လက်တစ်စုံပဲ လိုတာပါ
Vol. 9 Ch. 85
ဝမ်ယန်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး ပုခုံးပေါ်မှ မျက်နှာသုတ်ပဝါကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ "သခင်လေး... ခင်ဗျား... ခင်ဗျားက ကျွန်တော့်အတွက် ဝိညာဉ်ဆေးပင်ဖိုး စိုက်ထုတ်ပေးမှာလား"
သူ့တစ်သက်တာလုံးတွင် သူ၏ အဓိပ္ပာယ်မရှိသောအိပ်မက်ကို ငွေကြေးစိုက်ထုတ်ပေးသည်အထိ အလေးအနက်ထားပေးသူ ဟူ၍ ဤတစ်ကြိမ်သာ ကြုံဖူးခြင်း ဖြစ်သည်။
သို့သော် စိတ်လှုပ်ရှားမှု အရှိန်မသေခင်မှာပင် လေပေါက်နေသော ပူဖောင်းတစ်ခုကဲ့သို့ သူ၏ ပုခုံးများ တွဲကျသွားပြီး စိတ်အားထက်သန်မှုများသည် ရှက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
"ခင်ဗျား... ခင်ဗျားရဲ့ စကားတွေက... ကျွန်တော် ဝမ်ယန်က... ကျွန်တော်..."
သူ ခေါင်းကုတ်လိုက်ပြီး အသံတိုးသွားသည်။ အသံထဲတွင် စိတ်ပျက်အားငယ်မှုနှင့် ရှက်ရွံ့မှုများ ပြည့်နှက်နေသည်
"ဒါပေမဲ့... သခင်လေး... ကျွန်တော်က... ကျွန်တော်က အခြေခံတည်ဆောက်ခြင်းအဆင့်တောင် မရောက်သေးပါဘူး"
"အခြေခံအကျဆုံး ဝိညာဉ်မီးတောက်ကိုတောင် မထုတ်နိုင်သေးပါဘူး။ မီးမရှိဘဲနဲ့... မီးဖိုကို သုံးလို့မရဘူး မဟုတ်လား။ အဲဒါဆိုရင် တကယ့် မွှေကြော်ဆေးဖော်ခြင်းဖြစ်သွားမှာပေါ့..."
သူ လူလိမ်တစ်ယောက် ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် စစ်ချန်ကို ခိုးကြည့်လိုက်ပြီး အလျင်စလို ရှင်းပြသည် "သခင်လေး... ကျွန်တော် ခင်ဗျားကို လှည့်စားဖို့ ကြိုးစားတာ မဟုတ်ပါဘူးနော်။ ကျွန်တော်က..."
သူ ပြောလေလေ အသံတိုးလေလေ ဖြစ်ပြီး စစ်ချန်၏ မျက်လုံးများကို မကြည့်ရဲတော့သဖြင့် ခေါင်းငိုက်စိုက်ကျသွားသည်။
သခင်လေးလို လူကြီးလူကောင်းတစ်ယောက်က စစ်မှန်သော စေတနာဖြင့် ကူညီချင်သော်လည်း သူ့တွင် အခြေခံအကျဆုံး လိုအပ်ချက်ပင် မရှိဘဲ ဖြစ်နေသည်မှာ လိမ်လည်ရာ ကျနေသည် မဟုတ်ပါလား။
ဝမ်ယန်သည် ကြွားဝါရတာ ကြိုက်သော်လည်း စိတ်ရင်းမှန်သူတစ်ဦးကိုမူ မလိမ်ညာရက်ပေ။
"ဘာ... မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်တောင် မရောက်သေးဘူးလား"
သူတို့ မျက်စိကန်းနေ၍ မဟုတ်ပေ။ လမ်းဘေးစားပွဲထိုးတစ်ဦး၏ ကျင့်ကြံမှုအဆင့် အတိအကျကို ဘယ်သူက စိတ်ဝင်တစား စုံစမ်းနေမှာလဲ။
ခြေထောက်အောက်က ပုရွက်ဆိတ် အရေအတွက်ကို လိုက်ရေနေသလို ဖြစ်နေမှာပေါ့။
ဝမ်ယန် ဝန်ခံလိုက်မှသာလျှင် အဂ္ဂိရတ်ပညာရှင် ဆရာသခင်ကြီး ဖြစ်လာရန် အိပ်မက်မက်နေသော ဤလျှာစွမ်းကောင်းသည့် ကောင်လေးသည် ချီသန့်စင်ခြင်းအဆင့် ၅ သာ ရှိသေးကြောင်း သူတို့ သိလိုက်ရသည်။
ဟေးစန်း မနေနိုင်တော့ပေ။ "သေစမ်းကွာ... ဟေ့ကောင်လေး... မင်း ငါတို့ကို နောက်နေတာလား။ မီးတောင် မထုတ်နိုင်ဘဲနဲ့ ဆေးဖော်မယ်လို့ ကြွားနေသေးတယ်ပေါ့"
ဟုန်ဖုန်း၏ မျက်လုံးများထဲတွင်လည်း ယုံကြည်ရမည့်ကောင် မဟုတ်ဘူးဟူသော စာသားကို အတုံးလိုက်အတစ်လိုက် ရေးထားသကဲ့သို့ ပေါ်နေသည်။
စစ်ချန်သည် ညှိုးငယ်နေသော ဝမ်ယန်ကို ကြည့်လိုက်၊ ပွစိပွစိ ပြောနေသော ဟေးစန်းကို ကြည့်လိုက်ဖြင့် နားမလည်နိုင် ဖြစ်သွားသည်။
"ဒါဆိုရင်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လိုက်လေ"
အားလုံး "..."
ထိုမေးခွန်းကြောင့် ကြွားဝါဘုရင် ဟေးစန်း စကားစပျောက်သွားပြီး စကားသွက်သော ဝမ်ယန်လည်း ဝမ်းနည်းဖို့ပင် မေ့သွားသည်။
တည်ငြိမ်သော ဟုန်ဖုန်းပင်လျှင် ပါးစပ်လှုပ်ရမ်းသွားသည်။
ဟေးစန်းက နဖူးကို ရိုက်လိုက်သည်။ "ညီလေးရာ... မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဘာမှတ်နေတာလဲ။ အဲဒီလောက်သာ လွယ်ရင် လမ်းပေါ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ပြည့်နှက်နေမှာပေါ့"
လူအချင်းချင်း ကွာခြားချက်မှာ လူနှင့် ဝက် ကွာခြားချက်လောက် ရှိကြောင်း ဝမ်ယန် နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။
သူ ပါးစပ်ဟလိုက်ပြီး ရယ်ချင်သလိုလို ငိုချင်သလိုလို ဖြစ်သွားသည် "သ... သခင်လေး... ခင်ဗျားလို အစွမ်းထက်တဲ့သူအတွက်တော့ အခြေခံတည်ဆောက်ခြင်းဆိုတာ ရေတစ်ခွက် သောက်လိုက်သလို လွယ်ကူမှာပါ။"
"ဒါပေမဲ့ ကျွန်တော်တို့လို နောက်ခံမရှိ၊ အရင်းအမြစ်မရှိ၊ ပါရမီမရှိတဲ့ လွတ်လပ်သော ကျင့်ကြံသူတွေအတွက်ကျတော့... ချောက်ကမ်းပါးကြီး တစ်ခုလိုပါပဲ"
"ကျွန်တော် နှစ်တွေအများကြီး စုဆောင်းလာတာတောင် အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်ဝက်စာဖိုးတောင် မတတ်နိုင်သေးပါဘူး..."
သူ့ခေါင်း ပြန်ငိုက်ကျသွားသည်။ ဒါက ရက်စက်သော လက်တွေ့ဘဝပင် ဖြစ်သည်။ အိပ်မက်တွေက ကြီးမားသော်လည်း ပထမဆုံးခြေလှမ်းကို လှမ်းဖို့ပင် မတတ်နိုင်ပေ။
ဈေးအသက်သာဆုံး အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံးရဖို့ နှစ်ပေါင်းများစွာ ချိုးခြံချွေတာ နေထိုင်ခဲ့သော်လည်း မျှော်လင့်ချက်မှာ ကြယ်ရောင်ကဲ့သို့ ဝေးကွာနေဆဲ ဖြစ်သည်။
လက်တွေ့ဘဝ၏ ရိုက်နှက်မှုကို ခံလိုက်ရသော ဝမ်ယန်ကို ကြည့်ရင်း စစ်ချန် စဉ်းစားလိုက်သည်။
"အခြေခံတည်ဆောက်ခြင်းဆေးလုံး ဟုတ်လား"
ထိုစကားလုံးက သူ့မှတ်ဉာဏ်ကို နှိုးဆွလိုက်သည်။ သူ့သိုလှောင်လက်စွပ်ထဲတွင် တစ်လုံး ရှိနေသင့်သည်။
လွန်ခဲ့သော နှစ်များဆီက တိမ်ပန်းကံ့ကော်မြို့တွင် လီမျိုးနွယ်ခေါင်းဆောင်ကလက်ဆောင် အနေဖြင့် ပေးခဲ့ဖူးသည်။
သူသည် ၎င်းကို ပေါ့ပေါ့ပါးပါး သိမ်းဆည်းထားခဲ့ပြီး ဝမ်ယန် မပြောမချင်း မေ့လျော့နေခဲ့သည်။
နှစ်တွေကြာသွားပြီဆိုတော့... သက်တမ်းကုန်သွားပြီလား။
အတွေးတစ်ချက်ဖြင့် သူ၏ နတ်အာရုံသည် လက်စွပ်၏ထောင့်နားကို မွှေနှောက်ရှာဖွေလိုက်သည်။
သေချာသည်မှာပင် ထူးခြားမှုမရှိသော ကျောက်စိမ်းပုလင်းလေးတစ်လုံး ထိုနေရာတွင် ရှိနေသည်။
သူ ထုတ်ယူလိုက်ပြီး စားပွဲပေါ် တင်လိုက်သည်။
"ဒါက..." သူ လက်ညှိုးထိုးပြလိုက်သည် "မင်းလိုချင်တဲ့ ဆေးလုံးလား။ ကြာနေပြီဆိုတော့... သုံးလို့ရသေးရဲ့လားတော့မသိဘူး"
ဆေးပေါင်းဖိုမြို့တော် ဇာတိဖြစ်သည့်အတွက် စားပွဲထိုးလေး ဖြစ်သော်လည်း အကဲခတ်တတ်သော မျက်လုံးတော့ ရှိသည်။
သူ ပုလင်းကို မှတ်မိလိုက်သည်။ အဖိုးတန် ဝိညာဉ်ဆေးလုံးများကို ထည့်သွင်းရာတွင် အသုံးပြုသော ထိပ်တန်းအဆင့် ပစ္စည်းဖြင့် ပြုလုပ်ထားပြီး ဆေးအာနိသင်ကို လုံလုံခြုံခြုံ ထိန်းသိမ်းထားနိုင်သည်။
ပုလင်းခွံတစ်ခုတည်းနှင့်တင် သူ့အသက်ထက် တန်ဖိုးကြီးနေပြီ ဖြစ်သည်။
လမ်းဘေးအတွေ့အကြုံရှိသူ ဖြစ်သဖြင့် သူ ချက်ချင်း ဖွင့်မကြည့်ရဲပေ။ လူရှုပ်သော နေရာတွင် သတိထားခြင်းက ပိုကောင်းသည် မဟုတ်ပါလား။
စစ်ချန်သည် သူ၏ တွန့်ဆုတ်နေမှုကို ရိပ်မိသဖြင့် လက်ဝှေ့ယမ်းလိုက်ရာ အသံလုံအတားအဆီးတစ်ခု စားပွဲဝိုင်းကို လွှမ်းခြုံသွားပြီး အသံနှင့် အရှိန်အဝါများကို ပိတ်ဆို့လိုက်သည်။
အပြင်ဘက်မှ ဆူညံသံများ ပျောက်ကွယ်သွားပြီး သူတို့သည် တိတ်ဆိတ်သော ကမ္ဘာငယ်လေးတစ်ခုထဲတွင် ရောက်ရှိသွားကြသည်။
ဝမ်ယန်၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ သိမ်မွေ့လိုက်တဲ့ ထိန်းချုပ်မှုပါလား။
"ကဲ... စစ်ကြည့်လိုက်တော့" စစ်ချန် ပြောလိုက်သည်။
ဝမ်ယန် အသက်ရှူလိုက်ပြီး တုန်ရီနေသော လက်များဖြင့် ပုလင်းကို မ,ကာ အဖုံးဖွင့်လိုက်သည်။
မွှေးကြိုင်သော ရနံ့တစ်ချက် ရှူရှိုက်လိုက်မိရုံဖြင့် သူ၏ ရပ်တန့်နေသော ချီသန့်စင်ခြင်းအဆင့် ၅ ပိတ်ဆို့မှုကို လှုပ်ခါသွားစေသည်။
အထဲကို ကြည့်လိုက်ရာ တိမ်တိုက်ကဲ့သို့ ပုံစံကွက်များ ပါရှိပြီး တောက်ပနေသော ဆေးလုံးတစ်လုံးကို တွေ့လိုက်ရသည်။
"ပ... ပထမအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး..."
သူ့အသံများ တုန်ရီနေသည်။ ပုလင်းလေးသည် သူ့အသက်သမျှ လေးလံနေသကဲ့သို့ ခံစားရသည်။
ဒဏ္ဍာရီထဲမှာသာ ကြားဖူးသော ဆေးလုံးပင်။
စစ်ချန်က "သုံးလို့ရသေးရဲ့လား" ဟု မေးလိုက်ခြင်းကြောင့် သူ စကားမပြောနိုင် ဖြစ်သွားသည်။
သုံးလို့ရလား ဟုတ်လား။
သူ ဒီဆေးလုံးကို မထိပင် မထိသင့်ပေ။ သူ့ကို အခါတသောင်းခန့်ရောင်းချရင်တောင် မဝယ်နိုင်လောက်အောင်ပင်တန်ဖိုးကြီးလွန်းသည်။
အလိုအလျောက် စိတ်ထဲမှ ငြင်းဆန်လိုက်ချင်ပြီး ပြန်ပေးလိုက်ချင်သည်။
သို့သော် စကားလုံးများ လည်ချောင်းဝတွင် တစ်နေသည်။ ဤအရာသည် သူ၏ အိပ်မက်ဆီသို့ သွားရာလမ်းတွင် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကြောင်း အသိစိတ်က သတိပေးနေသည်။
လွတ်သွားရင် ထာဝရ ဆုံးရှုံးသွားတော့မည်။
စစ်ချန်သည် ဝမ်ယန်၏ မျက်နှာပေါ်ရှိ စိတ်ကူးယဉ်တိုက်ပွဲကို ဖတ်မိသည်။ ရုန်းကန်မှု၊ ဆာလောင်မှုနှင့် မယုံကြည်နိုင်မှုများ။
"အကြွေးလို့ပဲ သဘောထားလိုက်ပါ။ မင်း ဆရာသခင်ကြီး ဖြစ်လာတဲ့အခါကျမှ ငါ့ကို ပြန်ဆပ်ပေါ့"
ငါ့ကို... ပြန်ဆပ် ဟုတ်လား။
ဝမ်ယန် မော့ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
ဒီစားပွဲထိုးကောင်လေးက ဆရာသခင်ကြီး ဖြစ်လာမယ်လို့ သူ တကယ် ယုံကြည်နေတာလား။ မွှေကြော်ဆေးဖော်နည်းက လက်တွေ့ဖြစ်လာနိုင်တယ်လို့ ယုံကြည်တာလား။
(သို့သော် ချန်ချန်လေးမသိသည်မှာ ထိုကောင်လေးမှာ အနာဂတ်တွင် ဆန်းကြယ်ဆေးနတ်ဘုရားဖြစ်လာမည်ကိုပင်, ဟူးးးး သူ့အစား ကိုယ်တောင်သနား…)
ထိုယုံကြည်မှုက ဆေးလုံးထက်ပင် သူ့ကို ပို၍ တုန်လှုပ်သွားစေသည်။
သူ ဆက်လက် တုန့်ဆိုင်းမနေတော့ပေ။ ယခု ငြင်းဆန်လိုက်ခြင်းသည် ဤစေတနာကို စော်ကားရာ ရောက်ပေလိမ့်မည်။
သူသည် ပုလင်းကို သူ့အနာဂတ်ကဲ့သို့ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အားကုန် ဦးညွှတ်လိုက်သည်။ အသံများ အက်ကွဲနေသော်လည်း ပြတ်သားနေသည်။ "သခင်လေး... ဒီအကြွေးကို စကားလုံးတွေနဲ့ မတင်ပြနိုင်ပါဘူး။ ဆေးလုံးကို ကျွန်တော် လက်ခံပါ့မယ်"
"ကျွန်တော် အဂ္ဂိရတ်ပညာရှင် ဆရာသခင်ကြီး သေချာပေါက် ဖြစ်လာစေရပါမယ်။ ဒီအသက်ကြွေးကို... ဘယ်တော့မှ မမေ့ပါဘူး"
ဟေးစန်းသည် လျှာကို တောက်ခေါက်လိုက်ပြီး ဘာမှ ဝင်မပြောတော့ပေ။
သူ့ညီလေးက ရင်းနှီးမြှုပ်နှံချင်မှတော့ သူက ရေအေးနဲ့ လောင်းမချတော့ပါဘူး။
ဟုန်ဖုန်းက စစ်ချန်ကို လှမ်းကြည့်လိုက်သည်။ သူတို့ညီလေး၏ လုပ်ရပ်များမှာ ပို၍ နက်နဲပြီး ခန့်မှန်းရခက်လာသည်။
ဝမ်ယန်၏ ဘဝကမူ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။