ဝိညာဉ်အဖော်မွန်
Vol. 9 Ch. 83
ဝမ်ယန်၏ ကြီးကျယ်ခမ်းနားသော စကားများကို ကြားပြီးနောက် ဟေးစန်းနှင့် ဟုန်ဖုန်းတို့၏ မျက်နှာကြမ်းကြီးများမှာ မည်းမှောင်သွားကြသည်။
ဘုရားရေ... ဒီကောင်လေးက သူတို့ကို အစာအဆိပ်သင့်အောင် လုပ်ပြီး စမ်းသပ်မလို့များလား။
ဟေးစန်းက မကျေမနပ် ညည်းညူတော့မည့်အချိန်တွင် ဘေးနားရှိ စစ်ချန်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"
ဝမ်ယန်၏ချက်ပြုတ်နည်းဖြင့် ဆေးဖော်ခြင်းအကြံဉာဏ်ကို သူ အမှန်တကယ် စိတ်ဝင်စားသွားခြင်း ဖြစ်သည်။ သီအိုရီသက်သက် အကြံဉာဏ်များထက်စာရင် ဒါက ပိုစိတ်ဝင်စားစရာ ကောင်းနေသည်။
ဝမ်ယန် ကြောင်အမ်းသွားသည်။
သူ စောစောက ပြောခဲ့သော စကားများ၏ တစ်ဝက်ခန့်မှာ စိတ်ရင်းအမှန် ဖြစ်သော်လည်း ကျန်တစ်ဝက်မှာမူ စားပွဲထိုးတစ်ဦး၏ အကျင့်အတိုင်း ကြွားလုံးထုတ်လိုက်ခြင်းသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် စိတ်ကူးယဉ်ကြည့်တာ ပိုက်ဆံကုန်တာမှ မဟုတ်တာ။
သို့သော် ထူးခြားသော ကိုယ်နေဟန်ထားရှိသည့် ဤသခင်လေးက သူ့ကို လှောင်ပြောင်ခြင်း မပြုသည့်အပြင် လေးလေးနက်နက် သဘောတူလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ဒီသခင်လေးက အိမ်မွေးသားရဲတွေနဲ့ ခရီးသွားနေတာဆိုတော့ နောက်ခံအသိုင်းအဝိုင်းက သာမန်မဟုတ်တာ သေချာသည်။
သူ့နောက်မှ လူကောင်ကြီးနှစ်ဦး၏ အရှိန်အဝါကလည်း ကြောက်စရာကောင်းလောက်အောင် ထူထဲနေသဖြင့် သေချာပေါက် ထိပ်တန်းကျင့်ကြံသူများ ဖြစ်ရမည်။
ဤကဲ့သို့သော အဆင့်မြင့်အသိအမှတ်ပြုမှုကို ရရှိလိုက်သဖြင့် ဝမ်ယန်၏ ခေါင်းထဲသို့ သွေးများ ဆောင့်တက်သွားသည်။
"သခင်လေး... ခင်ဗျား... ခင်ဗျားက တကယ့်ကို ကျုပ်ရဲ့ ဝိညာဉ်အဖော်မွန်ပါပဲဗျာ"
ဝမ်ယန် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာများ နီရဲလာပြီး ပုခုံးပေါ်မှ မျက်နှာသုတ်ပဝါပင် လွင့်ထွက်မတတ် ဖြစ်သွားသည်။
"စိတ်ချပါ သခင်လေး... ခင်ဗျားရဲ့ ဒီစကားတစ်ခွန်းတည်းနဲ့တင် ကျုပ် ဝမ်ယန် ပိုင်ဆိုင်သမျှ အကုန်ရောင်းပြီး ဆေးပေါင်းဖိုတစ်လုံး ရအောင် ဝယ်မယ်ဗျာ။ အဲဒီအချိန်ကျရင် ကျုပ်ရဲ့ ပထမဆုံး ထိပ်တန်းအဆင့် ဝိညာဉ်ဆေးလုံးတွေကို ခင်ဗျားကို ပထမဆုံး ဝေဖန်ခိုင်းပါ့မယ်"
"ဒီမှာပဲ စောင့်နေကြပါဦး။ ကျုပ် မီးဖိုချောင်ထဲသွားပြီး သူတို့ရဲ့ အကောင်းဆုံး လက်ရာတွေကို ထုတ်ပြခိုင်းလိုက်မယ်။ လူကြီးမင်းတို့ ဒီအစားအစာနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု ရစေရမယ်လို့ အာမခံပါတယ်"
သူသည် ကြက်သွေးထိုးခံထားရသကဲ့သို့ တက်ကြွနေပြီး ခြေထောက်များက လေကဲ့သို့ မြန်ဆန်နေသည်။ ရေနွေးငှဲ့ခြင်း၊ ရေထည့်ပေးခြင်းနှင့် ဟင်းပွဲများ မိတ်ဆက်ခြင်းတို့ကို ပိုမို ကြိုးစားလုပ်ကိုင်နေပြီး သူ စောစောက ပြောခဲ့သော စကားများသည် ကြွားလုံးမဟုတ်ကြောင်း သက်သေပြရန် ရင်ဘတ်ကို ခွဲပြချင်စိတ်ပင် ပေါက်နေသည်။
မကြာခင်မှာပင် ဟင်းပွဲများ ရောက်ရှိလာသည်။ မွှေးကြိုင်သော ရနံ့များကြောင့် သွားရည်ကျစရာ ကောင်းလှသဖြင့် ဟေးစန်းနှင့် ဟုန်ဖုန်းတို့သည် ချက်ချင်းပင် ပန်းကန်ထဲသို့ ခေါင်းစိုက်လိုက်ကြတော့သည်။
စစ်ချန် အနည်းငယ် မြည်းစမ်းကြည့်လိုက်သည်။ အရသာက အမှန်တကယ် ထူးခြားပြီး ဝိညာဉ်ပါဝင်ပစ္စည်းများကို ကိုင်တွယ်ပုံနှင့် အပူချိန် ထိန်းညှိပုံမှာ တိကျသေချာလှသည်။ လာရကျိုးနပ်ပါသည်။
သူသည် စည်ကားနေသော စားသောက်ဆိုင်ကို ဝေ့ကြည့်လိုက်ပြီး အလုပ်ရှုပ်နေသော ဝမ်ယန်ကို စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်
"ဆေးပေါင်းဖိုမြို့တော်မှာ စားသောက်ဆိုင်တွေက ပုံမှန်ထက် ပိုများနေသလိုပဲ"
"သခင်လေးရဲ့ အကဲခတ်ပုံက တကယ့်ကို တိကျတာပဲ"
ဝမ်ယန်သည် ယခုအခါ စစ်ချန်ကို ဝိညာဉ်အဖော်မွန်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သဖြင့် စကားများ ပေါက်ကွဲထွက်လာတော့သည်။
"ကျုပ်တို့ရဲ့ ဆေးပေါင်းဖိုမြို့တော်မှာ တခြားဟာတွေ သိပ်မရှိပေမဲ့ အဂ္ဂိရတ်ပညာရှင်တွေတော့ အများကြီး ရှိတယ်ဗျ။ ပြီးတော့ ဆရာရှာတဲ့သူတွေ၊ ဆေးလုံး လာရှာတဲ့သူတွေက ပိုတောင် များသေးတယ်"
"လူများလာရင် ကိစ္စတွေလည်း များလာတာပေါ့။ စီးပွားရေး ဆွေးနွေးတာပဲ ဖြစ်ဖြစ်၊ အဆက်အသွယ် ရှာတာပဲ ဖြစ်ဖြစ်၊ ကျေးဇူးဆပ်တာပဲ ဖြစ်ဖြစ်... လမ်းပေါ်မှာ ဒါမှမဟုတ် ဆေးဖော်ခန်း အပေါက်ဝမှာ မတ်တပ်ရပ်ပြီး ပြောလို့မှ မကောင်းတာ"
"ထိုင်လိုက်ပြီဆိုရင် စားစရာသောက်စရာလေး ရှိသင့်တယ် မဟုတ်လား။ လေထုကောင်းသွားရင် ဆွေးနွေးရတာ ပိုလွယ်သွားတာပေါ့"
သူသည် ရေနွေးထပ်ဖြည့်ပေးရင်း အသံကို အနည်းငယ် နှိမ့်လိုက်ပြီး ဒေသခံများသာ သိသော ဗဟုသုတအချို့ကို ဂုဏ်ယူစွာဖြင့် မျှဝေလိုက်သည်
"ဒါကြောင့် ဒီမြို့ထဲက စားသောက်ဆိုင် ဆယ်ဆိုင်မှာ ရှစ်ဆိုင်လောက်က အဂ္ဂိရတ်ပညာရှင်တွေ နောက်ကွယ်က ပိုင်တာ ဒါမှမဟုတ် အဂ္ဂိရတ်ပညာရှင် ကိုယ်တိုင် ဖွင့်ထားတာချည်းပဲ"
"ရှင်းရှင်းလင်းလင်း ပြောရရင် ဆေးဖော်မြူလာ အများစုနဲ့ အပေးအယူ ကိစ္စတွေက ဆေးပေါင်းဖိုနားမှာ ပြီးပြတ်တာ မဟုတ်ဘဲ ဒီထမင်းစားပွဲဝိုင်းတွေမှာ ပြီးပြတ်သွားကြတာ"
ဆေးပေါင်းဖိုမြို့တော်၏ စည်ကားမှုသည် အဓိကအားဖြင့် အဂ္ဂိရတ်ပညာဆိုသည့် စကားလုံးအပေါ်တွင်သာ လည်ပတ်နေကြောင်း စစ်ချန် သဘောပေါက်လိုက်သည်။
ဟေးစန်းနှင့် ဟုန်ဖုန်းတို့သည် စကားမပြောနိုင်စွာ နားထောင်နေကြသည်။ လူသားကမ္ဘာက ဘာလို့ ဒီလောက် ရှုပ်ထွေးနေရတာလဲ။ ဆေးဖော်ချင်ရင် ဖော်လိုက်ရုံပေါ့၊ ဘာလို့ စားသောက်ဆိုင် ဖွင့်နေရတာလဲ။
သူတို့ မိစ္ဆာမျိုးနွယ်မှာဆိုရင် တစ်ယောက်ယောက်က ဆေးဖော်တတ်ပြီး ငြင်းဆန်နေရင် အရင်ဆုံး ကောင်းကောင်း ရိုက်နှက်လိုက်ရုံပဲ။
ဘာ... မဖော်ပေးသေးဘူးလား။ ဖော်ပေးတဲ့အထိ ထပ်ရိုက်မယ်။ ပြီးသွားရင်တော့ အသက်ချမ်းသာပေးတဲ့အတွက် သူတို့က ကျေးဇူးတင်စကား ဆိုရဦးမှာ။ ကဲ တွေ့ပလား ရိုးရှင်းလှတဲ့သားရဲလောက…
ထိုစဉ် လူတစ်စု စားသောက်ဆိုင်ထဲသို့ ဝင်လာကြသည်။ သူတို့သည် ကောင်းမွန်သော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး မောက်မာသော မျက်နှာထားရှိသည့် လူငယ်ကျင့်ကြံသူတစ်ဦးက ဦးဆောင်လာသည်။
သူ၏ အကြည့်သည် ခန်းမကို ဝေ့ဝဲကြည့်လိုက်ရာ စစ်ချန်၏ စားပွဲဝိုင်းတွင် စိတ်လှုပ်ရှားစွာ စကားပြောနေသော ဝမ်ယန်ကို တွေ့လိုက်ရသည်။
မျက်စိလျင်သော ဝမ်ယန်သည် ပြုံးလျက် ချက်ချင်း ပြေးထွက်သွားသည် "သခင်လေးကျောက် ရောက်လာပြီပဲ။ အထဲကြွပါဗျာ။ လူကြီးမင်းရဲ့ သီးသန့်အခန်းကို ဖယ်ထားပေးပါတယ်။ ဒီနေ့ လတ်ဆတ်တဲ့..."
ထိုသခင်လေးကျောက်က လက်ကာပြလိုက်ပြီး စကားဖြတ်ပြောလိုက်သည်။ သူ့မျက်နှာတွင် အထင်သေးသော အပြုံးတစ်ခု ပေါ်နေသည် "စားပွဲထိုးဝမ်... မင်းက တော်တော် တက်ကြွနေပါလား။ ဘာလဲ... မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ချက်ပြုတ်နည်းဖြင့် ဆေးဖော်ခြင်းစီမံကိန်းကို ဧည့်သည်အသစ်တွေဆီ ရောင်းစားနေပြန်ပြီလား"
သူ ဝမ်ယန်ကို လှောင်ပြောင်နေသည်မှာ ပထမဆုံးအကြိမ် မဟုတ်မှန်း သိသာလှသည်။
ဝမ်ယန်၏ အပြုံး မပျက်သွားပေ။ အနည်းငယ် ဦးညွှတ်လိုက်ပြီး ချောမွေ့စွာ ပြန်ပြောလိုက်သည် "သခင်လေးကျောက်က နောက်နေပါပြီ။ ကျွန်တော်က ဧည့်သည်တွေ အစားအစာ စောင့်နေတုန်း ပျင်းပြေအောင် စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေ ပြောပြနေရုံပါဗျာ။ အဂ္ဂိရတ်ပညာလမ်းစဉ် အစစ်အမှန်ကျတော့ လူကြီးမင်းလို ကျွမ်းကျင်သူတွေမှ နားလည်နိုင်မှာပါ"
"ကျွမ်းကျင်သူ ဟုတ်လား။ ငါမပြောရဲပါဘူးကွာ"
သခင်လေးကျောက်က နှာခေါင်းရှုံ့လိုက်ပြီး ထွက်မသွားဘဲ ရှေ့သို့ နှစ်လှမ်းတိုးလာသည် "ဝမ်ယန်... ငါ မင်းကို အပြစ်ရှာနေတာ မဟုတ်ဘူး။ လူဆိုတာ ကိုယ့်အကြောင်းကိုယ် သိသင့်တယ်။ မင်းက စာလုံးနည်းနည်းပါးပါး ဖတ်တတ်ပြီး အဂ္ဂိရတ်စာအုပ် လေးငါးအုပ် ဖတ်ဖူးရုံနဲ့ တစ်လှမ်းတည်းနဲ့ ကောင်းကင်ကို ရောက်မယ် ထင်နေတာလား"
"အဂ္ဂိရတ်ပညာသာ အဲဒီလောက် လွယ်ကူနေရင် မင်းအမေရဲ့ ရောဂါက အခုထိ ဘာလို့ မပျောက်နိုင်သေးတာလဲ"
"ဝိညာဉ်ကျောက်တုံး ရအောင်ရှာပြီး မင်းအမေအတွက် ဆေးကောင်းဝါးကောင်း ဝယ်ကျွေးတာက လက်တွေ့မကျတဲ့ အိပ်မက်တွေ မက်နေတာထက် ပိုကောင်းပါလိမ့်မယ်။ ဆေးဖော်တာ မအောင်မြင်ဘဲ မင်းအမေရဲ့ အသုဘစရိတ်ပါ ကုန်သွားဦးမယ်... အဲဒါဆိုရင်တော့ တကယ့်ကို သားဆိုးသားမိုက် ဖြစ်သွားလိမ့်မယ်"
ဒီစကားတွေက တော်တော် ရိုင်းစိုင်းလွန်းသည်။