← Chapters

နတ်ဆိုးဘုံတံခါး

Vol. 9 Ch. 124

နတ်ဆိုးဘုံတံခါး

Vol. 9 Ch. 124

သုံးဆင့်တက်လှမ်းတာမို့ ယိချင်းက ကောင်းကင်ဝဋ်ကြွေးကို ဆယ်ရက်နေမှပြီးမြောက်ခဲ့တယ်။ သူက အခုတော့ မြေအမတအစား မဟူရာအမတဖြစ်နေပြီ။ ပေါင်မိသားစုက ပေါင်ရီရဲ့နောက်ကဖြစ်နေပြီ။ ဒါပေမဲ့သူက ဓားအမတ။ ဓားအမတတွေက ပုံမှန်က ကျင့်ကြံခြင်းတူတဲ့ တခြားအမတတွေထက် အင်အားကြီးမားတယ်။ တိတိကျကျပြောရရင် ယိချင်းက ပေါင်ရီထက်တောင် အင်အားကြီးတာဖြစ်နိုင်တယ်။

သူ စိုးရိမ်တာကတော့ သူ့ဆရာ လုံလုံလောက်လောက်စားရရဲ့လားဆိုတာပဲ။ သူအမြန် သွေးကြောတွေကို ထိန်းညှိပြီး ဂိုဏ်းဆီ ပြန်ပျံသန်းလာခဲ့တယ်။ လမ်းတစ်လျှောက်မှာ ထွက်လာတဲ့ လူနှစ်ယောက်နဲ့ဆုံသွားလေတယ်။

"နောက်ဆုံးတော့ပြီးပြီပဲ၊ သွားကြရအောင်၊ ငါတို့ချွီရွှမ်းမြို့ဆီ သွားမလို့"

ကူယွဲ့ လက်ယမ်းပြရင်း ရှန်းရင်ကိုပါ သူ့နောက်ကနေ ဆွဲခေါ်လာတယ်။

"ဆရာ ဒါ..." ယိချင်း တန့်သွားတယ်။ သူတို့ အဲကနေ ပြန်လာကာစမဟုတ်ဘူးလား။

"အရင်သွားကြရအောင်၊ ငါတို့မင်းကို လမ်းမှာရှင်းပြမယ်" ကူယွဲ့ စိတ်ပူစွာပြောပြီး သူ့ဓားပျံပေါ်လိုက်တယ်။

ယိချင်းလည်း ဆက်မမေးတော့ဘူး။ သူ့ဓားပျံကို ဆင့်ခေါ်ပြီး ရှန်းရင်ကို ဓားနောက်ဆွဲခေါ်လိုက်တယ်။ နောက်တော့ ချွီရွှမ်းမြို့ဆီ အတူတူပျံသန်းလာခဲ့ကြတယ်။

"ချီရွှမ်းမြို့မှာ ဘာဖြစ်လို့လဲ" ယိချင်းက ပျံသန်းရင်း မေးလိုက်တယ်။

"အရင်က မြို့ကိုကျူးကျော်လာခဲ့တဲ့ နတ်ဆိုးကို မှတ်မိလား၊ သူဘယ်လိုထွက်ပြေးသွားလဲသိလား"

ယိချင်း မျက်မှောင်ကြုတ်ပြီးစဉ်းစားလိုက်တယ်။ နဉ်ဇီအန်းရဲ့ မူလဝိညာဉ်ဓားချီက ပေါင်ရီ့ကို စိတ်အာရုံထွေပြားအောင်လုပ်ခဲ့တာ။ နတ်ဆိုးက အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတာပဲ။ နောက်တော့...။

"လေထဲပျောက်သွားတာ၊ နတ်ဆိုးချီတွေရောပဲ" ကြောက်ခမန်းလိလိ နတ်ဆိုးချီတွေက တစ်ခဏအတွင်း ပျောက်ဆုံးသွားခဲ့တာ။

"မြို့အရှင်ပေါင်က နေရာတိုင်းကို ရှာဖို့ လူလွှတ်ခဲ့ပေမဲ့ နတ်ဆိုးအရိပ်အယောင်တစ်စက်မှ ‌မတွေ့ဘူးတဲ့"

"ဘယ်လိုဖြစ်တာလဲ" ‌ဘယ်လိုမျိုး ပျောက်ကွယ်အောင် လုပ်ရမလဲသိရင်တောင် ခြေလှမ်းတွေကို ဒီလောက်နှံ့နှံ့စပ်စပ်ဖုံးကွယ်ထားလို့တော့ မရဘူးလေ။

"နတ်ဆိုးဘုံတံခါးကနေ ဖြတ်သွားတာပဲ၊ တံခါးက ချီရွှမ်းမြို့ထဲမှာ"

"နတ်ဆိုးဘုံ" ယိချင်း အံ့ဩသွားတယ်။

"ငါတို့ မြို့အရှင်ပေါင်ကို လွန်ခဲ့တဲ့၁၀ရက်က အသိပေးပြီးပေမဲ့ တစ်မြို့လုံးကို ရှာဖို့လုပ်လည်း တံခါးကိုမတွေ့ဘူးတဲ့၊ ဘေးကင်းအောင်လို့ ငါတို့ မင်းကောင်းကင်ဝဋ်ကြွေးပြီးတာကို စောင့်ပြီးမှ သွားမယ်ဆုံးဖြတ်လိုက်တာ"

"ဒါကိုဘယ်လိုလုပ်သိတာလဲ" ယိချင်း မေးလိုက်တယ်။ နတ်ဆိုးဘုံရှိတယ်ဆိုတာ သိပေမဲ့ တစ်ယောက်ယောက် အဲကို တကယ်ရောက်ဖူးမှန်း မသိခဲ့ဘူး။ နတ်ဆိုးဘုံတံခါးက ဘာလို့ ချွီရွှမ်းမြို့လိုချောင်ကျတဲ့နေရာမှာ တည်ရှိနေရတာလဲ။

"ဒါကိစ္စကြီးပဲ၊ အဲဒီတံခါးက နတ်ဆိုးဘုံကို ဦးတည်နေတာသေချာလို့လား"

"မသေချာဘူးလေ" ကူယွဲ့ ရှန်းရင်ကို အမူအရာပြလိုက်တယ်။

"သူမြင်သွားတယ်"

ယိချင်းအမူအရာက ချက်ချင်း ပြောင်းလဲသွားတော့တာပဲ။ တည်ငြိမ်နေတဲ့အမူအရာနဲ့ သူပြောလိုက်တယ်။

"ဒါဆို ဒါက နတ်ဆိုးဘုံတံခါးပဲဖြစ်ရမယ် အမှန်ပဲ"

ကူယွဲ့ ။ ။ "..." ခွေးမသား

——————

သုံးယောက်သား စိတ်လှုပ်ရှားစွာနဲ့ လမ်းတစ်လျှောက်က နေရာရွှေ့ပြောင်းအစီအရင်တွေကို ဖြတ်သန်းလာခဲ့ကြတယ်။ နောက်ဆုံးတော့ ချွီရွှမ်းမြို့ကို ရောက်ခဲ့ပြီ။ နောက်တစ်ကြိမ် အမတမြို့ကို ရောက်လာပေမဲ့ ဒီတစ်ကြိမ်တော့ အငွေ့အသက်က အတော်လေး ခြား‌နားနေတယ်။ မြို့က အရင်လို လူသူမထူထပ်သလို နွေးထွေးမှု မရှိတော့ဘူး။ အဲအစား အေးစက်တဲ့တိတ်ဆိတ်မှုပဲ ကြီးစိုးနေပြီး မြို့ထဲ အမတတချို့ လမ်းလျှောက်နေတာပဲ မြင်ခဲ့ရတယ်။

သူတို့မြို့အရှင်ဘုံဗိမာန်ကို ရောက်ချိန် ပေါင်ဖေးဖျင်က အဝင်ဝမှာ သူတို့ကို စောင့်နေတယ်။

"အမတရောင်းရင်းတို့ ရောက်လာပြီပဲ" သူက စိတ်လှုပ်ရှားစွာ ပြောပြီး ရှေ့တက်နှုတ်ဆက်လေတယ်။ သူ့အကြည့်က ယိချင်းဆီ ရောက်သွားပြီးတော့ သိသိသာသာ ထိတ်လန့်သွားလေရဲ့။

"အမတယိချင်း၊ ခင်ဗျားကျင့်ကြံဆင့်က..."

လွန်ခဲ့တဲ့ဆယ်ရက်ကဆို မြေအမတဖြစ်ရုံလေး။ ဘယ်လိုလုပ် မဟူရာအမတဖြစ်လာတာလဲ။

ယိချင်း ခေါင်းညိတ်ပြီး ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်တယ်။

"ဒါတွေအားလုံးက လွန်ခဲ့တဲ့ရက်ပိုင်းက ကျုပ်ကို ငှားပေးခဲ့တဲ့ ရတနာကျေးဇူးကြောင့်ပါ"

ပေါင်ဖေးဖျင်ကတော့ မယုံကြည်နိုင်စွာ ကြည့်နေမိတယ်။ အဇဋာကိုးစိတ်ဖြာမှန်က အမတျသွးကြောတစ်ဝက်ရဲ့ မသေမျိုးချီပါဝင်ပြီး တကယ်ပဲလူတွေကို မြန်မြန်ဆန်ဆန် အဆင့်တက်အောင် ကူညီပေးနိုင်တယ်။ ဒါပေမဲ့... ဒါကတော့ များလွန်းတယ်မလား။

သူ တစ်ခဏတာ ဇဝေဇဝါဖြစ်သွားတယ်။ နောက်တော့ လက်ထဲကကိစ္စကို သတိပြန်ရပြီး ချက်ချင်း ဣန္ဒြေဆယ်လိုက်တယ်။ သူ ဧည့်သည်သုံးယောက်ကို အိမ်ထဲခေါ်လာပြီး ခပ်တိုးတိုးလေသံနဲ့ ပြောလိုက်တယ်။

"ကျုပ် ညီကိုကူယွဲ့ရဲ့စာကို ရချိန် မြို့ထဲရှာဖို့ လူတွေလွှတ်ခဲ့ပေမဲ့ အဲနတ်ဆိုးဘုံရဲ့ တံခါးတွေကို မတွေ့သေးဘူး၊ ဒါပေမဲ့ ထူးခြားတဲ့အဖြစ်အပျက်တွေတော့ တကယ်သိခဲ့ရတယ်"

သူက လေထဲက မြို့မြေပုံတစ်ခု ဆွဲထုတ်လာပြီး အစက်တစ်စက်ကို ညွှန်ပြကာ ရှင်းပြတော့တယ်။ နတ်ဆိုးတွေ ရှောင်အန်းပေါ် မျက်စိကျချိန် သူတို့ ခပ်ဆင်ဆင် စုံစမ်းမှု လုပ်ခဲ့ပေမဲ့ ထူးခြားတာ မတွေ့ခဲ့ဘူး။ ဒီတစ်ကြိမ်လည်း အလားတူဖြစ်တာပေါ့။ သူတို့ မြို့ထဲ ထူးခြားတာတစ်ခုမှ ရှာမတွေ့ခဲ့သလို မြို့ထဲကျူးကျော်လာတဲ့ နဆ်ဆိုးအရိပ်အယောင်လည်း ရှာမတွေ့ဘူး။ နတ်ဆိုးချီအကြွင်းအကျန်ဆို ပိုဆိုးပေါ့။

ဒါပေမဲ့ နတ်ဆိုးဘုံတံခါး မြို့ထဲကိန်းဝှက်နေတယ်ဆိုတာက ချွီရွှမ်းမြို့ကိုတင်မက အမတဘုံတစ်ခုလုံးနဲ့ပါ ပတ်သက်တဲ့ ကိစ္စကြီးပဲ။ ပေါင်ရီက သတင်းစုံစမ်းသူတွေ ဘာမှထူးခြားတာမတွေ့ဘူးလို့ တင်ပြလာတာကို မကျေနပ်လို့ ကိုယ်တိုင် မြို့ထဲ ရှာဖွေခဲ့တယ်။ တကယ့်ကိုပဲ သူ သေးငယ်တဲ့ တစ်စုံတစ်ရာကို ရှာတွေ့ပြီး ပြန်ရောက်လာခဲ့တယ်။

"မြို့ထဲ မသေမျိုးချီတွေ ပါးလာတဲ့နေရာတွေ များလာတယ်" ပေါင်ဖေးဖျင် မြေပုံခဲက နေရာတချို့ကို လက်ညှိုးထိုးပြလိုက်တယ်။ နဂိုက မြို့ထဲမှာနေကြတဲ့ အမတတွေ အများကြီး၊ အများစုက ပုံမှန်လေ့ကျင့်နေကြတာ။ ပုံမှန်ဆို နေရာအမျိုးမျိုးမှာ မသေမျိုးချီပမာဏက ကွဲပြားကြတယ်။ ဒါပေမဲ့ နတ်ဆိုးတွေ ကျူးကျော်ပြီးနောက်ပိုင်းမှာ အမတတော်တော်များများ မြို့ထဲကနေ ထွက်သွားလေရဲ့။ မြို့က အမတသွေးကြောပေါ် ဆောက်ထားတာဖြစ်ပြီး မသေမျိုးချီကိုစုပ်ယူတဲ့ အမတတွေ နည်းလာပြီဆိုရင် မသေမျိုးချီက ထူလာသင့်တာ။ ဒါပေမဲ့ မြို့ထဲက အမတချီက တချို့နေရာတွေမှာ နည်းပါးနေတုန်းပဲ။

"မြို့ပြင်မှာ အဲလိုနေရာတွေ အများကြီးတွေ့ခဲ့တယ်၊ အနည်းဆုံးတော့ ဆယ်ပေတိုင်းမှာ တစ်နေရာလောက် ရှိပေမဲ့ ဒါရဲ့အကြောင်းရင်းကို မသိဘူး၊ ရောင်းရင်းကူယွဲ့ပြောတဲ့ နတ်ဆိုးဘုံတံခါးနဲ့ ဆက်စပ်နေမလား"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ နတ်ဆိုးဖြစ်တည်မှုတွေကပဲ မသေမျိုးချီကို ဖယ်ရှားနိုင်တာ အမှန်ပဲ။

"ရှန်းရင်" သူအော်ပြီး ရှန်းရင်ဘက်လှည့်လိုက်တယ်။

"မင်း နတ်ဆိုးဘုံတံခါးကို မြို့ရဲ့ဘယ်နေရာမှာ မြင်ခဲ့တာလဲ"

"အဲဒီ... ဘာမျှော်စင်ဆိုလား..." ငါ အရင်က ပြောပြီးသား မဟုတ်ဘူးလား။

"ဝန်အလေးမျှော်စင်လား" ပေါင်ဖေးဖျင် ဝင်မေးလိုက်တယ်။

"ဟုတ်တယ်၊ နင်တို့ဝင်မလာခင်ကတင်" ရှန်းရင် တစ်ခဏ‌စဉ်းစားပြီးတော့ ထပ်ပြောလိုက်တယ်။

"ခဏလေးနဲ့ ပျောက်သွားတာပဲ"

သူတို့ မရောက်ခင်ကတင်... ဆိုလိုတာက နတ်ဆိုးတွေထွက်ပြေးချိန် ပေါ်လာတာလား။ နတ်ဆိုးဘုံထဲ ထွက်ပြေးသွားတာကို ဘာလို့ အရိပ်အယောင်မကျန်ခဲ့ရတာလဲ။

ဒါပေမဲ့ သူတို့ ဝန်လေးလံ မျှော်စင်ကို ခဏခဏစစ်ဆေးခဲ့ဖူးပြီးပြီ။ တခြားထူးဆန်းတဲ့နေရာတွေနဲ့ ယှဉ်ရင် ဝန်လေးလဲမျှော်စင်က ပေါင်မိသားစုပိုင်ဆိုင်သမျှထဲ မသေမျိုးချီအထူဆုံးပဲ။

"မြို့အရှင် ကျုပ်တို့ကို အဲခေါ်သွားလို့ရလား"

ကူယွဲ့ အကြံပြုလိုက်တယ်။ သူတို့ မမြင်နိုင်တဲ့ တချို့အရာတွေ ရှိပေမဲ့ အဲ cheat ရှန်းရင်ကတော့ မြင်နိုင်မှာ။

ပေါင်ဖေးဖျင် ခေါင်းညိတ်ပြီး သူတို့ကိုခြံဝန်းထဲ ခေါ်လာခဲ့တယ်။ ကူယွဲ့ ရှန်းရင် နတ်ဆိုးဘုံတံခါးကို မြင်တယ်လို့ ပြောတဲ့ ဝန်လေးလံမျှော်စင်ကို စစ်ဆေးကြည့်လိုက်တယ်။ ဒါပေမဲ့ ပေါင်ဖေးဖျင်ပြောသလိုပဲ ထူးခြားတာဘာမှမတွေ့ဘူး။

နောက်တော့ သူတို့ ပေါင်ဖေးဖျင်ပြောတဲ့ ထုးဆန်းတဲ့နေရာတွေကို ဆက်စစ်ဆေးခဲ့တယ်။ အရင်အတိုင်းပဲ ထူးခြားတာဘာမှမတွေ့ခဲ့ဘူး။

"အဖေက ဒီကိစ္စကိုတင်ပြဖို့ မြို့တော်ဆီသွားနေပါပြီ" ပေါင်ဖေးဖျင် သူတို့ကို အသိပေးလိုက်တယ်။ တကယ်လို့ သူတို့မြို့သာ နတ်ဆိုးဘုံတံခါးတွေရှိနေမယ်ဆိုရင် ဆုံးဖြတ်ချက်ချဖို့ ဘာအာဏာမှ မရှိတော့ဘူး။

ကူယွဲ့ခေါင်းညိတ်ပြီး သူ့ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် လေ့လာကြည့်လိုက်ပြန်တယ်။ သူ တကယ်ပဲ ထူးဆန်းတာ ရှာမတွေ့သေးဘူး။ ရှန်းရင် အရင်က တကယ်ပဲနတ်ဆိုးဘုံတံခါးကို တွေ့ခဲ့တာ ဟုတ်ရဲ့လားတောင် သံသယဝင်စပြုလာပြီ။ သူမ မြင်ယောင်နေတာလည်းဖြစ်နိုင်တာပဲ။ မနေနိုင်ဘဲ သူ ရှန်းရင်ဘက် လှည့်မေးလိုက်တော့တယ်။

"ဟေး၊ မင်းတစ်ခုခုတွေ့လား"

"အင်း"

"အိုး... ဘာလဲ" ကူယွဲ့ အံ့ဩသွားတယ်။

ပေါင်ဖေးဖျင်တောင် ချက်ချင်းလှည့်လာပြီး သူမကို ထိတ်လန့်တကြား စိုက်ကြည့်လေတယ်။

"ဘာမြင်လိုက်တာလဲ"

"တံခါးလေ"

"ဟိုလီရှစ်၊ မင်း နတ်ဆိုးဘုံတံခါးတွေ မြင်လိုက်တာလား၊ ဘယ်မှာလဲ"

ရှန်းရင် မြေကြီးကိုလက်ညှိုးထိုးပြလိုက်တယ်။

"ဒီမှာ"

လူတိုင်း ရှန်းရင်လက်ညှိုးထိုးပြတဲ့နေရာကို ငုံ့ကြည့်လိုက်တယ်။

"..." ဘာမှ ရှိမနေဘူး။

"အဲမှာ.. ပြီးတော့ အဲမှာ" ရှန်းရင်က ကြုံရာနေရာကို လက်ညှိုး‌ထိုးနေတဲ့ပုံမျိုး။

"ပတ်ပတ်လည်မှာရှိနေတာ"

ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။

"ဘာသဘောလဲ" နတ်ဆိုးဘုံတံခါးတွေက ကြွက်တွင်းတွေလား။ ဘာလို့မြေကြီးပေါ်မှာရှိနေတာလဲ။

"ဘယ်မှာလဲ အတိအကျက၊ သေချာပြောစမ်းပါ"

"..."

ရှန်းရင်သက်ပြင်းချပြီး ယိချင်းဘက်လှည့် ပြောလိုက်တယ်။

"စားဖိုမှူး၊ ငါ့ကိုအဲနေရာဆီ ပျံတက်ပြီးခေါ်သွားပေးပါ"

တုံ့ဆိုင်းမှုမရှိ ယိချင်းက ဓားပျံထုတ်ပြီး ရှန်းရင်ကို လေထဲ ခေါ်လာခဲ့တယ်။ သူတို့ မြင့်သထက်မြင့်မြင့် ပျံတက်လာခဲ့တာက လေထဲ မီတာတစ်ထောင်လောက်ရောက်တဲ့အထိပဲ။ ‌နောက်တော့ သူ အောက်ဘက်ကို လက်ညှိုးထိုးပြီး သူမနဲ့အတူ ပျံတက်လာတဲ့ ကူယွဲ့နဲ့ပေါင်ဖေးဖျင်ကို လှမ်းပြောလိုက်တယ်။

"ဒီမှာ"

နှစ်ယောက်သား အောက်ငုံ့ကြည့်ပြီး ရုတ်တရက် သဘောပေါက်သွားခဲ့တော့တယ်။ မျက်နှာပေါ်က သွေးရောင်ပါ ကျဆင်းသွားလေရဲ့။

သေစမ်း

...

All Chapters