မြင်နိုင်စွမ်းအားကောင်းလာပြီး အရည်အချင်း တိုးတက်လာခြင်း
Vol. 1-5 Ch. 46
အခန်း (၄၆) : မြင်နိုင်စွမ်းအားကောင်းလာပြီး အရည်အချင်း တိုးတက်လာခြင်း
ရှန်ထျန်းတစ်ယောက် ထုံးစံအတိုင်း ကံပါသူများကို ရှာဖွေနေလေသည်။
သူက ယခု အရမ်းကျော်ကြားနေသည့်အတွက် လွန်ခဲ့သော သုံးရက်နှင့် နှိုင်းယှဉ်ပါက တန်းစီသူ ပိုမို များပြားလာသည်။ တစ်ချို့သူတွေက ရှန်ထျန်းကို မယုံကြည်တာကြောင့် သူတို့ အငြင်းခံရပြီးသည့်နောက်တွင်ပင် ထပ်မံ တန်းစီနေကြပြန်သည်။
ထို့ကြောင့် ရှန်ထျန်းအတွက် ကံပါသူ လူ(၂၀)ယောက်ကို ရွေးဖို့ အချိန်အတော်ကြာသွား၏။
ထိုလူများကြားတွင် အရင်မိတ်ဟောင်း ခြောက်ယောက်လည်း ပြန်လည် ပါဝင်လာသည်။ ထိုမိတ်ဟောင်း ခြောက်ယောက်က အရင်တစ်ခေါက် သူတို့၏ ဝိညာဉ်ကျောက်တုံး တစ်ဝက်ကို ရှန်ထျန်းဆီ ပေးခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် သူတို့ကြားရှိ ဆက်ဆံရေးက အထွေအထူး ပြောစရာမလိုဘဲ ကောင်းမွန်နေလေ၏။
ထိုခြောက်ယောက်က ရွေးချယ်မှု မှန်မှန်ကန်ကန် ပြုလုပ်နိုင်ခဲ့သည့်အတွက် ပျော်ရွှင်ဝမ်းမြောက်နေကြသည်။ ကျန်ကံစပ်သူ (၁၄)ယောက်ကတော့ မိမိကိုယ်မိမိ အပြစ်တင်နေကြသည်။
ငါတို့က ဆရာနတ်မင်းကို တစ်နည်းနည်းနဲ့ စိတ်ဆိုးအောင် လုပ်ခဲ့မိလို့ ဖြစ်လိမ့်မယ်…
ဆရာနတ်မင်းနဲ့ ငါတို့ရဲ့ကံကြမ္မာကို ထိန်းသိမ်းဖို့ အခွင့်အရေးကို လွဲချော်သွားတာကလည်း ငါတို့ရဲ့အမှားပဲ…
သူတို့သာ ဒုတိယအခွင့်အရေး ရရှိပါက သူ့ခြေထောက်ကို ဖက်ပြီး ‘အရမ်းလွမ်းနေခဲ့တာ’ ဆိုပြီးတော့ ပြောမိမှာ အမှန်ပင် ဖြစ်၏။
“ ဟုတ်ပြီ။ ဒီနေ့အတွက် ဒီလောက်ပဲ။ သူတို့က ဒီနေ့အတွက် ကံထူးတဲ့ လူအယောက် ၂၀ ပဲ”
ရှန်ထျန်းက သူတို့ကို မြင့်မြတ်သော ဝိညာဉ်ပြခန်းဆီသို့ ဦးဆောင်ပြီး ခေါ်သွားလိုက်သည်။
ဝိညာဉ်နတ်မိမယ်လေးလည်း ရှန်ထျန်းတို့နောက် အတူတူ လိုက်ပါလာလေသည်။
သူမက အဝတ်အစားတွေ လဲကာ မျက်နှာချေမှုန့် နည်းနည်း လိမ်းလိုက်ပြီးနောက် မည်သူမှ သူမကို မမှတ်မိကြတော့ပေ။
ရှန်ထျန်းကလည်း ထိုအရာနှင့်ပတ်သက်ပြီး ကျေနပ်ပျော်ရွှင်နေမိသည်။
ဒီရုပ်ပြောင်းရုပ်လွဲ အတတ်ပညာက ငါ့ထက်တော့ အရည်အချင်း မနိမ့်ဘူးပဲ…
ရှန်ထျန်း အဝေးသို့ ရောက်နေစဉ် မြင့်မြတ်သော ဝိညာဉ်ပြခန်း၏ စီးပွားရေးက အရင်ထက် ပိုမို ကြီးပွားတိုးတက်လာသည်။ ဝိညာဉ်သစ်ပင် စာရင်းထဲ၌ အဆင့်(၃၆)ချိတ်သည့် ရတနာခုနစ်သွယ် နတ်ဘူးသီးအစေ့ တွေ့ထားတာကြောင့်လည်း ဖြစ်မည်။
အဲဒီမှာ တူညီကောင်းမွန်တဲ့ ဝိညာဉ်သတ္တုရိုင်းတုံးတွေ ကျန်ရှိနေဦးမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ…
အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ထဲရှိ မြင့်မြတ်သော ဝိညာဉ်ပြခန်းသည် နယ်လှည့် ခရီးသည်တွေကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခု ဖြစ်လာသည်။
သူဌေးလျိုဆီ ဤအခြင်းအရာနှင့် ပတ်သက်ပြီး လူတွေအများကြီးက လာရောက်မေးမြန်းနေကြသည်။
“သူဌေးလျို… နတ်မိမယ်လီက ဝိညာဉ်ကျောက်တုံး ငါးသောင်း သုံးပြီး အစေ့ကို ဝယ်သွားတယ်ဆိုပြီး ကြားထားတယ် … အဲဒါ အမှန်ပဲလား”
“အဲဒီထဲမှာ ကောင်းတဲ့အရာ တစ်ခုခုပါလို့ အဲဒါကို ဖွင့်နိုင်ဖို့ တစ်စုံတစ်ယောက်ကို စောင့်နေတယ်ဆို… သူဌေးလျို အဲဒါက ထိပ်သီးရတနာတစ်ခုလေ… စိတ်မကောင်း မဖြစ်မိဘူးလား”
“သူဌေးရေ… ကျွန်တော့်မှာ ဝိညာဉ်ကျောက်တုံး တစ်သိန်း ရှိတယ်။ ကျွန်တော်ကိုလည်း အဲလိုမျိုး တူတဲ့ သတ္တုရိုင်းတုံး ရောင်းပေးလို့ ရမလား”
“ဟုတ်ပါတယ်… အစေ့ကို ရောင်းလိုက်ပါပြီ။ ကျုပ်က ဝိညာဉ်သစ်ပင်တွေနဲ့ ပတ်သက်လာရင် သိထားတာတွေ များတယ်လေ။ အဲဒါကြောင့်ပဲ အစေ့က သာမန်အစေ့ တစ်စေ့ မဟုတ်ဘူးဆိုတာကို သိနေခဲ့တာပေါ့ဗျာ။
ဝိညာဉ်သတ္တုရိုင်းတုံးတွေက သူတို့နဲ့ ကံစပ်တဲ့ ကိုယ်ပိုင်သခင်ဆိုတာ ရှိကြတယ်။ အခု အဲဒီသခင်က မြန်မြန်ပေါ်လာလို့ ဝမ်းသာမိပါတယ်ဗျာ”
ဝိညာဉ်သတ္တုရိုင်းတုံး တစ်သိန်းလဲ လစ်လိုက်တော့…
သူဌေးလျိုခမျာ တူညီသော စကားတွေကို နေ့တိုင်း မရေမတွက်နိုင်အောင် ပြောနေရလေသည်။
သူမှာ သည်ကိစ္စ ပြောလိုက်တိုင်း ရင်ထဲ နာကျင်လာရသည်။
ဘုရားရေ….
သတ္တုရိုင်းတုံးကို ဘာလို့ ကိုယ့်အတွက်ကို မဖွင့်လိုက်မိတာပါလိမ့် … ငါသာ အဲ့လို လုပ်ခဲ့ရင် အခုဆို အရမ်းအောင်မြင်နေလောက်ပြီ…
ကဲပါ… ထားလိုက်ပါ…
သူဌေးလျိုက အပြုံးကို ပန်ဆင်ထားရင်း ဈေးဝယ်သူတွေ မေးသမျှ ပြန်ဖြေပေးနေသည်။
စီးပွားရေး တိုးတက်ကောင်းမွန်လာတာ ပျော်ရွှင်စရာပဲလေ…
သူ အနည်းငယ် စိတ်မကောင်းဖြစ်မိနေသော်လည်း ဆရာနတ်မင်းသာ ရောက်မလာလျှင် အရာအားလုံး အဆင်ပြေသေးသည်။
သူဌေးလျိုက ဆိုင်အပြင်ဘက်ကို ငေးကြည့်နေရင်း မျက်နှာပေါ်က အပြုံးတွေ အေးစက်သွားရသည်။
သူ့ကို ခံစားရအောင် လုပ်နိုင်တဲ့ လူသား ရောက်ရှိလာခဲ့လေပြီ …
ပရိတ်သတ်တွေအပြင် ကံပါသူတွေကို ဦးဆောင်ခေါ်လာသော ရှန်ထျန်းကို တွေ့လိုက်ရသည့်အတွက် မျက်ရည်ပါ ကျလာမိသည်။
“သူဌေး… ဘာဖြစ်လို့ ထပ်ပြီး ငိုနေရတာတုန်းဗျ”
ရှန်ထျန်း မြင့်မြတ်သော ဝိညာဉ်ပြခန်းထဲကို ဝင်လာတော့ သူဌေးလျို ငိုနေတာကို တွေ့ပြီး မေးလိုက်ခြင်း ဖြစ်၏။
သူဌေးလျိုက မျက်ရည်တွေကို သုတ်ရင်း ပြောလိုက်သည်
“ဆရာနတ်မင်းကို တွေ့လိုက်ရတော့ လွန်ခဲ့တဲ့ သုံးရက်က အဖြစ်အပျက်တွေကို မှတ်မိသွားလို့ပါဗျာ”
ရှန်ထျန်းလည်း ရင်ထဲ ခံစားသွားရသည်
“သူဌေးလျိုက အရမ်းခံစားလွယ်တာပဲနော်။ ကျွန်တော်တို့ ဒီထက် စောစော တွေ့ဆုံခဲ့သင့်တာ”
“…”
သူဌေးလျိုက ရှန်ထျန်းနှင့်အတူပါလာသော လူအုပ်ကို ကြည့်ရင်း ပြောလိုက်သည် “ ဆရာနတ်မင်း ဒီကို ဘာကိစ္စနဲ့များ ရောက်လာတာလဲ…”
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည် “သုံးရက်လောက် ခွဲနေပြီးတဲ့နောက်မှာ ကျွန်တော် ပညာအသစ်တစ်ခုကို သင်ယူနိုင်ခဲ့ပြီလေ။ အဲဒါကြောင့် ဒီမှာ အရည်အချင်း စမ်းသပ်ကြည့်ဖို့ ရောက်လာတာ”
သူဌေးလျိုတစ်ယောက် မျက်ရည်တွေ ပိုပြီးတော့ ကျလာလေသည်။
သုံးရက်လောက် ခွဲနေထားပြီးတဲ့နောက်မှာ အသစ်တစ်ခု သင်ယူခဲ့တာတဲ့လား…
ငါ့ကို ကယ်ပါ…
လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ရတနာခုနှစ်သွယ် နတ်ဘူးသီး အစေ့ကို ရပြီးသားလေ… အခု ဒီကို ထပ်ပြီး ရောက်လာပြန်တာတဲ့လား… ဘာလို့ ငါဆီ ဖြစ်နေရတာလဲ…
ကောင်းကင်ဝိညာဉ်ပြခန်းက ငါ့ရဲ့ ပြခန်းထက် ပိုပြီးကောင်းပါတယ်ကွာ… ကျေးဇူးပြုပြီး သူတို့ဆီပဲ သွားလည်လိုက်ပါ…
သူ၏ ကောင်းမွန်ပြီး သဘောကောင်းသော ပုံရိပ်ကို ဖျက်ပစ်ရန် ခက်ခဲလှတာကြောင့် ထိုစကားတွေကို သူဌေးလျိုက ရင်ထဲမှာသာ ပြောရဲသည်။ ထို့ကြောင့် သူ့အနေနှင့် ဆရာနတ်မင်းကို နောက်ထပ် တစ်ကြိမ် ကြိုဆိုဖို့ လိုအပ်လာပြန်သည်။
ထို့အပြင် ဒီနေရာမှာ ရှန်ထျန်းအပြင် လူအတန်းလိုက်ကြီးလည်း လိုက်ပါလာတာကြောင့် သူသာ ရှန်ထျန်းကို ဝင်ဖို့ ခွင့်မပြုပါက သူ့ပြခန်း အန္တရာယ်ကျနိုင်ချေ ရှိ၏။
“ဂုဏ်ယူပါတယ်… ဆရာနတ်မင်း… အထဲကို ကြွပါနော်”
သူဌေးလျိုလည်း ရွေးချယ်စရာ မရှိဘဲ ရှန်ထျန်းကို မြင့်မြတ်သော ဝိညာဉ်ပြခန်းထဲသို့ ခေါ်သွားရတော့သည်။
ဝံပုလွေတစ်ကောင် သိုးခြံထဲ ဝင်လာတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေရသော သိုးလေးနှင့်ပင် တူနေသည်။
“အစ်ကိုရှန် … ကျွန်မလည်း သတ္တုရိုင်းတုံးတွေ ရှာဖွေကြည့်ချင်တယ်”
ဝိညာဉ်နတ်မိမယ်လေးက ဝိညာဉ်သတ္တုရိုင်းတုံးတွေကို ကြည့်ရင်း စိတ်လှုပ်ရှားလာသည်။
သူမက နည်းလမ်းတစ်ချို့ကို သိထားသော်လည်း သတ္တုရိုင်းတုံးတွေကို သေချာ အကဲမဖြတ်တတ်သေးပေ။
လွန်ခဲ့သည့် သုံးရက်က နတ်ရေစင် ထာဝရ ဂူနန်းမှာ နေခဲ့ပြီး နတ်ဘုရား အမြင်စွမ်းရည် ပညာရပ်ကို လေ့လာခဲ့ရသည်။
ထို့ကြောင့် သူမ၏ အကဲဖြတ်နိုင်စွမ်းက တိုးတက်လာသည်ဟု ယုံကြည်ထားသည်။
မြင့်မြတ်သော ဝိညာဉ်ပြခန်းထဲရှိ ဝိညာဉ်သတ္တုရိုင်းတုံးတွေကို ကြည့်ရင်း သူမ၏ အရည်အချင်းတွေကို စမ်းသပ်ချင်မိသည်။
ရှန်ထျန်းက သူမ ပြောတာကို ကြားပြီး ပြုံးလိုက်မိ၏။
သူမ ထိုစကားတွေကို ပြောပြီးသွားသည်နှင့် သူမ၏ ရောင်ဝါစက်ဝန်းဆီမှ ထွက်ပေါ်လာသော ပုံရိပ်တစ်ချို့ကို မြင်လိုက်ရလေသည်။ ဝိညာဉ်နတ်မိမယ်လေးက သတ္တုရိုင်းတုံးတစ်ခုကို အောင်မြင်စွာ ရရှိပုံကို မြင်လိုက်ရခြင်း ဖြစ်၏။
ထို့ကြောင့် ရှန်ထျန်းက ပြုံးရင်း ပြောလိုက်သည် “ဆက်လုပ်ပါ… မင်း ဒီနေ့ သေချာပေါက် တစ်ခုခု ရှာတွေ့လိမ့်မယ်”
ရှန်ထျန်းက သူမကို ယခုလိုမျိုး အားပေးမည်ဟု ထင်မထားသည့်အတွက် ဝိညာဉ်နတ်မိမယ်လေး ရှက်သွေးဖြာသွားရသည်။
သူမက နတ်ဘုရား အမြင်စွမ်းရည် ပညာရပ်ကို သုံးရက်ကြာ လေ့လာခဲ့သော်လည်း ယခုမှ ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ကြည့်ခြင်း ဖြစ်၏။
အမှန်အတိုင်းပြောရလျှင် သူမအနေနှင့် လုံးဝ ယုံကြည်ချက် မရှိပေ။
သို့သော် ရှန်ထျန်း၏ အားပေးစကားကြောင့် သတ္တိတွေ ရှိလာရသည်။
“အစ်ကိုရှန် စိတ်မပူပါနဲ့” ဝိညာဉ်နတ်မိမယ်လေးက လေးနက်စွာ ပြောလိုက်သည် “အစ်ကိုရှန်ကို စိတ်မပျက်စေရပါဘူး”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည် “မင်းကို တွေဝေစေမယ့် သတ္တုရိုင်းတုံးရှိရင် ကျွန်တော်ဆီ လာပြီး တိုင်ပင်လို့ ရတယ်နော်”
ဝိညာဉ်နတ်မိမယ်လေးက ရင်ခုန်စွာဖြင့် မြင့်မြတ်သော ဝိညာဉ်ပြခန်းထဲသို့ အလျင်အမြန် ပြေးဝင်သွားသည်။
ရှန်ထျန်းက ပြုံးကာ သူနဲ့အတူပါလာသော ကံစပ်သူတွေနှင့်အတူ သတ္တုရိုင်းတုံးတွေ စတင်ရှာဖွေလိုက်လေသည်။
သူက ဝိညာဉ်နတ်မိမယ်လေး၏ ကံကောင်းသည့် အခွင့်အရေးကို ဝင်ပြီး မစွက်ဖက်သေးပဲ သူမကိုယ်တိုင် အရည်အချင်း ထုတ်သုံးပြီး ပျော်ရွှင်နိုင်အောင် အခွင့်အရေး အရင်ပေးထားသည်။
ယခု သူက ပိုပြီး အားကောင်းလာတာလား ဒါမှမဟုတ် သူ့မြင်နိုင်စွမ်းတွေက တိုးတက်လာလို့လား မသိသော်လည်း ရောင်ဝါစက်ဝန်းထဲရှိ ပုံရိပ်တွေက ပိုမို ထင်ရှားလာသည်။
ဟရူးဂါ နတ်ဆိုးကျမ်းနဲ့ နတ်ရေစင် ထာဝရ ဂူနန်း ကိစ္စရပ်တို့ကို ပြသနေစဉ်အခါက ပုံရိပ်တွေက အရမ်းကို ဝေဝါးနေခဲ့၏။
‘ဟရူးဂါ နတ်ဆိုးကျမ်း’ ကား မီးတိုင်းပြည်၏ သမိုင်းကြောင်းဆိုသော စာအုပ်ကိုသာ မြင်ခဲ့ပြီး ရပ်သွားခဲ့ခြင်း ဖြစ်သည်။ နတ်ရေစင် ထာဝရ ဂူနန်းကို ပုံရိပ်ကနေတစ်ဆင့် မြင်ရစဉ်အခါက တောင်စောင်း၏ အောက်မှာ ရှိနေသော အပေါက်ဝအထိသာ မြင်နိုင်ခဲ့သည်။
ပုံရိပ်တွေက ထင်ထင်ရှားရှား မြင်ခဲ့ရတာ မဟုတ်သလို မြင်နေရသည့် အရာများပင် ဝေဝါးနေခဲ့သည်။
ယခုမူ သူက ပုံရိပ်တွေကို သေချာရှင်းလင်းစွာ မြင်လာရတာကြောင့် အသေးစိတ် သိလာနိုင်သည်။
အခုဆိုလျှင် ကံကောင်းမှုမှ ရလာမည့် ရလဒ်ကို မြင်နိုင်နေပြီ ဖြစ်၏။
ထို့ကြောင့် ရှန်ထျန်းက သူ့အရည်အချင်းတွေ ဆင့်ကဲ တိုးတက်လာပြီဖြစ်ကြောင်း ခန့်မှန်းလိုက်မိသည်။