← Chapters

ကိုကိုရှန်ရေ… လျန်အာလေး လာပြီနော်

Vol. 1-5 Ch. 48

ကိုကိုရှန်ရေ… လျန်အာလေး လာပြီနော်

Vol. 1-5 Ch. 48

အခန်း (၄၈) : ကိုကိုရှန်ရေ… လျန်အာလေး လာပြီနော်

ရှန်ထျန်းက ဇာမဏီငှက်မွေးဆံထိုးကို ဝိညာဉ်နတ်မိမယ်လေးဆီ ပေးလိုက်တော့ လူအုပ်က ထိတ်လန့်အံ့ဩသွားကြသည်။

သူတို့အမြင်မှာ ဝိညာဉ်နတ်မိမယ်လေးက ယောက်ျားတစ်ယောက်လို ဝတ်စားထားသည်ကိုသာ မြင်နေရသည်။

ဒါဆို… ဆရာနတ်မင်းက ဆံထိုးကို ယောက်ျားသားတစ်ယောက်ဆီ ပေးလိုက်တာလား…

ပြီးတော့ အဲဒီယောက်ျားကလည်း ဆရာနတ်မင်းကို ချစ်ကျွမ်းဝင်နေတဲ့ အကြည့်နဲ့ ကြည့်နေတယ်…

အမယ်လေး…

လူတိုင်း၏ ခေါင်းထဲမှာ တူညီသော အတွေးကို တွေးနေကြသည်။

လူတွေက တစ်ယောက်တစ်ပေါက်ဖြင့် စတင်အော်ဟစ်လေတော့သည်။

“မဟုတ်သေးဘူး ကိုကိုနတ်သားလေး… အဲလိုမျိုး လုပ်လို့မရဘူးလေ”

“ကိုကိုနတ်သားလေးကို ကျွန်မ အရမ်းချစ်တာလေ… ရှင်က ဘယ်လိုလုပ်ပြီးတော့ ယောက်ျားသားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်နေရတာလဲ”

“ရှင်က တစ်ခြားယောက်ျားသား တစ်ယောက်နဲ့တွဲရင် ရှင်တို့ကို ဘယ်သူမှ ဂုဏ်ပြုပေးမှာ မဟုတ်ဘူး။ အဲဒါက အချစ်စစ်လို့လည်း မခေါ်နိုင်ဘူး”

“နှာဘူးကောင် ထွက်သွားစမ်း… ငါတို့ရဲ့ ကိုကိုရှန်က အခြောက်မဟုတ်ဘူးဟဲ့”

အော်သံအများစုက သူ့ရဲ့မိန်းကလေး ပရိသတ်တွေဆီကနေ ထွက်ပေါ်လာသည်။

ရှန်ထျန်းတစ်ယောက် စိတ်ပျက်သွားမိသည်။

ဘယ်သူက အခြောက်လဲ… ငါက ယောက်ျားစစ်စစ်ပါဟ…

ပြီးတော့ ချင်ကောင်း… မင်းကရော ဘာလို့ ငါ့ကို အဲဒီအကြည့်မျိုးနဲ့ ကြည့်နေရတာလဲ…

ငါ ဘယ်လိုလူမျိုးလဲဆိုတာ မင်းအသိဆုံးပါ…

ရှန်ထျန်း စိတ်ပင်ပန်းလာရသည်။

“တော်ကြတော့”

ရှန်ထျန်းက အော်ပြောကာ ဝိညာဉ်နတ်မိမယ်လေးကို ဖက်လိုက်ပြီး စည်းထားသော ဆံပင်ကို ဖြည်ချလိုက်သည်။

သို့မှသာ လူတိုင်းက ဝိညာဉ်နတ်မိမယ်လေးကို မှတ်မိသွားကြသည်။

“သေစမ်း… အဲဒါ ဝိညာဉ်နတ်မိမယ်လေးပဲ”

“သူမ ဆံပင်တွေကို သိမ်းထားတော့ မမှတ်မိဘူး ဖြစ်သွားတယ်”

“ဝိညာဉ်နတ်မိမယ်လေးက ဘာလို့ ယောက်ျားလေးလို ဝတ်ပြီး ဆရာနတ်မင်းနောက်ကို လိုက်လာရတာလဲ”

“မင်း လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက သတင်းတစ်ခု မကြားလိုက်ဘူးလား”

“ငါ့အသိတစ်ယောက် ပြောတာတော့ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိတယ်တဲ့…”

မြင့်မြတ်သော ဝိညာဉ်ပြခန်းထဲ၌ ရှိနေသူတွေက သူတို့အကြောင်းကို အတင်းတုပ်နေကြသည်။

တစ်ချို့က အားကျနေကြသလို တစ်ချို့ကတော့ သံသယဝင်နေကြသည်။

ဝိညာဉ်နတ်မိမယ်လေးက စိတ်ပူပန်ခြင်းမရှိဘဲ ပျော်နေလေသည်။

ကိုကိုရှန်က ငါ့ကို လူအများကြီးရှေ့မှာ ဖက်လိုက်တာပဲ…

ဒီလူအုပ်ရှေ့မှာ ငါ့ကို ဖွင့်ပြောတော့မှာများလား…

အမယ်လေး ရှက်စရာကြီး…

ရှန်ထျန်းက လူအုပ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်

“ပထမဆုံးအနေနဲ့ ကျွန်တော်က အခြောက် မဟုတ်ပါဘူး…

ဒုတိယအနေနဲ့ ဒီမှာ ရှိနေတဲ့သူက ယောက်ျားလေး မဟုတ်ပါဘူး။ သူမက ဝိညာဉ်နတ်မိမယ်လေးပါ”

ပြောတော့မယ်ထင်တယ်…

သူ ငါ့ကို ဖွင့်ပြောတော့မယ် ထင်တယ်…

ဝိညာဉ်နတ်မိမယ်လေး၏ ရင်ခုန်သံတွေ အရမ်းကို မြန်ဆန်နေလေပြီ။

ထို့နောက် ရှန်ထျန်းက ဆက်ပြောလိုက်သည်။

“တတိယတစ်ချက်အနေနဲ့ ကျွန်တော်နဲ့လင်းအာကြားထဲမှာ ထူးခြားတဲ့ ပတ်သက်မှုမျိုးလည်း မရှိပါဘူး။ ကျွန်တော့်ဆရာကို တိုင်တည်ပြီး ပြောတာပါ။ အဲဒါကြောင့် ကျေးဇူးပြုပြီးတော့ ကောလဟာလတွေကို မဖြန့်ကြပါနဲ့ဗျာ”

ရှန်ထျန်း ပြောစရာရှိတာတွေကို ပြောပြီးနောက်မှာတော့ အတော်လေး စိတ်ရှင်းသွားသည်။

သူ ကောလဟာလကို ရှင်းနိုင်ခဲ့ပြီ… သူမက အခုထိ ငယ်သေးတယ်လေ…

ကောလဟာလတွေသာ ပြန့်သွားခဲ့ရင် အနာဂတ်မှာ သူမ ဘယ်လိုလုပ်ပြီးတော့ လက်ထပ်ဖို့ အဆင်ပြေနိုင်ပါ့မလဲ…

ကံကောင်းစွာနဲ့ ငါလေးက ဉာဏ်ကောင်းတော့ ဆုံးဖြတ်ချက်ကို မြန်မြန်ချလိုက်နိုင်တာပဲ…

သူက ဝိညာဉ်နတ်မိမယ်လေးကို လွှတ်ပေးကာ ပြောလိုက်သည် “ကျေးဇူးတင်စရာ မလိုဘူးနော်။ ကျွန်တော်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ရုံပါပဲ”

ဝိညာဉ်နတ်မိမယ်လေးမှာ ဆွံ့အသွားရသည်။

ဒါဆို ပြဿနာတွေအားလုံးအပြီးမှ ရှင် ကျွန်မကို ပြောချင်တာက ရှင် ကျွန်မကို စိတ်မဝင်စားဘူးဆိုတဲ့ အကြောင်းပေါ့ ဟုတ်လား… ကျေးဇူးပဲ

……………………

ထိုက်ပိုင်ချိုင့်ဝှမ်း၌…

အဖြူရောင် ဝတ်စုံဝတ်ထားသော မိန်းမပျိုလေးက ဥယျာဉ်ထဲက အပင်တွေကို ရေလောင်းနေသည်။ သူမက အရမ်းရိုးသားပြီး ဖြူစင်သည့်ပုံ ပေါ်သည်။

အထူးခြားဆုံးက ဆံပင်ထဲမှ ထိုးထောင်ထွက်နေသော ဆံပင်စုလေးပင် ဖြစ်၏။

သူမက သီချင်းအချို့ကို ညည်းနေရင်း သူမရဲ့ ဆံပင်လေးကလည်း လှုပ်လီလှုပ်လဲ့ ဖြစ်နေသည်။

“လား….လာ…လာ… ဘူးသီးစေ့ ကြီးလာပြီ…

အရွယ်ရောက်လာရင် မင်းရဲ့ ဖေဖေ လာလိမ့်မယ်…  အာ… ဟက်ချိုး… ဟက်ချိုး…”

သူမ ရုတ်တရက် နှာထချေကာ သူမ၏ ဆံပင်စုလေးလည်း ထောင်မတ်သွားသည်။

ငါ ဘာလို့ ရုတ်တရက် နှာချေနေရတာလဲ…

ကိုကိုရှန် ငါ့အကြောင်းကို စဉ်းစားနေလို့များလား… ဟုတ်တယ် အဲလိုပဲဖြစ်နိုင်တယ်…

အခု ငါက သူ့ဘေးမှာ ရှိမနေဘူးဆိုတော့… တကယ်လို့ သူအန္တရာယ်နဲ့ ကြုံနေရင် ဘယ်လိုလုပ်မလဲ…

ငါ ဒီချိုင့်ဝှမ်းထဲမှာ ထပ်ပြီး မနေနိုင်တော့ဘူး။ ငါ သူ့ကို ကယ်ဖို့ လိုအပ်လာပြီ…

သူ့ကို သွားခေါ်ပြီး သူ့ကို လက်ထပ်ရမယ်…

ငါသာ မြန်ရင် ငါ့မိဘတွေလည်း ငါ့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး…

မိန်းကလေးက သူ့ဘာသာသူ ဉာဏ်ကောင်းကြောင်း ချီးမွမ်းလိုက်သည်။

ဒါပေမဲ့ ဒီဘူးသီးစေ့ကို ဘယ်လိုလုပ်ရပါ့မလဲ…

သူမက ကြီးထွားလာပြီဖြစ်သော ဘူးသီးပင်ပေါက်လေးကို ကြည့်ရင်း အတွေးထဲ မြောနေသည်။

ဒါက ကိုကိုရှန်နဲ့ ငါ့ကြားထဲက ပတ်သက်မှုအတွက် သက်သေတစ်ခုပဲ…

အခုဆို နည်းနည်း အညှောင့်ပေါက်လာပြီ…

ငါ ပြန်လာတဲ့အချိန်ကျ ညှိုးသွားရင် ဘယ်လိုလုပ်မလဲ…

အော် ဟုတ်သားပဲ… ငါနဲ့ အတူယူသွားလို့ရတာပဲ…

ထို့နောက် သူမ၏ အဖေ စိုက်ပျိုးထားသော အိုးထဲမှ အရွက်ကိုးလွှာ သစ္စာပန်းပင်ကို သူမ သတိထားမိသွားသည်။

သူမက သစ္စာပန်းပင်ကို အိုးထဲမှာ ဆွဲနှုတ်ကာ မြေပြင်ပေါ်ပစ်ချလိုက်သည်။ ထို့နောက် ရတနာခုနစ်သွယ် နတ်ဘူးသီး အစေ့ကို တူးကာ အိုးထဲသို့ ပြောင်းရွှေ့စိုက်ပျိုးလိုက်သည်။

ဤအရာတွေ အကုန်လုံးကို လုပ်ပြီးသည်နှင့် ဥယျာဉ်ထဲမှ တိတ်တိတ်လေး ပြေးထွက်သွားလေသည်။

ကိုကိုရှန်ရေ… လျန်အာလေး လာပြီနော်…

……………………

တစ်ခြားတစ်ဖက်မှာတော့…

ရှန်ထျန်းက ပြောပြီးပြီဆိုတော့ လူအုပ်က ယုံလိုက်ကြသည်။

ထို့အပြင် ဆရာနှင့် တိုင်တည်ပြီး ကျိန်ဆိုရသည့် ကိစ္စက အရမ်းလေးနက်သလို ကျင့်ကြံရေးလောကမှာတော့ ခိုင်မာလွန်းသော ကတိပြုမှု တစ်ခု ဖြစ်သည်။

အခုတော့ အတင်းပြောသူ သိပ်မရှိတော့ပေ။

ကျိုးအာက ရှန်ထျန်းဘေးမှာ နေရင်း ရုတ်တရက် ထပြောလိုက်သည်။

“သခင်….ကျွန်မ အားကောင်းလွန်းတဲ့ အငြိုးအတေး စွမ်းအားကို ခံစားလို့ ရနေတယ်။  အရမ်းကို သန့်စင်တဲ့ အငြိုးအတေးပဲ။ အဲဒါက မိန်းကလေး လင်းအာဆီကနေ ရနေတာ …   အနံ့က အရမ်းကောင်းတာပဲ။ ကျိုးအာ နည်းနည်းလောက် ယူလို့ရမလားဟင်… လုပ်ပါနော်”

“မရဘူး” ရှန်ထျန်းက စိပ်ပုတီးကုံးကို ထိရင်း ပြောလိုက်သည်

“စမ်းသပ်ခံတဲ့ တစ်လျှောက်လုံး သေချာသည်းခံနိုင်ဖို့ လိုအပ်တယ်… မဟုတ်ရင် အားစိုက်ထုတ်ထားတာတွေ အကုန်လုံး အလကား ဖြစ်သွားလိမ့်မယ်”

ရှန်ထျန်းက ဝိညာဉ်နတ်မိမယ်လေးကို စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။

လင်းအာဆီမှ အငြိုးအတေးစွမ်းအားရဲ့ လက္ခဏာပြတာ အခုက ပထမဆုံးအကြိမ် မဟုတ်ပေ။

သွေးနက်က ဒီလိုဖြစ်တာနဲ့ ဆက်စပ်မှုများ ရှိနေနိုင်မလား…

ဒါပေမဲ့ ဘယ်အရာကမှားလဲဆိုတာ မမြင်နိုင်ဘူး…

ရူးကြောင်ကြောင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူကိုပဲ ကျိန်စာတိုက်ချင်တယ်…

“ကျွန်တော်တို့ ကျန်တဲ့ သတ္ထုရိုင်းတုံးနှစ်ခုကို မယူတော့ဘူး”

ဝိညာဉ်နတ်မိမယ်လေးက ဝိညာဉ်သတ္ထုရိုင်းတုံး သုံးတုံးကို ရွေးချယ်ခဲ့သော်လည်း သူမ၏ ကံအပြောင်းအလဲ အခွင့်အရေးအတွက် ရှန်ထျန်း မြင်သည့် အထဲမှာ သခွားသီးပုံစံရှိသော သတ္ထုရိုင်းတုံးကိုသာ မြင်ခဲ့သည်။

ကျန်နှစ်ခုကို ပုံရိပ်ထဲမှာ မမြင်တာကြောင့် အထဲမှာ ဘာရှိနေမလဲဆိုတာကို သူ သေချာမပြောနိုင်ပေ။

ကံစပ်သူတွေထဲက ငါးယောက်ကလည်း သူတို့ရဲ့ သတ္ထုရိုင်းတုံးတွေကို ဖွင့်ကြည့်ပြီးပြီ ဖြစ်သည်။

ရှန်ထျန်း လက်ကျန် (၁၅)ယောက်ကို ကြည့်လိုက်ကာ သူတို့ထဲက လေးယောက်မှာ သူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးကို ကောင်းကင်ဝိညာဉ်ပြခန်းမှာ တွေ့ဆုံရမည်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထိုပြခန်းကလည်း အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ထဲမှာ ရောင်းအားအကောင်းဆုံး တစ်ခု ဖြစ်နေသည်။

ရှန်ထျန်းက အဖွဲ့ကို ဦးဆောင်ကာ ကောင်းကင်ဝိညာဉ်ပြခန်းဆီ သွားလိုက်သည်။

သူ ကောင်းကင်ဝိညာဉ်ပြခန်းကို မရောက်ခင် သူ့ကို စောင့်နေသော ဆိုင်ပိုင်ရှင် သူဌေးစုန့်ကို တွေ့လိုက်ရသည်။

သူ့ ဆိုင်၏ ဘေးမှာလည်း “ငါတို့က ကံစပ်ရင် ဝန်ဆောင်မှုက အလကားပါ။ မဟုတ်ရင်တော့ ဘယ်လောက်ပဲ ပေးပေး ငါ့ကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး” ဆိုသော ဆိုင်းဘုတ်နှစ်ခုကို တွေ့လိုက်ရသည်

လမ်းညွှန်ဆိုင်းဘုတ်အောက်တွင် အနီရောင် ဆိုင်းဘုတ်တစ်ခုလည်း ရှိနေသည်။

“ကျွန်တော်တို့ရဲ့ပြခန်းကနေ ဆရာနတ်မင်း ရှန်အောင်းထျန်းကို ကျွန်တော်တို့ရဲ့ သတ္ထုရိုင်းတုံးတွေကို လာပြီး အကဲဖြတ်ဖို့အတွက် ကြိုဆိုပါတယ်”

သူဌေးစုန့်က ရှန်ထျန်းကို တွေ့ရတာ အရမ်းပျော်နေတာကြောင့် ဝင်ပေါက်မှာ ရပ်စောင့်နေရာကနေ သူ့ဆီ ပြေးသွားကာ အရိုအသေပြုရင်း ပြောလိုက်သည်

“ဆရာနတ်မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ။ ကျွန်တော် ဆရာနတ်မင်းကို အရမ်းလွမ်းနေတာ”

ရှန်ထျန်းတစ်ယောက် ကြောင်အသွားမိ၏။

All Chapters