← Chapters

သုံးဆင့်တက်လှမ်းခြင်း

Vol. 9 Ch. 122

သုံးဆင့်တက်လှမ်းခြင်း

Vol. 9 Ch. 122

"ကျုပ်ဇနီးက သူ့ကိုမွေးချိန် အားကုန်သုံးခဲ့ရတာမို့ ကျုပ်ဇနီးရဲ့ မျိုးရိုးနာမည်ကို ယူခဲ့တာပါ"

ပေါင်ဖေးဖျင်က ကူယွဲ့တစ်ယောက် ရှောင်အန်း သူ့အမေရဲ့ မျိုးရိုးနာမည်ကိုယူတာနဲ့ပတ်သက်ပြီး စိတ်တိုသွားတာလို့ ထင်ပြီး ရှင်းပြလိုက်တယ်။

"အမတရောင်းရင်းယိချင်း စိတ်ကျေနပ်မယ်ဆို သူ့ကို နောက်ထပ်နာမည်ပေးလို့ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ကစပြီး ခင်ဗျားတို့ဂိုဏ်းရဲ့..."

"ဟင့်အင်း" ကူယွဲ့က သူစကားမဆုံးခင် ကြားဖြတ်ပြောလာတယ်။

"ဘယ်လို" ပေါင်မိသားစုက လူနှစ်ယောက်က ကူယွဲ့ကို မယုံနိုင် စိုက်ကြည့်ကြတော့တာပေါ့။

"နောက်ထပ်နာမည်ပေးဖို့ မလို-"

"မဟုတ်ဘူး ကျုပ်ဆိုလိုတာက သူ ယိချင်းရဲ့ တပည့်ဖြစ်လာလို့မရဘူး"

ကူယွဲ့ ဒေါသတကြီး ပြောလိုက်တယ်။ ‌လုံးဝကို လေးနက်တဲ့လေသံနဲ့ သူကပြောတော့တယ်။

"ပြီးတော့ ဝူတိဂိုဏ်းလည်းဝင်လို့မရဘူး၊ သေချာပေါက်မရဘူး"

"... ဘာလို့လဲ" ပေါင်ဖေးဖျင် ထိတ်လန့်သွားတယ်။ သူ စောနလေးကတင် သဘောတူခဲ့တာမဟုတ်ဘူးလား။

"ဘာကြောင့်လဲဆိုတော့... သူ..." ကူယွဲ့ သင့်တော်တဲ့စကားလုံး ရှာဖို့ကြိုးစားနေရတယ်။ သူ့နဂို အာသွက်လျှာသွက်လျှာကလည်း အစွမ်း ဆုံးရှုံးသွားပုံပဲ။ နောက်ဘာဆက်ပြောရမလဲဆိုတာ အချိန်အကြာကြီး စဉ်းစားနေရတယ်။

"ကျုပ်ဂိုဏ်းက... လောလောဆယ်လူပြည့်နေတယ်"

"အယ်" ဘာသဘောလဲ။

"အာ၊ ကျုပ်ဆိုလိုတာက..." သူက ပြန်တည်ငြိမ်အေးဆေးလာပြီး ယိချင်းကိုလှမ်းကြည့်လိုက်တယ်။

"ယိချင်းက အခု ခင်ဗျားတို့ တောင်းဆိုတဲ့လူလေ၊ သူဘယ်လိုဆုံးဖြတ်မလဲ ကြည့်ရအောင်၊ ဟုတ်တယ်မလား စားဖိုမှူး"

သူ လှည့်ပြီး ယိချင်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်တယ်။

မင်းသာ သဘောတူလိုက်ရင် မင်းရဲ့စားသောက်စရိတ်ကို တစ်နှစ်တိတိမပေးဘူး

ယိချင်း ။ ။ "..."

ပေါင်ဖေးဖျင် ။ ။ "..."

ကူယွဲ့က ယိချင်းအတွက် ဆုံးဖြတ်ပေးလို့ရတယ်လို့ ပြောခဲ့တယ်မဟုတ်လား။

"အမတရောင်းရင်းယိ" နှစ်ယောက်သား ယိချင်းကို လှည့်ကြည့်လာကြတယ်။

ယိချင်း သူ့ရှေ့မှာ ရပ်နေတဲ့ သူနဲ့ အတော်လေးကံတူတဲ့ ကောင်လေးကို လေ့လာကြည့်မိတယ်။ သူ စိတ်ထဲတော့ မကောင်းဖြစ်သွားတာပေါ့။

"သူ့ကိုတပည့်အနေနဲ့ လက်မခံဖို့ ကျုပ်အတွက် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"

ကူယွဲ့ ရင်ထိသွားတယ်။ သူ အသက်ရှူအောင့်ပြီး ခပ်တိုးတိုးဆဲမိလိုက်လေရဲ့။

"စားဖိုမှူး..." မင်းပြောနေတာ မင်းကြည့်ဦး

ဒါပေမဲ့ ယိချင်းဆက်ပြောတာကို သူကြားလိုက်ရတယ်။

"ဒါပေမဲ့ ကျုပ်က ကျွမ်းကျင်ပညာရှင် မဟုတ်သေးပါဘူး၊ ကျုပ်ဆရာဆီမှာ သင်ယူနေရဆဲပါ၊ ကျုပ်မေးရ..." သူ ရှန်းရင်ဘက် အပြည့်အဝလှည့်လိုက်တယ်။

"ဆရာ၊ ကျွန်တော်-"

"ဟင့်အင်း" ရှန်းရင် ကြားဖြတ်ပြောလိုက်တယ်။

ယိချင်းက ဟိုနှစ်ယောက်ဘက် လှည့်ပြီး လိုက်ပြောတော့တယ်။

"ဟင့်အင်း"

ပေါင်အမျိုးသားနှစ်ယောက် ။ ။ "..." တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကူမယ်ဆိုတာ ဘာဖြစ်သွားပြီလဲ။

"မြို့အရှင်၊ အဆင့်မြင့်အမတ၊ ကျုပ်ဂိုဏ်းဆီမှာ ဆောင်ရွက်စရာ အရေးကြီးကိစ္စတွေ ပေါ်လာလို့ပါ၊ ခင်ဗျားကလေး အဆင်ပြေပြီဆိုတော့ ကျုပ်တို့သွားပါတော့မယ်"

ကူယွဲ့က ယိချင်းနဲ့ရှန်းရင်ရဲ့ ဝတ်ရုံလက်ကို ဆွဲပြီး သူတို့နှစိယောက်ဘာမှထပ်မပြောနိုင်ခင် ဗိမာန်ထဲကလှည့်ထွက်သွားခဲ့တယ်။ သူတို့ဓားပျံတစ်ချက်နဲ့ ပျောက်သွားတော့တာပဲ။

ပေါင်ဖေးဖျင် ။ ။ "..."

ပေါင်ရီ ။ ။ "..."

ဘာဖြစ်တာလဲဟ။

——————

ကူယွဲ့ နှစ်ယောက်သားကို အိမ်အပြင်ဆီ ခေါ်ထုန်လာခဲ့တယ်။ တစ်ချိန်လုံး သူ့မျက်နှာပေါ်မှာ သဘောမတွေ့တဲ့အကြည့်နဲ့။ ဝူတိဂိုဏ်းတောင်ခြေရောက်မှပဲ ရပ်တော့တယ်။

"ကျွန်တော်-" ယိချင်းက စကားစတယ်။

"မပြောနဲ့" ကူယွဲ့ ကြားဖြတ်ပြောလိုက်တယ်။

"မင်း ကလေးကို သနားတာသိပေမဲ့ သူ့ကိုတပည့်အနေနဲ့ လက်ခံလို့မဖြစ်ဘူး သူကလွဲ ဘယ်သူ့ကိုမဆို လက်ခံလို့ရတယ်"

"ခင်ဗျား-"

"ငါ အသည်းမာတယ်လို့ မင်းတွေးလောက်တာသိတယ်" ကူယွဲ့ စိတ်ရှုပ်ထွေးစွာနဲ့ ရှေ့နောက် ခေါက်တုံ့ခေါက်ပြန်လျှောက်တော့တယ်။

"သူ့ဓားသိုင်းကို မလေ့ကျင့်ရင် မူလဝိညာဉ်ဓားချီက ထပ်ပြီးထကြွလာနိုင်တယ်ဆိုပေမဲ့... ဒါမင်းနဲ့ ဂိုဏ်းကောင်းကျိုးအတွက် ငါလုပ်ပေးရတာ၊ မင်း နားမလည်လောက်တဲ့ ကိစ္စတချို့ရှိတယ်၊ မင်းကို တစ်ချိန်ကျ ရှင်းပြမယ်၊ ဘယ်သူသိမှာလဲ၊ မင်း ငါ့ကိုကျေးဇူးတောင်တင်လောက်...၊ အာ"

"မင်းဘာလုပ်တာလဲ"

သူစကားတောင်မဆုံးခင် ယိချင်းက သူ့ကိုဘေးတွန်းထုတ်လိုက်တာပဲ။

"ထွက်သွား" ဘယ်သူက ရှင်းပြတာ ဂရုစိုက်နေလို့လဲ။ ဆရာနဲ့ ကျွန်တော့်ကြားသာ မရပ်နဲ့။

ကူယွဲ့ ။ ။ "..." ငါ-ိုး

"ဆရာ" ယိချင်းက သူ့ဘေးမှာချိတ်ထားတဲ့ သိုလှောင်အိတ်ကို ကမ်းပေးလာပြီး ရှန်းရင်ကို တလေးတနက် ပြောတော့တယ်။

"ကျွန်တော် အဆင့်‌ချိုးဖျက်တက်ရတော့မယ်၊ ဒီတစ်ခေါက် တော်တော်ကြာလောက်တယ်၊ ဒါ ကျွန်တော်ပြင်ပေးထားတဲ့ စားသောက်ဖွယ်တွေပါ၊ ဗိုက်ဆာရင် ဒီအိတ်ထဲကစားလို့ရတယ်"

"အိုး ကောင်းပြီလေ" ရှန်းရင် အိတ်ကိုယူလိုက်တယ်။

"အဆင့်တက်တော့မှာလား" ကူယွဲ့ ချောင်းဆိုးပြီး ယိချင်းဆီ ပြေးသွားမိတယ်။

"မင်း တက်လှမ်းလာကာစလေ၊ ဘယ်လိုလုပ်... ခဏ မင်းမသေမျိုးချီက""

သူ အနီးကပ် စစ်ဆေးကြည့်တော့ ယိချင်းကိုယ်ကို ဝိုင်းနေတဲ့ မသေမျိုးချီတွေက မယုံကြည်နိုင်လောက်အောင် ထူထဲကြွယ်ဝနေလေရဲ့။ သူက ဖိနှိပ်ထားခဲ့ရုံပဲ။

"မင်းမသေမျိုးချီက... မှန်ထဲကများလား၊ မင်း ဓားချီအပိုတွေကို ရှင်းပြီးတာနဲ့ ချက်ချင်း ထွက်လာတာ မဟုတ်ဘူးလား၊ ဘာလို့..." သူ အဲထဲမှာ နေခဲ့တာ ဆယ်မိနစ်တောင်မရှိဘူး။

"မင်းအဲထဲ ဘယ်လောက်ကြာခဲ့လဲ" အချိန်က မှန်ထဲနဲ့ တကယ်ပဲ ကွာတာလေ။

"နှစ်တစ်ရာပါ"

"မင်းနှစ်တစ်ရာထဲနဲ့ ဒါကိုလုပ်ခဲ့တာတော့ မဖြစ်န်ုင်ဘူး..." နှစ်တစ်ရာတည်းနဲ့ ဓားချီအပိုတွေကို ရှင်းဖို့တောင် ခက်မှာ မဟုတ်ဘူးလား။

"အော်၊ အဲမှာ အကြာကြီးနေရရင် ဆရာရဲ့ ထမင်းစားချိန်ကို လွဲသွားမှာဆိုးလို့" သူက သုန်သုန်မှုန်မှုန်နဲ့ ပြန်ဖြေတော့တယ်။

"ဒါကြောင့် မှန်ထဲက မသေမျိုးချီနဲ့ ဓားချီအားလုံးကို အမြန်စုပ်ခဲ့တာ" သွေးကြောထဲ ထည့်သွင်းဖို့ အချိန်မရှိခဲ့ရုံပဲ။

"မင်းအားလုံးကို စုပ်ခဲ့တာပေါ့ ဟိုလီရှစ်" ဓားချီက သူများဟာ။ ရှင်းထုတ်ဖို့ခက်တယ်ဆိုတာ နားလည်ပေမဲ့ သူက တကယ်ကြီးသိမ်းထားတယ်ပေါ့လေ။ ပြီး‌တော့ အဲဒီမသေမျိုးချီအားလုံးက အမတတစ်ယောက်ရဲ့ သွေးကြောတစ်ဝက်ကနေ လာတာ။ ပုံမှန်အမတတွေက ဒီလောက်မသေမျိုးချီ အများကြီးကို စုပ်ယူဖို့ အနည်းဆုံးနှစ်လေးရာ ငါးရာတော့လိုမှာပဲ။ ဒါတောင် နှစ်တစ်ရာတည်းနဲ့ ဒီလိုလုပ်ခဲ့တယ်ပေါ့ သူက သောက်ကျိုးနည်း... ဖိနှိပ်ထားပြီး သူ့အဆင့်ချိုးဖျက်တက်မှုကို နှောင့်နှေးအောင် လုပ်ခဲ့သေးတယ်ပေါ့လေ။

သူက ပုံမှန်မဟုတ်ဘူးပဲ။

ယိချင်း အမူအရာကတော့ မပြောင်းမလဲ။ သူ့ကိုယ်ပတ်လည်က မသေမျိုးချီတွေ ပေါက်ကွဲတော့မလို ခံစားနေရတယ်။ သူ ဆက်ပြီး မထိန်းချုပ်ထားနိုင်တော့တာ အသိသာကြီး။ သူ ရှန်းရင်ကို နောက်တစ်ခေါက် လှမ်းကြည့်လိုက်တယ်။

"ဆရာ ကျွန်တော် ထိုးဖောက်ကျော်လွှားပြီးရင် ကောင်းကင်ဝဋ်ကြွေးရှိလိမ့်မယ်၊ ကျွန်တော့်နား မလာခဲ့နဲ့နော်"

သူမ ခေါင်းညိတ်ပြလိုက်တယ်။ နောက်တော့ သူ့ဓားပျံကို စီးပြီး ဝူတိဂိုဏ်းထဲကနေ ကီလိုမီတာနည်းနည်းဝေးတဲ့ လူသူခေါင်ဝေးတဲ့နေရာတစ်နေရာဆီ ထွက်သွားတယ်။

တကယ်ကို မိနစ်ပိုင်းအတွင်း အဲဒေသမှာ မသေမျိုးချီပေါက်ကွဲမှုဖြစ်ပြီး ကောင်းကင်ကြီးက အရောင်ပြောင်းလဲသွားလေရဲ့ ကြည်လင်နေတဲ့ ကောင်းကင်က ရုတ်တရက် မှောင်မည်းလာတယ်။ ဒီ ကောင်းကင်ဝဋ်ကြွေးက သူတို့အောက်ဘုံမှာကြုံခဲ့ရတဲ့ မိုးကြိုးဝဋ်ကြွေးနဲ့ အရမ်းကိုကွာလွန်းတယ်။ ကောင်းကင်က နှစ်ခြမ်းကွဲသွားပြီး တစ်ဝက်က မိုးကြိုးတွေပြည့်နေပြီး တစ်ဝက်က ချစ်ချစ်တောက်မီးနဲ့ ပြည့်နေတယ်။

နောက်တော့ နဂါးတစ်ကောင်က ဟိန်းဟောက်ပါလေရော။ မီးနဂါးက ကောင်းကင်ကနေ ဆင်းလာတော့တယ်။ နဂါးရဲ့ ကီလိုမီတာပတ်လည်အတွင်းက မြေပြင်က မီးစွဲကုန်တယ်။ ဝူတိဂိုဏ်းထိ လမ်းတစ်လျှောက် နဂါးရဲ့အပူကို ခံစားရတယ်။ ကြည့်ရတာ နဂါးက မြေပြင်ပေါ်က အရာအားလုံးကို လောင်ကျွမ်းစေတော့မတတ်။ ယိချင်း ဘာလို့ အဲလောက်အဝေးကြီးထိ သွားရလဲဆိုတာ ရုတ်တရက် နားလည်သွားပြီ။

မီးနဂါးဆင်းသက်လာပြီးတော့ သူတို့ မိုးကြိုးတစ်စင်းပြီးတစ်စင်း ပစ်တော့တာ မြင်ရတယ်။ ကူယွဲ့ မီးနဲ့မိုးကြိုးကို ခေါင်းမော့ပြီး လေ့လာကြည့်လိုက်တယ်။ မျောလွင့်ပိထောင်က သူတို့ကို ကောင်းကင်ဝဋ်ကြွေးအကြောင်း ပြောဖူးတယ်။ ဒီဝဋ်ကြွေးကို ဖြတ်သန်းတဲ့ အမတတွေက မိုးကြိုး၈၁ချက်နဲ့ တောမီး ၃၆ ချက် တောင့်ခံဖို့လိုတယ်။ ကူယွဲ့ အားကျပေမဲ့ ယိချင်းအတွက် မစိုးရိမ်ဘဲ မနေနိုင်ဘူး။ မိုးကြိုးကိုထားဦး၊ တောမီးက သူတို့လျှို့ဝှက်ဆန်းကြယ်ဘုံမှာတွေ့ခဲ့တဲ့ သွေဖည်မီးလျှံလို ကြောက်စရာကောင်းတယ်။ အမတကိုယ်ခန္ဓာနဲ့တောင် ယိချင်း ဘယ်လိုမျိုးတောင့်ခံမလဲဆိုတာ ကူယွဲ့မမြငိနိုင်ဘူး။

ဝူတိဂိုဏ်းရဲ့ တပည့်အများစုက ဝဋ်ကြွေးကိုစောင့်ကြည့်ဖို့ လုပ်လက်စတွေကို ရပ်လိုက်ကြတယ်။ ကူယွဲ့ ရွေးစရာ မရှိတော့ဘဲ အကာအကွယ်အစီအရင်ချပြီး လူတိုင်းကို ယိချင်းနား ကပ်မသွားဖို့ ညွှန်ကြားလိုက်တယ်။

အဲတော့မှပဲ သူ တောမီးပစ်ချက်ကို စတင်ရေတွက်တော့တယ်။

၃၄... ၃၅... ၃၆

နောက်ဆုံးတော့...။

ခဏနေပါဦး

၃၇... ၃၈... ၃၉... ပိုပြီး‌တော့ရှိသေးတာပဲ...။

Σ(°△°|||)

ဟိုလီရှစ်၊ ၃၆ချက်ပဲရှိရမှာမဟုတ်ဘူးလား။ ဘာတွေဖြစ်နေတာလဲ။ ဈေးရောင်းပွဲရှိနေတာလား။ တစ်ခုဈေးနဲ့ နှစ်ခုရနေတာလား။

သူ ထျန်းလန်လောကထဲ ဖြစ်ခဲ့တာကို သတိရပြီး ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။

"ရှန်းရင် မင်းဒါမြင်ရလား" အမတ‌ဘုံမှာရော ကောင်းကင်ဘုံက တစ်ယောက်ယောက် နှောင့်ယှက်နေတာမျိုး ရှိတာလား။

ရှန်းရင်က အဆာသွတ်မုန့်ကို တမြုံ့မြုံ့ဝါးတာရပ်ပြီး ခေါင်းယမ်းပြလိုက်တယ်။

"ဟင့်အင်း"

"ဟင့်အင်း၊ ဘာလို့..."

ခဏ

တစ်ဆင့်ကို ဖြတ်ကျော်နေတာဆိုရင် တောမီး၃၆ချက်ရှိတယ်။ ဒီတစ်ကြိမ် ၃၆ချက်ထက်တောင် များနေတာက ကောင်းကင် အမှားကြောင့်သာ မဟုတ်ရင်... ယိချင်းက တစ်ဆင့်မဟုတ်ဘဲ နှစ်ဆင့် ဖြတ်သန်းနေတာဖြစ်ရမယ်။ သူက ချက်ချင်း စိတ်တန်ခိုးအမတဖြစ်လာတော့မှာလား။

ကူယွဲ့ ရင်ခုန်လာတယ်။

သူ တောမီးတွေကို ဆက်ပြီးရေတွက်နေမိတယ်။

၇၀... ၇၁... ၇၂...။

နောက်တော့...

၇၃... ၇၄...။

( ̄△̄;)

နောက်ဆုံးမရပ်ခင်ထိ စုစုပေါင်း တောမီး၁၀၈ချက် ဖြစ်သွားတယ်။

ကူယွဲ့ ။ ။ "..."

မေ-ိုး သူတို့တွေက cheat တစ်သိုက်ပဲ

...

All Chapters