← Chapters

ကံကြမ္မာဖန်တီးခြင်း

Vol. 1-5 Ch. 49

ကံကြမ္မာဖန်တီးခြင်း

Vol. 1-5 Ch. 49

အခန်း (၄၉) : ကံကြမ္မာဖန်တီးခြင်း

သူဌေးစုန့်မှာ စူပါပါဝါတွေများ ရှိနေတာလားမသိဘူး… တစ်ခုခုတော့ တစ်ခုခုပဲ…

ငါ ဒီနေ့ သူ့ဆီလာမယ်ဆိုတာကို သူ ဘယ်လိုလုပ်ပြီးတော့ သိနေတာလဲ…  ငါ့ကို ကြိုဆိုဖို့ ဆိုင်းဘုတ်တွေတောင် ပြင်ဆင်ထားသေးတယ်…

သူ သူဌေးစုန့်ကို နည်းနည်းတောင် လေးစားလာမိပြီ။

တခြားဆိုင်ရှင်တွေဆိုလျှင်  ရှန်ထျန်းကို တကယ် မကြိုဆိုကြပေ။

ဆိုင်ထဲရှိ သတ္တုရိုင်းတုံးတွေကို ရှန်ထျန်းက ရွေးမှာဖြစ်ပြီး ဆိုင်ရှင်က သတ္တုရိုင်းတုံးကို ဖြတ်ပေးလျှင် အကျိုးအမြတ် (၁၀)ရာခိုင်နှုန်းရမည် ဖြစ်သည်။

သို့သော်လည်း လူသားတွေကား တကယ်ကို ရှုပ်ထွေးသည့် သတ္တဝါတွေ ဖြစ်ကြသည်။

သတ္တုရိုင်းတုံးတွေအား သူ့ကို မဟုတ်လည်း တစ်ယောက်ယောက်ဆီကို ရောင်းရမှာပဲလေ။

သို့ပေသည့် ဝိညာဉ်သတ္တုရိုင်းတုံး အထဲမှ ပစ္စည်းက တန်ဖိုးတက်သွားတာကို မြင်ရသောအခါ သူတို့စိတ်ထဲ မသက်မသာ ဖြစ်တတ်ကြသည်။

ထိုသတ္တုရိုင်းတုံးကို သူတို့ကိုယ်တိုင် ဖွင့်ပြီး အကျိုးအမြတ် မရယူနိုင်ခဲ့လေခြင်းဟု ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ကြသည်။

သူတို့သာ ဖွင့်ကြည့်ဖို့ သတ္တိရှိခဲ့ရင် သေချာပေါက် ချမ်းသာသွားမှာပဲဟု တွေးတတ်ကြလေသည်။

ဤသည်ကား လူသားတို့၏ မကောင်းသည့်စိတ်ပင် ဖြစ်၏။

ရှန်ထျန်းက ဤအကြောင်းကို ကောင်းကောင်း သတိထားမိသော်လည်း သူဌေးစုန့်က ဘာလို့ တစ်ခြားသူတွေနှင့် မတူရလဲဆိုသည့် အချက်အား တကယ် နားမလည်နိုင်ပေ။

အရင်တုန်းက သူ့သားကိုတောင် ရိုက်နှက်ခဲ့ဖူးသည်။

သူဌေးစုန့်က သူ့ကို မုန်းနေခဲ့ပြီး သူ့ကို သိက္ခာချရန် ကြိုးစားနေခဲ့သူ ဖြစ်သည်။

ငါ့ရဲ့ ရုပ်ပြောင်းရုပ်လွှဲပညာက အရမ်းကောင်းနေလို့များလား…

သူဌေးစုန့် ငါ့ကို ကြည့်တဲ့ အမြင်ပြောင်းသွားလို့ များလား…

ရှန်ထျန်းက စဉ်းစားနေရင်း ကောင်းကင်ဝိညာဉ်ပြခန်းထဲသို့ လမ်းလျှောက်ဝင်သွားလိုက်သည်။

သူဌေးစုန့်ကလည်း သူ့နောက်ကနေ ရိုရိုကျိုးကျိုး လိုက်သွားလေသည်။

သူ့အတွေးကလည်း ရိုးရှင်းသည်။

ဒီလူက မိန်းကလေး လျန်အာရဲ့ အပိုင်ပဲ…

သူ့ကို သွားရှုပ်မိတာ သူ့သားရဲ့အမှားပဲ။ သူ ခံရတာ ထိုက်တန်ပါတယ်…

ဒေါသထွက်လွယ်တဲ့သူသာဆိုရင် အဲဒီနေရာမှာတင် သူ့သားကို သတ်ပစ်လောက်တယ်…

သူဌေးစုန့်က ဆရာနတ်မင်း စိတ်မဆိုးတော့အောင် ဖျောင်းဖျဖို့အတွက် စကြဝဠာလက်စွပ်ကို ပေးဖို့ ကြိုးစားနေသည်။

အမှန်ဆိုလျှင် ဒီအရာနှင့်ပင် မလုံလောက်သေးပေ။

သူ ဘာတတ်နိုင်သေးလဲ…

ဆရာနတ်မင်းကို စိတ်ချမ်းသာအောင်သာ ထားဖို့ လိုအပ်သည်။

ထို့ကြောင့် အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်သို့ ရှန်ထျန်း ရောက်နေသည်ဆိုသော သတင်းကို ကြားတာနဲ့ သူဌေးစုန့်က လွန်ခဲ့သော သုံးရက်က ပြင်ဆင်ထားသော ဆိုင်းဘုတ်တွေကို ထုတ်ထားကာ ရှန်ထျန်းအလာကို စောင့်နေလိုက်သည်။

သူက မြင့်မြတ်သော အနီရောင် ဝတ်ရုံကိုပါ ဝတ်ဆင်ထားသည်။

ဆရာနတ်မင်းသာ ပျော်မည်ဆိုပါက သူ ဘာမဆို လုပ်နိုင်သည်။

သူဌေးလေးစုန့်ကတော့ ထိုအရာနှင့်ပတ်သက်ပြီး မကျေနပ်ပေ။

သူက တိုးတိုးလေး ကြိတ်ပြောလိုက်သည် “သူက ကျွန်တော့်ကို ရိုက်နှက်ထားတာလေ။ အဲဒါကို သူက ဘာလို့ စိတ်ဆိုးရမှာလဲ”

သူဌေးစုန့်က ကြားသွားသောအခါ သူ့ရှေ့သွားကာ ဖြောင်းခနဲ ပါးရိုက်လိုက်သည်။

“အသုံးမကျတဲ့ကောင်… ငါ မင်းကို သတိပေးထားပြီးပြီနော်။ ဒီလိုအမှားမျိုး ထပ်ပြီး မလုပ်မိစေနဲ့။ မင်းက တကယ်ပဲ ငါ့သားကော ဟုတ်ရဲ့လားဆိုတာကို သွေးသားစစ်ဆေးမှု လုပ်ကြည့်ရမယ်။ အဖေဖြစ်တဲ့ ငါက အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်မှာ အရမ်းအောင်မြင်နေပြီး သားဖြစ်တဲ့ မင်းကျမှ ဘာလို့ ဒီလောက် အသုံးမကျပြီး တုံးအနေလဲ မသိဘူး။

ဆရာနတ်မင်းကို စိတ်ဆိုးအောင် ဘာဖြစ်လို့ လုပ်ရတာလဲ။ သူက ငါတို့ အားလုံးကို သတ်ဖို့ ဆုံးဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါ မင်းကို ဂရုမစိုက်ဘူး။ ဒီကိစ္စတွေထဲ ငါ့ကိုသာ ဆွဲမထည့်မိစေနဲ့”

သူ့သားကို သတိပေးပြီးနောက်မှာတော့ ဆိုင်ရှင်သူဌေးစုန့်က ထပ်ပြုံးကာ ရှန်ထျန်းကို ပြောလိုက်သည်

“ဆရာနတ်မင်း… သေချာအချိန်ယူပြီးတော့ သတ္တုရိုင်းတုံးတွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ဆရာနတ်မင်းက တခြားသူတွေကို သတ္တုရိုင်းကောင်းတွေကို ရှာပေးရလို့ အရမ်းပင်ပန်းနေမှာပဲ။ ကျွန်တော်တော့ အရမ်းလေးစားသွားပြီဗျာ။  ဒီနေ့အတွက် ဆရာနတ်မင်း ရွေးထားတဲ့ သတ္တုရိုင်းတုံးတွေ အကုန်လုံးကို အလကားဖြတ်ပေးပါ့မယ်”

ဝိုး…

ထိုစကားကို ကြားသည့်သူတိုင်း အံ့အားသင့်သွားရသည်။

ဆရာနတ်မင်း ရွေးချယ်လိုက်သော သတ္တုရိုင်းတုံးထဲမှာ အလွန်ကောင်းမွန်သော ပစ္စည်းများသာ ပါသည်ကို လူတိုင်းသိကြသည်။

တစ်ခုအတွက် ဆယ်ရာခိုင်နှုန်းပဲ ရမည်ဆိုလျှင်တောင် ပေါင်းလိုက်လျှင် ပမာဏများလှသည်။

ဒီလောက် ပမာဏအများကြီးကို လက်လွှတ်ခံမလို့လား…

တစ်ခုခုတော့ တစ်ခုခုပဲ…

ကံကောင်းသူနံပါတ်(၂)က သူဌေးစုန့်ကို ဂုဏ်ယူစွာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ဒီလိုမှပေါ့… သူဌေးစုန့်က အရမ်းရက်ရောတာပဲဗျ။ ကျုပ်က အဲဒီဆယ်ရာခိုင်နှုန်းကို ဆရာနတ်မင်းဆီ ပေးချင်တယ်။ သူနဲ့ ထိုက်တန်သည့် အရာပဲလေ”

ကံကောင်းသူနံပါတ်(၁)ကလည်း အော်ပြောလိုက်သည် “ကျုပ်လည်း ပေးမယ်”

ရှုန်းမုန့်က ခေါင်းကုတ်ရင်း အော်ပြောလိုက်သည် “ကျုပ်… ကျုပ်ရောပဲ…”

မကြာခင်မှာ ရှန်ထျန်းဆီ သူတို့၏ (၁၀)ရာခိုင်နှုန်းကို ပေးရန် သဘောတူလိုက်ကြသည်။

“မဟုတ်သေးဘူး… ကျွန်တော်တို့ရဲ့ သဘောတူညီချက်က ၅၀-၅၀ ပဲလေ။ ကျွန်တော် အပို ထပ်မယူတော့ပါဘူး”

ရှန်ထျန်းက ကမ်းလှမ်းမှုကို မြန်ဆန်စွာ ငြင်းဆိုလိုက်သည်။

သူသာ ဆယ်ရာခိုင်နှုန်း အပိုဆောင်းယူလိုက်ပါက အားလုံးပေါင်း (၆၀)ရာခိုင်နှုန်း ရရှိသွားမည် ဖြစ်သည်။

သိပ်ပြီး မသင့်တော်ပေ …

၆၀ - ၄၀ ဟု ခွဲခြမ်းခြင်းကို လက်မခံတာက ရှန်ထျန်း အမြင်မကျယ်လို့ မဟုတ်ဘဲ ယခု သူ့ဦးစားပေးအလုပ်က သူ၏ ရောင်ဝါစက်ဝန်းကို အဖြူရောင်ဖြစ်လာအောင် လုပ်ဖို့ပင် ဖြစ်သည်။

နတ်ရေစင် ထာဝရဂူနန်းမှ အမွေအနှစ်တွေ အများကြီး ရပြီးနောက်မှာတော့ ဝိညာဉ်ကျောက်တုံးအပေါ် စိတ်ဝင်စားမှု မရှိတော့ပေ။

ခဏနေဦး…

သူဌေးစုန့်၏ ရောင်ဝါစက်ဝန်းထဲမှာလည်း ရှန်ထျန်း တစ်စုံတစ်ခုကို မြင်လိုက်ရသည်။

သူ့မှာလည်း ကံအပြောင်းအလဲ အခွင့်အရေး ရှိလာပြီပဲ…

ဒီကနေ့ကတော့ သူဌေးအတွက် ကံကောင်းတဲ့နေ့ပဲကိုး…

ရှန်ထျန်းက သူ့ပုခုံးကို ပုတ်ကာ ပြောလိုက်သည် “သူဌေးစုန့်က အရမ်းရက်ရောတာပဲ။ ကျွန်တော်လည်း သူဌေးစုန့်ကို လေးစားပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော် ဒီဆယ်ရာခိုင်နှုန်းကို လက်မခံနိုင်တာမလို့ တစ်ခြားတစ်ယောက်ကိုပဲ ပေးလိုက်ပါနော်”

သူဌေးစုန့်က ငြင်းတော့မည်ဆိုတာကို သိသောကြောင့် ရှန်ထျန်းက ပြုံးကာ ဖြတ်ပြောလိုက်သည် “တကယ်တော့ ဒီနေ့ သူဌေးစုန့်က ကျွန်တော်နဲ့ ကံစပ်နေတယ်ဗျ”

ဝိုး……

လူအုပ်က ထပ်မံ အံ့အားသင့်သွားပြန်သည်။

ပေါ်လာပြီပဲ…

ဘယ်နေရာမှာမဆို ကံကြမ္မာကို ဖန်တီးလို့ ရတယ်…

ဆရာနတ်မင်းနဲ့ ကံစပ်ဖို့အတွက် ကံကြမ္မာက သတ်မှတ်ပေးထားတာ မဟုတ်ဘူး… အဲလိုမျိုး ကံစပ်ဖို့ကို တောင်းခံလို့ ရတယ်…

ဆရာနတ်မင်း ပျော်ရွှင်နေတာနဲ့ ကံကြမ္မာက ချက်ချင်း ကံစပ်သွားစေတယ်…

အစရှိသဖြင့် အမျိုးမျိုးသော ကောလဟာလတွေ ထွက်နှင့်နေပြီလည်း ဖြစ်သည်။

လူသုံးယောက်က ဆရာနတ်မင်းရဲ့ခြေထောက်ကို ဖက်ပြီးတော့ သူ့ကို လွမ်းတယ်လို့ ပြောလိုက်တာနဲ့ ဆရာနတ်မင်းနဲ့ ချက်ချင်း ကံစပ်သွားသည် ဆိုပဲ။

လူတော်တော်များများကတော့ ထိုအကြောင်းအရာကို မယုံကြည်ကြပေ။

ယခုတော့ သည်သူဌေးစုန့်က ‘ကံကြမ္မာ ဖန်တီးခြင်း အတတ်ပညာ’မှာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပုံပေါ်သည်။

ဆရာနတ်မင်းက သူ့ကြောင့် အရမ်းပျော်သွားလို့ ဖြစ်ရမည်။

မဟုတ်ရင် သူကဘာလို့ ဆရာနတ်မင်းရဲ့ (၂၁)ယောက်မြောက် ကံစပ်သူ ဖြစ်လာမှာလဲ…

“ကျုပ်လည်း ဆရာနတ်မင်းနဲ့ ကံစပ်တယ်လား”

ရှန်ထျန်း ပြောတာကို ကြားပြီးတော့ သူဌေးစုန့်တစ်ယောက် အံ့အားသင့်နေရသည်။

ငါက ဆရာနတ်မင်းနဲ့ ကံစပ်တယ်တဲ့လား…

ဒါဆို သူက ငါ့ကို စိတ်မဆိုးတော့ဘူးဆိုတဲ့ သဘောလား…

တော်သေးတာပေါ့… ငါ့အသက် အန္တရာယ်မရှိတော့ဘူးပဲ… အောင်ပွဲခံတဲ့အနေနဲ့ သားကို သုံးလတိတိ အပြင်ထွက်ခွင့် ပိတ်ပစ်ရမယ်…

သူဌေးစုန့် ဘာတွေ တွေးနေလဲဆိုတာကိုတော့ ရှန်ထျန်း မသိခဲ့ပေ။

ကောင်းကင်ဝိညာဉ်ပြခန်းထဲမှာ ရှာကြည့်လိုက်တော့ ကျောက်ဖရုံသီးအရွယ်အစားရှိ ဝိညာဉ်သတ္တုရိုင်းတုံးကို တွေ့လိုက်ရသည်။

ကြည့်ရတာ သာမန်လို ခံစားရပြီး အရမ်းလေးလံပုံ ပေါ်နေသည်။

“ဒါက သတ္တုရိုင်းကောင်းတစ်ခုပဲ။ ဖွင့်လိုက်ပါ… စိတ်မပျက်စေရပါဘူး”

သူဌေးစုန့်က စိတ်လှုပ်ရှားစွာဖြင့် သတ္တုဖြတ်သမားကို ဖွင့်ခိုင်းလိုက်သည်။

သတ္တုရိုင်းတုံးအခွံက ဖြည်းဖြည်းချင်း ကွာကျသွားသည်။

ဝုန်း…

သတ္တုရိုင်းတုံးဆီ အားကောင်းသော ခရမ်းရောင်အလင်းတန်း ထွက်သွားပြီး သတ္တုရိုင်းတုံး၏ ပတ်ပတ်လည်မှာတော့ မိုးကြိုးနဲ့လျှပ်စီးတို့ကို မြင်နေရလေသည်။

ကျန်သူတွေလည်း စွမ်းအားကြောင့် ထိတ်လန့်တုန်လှုပ်သွားရသည်။

ထို့နောက် သိပ်မကြာခင် အချိန်အတွင်းမှာ ရှည်လျားသည့် ခရမ်းရောင် ရွှေတူ ပေါ်လာလေသည်။

ဒါက လုံးဝ သာမန် မဟုတ်ဘူးပဲ…

All Chapters