← Chapters

မင်း အံ့ဩသွားတယ်မလား

Vol. 1-5 Ch. 47

မင်း အံ့ဩသွားတယ်မလား

Vol. 1-5 Ch. 47

အခန်း (၄၇) : မင်း အံ့ဩသွားတယ်မလား

ယနေ့အတွက် ကံကောင်းသူ နံပါတ်(၁)၏ ကံကောင်းမှုကတော့ ဤဝိညာဉ်သတ္တုရိုင်းတုံးပင် ဖြစ်သည်။

အရင်တုန်းကတော့ သတ္တုရိုင်းတုံးတွေ မည်သည့် နေရာမှာ ရှိနေလဲ၊ မည်သို့ ပုံသဏ္ဌာန် ရှိနေလဲ အချက်များကိုသာ မြင်နိုင်ခဲ့သော်လည်း ယခုတော့ အထဲမှာ ရှိနေသော အရိပ်ကိုပါ မြင်နိုင်လာလေပြီ။

သတ္တုရိုင်းတုံးထဲမှာ ရှိသော အရာကိုပါ ရှင်းလင်းစွာ မြင်လာနိုင်ပြီဖြစ်၏။

ဤတစ်ခါတော့ မီးတောက် သံမဏိအဆီအနှစ် အပိုင်းအစ အသေးလေးတစ်ခု ဖြစ်နေသည်။

အဆီအနှစ်က လက်ချောင်းတစ်ချောင်း အရွယ်အစားလောက်သာ ရှိပြီး မီးဖြင့် ပြုလုပ်ထားသော အထွတ်အထိပ်အဆင့် ဓားပျံတွေကို သွန်းလုပ်ရာမှာ ပြန်လည် အသုံးပြုနိုင်သည်။

ပုံရိပ်ထဲမှာ ထိုကံစပ်သူက ဝိညာဉ်ကျောက်တုံး (၁၅၀၀)အတွက် ထိုအဆီအနှစ်ကို သူဌေးလျိုဆီ ရောင်းမည်ဆိုသည့် အကြောင်းအရာကိုပါ ပြသနေသည်။

ရှန်ထျန်း၏ စွမ်းရည်က အခုတော့ အနာဂတ်ကိုပါ မြင်နိုင်လာလေပြီ။

ထိုအရာနှင့် ပတ်သက်ပြီး ရှန်ထျန်းက အတော်လေး ပျော်နေမိသည်။

ဝိညာဉ်သတ္တုရိုင်းတုံးကို ကောက်ယူပြီး သတ္တုဖြတ်ကြည့်လိုက်တိုင်း သူဌေးလျိုက သူ့မျက်နှာပေါ် ဓားသွား ဖြတ်ပြေးနေသည့်အတိုင်း မျက်နှာမကောင်း ဖြစ်နေမိသည်။

သို့သော် ယနေ့ ရှန်ထျန်း ယူဆောင်သွားသော ပစ္စည်းက လွန်ခဲ့သော သုံးရက်တုန်းက ယူသွားခဲ့သည့် ရတနာခုနှစ်သွယ် နတ်ဘူးသီး အစေ့လိုမျိုး တန်ဖိုးကြီးသည့်အရာ မဟုတ်သည့်အတွက် သူဌေးလျိုက ပျော်ရွှင်နေမိသည်။

သူလည်း ဤအခွင့်အလမ်းကနေ အကျိုးအမြတ်ရနေသည့်အတွက် ပိုပြီးတော့ နေလို့ကောင်းလာသည်။

ရှန်ထျန်း ရသော အကျိုးအမြတ်နှင့် နှိုင်းယှဉ်လျှင် နည်းသော်လည်း သူ့အတွက်တော့ များပြားလွန်းနေပြီ ဖြစ်၏။

ဝိညာဉ်နတ်မိမယ်လေးက လက်ထဲတွင် ဝိညာဉ်သတ္တုရိုင်းတုံး သုံးခုကို ကိုင်ကာ လမ်းလျှောက်လာသည်။

ထို့နောက် ရှန်ထျန်းကို ကြည့်ကာ ရှက်ရွံ့စွာဖြင့် မေးလိုက်သည် “အစ်ကိုရှန်… ဒီသုံးခုလုံးထဲမှာ တစ်ခုခုတော့ ပါနေတယ်လို့ ထင်တယ်။ ကျွန်မကို ကူညီပြီးတော့ ကြည့်ပေးနိုင်မလား”

ရှန်ထျန်း သတ္တုရိုင်းတုံး သုံးတုံးလုံးကို သေချာ စစ်ဆေးလိုက်သည်။

ပထမဆုံးတစ်ခုက လက်သီးဆုပ်လောက် အရွယ်အစားရှိပြီး ဈေးနှုန်းက  ဝိညာဉ်ကျောက်တုံး အတုံး(၅၀) ဖြစ်သည်။

ဒုတိယတစ်ခုက သခွားသီးလိုမျိုး ရှည်လျားသည့် ပုံစံရှိကာ ဈေးနှုန်းက ဝိညာဉ်ကျောက်တုံး (၉၉)တုံး ဖြစ်၏။

တတိယတစ်ခုကတော့ ဖရဲသီး အလုံးသေး အရွယ်အစားရှိပြီး ဈေးနှုန်းက ဝိညာဉ်ကျောက်တုံး (၁၆၈)တုံး ဖြစ်သည်။

ရှန်ထျန်းက ခပ်ယဲ့ယဲ့ ပြုံးကာ မေးလိုက်သည် “ဒီသတ္တုရိုင်းတုံးတွေထဲက ဘယ်တစ်ခုကို ပိုပြီး ကြိုက်လဲ”

ဝိညာဉ်နတ်မိမယ်လေးက တွေးကာ ပြန်ဖြေလိုက်သည်

“ကျွန်မ ဒါကို ခွဲခြားဖို့အတွက် လျှို့ဝှက်နည်းလမ်း သုံးထားတယ်။ ဒီရှည်တဲ့ သတ္တုရိုင်းတုံးကို ကြည့်ရတာ စွမ်းအားအသိပ်သည်းဆုံး ဖြစ်နေတယ်။ အထဲမှာ ကောင်းတဲ့အရာ တစ်ခုခု ရှိနေလောက်တယ်လို့ ကျွန်မတော့ ထင်တယ်”

ရှန်ထျန်းက ပြုံးပြကာ ပြောလိုက်သည် “အဲဒီထဲမှာ ဓမ္မအသုံးအဆောင်ပစ္စည်း  ဇာမဏီငှက်မွေးဆံထိုး ရှိနေတယ်။ စွမ်းအား အရင်းအမြစ်ကတော့ ကုန်ဆုံးသွားပြီ။ ဒါက ဝိညာဉ်ကျောက်တုံး ငါးသောင်းလောက် တန်လိမ့်မယ်”

သူ မြင်ခဲ့သော ပုံရိပ်ထဲမှာ သူဌေးလျိုက ဝိညာဉ်ကျောက်တုံး ငါးသောင်း ပေးခဲ့တာကို မြင်ခဲ့သည့်အတွက် ဈေးနှုန်းက ဤမျှဝန်းကျင်မှာ ရှိမည်မှန်း ယုံကြည်ထားသည်။

ဝါး…

လူအုပ်က အံ့ဩသွားကြသည်။

ဝိညာဉ်ကျောက်တုံး (၉၉)တုံးသာ တန်ကြေးရှိတဲ့ သတ္တုရိုင်းတုံးထဲမှာ ဝိညာဉ်ကျောက်တုံး ငါးသောင်းတန်တဲ့ ပစ္စည်းရှိနေတာတဲ့လား…

တန်ဖိုးက အဆ (၅၀၀)တောင် ကွာနေပါ့လား…

ဝယ်သူအတွက်တော့ အတော်လေး အဆင်ပြေတာပဲ…

ဝိညာဉ်နတ်မိမယ်လေး အံ့ဩသွားရသည်။

သူက သတ္တုရိုင်းတုံးကို ကြည့်လိုက်တာနဲ့ အထဲမှာ ဘာရှိတယ်ဆိုတာကို ပြောနိုင်တာလား … ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…

နတ်ရေစင် ဝိညာဉ်အသျှင် ကိုယ်တိုင်တောင် မလုပ်နိုင်ဘူးလေ…

သူဌေးလျိုလည်း သူ ပြောလိုက်သော စကားကြောင့် ထိတ်လန့်သွားရသည်။

သူ့ရင်ထဲ နာကျင်သွားရပြန်ပြီ….

သူ ပစ္စည်းကောင်းကို ထပ်ပြီး ရသွားပြန်ပြီပဲ…

ဆရာနတ်မင်း ကျုပ်ကို အခုလို ထပ်ခါထပ်ခါ နာကျင်အောင် လုပ်ဖို့ တကယ်ပဲ လိုအပ်လို့လားဗျာ…

ရှန်ထျန်း၏ ဆုံးဖြတ်အကဲခတ်မှုက တစ်ခါမှ မမှားဖူးသည့်အတွက် မည်သူမှ သံသယမဝင်ကြပေ။

သူဌေးလျိုလည်း ရွေးချယ်စရာ မရှိတော့ပဲ သတ္တုဖြတ်သမားကို လှီးဖြတ်ခိုင်းလိုက်ရသည်။

သတ္တုရိုင်းတုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ အထဲကနေ ရောင်စဉ်တန်းတစ်ခု ထွက်ပေါ်လာသည်။

ဇာမဏီငှက်က သတ္တုတုံးထဲမှ ထွက်ပေါ်လာပြီး သတ္တုတုံးပေါ်မှာ ကခုန်နေလေ၏။

ဇာမဏီငှက်အသံက မြင့်မြတ်သော ဝိညာဉ်ပြခန်းတစ်ခွင် တုန်လှုပ်သွားသည့်အတွက် သတ္တုရိုင်းတုံးအခွံ ပြုတ်ကျသွားပြီးနောက် အထဲမှ ရွှေနီရောင်ဆံထိုး ထွက်ပေါ်လာသည်။

ဒါက တကယ်ကို အထွတ်အထိပ် ဓမ္မအသုံးအဆောင်ပစ္စည်းပဲ…

ဆံထိုးပေါ်မှာ ဇာမဏီငှက်၏ သွေးပင် စွန်းထင်းနေသည်။

သူဌေးလျို၏ မျက်လုံးတို့ အရောင် တောက်လာရသည်။ ဤအရာက ပစ္စည်းကောင်း တစ်ခုဆိုတာကို သူ သေချာသိလိုက်သည်။

စွမ်းအားအရင်းအမြစ် မကုန်ဆုံးခင်က အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်း ဖြစ်ခဲ့လိမ့်မည်။

သို့သော် ထိုအရာကို ပိတ်လှောင်ထားတာ ကြာသွားသည့်အတွက် အထွတ်အထိပ်အဆင့် ဓမ္မအသုံးအဆောင်ပစ္စည်းသာ ဖြစ်လာရ၏။

ငါသာ ပစ္စည်းပြန်ပြင်တဲ့သူ ကောင်းကောင်းကို ရှာတွေ့ရင် ဒီဟာက ဝိညာဉ်အသုံးအဆောင် ပစ္စည်းပြန်ဖြစ်လာနိုင်တယ်…

ဒါဆိုရင် ဈေးနှုန်းက အနည်းဆုံးတော့ ဝိညာဉ်ကျောက်တုံး နှစ်သိန်းလောက် တန်သွားမှာပဲ…

ဒါပေမဲ့ ဆရာနတ်မင်းက ဝိညာဉ်ကျောက်တုံး အခု ငါးသောင်းပဲ တန်တယ်လို့ ပြောလိုက်တာမလား…

ဆရာနတ်မင်းက ပစ္စည်းရဲ့တန်ဖိုးဖြတ်တဲ့ နေရာမှာ ညံ့လို့ များလား…

သူဌေးလျိုက ပိုပြီးတော့ စိတ်လှုပ်ရှားလာသည်။

သူက ရှန်ထျန်းနှင့် ဝိညာဉ်နတ်မိမယ်လေး ရှိရာသို့ လာကာ ပြောလိုက်သည်

“ဒါက ပစ္စည်းကောင်းတစ်ခုပဲဗျ။ အဲဒါကြောင့် ဒီပစ္စည်းကို ဝိညာဉ်ကျောက်တုံး ငါးသောင်းနဲ့ လဲလှယ်ချင်တယ်ဆိုရင် အဆင်ပြေလား”

ဝိညာဉ်နတ်မိမယ်လေးက တွေဝေသွားသည်။ သူမလည်း တစ်ခြား မိန်းမငယ်လေးတွေလိုမျိုး ကောင်းမွန်ပြီး အဆင့်အတန်းမြင့်သော လက်ဝတ်လက်စားတွေကို ကြိုက်နှစ်သက်သည်လေ။

ကျင့်ကြံရေးလောကမှာ ဒီလိုပစ္စည်းမျိုးက အရမ်းရှားပါးလှ၏။ ဝိညာဉ်နတ်မိမယ်လေးက ကူကယ်ရာမဲ့စွာ ပြောလိုက်သည် “ကျွန်တော် ဒါကို သိမ်းထားချင်ပေမဲ့လည်း ကျွန်တော်ဆီမှာ ဝိညာဉ်ကျောက်တုံးတွေလည်း အများကြီး မရှိပြန်ဘူး”

သူဌေးလျိုက ပြုံးလိုက်မိသည်။

ဒီအတိုင်း ရောင်းလိုက်လေ… မင်းလည်း ဝိညာဉ်ကျောက်တုံးတွေကို လိုအပ်နေတာမဟုတ်လား…

ဒီအတိုင်း ရောင်းလိုက်တော့…

ရုတ်တရက် သူဌေးလျိုရှေ့သို့ အိတ်တစ်အိတ် ရောက်ရှိလာသည်။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ဒီအိတ်ထဲမှာ ဝိညာဉ်ကျောက်တုံး ငါးထောင်နဲ့ တန်ဖိုးတူညီတဲ့ ဝိညာဉ်သလင်းကျောက် ငါးတုံး ရှိတယ်။ ဆံထိုးကိုတော့ ကျွန်တော်တို့ပဲ ယူထားလိုက်ပါ့မယ်”

သူဌေးလျို ဘာပြောရမယ်မှန်းပင် မသိတော့ချေ။

ဘာဖြစ်လို့ အဲဒီလိုလုပ်ရတာလဲ…

သူဌေးလျိုတစ်ယောက် ထပ်ပြီးတော့ ငိုချင်လာလေပြီ။

မင်းပဲ  ငါးသောင်းတန်တယ်လို့ ပြောခဲ့တာလေ… အခု ဘာလို့ မရောင်းရတော့တာလဲ… မရောင်းဘူးဆိုရင်လည်း သတ္တုဖြတ်ပေးတဲ့အနေနဲ့ (၁၀)ရာခိုင်နှုန်းတော့ ပေးသင့်ပါတယ်…

ဝိညာဉ်ကျောက်တုံး ငါးထောင်တဲ့လား… ဒီဆံထိုးက အနည်းဆုံးတော့ ဝိညာဉ်ကျောက်တုံး (၂) သိန်း တန်ဖိုး ရှိတယ်လေ…

ရာခိုင်နှုန်းက ဝိညာဉ်ကျောက်တုံး(၂)သိန်းအပေါ်မှာ တွက်လိုက်ရမှာ…

သူဌေးလျိုတော့ အတော်လေး ရင်နာနေလေပြီ။

အကြောင်းအရင်းကိုလည်း သူ ဘယ်သူ့ကိုမှ ပြောမပြနိုင်ပေ။

သတ္တုရိုင်းတုံး အလောင်းကစား၌ စည်းမျဉ်းတစ်ခု ရှိ၏။ ရောင်းသူအနေနှင့် သတ္တုရိုင်းတုံးတစ်ခုထဲမှာ ရှိသည့်  ပစ္စည်းအတွက် တစ်ခါသာ ကမ်းလှမ်းခွင့် ရှိသည်။ ဝယ်သူအနေနှင့် သူ ကမ်းလှမ်းတာကို လက်ခံပြီး ဆိုင်ရှင်ဆီသို့ ပြန်ရောင်းလို့လည်း ရသည်။ မဟုတ်လျှင် ဆိုင်ရှင် ကမ်းလှမ်းသော ဈေးနှုန်းပေါ်မှ တစ်ဆယ်ရာခိုင်နှုန်းကို တွက်ချက်ကာ ဆိုင်ရှင်ဆီ ပေးလိုက်ပြီး ပစ္စည်းကို သိမ်းထားခွင့် ရှိသည်။

ထိုစည်းမျဉ်းကြောင့် ဆိုင်ရှင်အနေနဲ့ ပစ္စည်းတန်ဖိုးကို နှိမ်ပြီး ပြောလို့လည်း မရသလို ရာခိုင်နှုန်းများများရဖို့ ဈေးကို မြှင့်ပြီး ပြောလို့လည်း မရပြန်ပေ။

ထိုကဲ့သို့ စည်းမျဉ်းသာ မရှိပါက မသမာသူတွေ များလာမည်ဖြစ်သည်။

ဤသို့ လုပ်တာကိုသာ တွေ့ရှိသွားပါက ဆိုင်ရှင်ကို ပတ်ဝန်းကျင်ကလည်း ဖိနှိပ်မည် ဖြစ်သလို ဆိုင်ကိုလည်း ဘယ်သူမှ ယုံကြည်ပြီး လာဝယ်ကြတော့မည် မဟုတ်ပေ။

ထို့ကြောင့်လည်း သူဌေးလျိုက ဒီဆံထိုး၏ တန်ဖိုးက ဝိညာဉ်ကျောက်တုံး(၂)သိန်း တန်သော်လည်း ဘာမှမပြောနိုင်ဖြစ်နေရခြင်း ဖြစ်သည်။

သူ့ခမျာ ရှန်ထျန်းက ဆံထိုးကို ဝိညာဉ်ကျောက်တုံး (၅)ထောင်နှင့် ဝယ်ယူသွားသည်ကိုသာ လက်ပိုက်ကြည့်နေရလေတော့သည်။

သူဌေးလျိုလည်း ထပ်မံ ငိုကြွေးနေရပြန်ပြီပေါ့…

ဝိညာဉ်နတ်မိမယ်လေးလည်း ရင်ထဲ ထိသွားသည်။

“အစ်ကိုရှန်… ဒါလေးက…”

ရှန်ထျန်းက ဆံထိုးကို ဝိညာဉ်နတ်မိမယ်လေးဆီ ပေးလိုက်တော့ သူမက ရှက်နေသည်။

သူက ငါ့ကို ဒီဆံထိုး ပေးတာလား… ဒါဆို သူ ငါ့ကို သဘောကျနေတာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား…

ဆံထိုးကို ကူပြီး ထိုးပေးခိုင်းလို့ရလောက်တယ်…

ဝိညာဉ်နတ်မိမယ်လေးက စိတ်ကူးယဉ်နေရင်း ရူးကြောင်ကြောင်နိုင်စွာ ပြုံးနေသည်။

ရှန်ထျန်းကလည်း ပြုံးကာ ပြောလိုက်သည်

“မင်း ဒီဆံထိုးကို အရမ်းကြိုက်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ အရင်ဆုံး ကျွန်တော်မှာရှိတဲ့ ဝိညာဉ်ကျောက်တုံး ၅ ထောင်ကို စိုက်ပေးထားတယ်။

မင်းမှာ ပိုက်ဆံရှိတဲ့အခါမှ ပြန်ဆပ်ပေါ့။ အခု ကျွန်တော်ဆီမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိနေတယ်လေ… အော် ပြီးတော့ ကျေးဇူးတင်စရာမလိုဘူးနော်။ ဘယ်လိုလဲ… မင်း အံ့ဩသွားတယ်မလား”

ဝိညာဉ်နတ်မိမယ်လေးမှာ ပြောစရာ စကားမရှိ ဆွံ့အသွားရ၏။

All Chapters