရသွားကြသည်။

ကံကောင်းသူနံပတ်(၂)က ဂုဏ်ယူစွာ ပြုံးရင်း ကံကောင်းသူနံပတ်(၁)နှင့် ရှုန်းမုန့်ကို ကြည့်လိုက်သည်။

“တွေ့တယ်မလား… ငါ ပြောတဲ့အတိုင်း ဖြစ်နေပြီမလား…

ငါတို့တွေ ဆရာနတ်မင်းရဲ့ ခြေထောက်ကို စောစောစီးစီးကတည်းက ဖက်ထားဖို့လိုတယ်။ အစောပိုင်း လူနည်းစုပဲ ဆရာ့ရဲ့ ပစားပေးတာကို ခံရမှာကွ။ လူအများကြီး ဖြစ်လာရင် အလုပ်မဖြစ်တော့ဘူး။

ဆရာနတ်မင်းကို မြှောက်ပင့်ဖားယားဖို့ အမြဲတမ်း နည်းသစ်တွေ ဖန်တီးနိုင်မှ တော်ကာကျမယ်ကွ”

ကံကောင်းသူနံပတ်(၁)က အံ့သြလေးစားသွားဟန်ဖြင့် “အစ်ကိုက ကျင့်ကြံရေး ကျောင်းတော်မှာ တက်ရောက်နေတဲ့သူ ပီသပါပေတယ်ဗျာ။ ကျုပ်တို့တွေထက် အစ်ကိုက ပိုကို သိနေတာမျိုး… ဒီနေ့ကစပြီး အစ်ကိုက ကျုပ်ရဲ့ခေါင်းဆောင် ဖြစ်သွားပြီ။ ကျေးဇူးပြုပြီး ရှေ့လျှောက်လည်း ကျုပ်ကို သင်ပြပေးပါဦးဗျာ”

ရှုန်းမုန့်လည်း သူ့ခေါင်းကို ကုတ်လိုက်သည်။ ထို့နောက် ခေါင်းငြိမ့်ကာ “ကျုပ်လည်း တူတူပဲဗျ”

All Chapters