← Chapters

ပါးနပ်သော သူဌေးစုန့်

Vol. 1-5 Ch. 50

ပါးနပ်သော သူဌေးစုန့်

Vol. 1-5 Ch. 50

အခန်း (၅၀) : ပါးနပ်သော သူဌေးစုန့်

အထွတ်အထိပ်အဆင့် ဓမ္မအသုံးအဆောင်ပစ္စည်းပါလား…

ဒါက နောက်ထပ် အထွတ်အထိပ်အဆင့် ဓမ္မအသုံးအဆောင် ပစ္စည်းပဲ…

အကုန်လုံး အံ့အားသင့်သွားကြသည်။

“ဝိုး… ဒီတူကို ကြည့်ရတာ အရမ်းစွမ်းအားကြီးတဲ့ပုံပဲနော်”

“တူပေါ်က ခရမ်းရောင်ကလည်း အရမ်းတောက်နေပါ့လား”

“ဒါက ဇာမဏီငှက်မွေးဆံထိုးထက်တောင် ပိုပြီးတော့ တန်ဖိုးကြီးမယ် ထင်တယ်”

ရွေးချယ်ခံထားရသော ကံစပ်သူများကပင် တူကို အားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။

သူတို့လည်း အကျိုးအမြတ် ရရှိထားသော်လည်း ဤတူနဲ့ နှိုင်းယှဉ်လျှင် ဘာမှမပြောပလောက်တော့ပေ။

သူဌေးစုန့်က တကယ်ကို အမြော်အမြင်ရှိတာပဲ…

သူက ဆရာနတ်မင်းအတွက် ဆိုင်းဘုတ်တွေလည်း ပြင်ဆင်ထားသလို သတ္ထုဖြတ်တာကိုလည်း အလကားလုပ်ပေးမှာဆိုတော့ ဆရာနတ်မင်းက သူ့ကို ပစ္စည်းကောင်းရအောင် ကူညီပေးတာလည်း မဆန်းပါဘူး…

ငါတို့လည်း ဆရာနတ်မင်း နောက်လိုက်ရင်း တေးဂီတပညာရှင်တွေကို ခေါ်လာခဲ့သင့်တာ…

ချန်ထားခဲ့ခံရတာအတွက်လည်း ကိုယ့်ကိုယ်ကိုသာ ပြန်ပြီး အပြစ်တင်ရမှာပဲ…

ငါတို့သာ ဆရာ့အပေါ် ပိုပြီးကောင်းပေးရင် ငါတို့လည်း တူကို ရလာနိုင်တာပဲ…

နောက်တစ်ခါကျရင် သူတို့လည်း ဤပုံစံမျိုး လုပ်ဖို့အတွက် ဆုံးဖြတ်လိုက်ကြလေသည်။

သူတို့ ဘာပဲလုပ်ရလုပ်ရ ဆရာနတ်မင်းကို သေချာပေါက် ပျော်ရွှင်ရအောင် လုပ်ပေးမည်။

သူဌေးစုန့်က တူကို စိုက်ကြည့်နေတုန်း ကံကောင်းသူနံပါတ်(၂)က သူ့ဘေး ရောက်လာကာ ပြောလိုက်သည် “သူဌေးစုန့်… ခင်ဗျားက ဒါကို ကိုယ့်အတွက်ပဲ သိမ်းထားမှာလား”

သူဌေးစုန့်က သူ ပြောချင်သော စကားကို ချက်ချင်း နားလည်တာကြောင့် ပြန်လည် တုံ့ပြန်လိုက်သည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် နားလည်ပါတယ်ဗျာ…

ကျုပ် ပြီးရင် နတ်မင်းအသင်းဝင်ထဲ ဝင်မယ်…

ဒီတူရဲ့ တန်ဖိုးတစ်ဝက်ကလည်း ဆရာနတ်မင်း ပိုင်ဆိုင်တာပါပဲ”

ကံကောင်းသူနံပါတ်(၂)က ဆိုင်ရှင်ကို ဂုဏ်ယူစွာဖြင့် ကြည့်လိုက်သည်။

အကျိုးအမြတ်၏ ငါးဆယ်ရာခိုင်နှုန်းကို ဆရာနတ်မင်းဆီ ပေးဖို့အတွက် လူတွေကို ဖျောင်းဖျသည့်နေရာမှာ အချိန်အများကြီး သုံးခဲ့ရသည်။

သူ့အနေနှင့် တခြားသူများအား ဘာတွေလုပ်ရမယ်ဆိုတာနှင့် ဘာကြောင့်ဆိုတာရယ်ကို တိကျစွာ ပြောပြခဲ့ရသည်။ သို့သော်ငြား သူဌေးစုန့် နားလည်ဖို့အတွက် အစပျိုး သတိပေးရုံနှင့်တင် လုံလောက်သွားသည်။

သူဌေးစုန့်က ဒီလောက်ထိ အောင်မြင်နေတာ မဆန်းပါဘူး…

ကံကောင်းသူနံပါတ်(၂)က သူဌေးစုန့်ကို ကြည့်ရင်း ရှန်ထျန်းဆီ လျှောက်လာသည်။

သူက တူကို ကိုင်ကြည့်ကာ စစ်ဆေးလိုက်သည်။

မဆိုးဘူး… ဒါက တကယ်ကို အထွတ်အထိပ် အဆင့်ရှိတဲ့ ပစ္စည်းပဲ…

တူပေါ်မှာလည်း မိုးကြိုးအစီအရင်သင်္ကေတကို ထွင်းထုထားသည်။

အထဲမှာ ဝိညာဉ်ချီသာ နှလုံးသွင်းလိုက်တာနဲ့ မိုးကြိုးတောင် ပစ်လို့ရလောက်သည်။

ဤတူက တစ်ချိန်တုန်းက ဝိညာဉ်အသုံးအဆောင် ပစ္စည်း ဖြစ်ခဲ့ပုံရ၏။ သို့သော် အကြာကြီး ပိတ်လှောင်ထားခဲ့သည့်အတွက် စွမ်းအင်ကုန်ခမ်းသွားခဲ့သည်။

မိုးကြိုးကျင့်စဉ် ကျင့်ကြံသူသာ ဤပစ္စည်းကို သေချာဂရုစိုက်ပေးမယ်ဆိုလျှင် တစ်ခါထပ်ပြီး ဝိညာဉ်အသုံးအဆောင်ပစ္စည်း ဖြစ်မလာနိုင်စရာ အကြောင်း မရှိပေ။

ထိုတူက ဝိညာဉ်ကျောက်တုံး (၃)သိန်း တန်မည်ဟု သူဌေးစုန့် ယုံကြည်သည်။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည် “ဘယ်လိုလဲ သူဌေးစုန့်… မဆိုးဘူးနော် ဟုတ်တယ်မလား”

သူဌေးစုန့်က ပြုံးပြကာ ပြန်ဖြေလိုက်သည် “ဒါတွေက ဆရာနတ်မင်းရဲ့ ကျေးဇူးတွေကြောင့်ပါ။ ဒီတူက အရမ်းထူးခြားတာပဲ။ အနည်းဆုံးတော့ ဝိညာဉ်ကျောက်တုံး (၁)သောင်းလောက် တန်မှာဗျ”

အကုန်လုံးက သူ ပြောလိုက်သော ဈေးနှုန်းကို ကြားပြီး မျက်မှောင်ကြုတ်လိုက်မိကြသည်။

အထွတ်အထိပ်အဆင့် ဓမ္မအသုံးအဆောင်ပစ္စည်းက ဝိညာဉ်ကျောက်တုံး (၁)သောင်းပဲ တန်တာတဲ့လား…

အဲလိုမျိုး ပြောချင်တာ သေချာရဲ့လားဗျာ…

ကံကောင်းသူ နံပါတ်(၂)နဲ့ ကံကောင်းသူ နံပါတ်(၁)က သူဌေးစုန့်ကို ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။

သူတို့က သူဌေးစုန့် ပါးနပ်သည်ဟု ထင်မြင်ရာကနေ…… မကောင်းတာလုပ်ဖို့ ဖြားယောင်းသွေးဆောင်သူဟုပင် ထင်နေမိတော့သည်။

ဤတူက ဘယ်လောက်တန်ဖိုးကြီးလဲဆိုတာကို ရှန်ထျန်း စိတ်မဝင်စားပေ။ သူက သူများတွေအတွက် သတ္ထုရိုင်းတုံးရှာပေးပြီး သူ၏ ရောင်ဝါစက်ဝန်းကို အဖြူရောင် ပြောင်းလာအောင် လုပ်ဖို့သာ ဆန္ဒ ရှိသည်။

အမှန်အတိုင်းပြောရလျှင် ဤတူ ဘယ်လောက် တန်ဖိုးရှိလဲဆိုတာကိုလည်း ရှန်ထျန်း မသိပေ။

ကံဆိုးမှုနှင့်အတူ မွေးဖွားလာသည့် မင်းသား(၁၃) ဖြစ်နေသောကြောင့် တန်ဖိုးကြီးပစ္စည်းတွေကို အရင်က မသုံးခဲ့ဖူးပေ။ ထို့ကြောင့် ထိုပစ္စည်းများ၏ တန်ဖိုးကို သိစရာ အကြောင်းလည်း မရှိပေ။

သူ ပြုံးပြကာ ပြောလိုက်သည် “ဝိညာဉ်ကျောက်တုံး (၁)သောင်း ဆိုတော့ မဆိုးပါဘူး။ အနည်းဆုံးတော့ အမြတ်နည်းနည်း ဝင်တော့ ဝင်တာပေါ့”

“အဲဒါက နည်းနည်းလေး မဟုတ်ပါဘူး” သူဌေးစုန့်က မြန်မြန်ပြန်ပြောလိုက်သည်။

“ကျွန်တော်က ဝိညာဉ်ကျောက်တုံး (၅၀၀)ပဲ သုံးပြီး ဝယ်ခဲ့တာကို အခု ဝိညာဉ်ကျောက်တုံး (၁)သောင်းတန် ပြန်ရတယ်ဆိုတော့ အဆ(၂၀)တောင် မြတ်တယ်လေဗျာ”

သူဌေးစုန့်က ကိုယ့်ဘာသာ ပြောပြီး ရှက်နေတာကြောင့် စကားပြောတာကို ရပ်လိုက်သည်။

သူက ရှန်ထျန်းကို ကြည့်ကာ ပြောလိုက်သည် “ကျွန်တော်က ဆရာနတ်မင်းဆီကို ဝိညာဉ်ကျောက်တုံး (၅)ထောင် ပေးမလို့ပါဗျာ။ ဒါပေမဲ့ သတ္ထုရိုင်းတုံးဖိုးတွေ ရှင်းထားတာမလို့ အခုတော့ ပိုက်ဆံအများကြီး မရှိသေးဘူး ဖြစ်နေတယ်”

ရွေးချယ်ခံထားရသော ကံစပ်သူတွေက သူဌေးစုန့်ကို စိတ်တိုသွားကြသည်။

သူ ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး လုပ်နိုင်ရတာလဲ…

စောနကတော့ ဆရာနတ်မင်းအတွက် ဒီနေ့ဝန်ဆောင်မှုက အလကားပါလို့ သူကိုယ်တိုင် ပြောထားတယ်လေ…

မပေးချင်လည်း မပေးနဲ့ပေါ့… ဘယ်သူမှလည်း သူ့ကို အတင်းမပေးခိုင်းပါဘူး…

အခုမှ ဘာလို့ ဆင်ခြေတွေပေးနေရတာလဲ… သတ္ထုရိုင်းတုံးဖိုးတွေ ရှင်းလိုက်ရလို့တဲ့လား…

အဲဒါကြောင့် လက်ထဲ ငွေမရှိဘူးတဲ့လား… ကောင်းကင်ဝိညာဉ်ပြခန်းကနေ ဝိညာဉ်ကျောက်တုံး (၅)ထောင်တောင် မရှာနိုင်တော့ဘူးလား…

ဒီတူက ဘယ်လောက်ထိ တန်ဖိုးကြီးမားလဲဆိုတာကို ငတုံးတောင် သိတယ်…

မိုးကြိုးကျင့်စဉ် ကျင့်ကြံသူဆီကိုသာ ပြန်ရောင်းလိုက်မယ်ဆိုရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး (၂)သိန်းတော့ တန်တယ်…

အဲဒါကို ဝိညာဉ်ကျောက်တုံး ၁သောင်းလောက်ပဲ တန်ဖိုးရှိတယ်လို့ သူ ပြောလိုက်တာလား…

အရှက်မရှိတဲ့ ဆိုင်ရှင်ပဲ…

လူတွေက တစ်ယောက်တစ်ပေါက်ဖြင့် ပြောလာကြသည့်အတွက် သူဌေးစုန့်က ထပ်ပြီး ရှင်းပြလိုက်သည်။

“ကျွန်တော် ဒီခရမ်းရောင် ရွှေတူကို ဆရာနတ်မင်းဆီ ဝိညာဉ်ကျောက်တုံး (၁)သောင်းနဲ့ ရောင်းမယ်ဆိုရင်ရော ဘယ်လိုလဲ။ ဒါဆိုရင် အကျိုးအမြတ်တစ်ဝက် ရမှာပဲဆိုတော့ ဝိညာဉ်ကျောက်တုံး ငါးထောင်နဲ့ ညီမျှတယ်လေ။

ဆရာနတ်မင်းက ကျွန်တော့်ကို ဝိညာဉ်ကျောက်တုံး (၅)ထောင်ပဲ ပေးဖို့ လိုမယ်။ ဒီတူကတော့ ဆရာနတ်မင်းရဲ့အပိုင် ဖြစ်သွားမှာပေါ့နော်။ ကျွန်တော့်ဆိုင်မှာ ငွေသား မရှိတာကြောင့် ဒီနည်းလမ်းအပြင် စဉ်းစားလို့ မရနိုင်တော့ဘူး။

အခုလောလောဆယ် ဆရာနတ်မင်းဆီမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး မရှိသေးရင်လည်း ရပါတယ်။ နောက်တစ်ခါလာမှ ပေးပေါ့ဗျာ။  ဒီအဆိုပြုချက်ကို ဘယ်လိုသဘောရပါသလဲခင်ဗျာ”

ဝိုး…

တော်လိုက်တာ…

သူဌေးစုန့် ပြောတာကို ကြားပြီးနောက်မှာတော့…

ကံကောင်းသူ နံပါတ်(၁)နဲ့ ကံကောင်းသူ နံပါတ်(၂)တို့က ဒူးထောက်လိုက်ကြလေ၏။

ရှုန်းမုန့်လည်း  ဒူးထောက်လိုက်သလို အကုန်လုံးက ဒူးထောက်လိုက်ကြသည်။

သူဌေးစုန့်က တစ်ခုခုတော့ တစ်ခုခုပဲ…

ဒါက သူ လိုချင်တာပဲလေ…

ဝိညာဉ်ကျောက်တုံး (၃)သိန်းတန်တဲ့ အထွတ်အထိပ်အဆင့် ဓမ္မအသုံးအဆောင် ပစ္စည်းဖြစ်တဲ့အတွက် တစ်ဝက်စီခွဲလျှင်ပင် သူ အနည်းဆုံးတော့ ဝိညာဉ်ကျောက်တုံး (၁)သိန်းခွဲ ရနိုင်တယ်လေ…

အခုတော့ သူက ဈေးချပြီးတော့ (၅)ထောင်နဲ့ ရောင်းလိုက်တယ်တဲ့…

ဒါက တကယ်ကို ပြောင်မြောက်တဲ့ လုပ်ဆောင်မှုပဲ…

သူ ဒီလိုလုပ်ပြီးသွားရင်တော့ ဆရာနတ်မင်းနဲ့ သူရဲ့ ကံစပ်မှုက တစ်သက်လုံး တည်တံ့သွားတော့မှာပဲ…

ကံကောင်းသူ နံပါတ်(၂)က သူ့ကို လေးစားနေသည်။

သူဌေးစုန့်က တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးတတ်တာကြောင့် အခြားသော ကံစပ်သူတွေလောက် ကောင်းမည်ဟု ထင်မထားခဲ့ပေ။

အခု သူဌေးစုန့်က သူ့ထက်တောင် ပိုပြီးကောင်းနေမယ်ဆိုတာကို ဘယ်သူကသိမှာလဲ။

သူဌေးစုန့်က သူ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ…

သူ လုပ်သွားတာက တကယ်ကို ပါးနပ်တဲ့ လှုပ်ရှားမှုပဲ…

ရှန်ထျန်းလည်း ထိုအဆိုပြုချက်ကြောင့် ထိတ်လန့်သွားရသည်။

ရိုးသားစွာ ပြောရလျှင် ဤတူက ဘယ်လောက်ထိ တန်ကြေးရှိသည်ကို သူ သေချာမသိသော်လည်း ဈေးကြီးမည့်ပုံ ပေါ်သည်ကိုတော့ ကောင်းကောင်း သိထားသည်။

သူက ခရမ်းရောင်ရွှေတူကို ယူလိုက်သည်။

ဝိုး…

အရမ်း လေးတာပဲရော်…

သူ ကိုင်ကြည့်တာတောင် လေးနေတုန်းပဲ…

ဒါကို ရှေးဦးအဆီအနှစ် ကောင်းကင်ရေစင်နဲ့ တွဲပြီးသုံးရင် သေချာပေါက် အသုံးဝင်မှာပဲ…

ရှန်ထျန်းက သူဌေးစုန့်ကို ကြည့်ကာ ပြောလိုက်သည်

“ကောင်းလိုက်တာ… ကျွန်တော်လည်း ဒီတူကို အရမ်းကြိုက်တယ်ဗျာ… သူဌေးစုန့်က ငွေစ အများကြီး မရှိလို့ ဝိညာဉ်ကျောက်တုံးတွေ ရဖို့ ရောင်းချင်တယ်ဆိုမှတော့ ကျွန်တော် ဝယ်ပါ့မယ်။ ဒါပေမဲ့ ဝန်ဆောင်ခက အလကားဆိုတော့ ဝိညာဉ်ကျောက်တုံး (၅)ထောင်နဲ့ဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး။ ဒီအတိုင်း (၁)သောင်းနဲ့ပဲ ရောင်းလိုက်ရင် ဘယ်လိုလဲ။ ကျွန်တော် ဒီတူကို  ဝိညာဉ်ကျောက်တုံး (၁)သောင်းနဲ့ ဝယ်ပါ့မယ်… ဘယ်လိုသဘောရလဲ”

All Chapters