← Chapters

ဒါဘယ်လို အဓိပ္ပါယ်မရှိတဲ့ကိစ္စလဲ

Vol. 16 Ch. 151

ဒါဘယ်လို အဓိပ္ပါယ်မရှိတဲ့ကိစ္စလဲ

Vol. 16 Ch. 151

ချီယွမ်တို့ သုံးဦးလုံးသည် သံလိုက်အိမ်မြှောင် ညွှန်ပြာရာ ဦးတည်ရာအတိုင်း မြူခိုးနက်များ ပြည့်ကြပ်နေသာ လေဟာနယ်အနက်ပိုင်းအတွင်းသို့ ဝင်သွားလိုက်ကြသည်။

“တွေ့ပြီ ဒီမှာကြည့်လိုက်”

ထိုအချိန်မှာပဲ ကျွမ်းချင်းယွမ်၏ စိတ်လှုပ်ရှားစွာအော်လိုက်သော တက်တက်ကြွကြွ အသံကြီး ထွက်ပေါ်လာခဲ့သည်။ တဆတ်တည်းမှာပဲ ကျွမ်းချင်းယွမ်က အဝေးရှိ ဦးတည်ရာတစ်ခုကို ညွှန်ပြလိုက်သေး၏..

ချီယွမ်နှင့်ထူရို့ရှု မော့ကြည့်လိုက်ရာ အဝေးတစ်နေရာတွင် ခပ်ဖျော့ဖျော့ အလင်းထုတ်ပေးနေသော အရာတစ်ခုကို အမှောင်ထဲမှ မြင်တွေ့လိုက်ရသည်။ ထိုအရာက နက်ရှိုင်းသော ဝင်ပေါက်တစ်ခုနှင့် ဆင်တူသော်ငြား မမြင်နိုင်သော ဝဲဂယက်တစ်ခုလိုမျိုး အနည်းငယ် ရှုပ်‌ထွေးနေလေ၏။

ထိုဝဲဂယက် အနီးသို့ နီးကပ်လာသည်နှင့် အထဲမှ ထွက်ပေါ်နေသော ပုပ်သိုးသိုး အရှိန်အဝါတစ်ခုကို သုံးယောက်လုံး ချက်ချင်းခံစားမိလိုက်သည်။

ထိုအရာကို မြင်သည်နှင့် တာအိုနတ်ဆိုး၏ မှတ်ဉာဏ်ကို ရရှိထားသော ချီယွမ်ပြုံးကာ ခေါင်းညိတ်လိုက်တော့သည်။

“ကြည့်ရတာ ဒီတစ်ခုကမှ မှန်ကန်တဲ့ ဝင်ပေါက် ဖြစ်မယ်နဲ့တူတယ်။ ကျွန်တော်တို့ ဝင်ကြရအောင်လေ”

ထိုနေရာသည် ပင်မဝင်ပေါက် ဖြစ်ရုံ သာမက အထဲတွင် အလွန်အင်အားကြီးသော အစီအရင်တစ်ခု ရှိနေမှန်း ချီယွမ် သိထားပြီးသားပင်။ တာအိုနတ်ဆိုးကိုယ်တိုင် လေ့ကျင့်ထားသော သွေးမိစ္ဆာရုပ်သေးရုပ်များ ရှိနေသည့်အတွက် တစ်ယောက်တည်း ဝင်သွားပါက အန္တရာယ်များနိုင်သည်။

ထို့ကြောင့် စိတ်အားထက်သန်နေသော ထူရို့ရှုနှင့် ကျွမ်းချင်းယွမ်ကို တစ်ပါတည်း လိုက်ပါဖို့ ဆွဲဆောင်ခဲ့လိုက်ခြင်းဖြစ်သည်။

( ဘယ်လိုပဲဆိုဆို ဒီနှစ်ကောင်လုံးက တာအိုနတ်ဆိုးရဲ့ ပိုင်ဆိုင်မှုတွေကို အရမ်း လောဘကြီးနေတာပဲ မဟုတ်ဘူးလား။ အထဲဝင်ပြီး ကိုယ်တိုင် မမြင်ရဘူးဆိုရင် ဘယ်ကျေနပ်ပါ့မလဲ။ ငါက လက်တွေ့မြင်ရအောင် ပြသပေးရမှာပေါ့ )

လူ့စိတ်ကို ဖောက်မြင်နိုင်ပြီး ဉာဏ်များသော ချီယွမ်အတွက် ထိုနှစ်ယောက်လုံးက အန္တရာယ်ကြုံလာလျှင် ကာကွယ်ပေးနိုင်သော လူသား ဒိုင်းကာများသာ ဖြစ်သည်။

“ဟေ့ အလောတကြီး ဝင်မသွားကြနဲ့ဦး”

ထိုအချိန်မှာပဲ ထူရို့ရှုက တည်ငြိမ်‌နေသော မျက်နှာဖြင့် အင်္ကျီလက်အတွင်းမှ ဒင်္ဂါးပြားနှင့် ဆင်တူသော အပြားအနည်းငယ်ကို ထုတ်ယူလိုက်သည်။

“ခဏလေး ကျွန်တော် အရင်စမ်းသပ်မယ်”

ပြောပြီးသည်နှင့် ထူရို့ရှုသည် မန္တာန်တစ်မျိုးကို ရွတ်ဆိုကာ ဒင်္ဂါးပြားအားလုံးကို အထဲသို့ လွှင့်ပစ်လိုက်လေ၏။

နောက်တစက္ကန့်မှာပဲ လက်ထဲသို့ ပြန်ရောက်လာသော ဒင်္ဂါးပြားတစ်ပြားကို အသေးစိတ် စစ်ဆေးလိုက်ရင်း ထူရို့ရှု ပြင်းထန်စွာ မျက်မှောင်ကြုတ်သွားတော့သည်။

“ဒီဒင်္ဂါးပြားရဲ့ပုံက ကောင်းကင်ရေကန်ပဲ။ ဒါရဲ့ဆိုလိုရင်းက ဉာဏ်ရည်မြင့်မားတဲ့ လူတစ်ယောက်က ကျားရဲ့အမြီးကို တက်နင်းမိထားတယ်တဲ့။ ဒါက ခရီးသွားဖို့ သင့်တော်တဲ့ ဟောကိန်းမဟုတ်ဘူး။ ဒါဆိုရင်......”

“အကိုထူ အဲ့ဒါ ဘာကိုဆိုလိုတာလဲ”

ဘေးမှာရပ်နေသော ကျွမ်းချင်းယွမ်သည်ပင် ချက်ချင်း စိတ်လှုပ်ရှားလာတော့သည်။

“အထဲမှာ အရမ်း အန္တရာယ်များနေလို့လား”

ထူရို့ရှု၏မျက်လုံးများက ကျဉ်းမြောင်းသွားရင်း အချိန်အကြာကြီး စဉ်းစားလိုက်ပြီးမှ ခေါင်းယမ်းကာ ပြောလာခဲ့သည်။

“အရမ်းတော့ ဆိုးရွားနေတာ မဟုတ်ဘူး။ ဒါပေမဲ့ အသေးအဖွဲ့အန္တရာယ်တွေတော့ ရှိတယ်။ ဒီဟောကိန်းအရ မင်္ဂလာရှိတဲ့ နိမိတ်မျိုးရှိပေမယ့် အခက်အခဲကိုတော့ ကြုံတွေ့ရဦးမဲ့သဘောပဲ။ အကိုတို့ တစ်ဆင့်ချင်း သွားမှရမယ်။ သတိထားပြီးလုပ်မှသာ ဒီကံဆိုးမှုတွေကို ကံကောင်းမှုအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်”

“ကျွန်တော်နားလည်ပြီ”

ကျွမ်းချင်းယွမ် စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီးမှ ဆက်ပြောလိုက်သည်။

“ကျွန်တော်တို့ အခု ပြင်ဆင်စရာရှိတာတွေလည်း ပြင်ဆင်ပြီးပြီ။ သတိလည်းထားတယ်။ ဒါကြောင့်မို့လို့ ဒီဟာကို အဓိပ္ပာယ်ကောက်ရမယ်ဆိုရင် ကောင်းတဲ့နိမိတ်ကိုပဲ အဓိပ္ပါယ် ကောက်ရအောင်။ ကျွန်တော်တို့ ဘာကို စောင့်နေမှာလဲ.. အရင် ဝင်ကြရအောင်လေ”

စကားဆုံးသည်နှင့် အထဲပြေးဝင်ဖို့ရန် ဟန်ပြင်လိုက်သော ကျွမ်းချင်းယွမ်ကို ထူရို့ရှုက ချက်ချင်းတားမြစ်လိုက်လေ၏..

“ညီလေးကျွမ်း ခဏနေဦး။ အကို ဖတ်ခဲ့ရသလောက် ဒီဒင်္ဂါးပြားရဲ့ ဆိုလိုရင်းအရ အထဲဝင်ရင် အဖော်နဲ့ အတူတူသွားမှရမယ်။ ဒါ့အပြင် ဒီဝင်ပေါက်က အနောက်အရပ်မှာ တည်ရှိနေတယ်။ လက်ရှိအနောက်အရပ်မှာ အနီရောင် ပျက်စီးကိန်း ကြယ်ခုနှစ်လုံး ထွက်ပေါ်နေတာဆိုတော့ နိမိတ်မကောင်းဘူး။ အကိုတို့ ဒီဦးတည်ရာ အတိုင်းဝင်သွားလို့ လုံးဝမဖြစ်ဘူး”

ကျွမ်းချင်းယွမ် တဖြည်းဖြည်း ရှုပ်ထွေးလာတော့သည်။ ကျွမ်းချင်းယွမ်သာမက ချီယွမ်ပင် အံ့အားသင့်လာသောကြောင့် မနေနိုင်စွာ မေးလိုက်တော့သည်။

“တာအိုသားတော်ထူ၊ တာအိုနတ်ဆိုးရဲ့ ဂူ ဝင်ပေါက်က ဒီတစ်ခုပဲ ရှိတာလေ။ ဒီကနေ မဝင်ဘူးဆိုရင် ကျွန်တော်တို့ ဘယ်ကနေ သွားဝင်ကြမှာလဲ”

ထူရို့ရှု ခဏမျှ စဉ်းစားပြီးနောက်တွင် နောက်ဆုံးတော့ အံကြိတ်ကာ ပြောလိုက်လေ၏။

“ဦးတည်ရာက မသင့်တော်နေဘူးဆိုမှတော့ ကျွန်တော်တို့ ပြောင်းပြန်ဝင်ကြရအောင်။ ဘယ်လိုပဲဆိုဆို ကျွန်တော်တို့မှာ အတွင်းစိတ်ကို ဆက်သွယ်နိုင်တဲ့ မန္တာန်စာရွက်တွေ နောက်ကျောမှာ ကပ်ထားပြီးပြီပဲ။ အနောက်မှာ ရှိနေတဲ့ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မယ်။ ဒါကြောင့် ဘာကို ကြောက်နေရမှာလဲ မဟုတ်ဘူးလား”

“ကျွန်တော်တို့ ဒီလို ဝင်သွားမယ်ဆိုရင် အန္တရာယ်ကို လုံခြုံမှုအဖြစ် ပြောင်းလဲနိုင်သလို အနောက်အရပ်ရဲ့ မကောင်းတဲ့ လွှမ်းမိုးမှုကိုလည်း အပြည့်အဝ ရှောင်ကြဉ်နိုင်လိမ့်မယ်”

ထူရို့ရှု၏ စကားဆုံးသည်နှင့် ကျွမ်းချင်းယွမ် လေးစားစွာပြောလိုက်သည်။

“အကိုထူက တကယ် စီစဉ်လာခဲ့တာပဲ။ အထင်ကြီးဖို့ ကောင်းပါပေတယ်”

( နောက်ပြန်ဝင်ကြမယ်ဟုတ်လား )

(မင်းကတကယ်ကို ဉာဏ်ကြီးရှင်ပါလား)

ချီယွမ် တစ်ယောက် နှုတ်ခမ်းစပ်များပင် တုန်ယင်လာတော့သည်။ သူ့အနေနှင့် ထိုနှစ်ယောက်ကို ဆက်လက်ယုံကြည်သင့်လား သံသယ ဝင်လာနေပြီပင်။

ချီယွမ် ဘယ်လိုပင် ခံစားချက် ဆိုးရွားနေပါသော်ငြား အောင်မြင်ချင်သောကြောင့် အများကြီး မတွေးတောတော့ပဲ အရင်ဆုံး သဘောတူလိုက်တော့သည်။

“ကောင်းပါပြီ ဒါဆိုလည်း တာအိုသားတော်ထူ ပြောတဲ့အတိုင်း လုပ်ကြမယ်လေ”

ထိုသို့ဖြင့် သုံးယောက်လုံးသည် ကျောပေးရင်း ဝဲဂယက် အတွင်းသို့ နောက်ပြန် အနေအထားဖြင့် ဝင်သွားလိုက်သည်။

ခဏမျှ မူးဝေမှုကို ခံစားပြီးသည်နှင့် သူတို့ သုံးဦးလုံး၏ ရှေ့သို့ ဖျော့တော့စွာ အလင်းထုတ်ပေးနေသော သစ်တောအုပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ပတ်ပတ်လည်၏ အရာအားလုံးက အထီးကျန်ကာ ပျက်စီးနေ၏။ အက်ကွဲကြောင်း ထနေသော မြေပြင်နှင့် မီးခိုးရောင် တောင်တန်းများအပြင် အရောင်မရှိသော ပတ်ဝန်းကျင်က ကပ်ဘေးတစ်ခုကို ကြုံတွေ့ထားရသည့်နှယ် စိတ်ပျက်ဖွယ် ကောင်းလှသည်။

ချီယွမ်မတုံ့ပြန်နိုင်ခင်မှာပဲ ထူရို့ရှုက အင်္ကျီအတွင်းမှ ထူထဲသော စာအုပ်တစ်အုပ်ကို ထုတ်ယူကာ တဖျပ်ဖျပ်လှန်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

“ဒီဂူထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်က အရမ်းကို နည်းပါတယ်။ ဆိုလိုတဲ့သဘောက ဒီနေရာက ပျက်နေတာ အရမ်းကြာပြီပဲ။ အထဲကို ဝင်တဲ့အချိန်မှာ အစီအရင်ရဲ့ တိုက်ခိုက်ခြင်းကိုလည်း အကိုတို့မခံခဲ့ရဘူး။ ဒါကြောင့် အကိုတို့လက်ရှိ ရောက်နေတဲ့နေရာက ဒီလှိုဏ်ဂူရဲ့ ပင်မနေရာ မဟုတ်သေးတာ ဖြစ်ရမယ်.. ဒါကြောင့်မို့လို့ နောက်ထပ် ခြေလှမ်းက အစီအစဉ်ခုနှစ်ပဲ”

“အစီအစဉ် ခုနှစ်…”

အကြိမ်ကြိမ် ရေရွတ်ပြီးနောက်တွင် အစီအစဉ် ရေးဆွဲထားသော စာရွက်ကို ထူရို့ရှူ နောက်ဆုံးတော့ ရှာတွေ့သွားခဲ့ပြီး တောက်ပသော မျက်လုံးများဖြင့် စိတ်အားထက်သန်စွာ ပြောလာခဲ့သည်။

“ကျွန်တော် ကြိုတင်ပြင်ဆင်ထားတဲ့ ဗျူဟာခုနှစ်အရ အရင်ဆုံး စခန်းချဖို့ သင့်တော်တဲ့ နေရာတစ်ခု ရှာပြီး တဲထိုးရမယ်။ ည မတိုင်ခင် တဲထိုးပြီးတာနဲ့ ပတ်ပတ်လည်မှာ အနည်းဆုံးတော့ ခုခံ အစီအရင် သုံးထပ်လောက် ချရမယ်။ ဒါမှ ခြုံခို တိုက်ခိုက်ခြင်းတွေကနေ ကာကွယ်နိုင်မှာ။ သေချာပေါက် အန္တာရယ်ကနေ လုံးဝကင်းဝေးပြီး ရန်သူကို ရှုပ်ထွေးစေဖို့အတွက် (နန်းတော်ကိုးခု ဗျူဟာရှစ်သွယ်)ဆိုတဲ့ စာအုပ်ထဲကအတိုင်း (ရန်သူရှုပ်ထွေး)နည်းဗျူဟာကို အသုံးပြုရင်း ရန်သူအမြင်မှားအောင်လို့ စုစုပေါင်း တဲ၂၇တဲထိုးရမယ်”

“ကျွန်တော်တို့ရဲ့ တပ်ချစခန်းက လုံခြုံပြီဆိုမှ အဲ့ဒါကို ဗဟိုနေရာအဖြစ် သတ်မှတ်ပြီး အပြင်ဘက်ကို ဖြည်းဖြည်းချင်း လေ့လာကြတာပေါ့။ ဒါဆိုရင် လှိုဏ်ဂူကြီး တစ်ခုလုံးရဲ့ ပင်မ နေရာကို အချိန်ကျလာရင် ရှာတွေ့နိုင်မယ်”

( ဒါဘယ်လို စောက်ရူး အစီအရင်ကြီးလဲ )

ချီယွမ် အံ့အာသင့်လွန်းစွာဖြင့် မနေနိုင်စွာ ဖြတ်ပြောလိုက်တော့သည်။

“တာအိုသားတော်ထူ၊ မင်းရဲ့ အစီအစဉ် အရဆိုရင် ကျွန်တော်တို့ ဘယ်အချိန်မှ ပင်မ နေရာကို ရောက်နိုင်မှာလဲ”

ထူရို့ရှု ခေါင်းစောင်းသွားကာ ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက်တွင် မသေချာမ‌ရေမရာသော လေသံဖြင့် ပြောလာ၏။

“ဒါကတော့ လုပ်နိုင်စွမ်းပေါ် မူတည်တာပေါ့။ အကုန်လုံး အဆင်ပြေချောမွေ့နေမယ်ဆိုရင် ကျွန်တော်တို့ သုံးနှစ်အတွင်းမှာပဲ ပင်မ နေရာရဲ့ အပြင်ဘက်ပိုင်းကို ရောက်နိုင်မယ်လို့ ယုံကြည်တယ်”

ချီယွမ်တောင် စကားဟဖို့ မလိုခဲ့ဘဲ ဘေးမှာ ရပ်နေသော ကျွမ်းချင်းယွမ်ထံမှ အလောတကြီး မေးခွန်းထုတ်သံကြီး ထွက်ပေါ်လာတော့သည်။

“ဘာလို့ အဲ့လောက် ကြာရတာလဲဗျာ”

ထူရို့ရှုက ပုခုံးတွန့်ကာ အတည်အတံ့ ဆက်ရှင်းပြသည်။

“အကိုသိသလောက် ဒီနေရာက အရမ်းကို အန္တရာယ်ကြီးတယ်။ ခဏလေး သတိလွတ်လိုက်တာနဲ့ သေချာပေါက် သေသွားနိုင်တယ်။ ဒါကြောင့် အကိုတို့ သတိကြီးမှ ဖြစ်မှာပေါ့။ သတိထားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်မှသာ အကိုတို့ သုံးယောက်လုံး အပြည့်အဝ လုံခြုံနိုင်လိမ့်မယ်”

“တကယ်တော့ သုံးနှစ်ဆိုတဲ့ ကာလက ခဏလေးပါ။ အကို့မှာ ဆယ်နှစ်စာအတွက် လုံလောက်တဲ့ ကုသဆေးလုံးတွေ ပြင်ဆင်ထားပြီးပြီ။ ဒီနေရာမှာ စိတ်ဝိညာဉ်စွမ်းအင် နည်းပါးတယ် ဆိုရင်တောင်မှ အကိုတို့ရဲ့ ကျင့်ကြံမှုကို ထိခိုက်မှာ စိုးရိမ်ဖို့ မလိုအပ်ပါဘူး”

ထိုမှသာ ကျွမ်းချင်းယွမ် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။

“အကိုထူက တကယ်ကို ရင့်ကျက်ပြီး တွေးတောတတ်လိုက်တာ။ ကျွန်တော် လေးစားရပါတယ်”

( ဟျောင့်တွေ သုံးနှစ်နော်.. သုံးနှစ်ဟ။ အဲ့ဒါတောင်မှ ပင်မ နေရာရဲ့ အပြင်စက်ဝန်းကိုပဲ ရောက်နိုင်ဦးမှာတဲ့.. )

ချီယွမ်၏ မျက်နှာသည် အချိန်နှင့်အမျှ စိမ်းနက်လာတော့သည်။

( ဒါက စောက်ရမ်းကို အဓိပ္ပါယ်မရှိနေဘူး )

( ငါ့မှာတော့ ငတုံးစနစ်ရဲ့ တာဝန်ကို လျစ်လျူရှုပြီး တာအိုနတ်ဆိုးရဲ့ အမွေအနှစ်ကို ယူဖို့အတွက် ဒီနေရာကို သေချာလာခဲ့ရတာ။ ဒီသကောင့်သားနှစ်ယောက်က ဒီမှာ တစ်သက်လုံးနေဖို့ စီစဉ်နေကြတာလား။ မင်းတို့ နှစ်ကောင်ထက်စာရင် လိပ်တစ်ကောင် သွားတာကမှ မြန်နေဦးမယ် )

( ထားလိုက်တော့ ဒီဉာဏ်ကြီးရှင် နှစ်ကောင်က တကယ်ကို မယုံကြည်ရဘူးပဲ။ ငါ့ကိုယ်ငါပဲ အားကိုးရတော့မယ်နဲ့ တူတယ် )

ချီယွမ်စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီးသည်နှင့် ချက်ချင်းပင် လွှတ်မြောက်အစွမ်းကို အသက်သွင်းပြီး အလင်းအဖြစ် ပျံသန်းသွားလိုက်တော့သည်။

“မင်းတို့နှစ်ယောက် ဒီမှာနေပြီး အစီအစဥ်အတိုင်းလုပ်ကြ.. ကျွန်တော်ကတော့ စိတ်မရှည်ဘူး သွားပြီ”

“တာအိုသားတော်ချီ…”

ချီယွမ် တစ်ယောက်တည်း ထွက်သွားသည်ကို မြင်သည်နှင့် ကျွမ်းချင်းယွမ် တားမြစ်ရင်း လျင်မြန်စွာ အနောက်မှလိုက်ဖို့ပြင်လိုက်သည်။ သို့သော် ထူရို့ရှုက တားမြစ်လိုက်ပြန်သည်။ ကျွမ်းချင်းယွမ် နားမလည်နိုင်စွာဖြင့် ချက်ချင်း လှည့်မေးလိုက်သည်။

“ တာအိုသားတော်ချီကို ဒီလိုမျိုး တစ်ယောက်တည်း သွားခိုင်းလိုက်မှာလား”

ကျွမ်းချင်းယွမ် တဖြည်းဖြည်း မျက်မှောင်ကြုတ်လာတော့သည်။

“ကျွန်တော်တို့ နှစ်ယောက်က သူ့ကို ဖိတ်ခဲ့တာလေ။ သူ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ထိုက်ရွှမ်း သန့်စင်နယ်မြေကို ကျွန်တော်တို့ ဘယ်လို ရှင်းပြကြမှာလဲ”

ထူရို့ရှုက တည်ငြိမ်စွာ ပြုံးလိုက်ပြီး ယုံကြည်ချက်ရှိစွာ ပြောလိုက်လေ၏။

“တာအိုသားတော်ချီက ငယ်ရွယ်ပြီး စိတ်မြန်လက်မြန်ရှိတယ်။ စိတ်လောတတ်တယ် ဆိုပေမယ့် တာအိုသားတော်ဆိုတဲ့ နေရာကို ရထားတယ်ဆိုမှတော့ သူက ဦးနှောက်မပါတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူးလေ.. အခြေအနေက မျှော်လင့်ချက် မရှိရင် သူသေချာပေါက် ပြန်လာပြီး အကိုတို့ရဲ့ အစီစဉ်အတိုင်း နာနာခံခံ ဆောင်ရွက်လိမ့်မယ်။ ဒီနေရာမှာ အရင်ဦးဆုံးစခန်းချရအောင်။ အနည်းဆုံးတော့ သူ ပြန်ရောက်လာရင် နေစရာ နေရာတစ်ခု ရသွားတာပေါ့”

ထိုမှသာ ကျွမ်းချင်းယွမ် သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချလိုက်တော့သည်။

“အကိုပြောတာမှန်တယ်။ လူငယ်ဆိုမှတော့ အတွေ့အကြုံ လိုအပ်တာပေါ့။ မဟုတ်ရင် ကိုယ့်လုပ်နိုင်စွမ်း ကန့်သတ်ချက်ကို မသိဘဲ နောက်မှ ဒုက္ခအကြီးကြီး ရောက်ရလိမ့်မယ်”

All Chapters